အရူးလက်မှတ်
Vol. 17 Ch. 163
[ငွေရောင်လှံ အာဏာရှင်လေး]၏ ဖခင်တွင် အခြားသူတို့ စိတ်ကူးပင် မယဉ်ဝံ့သည်အထိ များပြားလှသော အရင်းအမြစ် အဆက်အသွယ်တို့ ရှိသည်။
ထို့ပြင် သူသည်လည်း မကောင်းမှု အများအပြား လုပ်ခဲ့ဖူးသည့် ဒိတ်ဒိတ်ကျဲကြီး ဖြစ်၏။
သူတို့ လက်ဖဝါးအတွင်း ဤသို့သော အရာများ ရှိနေသည် ဖြစ်ရာ မည်သူကရော သူတို့ မိသားစုကို စော်ကား အပြစ်ပြုဝံ့မည်နည်း။
သန်းနှင့်ချီသည့် ဤကြည့်ရှုသူများရှေ့တွင် ချန်ယွီ့ကို ရင်ဆိုင်ဖို့ မဆိုထားနှင့် …
သူ ချန်ယွီ့ကို လူမှန်းသူမှန်း မသိအောင် ရိုက်နှက်လိုက်လျှင်ပင် မည်သည့် သတင်းတို့မျှ ထွက်ပေါ်လာခဲ့မှာ မဟုတ်ချေ။
ငွေကြေးနှင့် အာဏာ --- ထိုအရာက သူ၏ ယုံကြည်မှု အရင်းအမြစ်ပင်။
ကြောက်လန့်တုန်လှုပ်နေကြသည့် သူ့အဖော်များကို ကြည့်ရင်း [ငွေရောင်လှံ အာဏာရှင်လေး]က ဒေါသတကြီး ဆူဟောက်ကြိမ်းမောင်းလိုက်၏။
“ ငါတောင် မကြောက်တာကို မင်းတို့ကောင်တွေက ဘာတွေ ကြောက်လန့်နေကြတာ ….”
“ ဒီ မျိုးမစစ် ဘာတွေ ဆက်ပြောလာဦးမလဲ ငါ သိချင်သေးတယ် …”
ဤစကားကို ကြားတော့ ကြည့်ရှုသူများမှာ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။
သူတို့တွေ ယခင်က မောက်မာသည့် လူများကို မြင်တွေ့ဖူးပါသော်လည်း ဤမျှ လွန်လွန်ကြူးကြူး မောက်မာဝံ့နေသူကိုတော့ သူတို့တွေ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
[ငွေရောင်လှံ အာဏာရှင်လေး]က သန်းနှင့်ချီသည့် ကြည့်ရှုသူ ပရိသတ်များ ရှိသည့် လိုက်စထွင်းခန်းထဲတွင် သူ၏ မင်းမဲ့စရိုက်ကို ပေါ်ပေါ်ထင်ထင် ပြသနေသည်။
လူမဆန်သည့် ဟန်ကျိုးမြို့၏ နံပါတ်ဝမ်း သတင်းထောက်၊ ကျေးဇူးကန်းပြီး ကိုယ့်မိဘကိုယ် ပြန်သတ်ဝံ့သည့် ရက်စက်သည့် သခင်လေးကျောက် ၊ အကျဉ်းထောင်ကို ကျောင်းသဖွယ် တက်ရောက်ခဲ့သည့် အားဝေ့၊ ထိုသူများကို သူတို့အားလုံး မြင်တွေ့ဖူးကြသည်။
