ခေတ်သစ် သူတော်စင်
Vol. 36 Ch. 356
[ ကိုယ်ဝန်သည် စိတ်ကျရောဂါဆိုတာ ဟာသ မဟုတ်ဘူးဟ … ငါ့အမေ ညီလေးကို ကိုယ်ဝန်ဆောင်တုန်းကဆိုလည်း ကိုယ်ဝန်သည် စိတ်ကျရောဂါ ဖြစ်ခဲ့တာ တော်တော် ပင်ပန်းခဲ့တာပါဆို … ]
[ ငါဆို ကိုယ်တိုင် ကြုံဖူးလို့ သိတယ် … အဲ့တုန်းကဆို ဘာအကြောင်းအရင်းမှမရှိဘဲ ဒီတိုင်းနေလည်း လူက သူ့အလိုလို ငိုချင်နေတာ … ငါ ဘာကြောင့် ငိုတယ်ဆိုတာ ဘယ်သူမှ နားမလည်ပေးကြဘူး … ဒီတိုင်း အပိုနေတယ်လို့ပဲ ထင်ကြတာ … တကယ်မလွယ်တာ … ]
[ တစ်ချိန်လုံး အိမ်မှာပဲ နေနေရတယ်ဆိုတော့ အခုလောက်ဆို ပိုပြီးတောင် စိတ်ဖိစီးနေလောက်ပြီ … ]
[ ကိုယ်ဝန်ဆောင်ရတယ်ဆိုတာ တို့အမျိုးသမီးတွေ အတွက် အင်မတန် ခက်ခဲတယ် … အထူးသဖြင့် စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အခါမှာပေါ့ … ]
[ အရင်တုန်းကတော့ သူတို့တွေ ဘာကြောင့် အဲ့လိုတွေ ဖြစ်ပြီး အချိန်တိုင်း စိတ်က ဆတ်ဆတ်ထိမခံ ဖြစ်နေလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး … ကိုယ်တိုင် ကြုံတော့မှပဲ ဘာကြောင့်ဆိုတာ နားလည်သွားတော့တယ် …. ဖြစ်နိုင်တာတော့ ကလေးမွေးရမှာ ကြောက်ရွံ့တာရယ် … လူက ပုံပျက်သွားမှာကို စိုးရွံ့တာတွေကြောင့် ဖြစ်လိမ့်မယ် … ]
[ အမှန်ပဲ … ကျွန်မဆို အခု ကိုယ်ဝန်သုံးလရှိပြီ … မိသားစုနဲ့ အငြင်းအခုန်ဖြစ်ပြီဆို လူက ဘယ်လိုမှကို ဆတ်ဆတ်ထိမခံ ဖြစ်လာတာ … လူကလည်း အလိုလိုနေရင်း ငိုချင်လာတယ် … ဘယ်လိုမှ ထိန်းချုပ်လို့မရဘူး … ]
များပြားလှသည့် အမျိုးသမီး ကြည့်ရှုသူများနှင့် မီးဖွားခါနီး မေမေများက [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ] ကို စိတ်ခွန်အားပေးသည့် ကွန်းမန့်များ ပေးပို့လာခဲ့ကြသည်။
ကိုယ်ဝန်သည် စိတ်ဓာတ်ကျခြင်း ဆိုသည်က အပိုလုပ်နေခြင်း မဟုတ်သလို ကျိုးကြောင်းမဆီလျော်သည့် အရာလည်း မဟုတ်ပေ။
ယင်းက ရောဂါ တစ်မျိုး ဖြစ်၏။
ယင်းရောဂါ ခံစားနေရသည့်လူတိုင်း အချိန်မီ ဆေးကုသမှုကို ခံယူသင့်သည်။
စိတ်ဓာတ်ကျနေသည့် တွင်းထဲမှ မိမိဘာသာ တက်လာဖို့က အင်မတန် ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်၏။ အခက်မသင့်ဘူးဆိုပါက အစွန်းပင်ရောက်သွားနိုင်သည်။
ထိုအခါ ဘဝကြီးက အဓိပ္ပာယ်မဲ့လာပြီး မိမိဘာမိမိ အဆုံးစီရင်လိုသည့် အတွေးတို့ ကြီးစိုးလာပေလိမ့်မည်။
“ မင်းရဲ့ ပြဿနာကို ငါနားလည်တယ် …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ငါ ကူပြီး ဖြေရှင်းပေးမယ် ….”
