← Chapters

ဘယ်နှမိနစ်မျှ မရှိသည့် ဗွီဒီယို အတိုလေး တစ်ပုဒ်

Vol. 26 Ch. 257

ဘယ်နှမိနစ်မျှ မရှိသည့် ဗွီဒီယို အတိုလေး တစ်ပုဒ်

Vol. 26 Ch. 257

စုံတွဲမှာ အစတုန်းကတော့ သူတို့၏ မကျေနပ်မှုများကို ပုံချချင်ရုံ သပ်သပ်မျှဖြင့် အင်တာနက်ပေါ် ဗွီဒီယို တင်ခဲ့ခြင်းပင်။ သို့သော် ထင်မှတ်မထားစွာဖြင့် သူတို့တင်လိုက်သည့် ဗွီဒီယိုက ကြည့်ရှုသူများစွာကို ဆွဲဆောင်သွားခဲ့သည်။

[ဘဝရဲ့ အောင်နိုင်သူ]၏ အဘိုးဆိုလျှင် ပိုလို့ပင် အံ့အားသင့်သွားခဲ့သည်။

ဘယ်နှမိနစ်မျှ မရှိသည့် ဗွီဒီယိုတစ်ပုဒ်က သူ့ဆိုင်ကို စိတ်ကူးကြည့်၍တောင် မရနိုင်သည့် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

ထိုအချိန်မှာပဲ ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုက ထွက်ပေါ်လာခဲ့၏။

“ ငါ အရင်က အဲ့ဒီ ဗွီဒီယိုကို ကြည့်ဖူးတယ် … အားလုံးလည်း ကြည့်လို့ရအောင် အခုပဲ Link ပို့ပေးလိုက်မယ် …. မင်းတို့ကောင်တွေ တစ်ချက်ကြည့်လိုက်ကြ ….”

ဒုတိယ ကွန်းမန့်တွင် Link တစ်ခု တွဲလျက် ပါလာသည်။

[ဘဝရဲ့ အောင်နိုင်သူ]က ကော်ပီကူးပြီး ဝက်ဘ်ဘရောက်ဇာတစ်ခုတွင် ကြည့်ရှုလိုက်သည်။

ဗွီဒီယိုကို ဟူယွီ ပလတ်ဖောင်းပေါ်မှာ တင်ထားတာ ဖြစ်၏။

“ ဟယ်လို အာလုံးပဲ … ဒီဘက်ခြမ်းမှာ အတော်လေး ဟောင်းနွမ်းနေတဲ့ ရေနွေးကြမ်းဆိုင် တစ်ဆိုင်ရှိတယ် ဆိုတာ ယူတို့ သိကြလား …”

“ ရာစုနှစ်တစ်ခုစာလောက် တည်ရှိခဲ့တဲ့ ရေနွေးကြမ်းဆိုင်တော့ မဟုတ်ဘူး … ရာစုနှစ်နဲ့ချီ ဟောင်းနွမ်းနေတဲ့ အမှိုက်ပုံကြီးပဲ ….”

မိတ်ကပ်ထူထူ၊ အလန်းစား ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ရေနွေးကြမ်းဆိုင် ဝင်ပေါက်ဝတွင် မတ်တပ်ရပ်ရင်း မိတ်ဆက်ပေးနေလျက်ရှိသည်။

သူမက ဖုန်းကို ထုတ်ပြီး ရေနွေးကြမ်းဆိုင်ဝန်းကျင်ရှိ ရှုခင်းများကို တစ်ချက် ရိုက်ကူးပြလိုက်သည်။

ရေနွေးကြမ်းဆိုင်က သိပ်မကြီးမားပေ။ ၇၀၊ ၈၀ စတုရန်းမီတာခန့်မျှသာ ရှိလေသည်။

အထဲတွင် ဒိတ်အောက်နေပြီ ဖြစ်သည့် ဒီဇိုင်းများနှင့် စားပွဲများ ၊ သစ်သားကုလားထိုင်တို့ ရှိနေကြသည်။

ဆိုင်၏ ဘယ်ဘက်ခြမ်းတွင် မူလအရောင်ပင် မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည့် ကောင်တာတစ်ခု ရှိ၏။