သို့တိုင် ထိုသူများ အားလုံးက ချန်ယွီ့ သူတို့ အတိတ်ကို ဖော်ထုတ်လိုက်သည်နှင့် ခြေထောက်များ ယိုင်နဲ့ချိနဲ့ကုန်ကြပြီး စိုးရိမ်ကြောင့်ကြလာသည်။
ဤ မျိုးမစစ်လေး တစ်ဦးတည်းကသာ သူ လုပ်ခဲ့သည့် မကောင်းသည့် လုပ်ရပ်များကို ချန်ယွီ့ ဖော်ထုတ်မှာကို မကြောက်ရွံ့သူ တစ်ဦးပင်။ ထိုအစား သူကပင် ဆက်ပြီး စိန်ခေါ်နေလိုက်သေး၏။
သူ့ကိုယ်သူ ဥပဒေဘောင် အပြင်ဘက်က လူလို့များ ထင်နေလား မသိဘူး …
ဘေးရှိ သူ့ အဖော်များကို ကြိမ်းမောင်းပြီးနောက် [ငွေရောင်လှံ အာဏာရှင်လေး]က ဖုန်းစခရင်ကို လက်ညှိုးညွှန်လိုက်ပြီး ရန်စသည့်နှယ် လက်ညှိုးကွေးပြီး စိန်ခေါ်လိုက်သည်။
“ မင်းက သူများ အတွင်းရေးတွေ ဖော်ထုတ်ရတာ သိပ်ကြိုက်တဲ့ကောင်မဟုတ်လား ချန်ယွီ့ …”
“ လုပ်စမ်းပါ … မင်း ဆက်ပြီး ပြောစမ်းပါ …”
“ ငါ လုပ်ခဲ့တာတွေက အဲ့ထက်များတယ် …”
“ ငါ့ အကောင့်ထဲမှာ ဂဏန်း ကိုးလုံးရှိတယ် … ကစားချင်တယ်ဆို မင်းနဲ့ အဆုံးထိ ကစားပေးလို့ရတယ် …”
[ငွေရောင်လှံ အာဏာရှင်လေး]က မောက်မာစွာဖြင့် ပြောဆိုလိုက်သည်။ သူ၏ အမူအရာက ရုန့်ရင်းကြမ်းတမ်းနေလင့်ကစား စိတ်လှုပ်ရှားမှုလည်း ဖြစ်နေသည်။
“ ဂဏန်းကိုးလုံး စုငွေရှိတယ်ဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး ဂဏန်း ဆယ်လုံးပဲ ….”
“ ကိုးရီးယား ဒရာမာကားတွေထဲမှာ လူချမ်းသာတွေ ထင်ရာစိုင်းဝံ့တာက သူတို့ရဲ့ ကော်ပိုရေးရှင်းကြီးတွေက သောက်ရမ်း အာဏာကြီးပြီး ချမ်းသာကြလို့ပဲ … အဲ့တာကြောင့်လည်း အကြောက်အလန့် ကင်းနေကြတာ …”
“ နှစ်တွေ ထောင်ဂဏန်း ရောက်လို့ ခေတ်တွေသာ ပြောင်းလဲသွားတယ် … တောရိုင်းဥပေဒကတော့ ပြောင်းလဲမသွားပါလား …”
“ တော်လိုက်တော့ လူငယ်လေး … လူတိုင်း သူ့ဆီကနေ သင်ယူပြီး သူ့မိသားစုကို တိုင်ကြားသင့်တယ် …”
“ ငါ အလုပ်ကြိုးစားလာတာ ရှစ်နှစ်ကျော်ပြီ … ဘဏ်မှာ ယွမ် နှစ်သန်းကျော် ရှိတယ် …. အကြွေးတွေ ….”