“ ဒါပေမယ့် အဲ့မတိုင်ခင် ငါ မင်းကို မေးခွန်းနည်းနည်းတော့ မေးချင်တယ် ….”
“ ဒါက အခုလက်ရှိ မင်းရင်ဆိုင်နေရတဲ့ တစ်ခုတည်းသော ပြဿနာ မဟုတ်ဘူးမလား ….”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ချက်ချင်းဆိုသလို ကိုးရို့ကားယားနိုင်သည့် အမူအရာတစ်ခုကို လှစ်ဟာပြလာသည်။
ဤသည်က ယခုလတ်တလော သူ ကြုံတွေ့နေရသည့် တစ်ခုတည်းသော ပြဿနာ မဟုတ်ပေ။
သို့ပေမယ့် … သူ တကယ်ပဲ အဲ့လိုအရာမျိုးကို ထုတ်ပြောလို့ သင့်ပါ့မလား …
ခေတ္တခန့် တုံ့ဆိုင်းနေပြီးနောက် သူ ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။
သူလည်း မည်သည့် မှားယွင်းသည်မျှ မလုပ်ထားသဖြင့် အဘယ်ကြောင့် မပြောရဲစရာ ရှိရမည်နည်း။
“ ဒေါက်တာချန် … မင်း ပြောတာ မှန်တယ် … ငါ့မိန်းမရဲ့ ကိုယ်ဝန်သည် စိတ်ကျရောဂါအပြင် ငါ့မှာ တစ်ခြား စိုးရိမ်ပူပန်စရာလည်း ရှိနေတယ် ….”
ပြောရင်းဖြင့် သူက သူ့မျက်နှာသူ ညွှန်ပြလိုက်၏။
“ ကျောင်းတုန်းကတည်းက ငါ့ကို မရေမတွက်နိုင်တဲ့ မိန်းကလေးတွေ သဘောကျခဲ့ကြတယ် …”
“ လူကိုယ်တိုင် လာပြီး ဖွင့်ဟဝန်ခံတာပဲဖြစ်ဖြစ် ၊ ရည်းစားစာရေးပြီး ပေးတာပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် လက်ဆောင်တွေ ပေးပြီးတော့ပဲ ဖြစ်ဖြစ် … အမျိုးမျိုး ကြုံခဲ့ဖူးတယ် ….”
“ အလုပ်စလုပ်တဲ့နောက်မှာ ပိုလို့တောင် များတဲ့လူတွေက ငါ့အပေါ် သဘောကျလာကြတယ် ….”
“ ဒါပေမယ့် သူတို့ တစ်ယောက်ကိုမှ ငါ စိတ်မဝင်စားခဲ့ဘူး ….”