၎င်းကောင်တာ အနောက်ဘက်တွင် လက်ဖက်ခြောက်အိတ်တို့ စုံလင်စွာ ရှိနေသည်။

၎င်းနောက် ချက်ချင်းပဲ အမျိုးသမီးစထွင်မာက ကင်မရာကို မီးဖိုအသေးစားလေး တစ်ခုထံသို့ ညွှန်ပြလိုက်သည်။

မီးသွေးခဲများက လောင်ကျွမ်းနေပြီး အနက်ရောင် ရေနွေးအိုး တစ်လုံးကို ၎င်းမီးဖိုပေါ် တင်ထားသည်။

“ ဒီလောက် ညစ်ပတ်ပြီး ရွံချင်စရာကောင်းတဲ့ ရေနွေးအိုးကို ယူတို့ မြင်ဖူးကြလား …. ဒါ ရေနွေးကြမ်းဆိုင်မှာ သုံးတဲ့ ရေနွေးအိုးတဲ့နော်…. “

“ လက်ဖက်ရည်ခွက်တွေဆိုလည်း ဝါကျင်ကျင် အရောင်တွေနဲ့ …. နှစ်နဲ့ချီ သေချာမဆေးထားမှန်း သိသာလွန်းတယ် …. ဆိုင်ကို လာတဲ့လူတွေကို ဒီလို ခွက်တွေနဲ့ ဧည့်ခံနေတာ ရွံစရာ ကောင်းလိုက်ပါဘိ ….”

“ သူများ ပိုက်ဆံကျတော့ လိုချင်တယ် …. အသိစိတ်လေးကျတော့ မရှိဘူး ….”

ဗွီဒီယိုထဲ ပြောဆိုထားသည့် အကြောင်းအရာတို့က လွန်လွန်ကြူးကြူးကို စော်ကား ပြောဆိုထားသည်။

ထိုအချိန် ကင်မရာပေါ်တွင် လူအိုကြီးတစ်ယောက်က ထွက်ပေါ်လာခဲ့ပြီး ယင်းကတော့ [ဘဝရဲ့ အောင်နိုင်သူ]၏ အဘိုး ဖြစ်၏။

အဘိုးကြီး၏ မျက်နှာက ဒေါသကြောင့် နီရဲတောက်လောင်နေပြီး တစ်စုံတစ်ရာကို ဆက်တိုက်ပြောဆိုနေဟန်ပင်။

သို့သော် ကံမကောင်းစွာဖြင့် သူ့စကားလုံးများက ရုန့်ရင်းကြမ်းတမ်း၊ နားမဝံ့သာသည့် စကားများ ဖြစ်နေသည့်နှယ် အကုန်လုံးကို ဆင်ဆာဖျက်ထားခဲ့သည်။

စထွင်မာအမျိုးသမီး ပြောထားသည်မှာတော့ ထိုအဘိုးကြီးက သူမကို ပိုးစိုးပက်ဆက် ပြောဆိုဆဲဆိုနေတာ ဖြစ်၏။

အင်တာနက်စည်းမျဉ်းစည်းကမ်းများကြောင့် အဘိုးကြီး၏ ပြောစကားများကို ဆင်ဆာဖြတ်တောက်ထားရခြင်းပင်။

ဗွီဒီယို၏ ကွန်းမန့်နေရာတွင် သောင်းနှင့်ချီသည့် ကွန်းမန့်များရှိနေသည်။

၇၀ ရာခိုင်နှုန်းက နှလုံးသားမည်းညစ်သည့် ဆိုင်ပိုင်ရှင်မျိုးကို ဖော်ထုတ်ပေးသည့်အတွက် စထွင်မာ အမျိုးသမီးကို အားပေးထောက်ခံနေကြသည်။

အင်တာနက် သုံးဆွဲသူ တစ်ချို့ကတော့ အဘိုးကြီးကိုယ်စား ရေနွေးကြမ်းဆိုင် အဟောင်းများက ထိုသို့ပဲ ဖြစ်ကြောင်း ရှင်းပြကြပါသည်။