“ ငါ့မိန်းမနဲ့ မတွေ့ခင် အချိန်ထိပေါ့ … သူနဲ့ ဆုံပြီးတော့မှ အချစ်ဆိုတဲ့ အရာက ဘာကို ခေါ်လဲဆိုတာ ငါ နားလည်သဘောပေါက်လာတယ် ….”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ဖုန်းကို ကိုင်ရင်း သူတို့နှစ်ယောက်၏ မင်္ဂလာဆောင် ဓာတ်ပုံထံသို့ လမ်းလျှောက်သွားနေသည်။
သူ့ကို ပညာတတ် မိသားစုတစ်ခုတွင် ဖွားမြင်ခဲ့ပြီး ငယ်ငယ်လေးကတည်းက အင်မတန် တင်းကြပ်သည့် စည်းကမ်းမူဝါဒတို့ဖြင့် သွန်သင်ဆုံးမခြင်း ခံခဲ့ရ၏။
သူ့မိဘများနှင့် မိသားစုထဲရှိ လူကြီးသူမများအားလုံးက ရိုးသားဖြောင့်မှန်မှုကို တန်ဖိုးထားသူများ ဖြစ်ကြသည်။
ချစ်ခြင်းမေတ္တာကင်းမဲ့သည့် အိမ်ထောင်ရေးတစ်ခုက မရိုးသားသည့် အမှုတစ်ခု မည်သည်။
ထိုသို့သော သင်ကြားမှုများကို သူ့စိတ်ထဲ စွဲမြဲစွာ မတ်သားထားခဲ့သည်။
ထောင်သောင်းချီသည့် ပန်းပွင့်လေးများနှင့် ဆုံတွေ့ခဲ့ရသော်လည်း သူ၏ နှလုံးသားမှာ လှိုင်းမတွန့်သည့် ရေပြင်ပမာ ကြည်လင် တည်ငြိမ်နေခဲ့သည်။
သူ့ဇနီးသည်နှင့် အိမ်ထောင်ကျပြီးသည့်အချိန်၌ပင် လူကြီးသူမများ၏ သင်ကြားမှုများကို စိတ်နှလုံးသွင်းပြီး လူကြီးလူကောင်းဆန်စွာပဲ ပြုမူခဲ့၏။
မင်္ဂလာဆောင် ဓာတ်ပုံထဲတွင် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ချိုမြိန်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
အမျိုးသမီး၏ ရုပ်ရည်သည်လည်း သာမန်ထက်တော့ပိုသည်။ သို့သော် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]နှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက သူမ၏ အပြုံးမှာ ပျော်ရွှင်မှု နည်းကျဉ်းနေလျက် ရှိသည်။
“ ငါ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ငါ့အပေါ် စိတ်ဝင်စားတဲ့ မိန်းကလေးတွေ အများကြီးနဲ့ ကြုံခဲ့ရတယ် ….”
“ အိမ်ထောင်ကျပြီးတော့ အဲ့လို ကိစ္စတွေ ထပ်ဖြစ်တာကို ရှောင်ရှားဖို့ဆိုပြီး နှစ်ယောက် လက်ထပ်တဲ့ သတင်းကို ဖြန့်ဖို့ ကြိုးစားခဲ့တယ် …”
“ ငါမျှော်လင့်ထားခဲ့တာကတော့ အိမ်ထောင်ကျသွားပြီဆိုတော့ ဒီမိန်းကလေးတွေ ငါ့အပေါ် စိတ်ဝင်စားမှု မရှိလောက်တော့ဘူး ဆိုပြီးတော့ပေါ့ ….”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က သူ့တွင် ပိုင်ရှင်ရှိပြီးသား ဖြစ်ကြောင်း ကြေညာချင်ခဲ့သည်။
သူက တစ်သက်လုံး ဇနီးသည်အပေါ် သစ္စာမဖောက်မည့် လူစားမျိုးပင်။
သို့ပေမယ့်လည်း …. သူ့ဇနီးသည် ကိုယ်ဝန်စရှိပြီးကတည်းက ပို၍ ပို၍ များပြားလှသည့် အမျိုးသမီးများက သူ့အပေါ် စိတ်ဝင်စားလားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားလိမ့်မည်နည်း။
များပြားလွန်း၍ သူ ရေလို့ပင် မနိုင်တော့ချေ။
ရံဖန်ရံခါ မိန်းမငယ်လေးများ ၊ ဒါမှမဟုတ် ရင့်ကျက်သည့် အမျိုးသမီးတို့က သူ့ထံသို့ ဝီချက်အပ်၊ မဟုတ်လည်း ဖုန်းခေါ်ပြီး သူ့အား ကလူကျီစယ်လာကြသည်။
ဈေးဝယ်ထွက်သည့် အချိန်၌ပင် သူ့အပေါ် ရေလာမြောင်းပေး လာလုပ်သည့် မိန်းကလေး နှစ်ဦး၊ သုံးဦးလောက်ကတော့ ရှိစမြဲပင်။
“ ငါ ဒီစကားပြောရင် ကြွားတယ်လို့ ထင်ရင်ထင်ကြလိမ့်မယ် … ဒါပေမယ့် ငါ တကယ်ကို စိတ်ညှစ်နေပြီ ….”