ရေနွေးကြမ်းခွက်များတွင် အရောင်ညစ်ထေးနေသည်က အညစ်အကြေးများ မဟုတ်ဘဲ လက်ဖက်ခြောက် အစွန်းအထင်းများပင်။

အချိန်ကြာမြင့်စွာ သုံးစွဲလာသည့် ရေနွေးကြမ်းခွက်များတွင် ထိုကဲ့သို့သော အစွန်းအထင်းများ ရှိတတ်ကြ၏။

မိမိတို့ အိမ်တွင် အချိန်ကြာမြင့်စွာ သုံးစွဲနေလျက်ရှိသည့် ရေနွေးကြမ်းခွက်များသည်လည်း ထိုသို့ စွန်းထင်နေတတ်သည်။

အချို့သော ကြည့်ရှုသူများက ရေနွေးကြမ်းဆိုင်၏ ဝန်ဆောင်မှု အသေးစိတ်များကို ပို့စ်တင်ကြ၏။

ရေနွေးကြမ်းတစ်ခွက်က ပြားငါးဆယ်ခန့်မျှသာ ကျသင့်သည်။

အကယ်၍ ကတ်စတန်မာက မိမိကိုယ်ပိုင် လက်ဖက်ခြောက်ကို ယူလာခဲ့မည်ဆိုလျှင် ဆိုင်ပိုင်ရှင်က ရေဖိုး တစ်ယွမ်မျှသာ ကောက်ခံပြီး သူတို့ နေချင်သလောက် ကြာကြာ နေနိုင်သည်။

အခြားသော ကြည့်ရှုသူများက ဤသည်ကို မယုံကြည်ကြပေ။

ထိုအစား ထိုလူများက ဆိုင်ပိုင်ရှင် ငှားယမ်းထားသူများ ဖြစ်မည်ဟု သံသယ ဝင်နေခဲ့ကြ၏။

လိုက်စထွင်းထဲတွင် ကြည့်ရှုသူများက အဘိုးကြီးအတွက် တရားမျှတမှုရရှိဖို့ တိုက်ခိုက်ပေးနေကြတော့၏။

“ ရေနွေးကြမ်း တစ်ခွက်ကို ပြား ၅၀ ပေါ့ … ဘယ်လိုတောင်လားဟ ….”

“ သောက်တဲ့ ကတ်စတန်မာတွေက သောက်တယ် … မသောက်တဲ့လူတွေကျတော့ မသောက်ဘဲနဲ့ -ီး-ီးလားလားတွေ ပြောနေကြတယ် ….”

“ အဲ့ဆိုင်ကို သွားလေ့သွားထရှိတဲ့ ဖောက်သည်တွေထဲမှာ ငါ့အသိတွေလည်း ပါတယ် … တကယ်လို့သာ အဲ့စထွင်မာ ပြောသလောက် ဆိုးရွားနေမယ်ဆိုရင် ဆိုင်လည်း ပိတ်လိုက်ရတာ ကြာပေါ့ … နှစ်တစ်ရာ သမိုင်းသက်တမ်း ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ….”

“ ရေနွေးကြမ်းတစ်ခွက်ကို ပြား ၅၀ တဲ့ … ကောင်းကောင်း မကောင်းကောင်း ငါတော့ ဂရုမစိုက်ဘူး …”

“ ဆိုင်က မသန့်ရှင်းဘူးဆိုပေမယ့် ပတ်ဝန်းကျင် အခြေအနေရယ် ၊ တခြားအကန့်အသတ်တွေကလည်း ရှိနေတယ် …. ဘာပဲပြောပြော ဈေးသက်သာနေတဲ့ဟာ … သူ့အိုးသူ့ဆန်နဲ့ မတန်တာလည်း မဟုတ်… “

“ အရင် နှစ် ၂၀ ကျော်လောက်တုန်းက စားသောက်ဆိုင်တွေဆိုတာ အခုလိုမျိုး သန့်ရှင်းသပ်ရပ်နေကြတာ မဟုတ်ဘူး … ငါ ငယ်ငယ်တုန်းကဆို အဲ့လို ခေါက်ဆွဲဆိုင်မျိုးတွေမှာ သွားစားနေကြ … အခုချိန်ထိလည်း ဘာရောဂါမှ မဖြစ်ဖူးသေးဘူး ….”