“ ငါ့မိန်းမ ကိုယ်ဝန်ရလာပြီးတော့ သူ့ခန္ဓာကိုယ်က ပုံစံ စပျက်လာတယ် … သူ့ရဲ့ စိတ်သဘောထားကလည်း သိပ်မကောင်းတော့ဘူး …”
“ ဒါပေမယ့် အဲ့တာတွေ အကုန်လုံးက ငါ့ကြောင့်ပါ ….”
“ ငါ သူ့ကို အရာရာထက်ပိုပြီး ချစ်တယ် … သူ စိတ်ပျက်သွားစေမယ့် အလုပ်မျိုး ငါ ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ ……”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ] တစ်ခါတစ်လေ သူ ဒီနှစ်တွေ ဆန်းပွင့်သည့် ကံခေမှုများနှင့် ကြုံတွေ့နေရလား ဟူ၍ပင် သံသယဝင်လာမိတော့၏။
မဟုတ်ဘူးဆိုပါက …
အဘယ်ကြောင့် ထိုအမျိုးသမီးများက နေ့တိုင်းနေ့ သူ့ကို လာရှာနေကြမည်နည်း။
အမျိုးသမီး တစ်ဦး သူ့ကို ရေလာမြောင်းပေး လာလုပ်သည့် အခါတိုင်း သူ တင်းမာစွာ ငြင်းပယ်လေ့ရှိသည်။
သူ့မိန်းမက ကိုယ်ဝန်ရှိနေသည်။ နောက်ပြီး ကိုယ်ဝန်သည် စိတ်ကျရောဂါကိုလည်း ခံစားနေရသည်။ သူကျတော့လည်း နေ့တိုင်းနေ့ ဆန်းပွင့်သည့် ဒုက္ခများနှင့် ကြုံတွေ့နေရ၏။
ရွေးချယ်စရာမရှိသည့်အဆုံး သူ့ကံကောင်းမှုကို စမ်းသပ်ကြည့်ဖို့ ကြိုးစားလိုက်၏။
အားလပ်သည့် အချိန်၌ ချန်ယွီ့၏ လိုက်စထွင်းခန်းထဲသို့ နေ့တိုင်း ဝင်ရောက်ခဲ့သည်။
[ အစ်ကိုကြီး … မင်းက ပြန်မွေးဖွားလာတဲ့ သူတော်စင်များလား … အလှလေးတွေရဲ့ ဆွဲဆောင်မှုကို ဘာကြောင့် အဲ့လောက်တောင် တောင်ခံနိုင်နေတာ … ]
[ တောက် … တစ်ချို့ကောင်တွေ ဘယ်တော့မှ မရနိုင်တဲ့အရာတွေကို တစ်ချို့ကောင်တွေကျပြန်တော့လည်း အလွယ်လေး ရနေလိုက်တာများကွာ … ]
[ ဥပမာ မင်းပေါ့ … ဟုတ်တယ်မလား … ]
[ လူတိုင်းမှာ သူတို့ခံယူချက်နဲ့ သူတို့ ရှိကြတာပဲလေ … ]
[ သူ့ ဘဝတန်ဖိုးတွေက တော်တော်မြင့်တာပဲ … ]
[ မကောင်းတဲ့ကောင်တွေကို မြင်ရပါများတော့ ဒီလိုမျိုး ဖြောင့်မတ်တဲ့ လူကြီးမင်းလေးကို မြင်တွေ့ရတော့ ထူးဆန်းတယ်ဆိုပြီး ဘာကြောင့် ခံစားနေပါလိမ့် … ]
[ မိသားစုရဲ့ သွန်သင်ဆုံးမမှုက အဓိကပဲ … ]
[ လောကကြီးထဲ သူ့လို ယောက်ျားမျိုးတွေ ရှိပါသေးတယ် … ဒါပေမယ့် ငါတော့ တွေ့နိုင်မှာ မဟုတ်ပါဘူးလေ … ]
[ တကယ်လို့ ငါ့ရင်ဘက်ထဲမှာ ကိုယ်တကယ်မြတ်နိုးတဲ့လူတစ်ယောက် ရှိနေပြီဆိုရင် ဘယ်လို ဆွဲဆောင်ဖြားယောင်းမှုမျိုးကမှ အသုံးမဝင်တော့ဘူး … သူမအတွက် ငါ အားလုံးကို ငြင်းဆန်နိုင်တယ် … ]