“ ပြား ၅၀ ပေးသောက်ရတဲ့ နေရာမှာ ကြယ်ငါးပွင့် ဟိုတယ်ကြီးလို ဝန်ဆောင်မှုမျိုး ခံစားချင်သေးတာလား လူတွေရယ် …..”

ကွန်းမန့်များ အရှိန်လျော့ကျသွားသည်အထိ စောင့်ဆိုင်းပြီးနောက် ချန်ယွီ့က ထိုကိစ္စ ဖြစ်ပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ရှင်းပြသည်။

“ အဲ့ဗွီဒီယိုက အတော်လေး သက်ရောက်မှု ကြီးတယ် … ရပ်ကွက် စည်ပင်အဖွဲ့အစည်း နားထဲကိုပါ ရောက်သွားတယ် ….”

“ ရပ်ကွက် ဝန်ထမ်းတွေက အခြေအနေ ပိုဆိုးမလာခင် ခင်များအဘိုးရဲ့ ရေနွေးကြမ်းဆိုင်ကို ခဏလောက် ပိတ်ထားဖို့ အကြံပေးကြတယ် ….”

“ တကယ်လို့ ကျိုးကြောင်းမသင့်တဲ့ လူတစ်ချို့က ဆိုင်ကို လာပြီး ပြဿနာလာရှာရင် မကောင်းဘူးလေ ….”

“ ဒါပေမယ့်လည်း ခင်များအဘိုးက ပြဿနာ တက်နေပြီးသားဆိုတာ သူတို့တွေ နည်းနည်းလေးလောက်ပဲ ဖြစ်ဖြစ် သိခဲ့မယ် ဆိုရင်တော့ဖြင့် …..”

“ ဝန်ထမ်းတွေ မလာခင်ကတည်းကရင် လူတော်တော်များများက ခင်များအဘိုးရဲ့ ဆိုင်ကို ရောက်လာပြီး ဓာတ်ပုံတွေ ရိုက်ကြတယ် … ရင့်သီးတဲ့ စကားအသုံးအနှုန်းတွေနဲ့ ရှုတ်ချကြတယ် …..”

“ ခင်များအဘိုး သူ့တစ်သက်တာမှာ အခုလို ပြဿနာမျိုးနဲ့ ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ …. “

“ သူ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ … ဘယ်သူကမှလည်း သူ့ကို မယုံကြည်ပေးကြဘူး ….”

“ ခင်များ အဘိုးထင်တာ ရပ်ကွက်က သူ့ဆိုင်ကို ခဏလောက် ပိတ်ခိုင်းတာက တစ်သက်လုံး ပိတ်ပစ်လိုက်ဖို့ ပြောတယ်လို့ ထင်နေတာ ….”

“ ရပ်ကွက်ရဲ့ စည်ပင်ဝန်ထမ်းတွေကလည်း ကြင်နာကြပါတယ် … ဒါပေမယ့် အင်တာနက်ပေါ်က အတင်းအဖျင်း ကောလဟာလတွေဆိုတာ ဖြေရှင်းလို့ လွယ်တာ မဟုတ်ဘူးလေ ….”

“ လူတွေက သူတို့ ယုံချင်တာကိုပဲ ယုံကြတာ …. ကောလဟာလတွေ ဘာတွေ စိတ်မဝင်စားဘူး ….”

“ တကယ်လို့ ရပ်ကွက်စည်ပင်က ရှင်းပြလိုက်မယ်ဆိုရင် အင်တာနက် သုံးစွဲသူတွေက မယုံကြည်ပေးရုံတင်မကဘူး … စည်ပင်ကပါ သူတို့ ဂုဏ်သိက္ခာ ကျဆင်းမှာစိုးတဲ့အတွက် ကူပြီး ပြောပေးနေတယ်လို့ အထင်ရောက်သွားကြဦးမယ် …."

“ ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ့အလိုလို တည်ငြိမ်သွားအောင် စောင့်ဆိုင်းဖို့ပဲ ….”

စကား ထိုနေရာအရောက်တွင် ချန်ယွီ့ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။

[ဘဝရဲ့ အောင်နိုင်သူ]၏ အဘိုးက သူ၏ ဖြူစင်မှုကို သူ့အသက်ထက်ပိုပြီး တန်ဖိုးထား၏။

အဆုံးတွင် သူ၏ ဖြူစင်မှုကို သက်သေပြရန်အတွက် အစွန်းရောက်သည့်လမ်းပေါ် လျှောက်လမ်းခဲ့သည်။

“ အဘိုးကြီးလိုချင်တာက ဒီတိုင်း တောင်းပန်မှုလေးပါကွာ … တကယ်လို့ သူသာ အဲ့စုံတွဲဆီကနေ တောင်းပန်စကားကို ကြားရရင် အခုလိုမျိုး အဆုံးစီရင်ဖြစ်မှာ မဟုတ်လောက်ဘူး ….”

“ တောင်းပန်တာက အသုံးဝင်ရင် ဥပေဒ ဘာလို့ လိုလိမ့်မတုန်း … တောင်းပန်စရာကို မလိုတော့တာ ….”

“ သနားဖို့ကောင်းလိုက်တဲ့ အဘိုးကြီး … သူအဲ့လို ဆုံးဖြတ်ချက်မျိုး မချခင် ဘယ်လောက်တောင် စိတ်ဒုက္ခရောက်ခဲ့လိုက်ရမလဲဆိုတာ တွေးကြည့်လို့ရတယ် ….”

“ အဲ့ဗွီဒီယိုက လူတစ်ယောက်ကို ပျက်စီးစေတဲ့အထိ ဖြစ်စေတယ် … တကယ်လို့ သူတို့ အဲ့ဗွီဒီယိုကို ပြန်ဖျက်ချလိုက်ရင် အဲ့ဒီ ပျက်စီးမှုက အကောင်းအတိုင်း ပြန်ဖြစ်နိုင်မယ်လို့ မင်းတို့ ထင်လား ….”

“ လောကကြီးထဲ တရားမျှတမှုဆိုတာ မရှိတော့ဘူးပဲ …..”

“ ဒီလို ဗွီဒီယိုအတိုလေးကတောင် လူတစ်ယောက်ရဲ့ အသက်ကို အဆုံးစီရင်တဲ့အထိ ဖြစ်ပေါ်စေတယ်ဆိုတော့ ……”

သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ လိုက်စထွင်းခန်းထဲတွင် ဒေါသကြောင့် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေကြသည်။

အနှီ စုံတွဲကို သူတို့တွေ အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲ ပစ်ချင်နေကြ၏။

“ ငါ ဒင်းတို့ကို တရားစွဲမယ် … ငါပြန်ရောက်တာနဲ့ ချက်ချင်း ရှေ့နေငှားပြီး အဲ့နှစ်ယောက်ကို အဆုံးထိ တရားစွဲပစ်မယ် ….”

[ဘဝရဲ့ အောင်နိုင်သူ]က အံကို တင်းတင်းကြိတ်လိုက်သည်။

“ ဒီရဲ့လူနာ ….” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး “ တကယ်လို့ ခင်များ သူတို့ကို တရားစွဲချင်တယ်ဆိုရင် သူတို့ ဘယ်နေရာမှာ ရှိလဲ အရင်သိဦးမှလေ ….”

“ တကယ်လို့ ခင်များက သူတို့ ပိုင်ရှန်းခရိုင်၊ အခန်း ၅၀၃၊ ယူနစ် ၁၊ အဆောက်အဦး ၄ မှာ နေတယ်ဆိုတာကို မသိဘူးဆိုရင် ခင်များ တရားရုံးတက်တောင် တရားရုံးက ဆင့်ခေါ်စာ ပို့ပေးနိုင်မှာ မဟုတ်ဘူး ….”