[ -ီး-ီးလားလားတွေ ပြောနေပြန်ပြီ ]
[ ဒေါက်တာချန် ... တိုင်ကြားပါတယ် ... ဒီမှာ လူကို လာဆဲနေပါတယ် ... ]
ကြည့်ရှုသူများမှာ [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က မရေမတွက်နိုင်အောင် များပြားလှသည့် အမျိုးသမီးများ၏ ဆွဲဆောင်ဖျားယောင်းမှုကို ငြင်းဆန်းနိုင်နေသည်မြင်တော့ အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြသည်။
ဒီနေ့ခေတ်မှာ သူ့လိုလူစားမျိုးတွေ တကယ်ပဲ ရှိသေးတာလား …
ပန်ဒါထက်တောင် ရှားပါးတဲ့သက်ရှိပါလား …
အမျိုးသားများ၏ မျိုးရိုးဗီဇထဲတွင် လှပသည့် အမျိုးသမီးများအပေါ် နှစ်သက်သည့် စိတ်ခံစားချက်တို့က အလိုလို ပါရှိပြီးသား ဖြစ်သည်။
ထိုနည်းတူစွာ အမျိုးသမီးများ၏ မျိုးရိုးဗီဇထဲတွင်လည်း ချောမောခန့်ညားသည့် အမျိုးသားများကို နှစ်သက်သည့် ဗီဇက အလိုအလျောက်ပါလာပြီးသား ဖြစ်၏။
များပြားလှသည့် မိန်းကလေးများ၏ ဝန်းရံခြင်းကို ခံနေရသည့်တိုင် [ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က နည်းနည်းလေးမျှပင် ဆွဲဆောင်ခြင်း မခံရသည်က တကယ့်ကို အံ့ဩချင်စရာ ကောင်းလွန်းလှသည်။
ကြည့်ရှုသူများအားလုံးက သူ့အား ချီးမွမ်းနေကြတော့၏။
“ ဒေါက်တာချန် … တကယ်လို့ မင်း အဆင်ပြေမယ်ဆိုရင် ငါ့ကို ဒီပြဿနာ ကူပြီး ဖြေရှင်းပေးပါလား ….”
“ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုလည်း ငါ့မိန်းမကို ဆေးရုံသွားပြီး ဆေးကုသမှု ခံယူဖို့ ဖျောင်းဖျပေးပါလား….”
“ အရင်ဦးဆုံး ….” ချန်ယွီ့ လက်မောင်းပိုက်လျက် “ မင်းရဲ့ ဇနီးသည်က ကိုယ်ဝန်သည် စိတ်ကျရောဂါကို ခံစားနေရတာ မဟုတ်ဘူးဆိုတာ သေချာတယ် … ဒီတစ်ချက်တော့ ငါရှင်းအောင် ပြောထားမယ် ….”
“ သူ နေ့တိုင်းနေ့ မင်းကို ဆူပူပြီး အိမ်မှာ ပြဿနာ ရှာနေတာတွေက မင်းကို ဒေါသထွက်စေချင်လို့ပဲ ….”
“ ကိုယ်ဝန်သည် စိတ်ကျရောဂါ မရှိဘူး …”[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]မှာ အံ့အားတကြီးဖြစ်သွားခဲ့ပြီး “ ငါ နားမလည်ဘူး ဒေါက်တာချန် …”
“ မင်းပြောချင်တာ ငါ့မိန်းမ ကိုယ်ဝန်ရှိပြီးနောက်ပိုင်း စိတ်မရှည် ဖြစ်လာတာတွေ၊ အချိန်တိုင်း ဒေါသထွက်နေတာတွေက သူ့ကျန်းမာရေးပြဿနာနဲ့ ဘာမှမဆိုင်ဘူးပေါ့ ဟုတ်လား ….”