စိတ်ခံစားချက်များကို ဖိနှိပ်ထားကြသည့် ကြည့်ရှုသူများမှာ ချန်ယွီ့၏ ပြောစကားကြောင့် ရယ်မောမိသွားကြသည်။

အပေါ်ယံတွင်တော့ ချန်ယွီ့က [ဘဝရဲ့ အောင်နိုင်သူ]ကို ရှေ့နေငှားပြီး ဘယ်လို တရားစွဲရမလဲဆိုတာကို သတိပေးနေသော်ငြားလည်း တကယ့်တကယ်တွင်တော့ အခြားနည်းလမ်းတစ်ခုဖြင့် သွယ်ဝိုက်ပြီး ကူညီပေးနေခြင်းပင်။

သူက နေထိုင်သည့် ရပ်ကွက်၊ အဆောက်အဦးနံပါတ်၊ အိမ်နံပါတ်ကိုပါ ပြောပြသွားသည်။

မှတ်ပုံတင် နံပါတ်များပါ ထည့်မပြောသွားရုံ တမယ်ပင်။

“ အိုး ဟုတ်သား ….”

တစ်စုံတစ်ရာကို ရုတ်တရက် သတိရမိသွားသည့်နှယ် ချန်ယွီ့ ဖြည့်စွက် ပြောလိုက်၏။

“ သူတို့နှစ်ယောက်က နေ့ဘက်မှာ လမ်းကြိုလမ်းကြားတွေထဲ အစားအသောက်တွေ အလကား လိုက်စားတတ်တော့ ညနေ ခြောက်နာရီဝန်းကျင်လောက်မှာပဲ အိမ်ပြန်ရောက်တတ်ကြတယ် ….”

“ ခင်များ တရားရုံးတက်ပြီး တရားစွဲမယ်ဆို တရားရုံးက ဝန်ထမ်းတွေကို ခြောက်နာရီနောက်ပိုင်းမှပဲ ဆင့်ခေါ်စာ ပို့ဖို့ ပြောလိုက်ဦး ….”

“ ခြောက်နာရီမတိုင်ခင်ဆို အိမ်မှာက တစ်ယောက်မှ မရှိတတ်လို့လေ ….”

[ဘဝရဲ့ အောင်နိုင်သူ]က ခေါင်းညိတ်လိုက်သည်။

ကြည့်ရှုသူများကတော့ အတော်မသတ်နိုင်သည်အထိ ရယ်မောနေမိကြ၏။

ချန်ယွီံက [ဘဝရဲ့ အောင်နိုင်သူ]ထံ စကားပြောဆိုနေဟန် တူသော်လည်း တကယ်တော့ ထိုနေရာတစ်ဝိုက်က ကြည့်ရှုသူများကို နေရာသို့ သွားပြီး တရားမျှတမှု ရှာဖွေပေးဖို့ ပြောဆိုနေခြင်းပင်။

ယခုက ည ၇ နာရီနီးပါး ရှိလေပြီ။ ထို့ကြောင့် ထိုစုံတွဲလည်း အိမ်မှာ ရှိနေလောက်သည်။

[ဘဝရဲ့ အောင်နိုင်သူ]က ချန်ယွီ့ကို ဒူးမထောက်ရုံတမယ် ဆက်တိုက် ကျေးဇူးတင်နေလျက် ရှိ၏။

“ ကျုပ်ဆီမှာ ပြင်ပ ထိခိုက် ဒဏ်ရာတွေအတွက် ဆေးတစ်မျိုးရှိတယ် ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ဒီဆေးကို သောက်ပြီးတာနဲ့ ခင်များအဘိုးရဲ့ အခြေအနေလည်း သက်သာသွားလိမ့်မယ် … ခင်များ ဝယ်ချင်လား ….”

“ ဈေးက ယွမ်တစ်သိန်း ….”

“ ဝယ်မယ် ဝယ်မယ် ….”

[ဘဝရဲ့ အောင်နိုင်သူ]သည် မျှော်လင့်ချက် မီးအလင်းရောင်ကို မြင်တွေ့လိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။

“ ကျုပ် ခင်များကို ဝီချက်နံပါတ် ပို့ပေးလိုက်မယ် … ပိုက်ဆံပေးဖို့ အလျင်လိုစရာ မလိုဘူး …. ပိုက်ဆံရှိတဲ့ အချိန်ကျမှပေး … ဆေးကိုတော့ ခဏနေကျမှပဲ တစ်ယောက်ယောက်နဲ့ ခင်များအဘိုးဆီ ပို့ပေးခိုင်းလိုက်မယ် …”

All Chapters