“ အင်း …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ မင်း သူ့ကို ဆေးရုံသွားပြီး စိတ်ကျန်းမာရေး စစ်ဆေးဖို့ ပြောတိုင်း သူနဲ့ တစ်ခြား အမျိုးသမီးတစ်ယောက်က မင်းကို ဆူတယ် ၊ ဆဲတယ် … ရိုက်နှက်ကြတယ် … “
“ အဲ့ဒီ တစ်ခြားအမျိုးသမီး ဆိုတဲ့သူက မင်းရဲ့ ယောက္ခမပဲ … ဟုတ်တယ်ဟုတ် ….”
“ အမှန်ပဲ … သူက ငါ့ယောက္ခမ …”
“ ငါ့သက်ထားက ငါ့ကို ဆူပဲဆူတာ … ယောက္ခမကတော့ တစ်ခါတည်း လက်ပါတာပဲ …” သူ ပြောလိုက်သည်။
“ ယောက္ခမက တော်တော်လေးလည်း သန်မာတယ် … သူ တစ်ခါတစ်ခါ ရိုက်ပြီဆို လူတောင် ခေါင်းအုပ်ပြီး ထွက်ပြေးရတယ် …”
“ ငါ့မိန်းမနဲ့ ယောက္ခမကို မပျော်မရွှင် ဖြစ်တာမျိုးလည်း မဖြစ်စေချင်ဘူး … ဒါပေမယ့် မိန်းမရဲ့ ကျန်းမာရေးကိုလည်း စိတ်ပူတယ် …”
“ ဒါကြောင့်မို့ ဒေါက်တာချန်ဆီ အကူအညီ လာတောင်းရတာပဲ …”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]က သူ့ရင်ထဲတွင် ဤလများတစ်လျှောက်လုံး ဖိနှိပ်မျိုသိပ်ထားရသည့် စိတ်ခံစားချက်များကို ဖွင့်ဟပြောလိုက်သည်။
“ မင်း ဒီမေးခွန်းကို စဉ်းစားဖူးလား …” ချန်ယွီ့ မေးမြန်းလိုက်ပြီး “ မင်းရဲ့ ဇနီးနဲ့ ယောက္ခမက ဘာကြောင့် မင်းကို ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာပါ ညှင်းပန်းနေကြတယ်ထင်လဲ ….”
[ ပက်ကျိခေါက်ဆွဲ၊ ကော်ဖီဖျော်နေသည် ]မှာ ကြက်သေသေသွားခဲ့တော့သည်။
သူက ဘာကိစ္စ အဲ့မေးခွန်းကို စဉ်းစားကြည့်ရမှာ …
အရင်ကတော့ သူ တွေးထင်နေခဲ့တာ သူ့မိန်းမက ကိုယ်ဝန်သည် စိတ်ကျရောဂါကြောင့် ဒီလိုတွေ ဖြစ်နေပြီး ယောက္ခမကလည်း သူ့သမီးကို ချစ်တော့ ဇနီးဖြစ်သူဘက်က ပါတာ သဘာဝပဲလေ …
အခု … ချန်ယွီ့ ရှင်းပြတာကို နားထောင်ပြီးတော့ သူ့မိန်းမက ကိုယ်ဝန်သည် စိတ်ကျရောဂါကို ခံစားနေရတာ မဟုတ်မှန်း သူ သိလိုက်ရတယ် …
တကယ်လို့ စိတ်ကျရောဂါ မဖြစ်နေဘူးဆိုရင် ဘာကြောင့် သူ့ကို နေ့တိုင်းနေ့ ပြဿနာ ရှာနေရတာလဲ …
လက်မထပ်ခင်တုန်းက သူ့မိန်းမက အကျင့်စရိုက်လည်း တကယ်မဆိုးတဲ့လူပါ …
“ ဒီမေးခွန်းကို သေချာ ထပ်စဉ်းစားကြည့်ကြည့် …” ချန်ယွီ့ ဆက်ပြောရင်း “ မင်းကို မြှူဆွယ်ဖျားယောင်းကြတဲ့ အဲ့ဒီ ထူးဆန်းတဲ့ အမျိုးသမီးတွေက သူတို့အဲ့လိုလုပ်ဖို့ မင်းရဲ့ နံပါတ်ကို ဘယ်လိုလုပ်ပြီး ရနေကြတယ်လို့ ထင်လဲ …”