“ ဘယ်လောက်ပဲ ထောင်လွှားနေပါစေ ခြောက်ပေ မြေကွက်အောက် ရောက်ရမယ့် လူချင်း အတူတူပါပဲကွာ …”
“ ယီးပဲ … သူ့ရော သူ့မိဘတွေပါ အကုန်သေသင့်တယ် …”
မောက်မာလှသည့် [ငွေရောင်လှံ အာဏာရှင်လေး]နှင့် ဆုံတွေ့ရတော့ ကြည့်ရှုသူများမှာ သူတို့၏ ဒေါသတရားများကို စကားပြောခန်းထဲတွင်သာ ပေါက်ကွဲနိုင်တော့သည်။
တစ်ချို့သော ကြည့်ရှုသူများက ဤ မြင်ကွင်းကို မှတ်တမ်းတင်ထားပြီး လိုက်စထွင်း ပြီးဆုံးသည်နှင့် သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားရန် စီစဉ်နေကြသည်။
“ ငါ့ကို စကားဆက်ပြောစေချင်တာ သေချာရဲ့လား …” ချန်ယွီ့ တည်ငြိမ်စွာဖြင့် မေး၏။
“ ငါ့ဘက်က ပြောရဲမှတော့ မင်း ဆက်ပြောလာမှာကို မကြောက်ဘူးဆိုတာ ရှင်းနေတာပဲလေ …”
“ မင်း များများပြောလေလေ၊ ငါ ပိုပျော်လေပဲ …”
“ ဒီ စကားပြောခန်းထဲက အောက်တန်းစားတွေက လိုင်းပေါ်တက်ပြီး ဖောင်းထုဖို့လောက် တတ်တဲ့ကောင်တွေ … မင်းတို့မှာ ဇရှိတယ်ဆို အပြင်မှာ ငါနဲ့ လာတွေ့စမ်း ….”
“ လာတဲ့ကောင်မှန်သမျှ ပြန်မထွက်သွားနိုင်စေရဘူးဆိုတာ အာမခံတယ် …” [ငွေရောင်လှံ အာဏာရှင်လေး]က ရက်စက်ယုတ်မာသည့် အပြုံးမျိုးဖြင့် ပြောလိုက်သည်။
“ မင်းတို့ ထွက်သွားနိုင်ဦးမယ်ဆိုရင်တောင် လေးဘက်ထောက်ပြီးပဲ ရမယ် …”
“ နောင်ဘဝရောက်တဲ့အထိတောင် ငါ့လုပ်ရပ်တွေကို သူတို့ တိုင်တန်းရဲမှာ မဟုတ်ဘူး ….”
ထိုအချိန်၌ [ငွေရောင်လှံ အာဏာရှင်လေး] က တစ်စုံတစ်ရာကို တွေးတောမိသွားဟန်ရပြီး သူ့မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်သည့် အပြုံးကြီး တစ်ခု ဖြစ်ပေါ်လာသည်။
“ မင်းတို့အားလုံးကို ငါ ကြိုပြီး သတိမပေးဘူး မပြောနဲ့နော်… မင်းတို့ ငါ့ကို တိုင်ချင်တယ်ဆိုလည်း တိုင်ကြ …”
“ ဒါပေမယ့် ငါ့ကို တိုင်ပြီးရင်တော့ ဗုဒ္ဓဆီမှာ အမွှေးနံ့သာထွန်းပြီး ချက်ချင်းသာ ဆုတောင်းထားလိုက်တော့ …”
သူ ထိုစကားမျိုး ပြောလိုက်သည်နှင့် သူရဲဘောကြောင်သည့် တစ်ချို့ ကြည့်ရှုသူများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
[ငွေရောင်လှံ အာဏာရှင်လေး]ကပဲ ဂေါက်ကြောင်နေတာလား … ဒါမှမဟုတ် သူ့မှာ တကယ်ပဲ တိုင်ကြားမှုတွေ အကုန်လုံးကို ဖိနှိပ်နိုင်တဲ့ အစွမ်းအစ ရှိနေတာလား ….
ပြောလို့တော့ မရဘူး … တကယ်လို့ အချက်အလက်တွေ စုံစမ်းပြီး သူတို့အိမ် တံခါးဝ ရောက်လာခဲ့ရင် ဘယ်လိုလုပ်မှာ …
[ငွေရောင်လှံ အာဏာရှင်လေး] ရဲ့ ရပ်တည်မှုနဲ့ စကားပြောလေသံထဲမှာ ပါဝင်နေတဲ့ ယုံကြည်မှုတွေကို ကြည့်ရင် ဂေါက်ကြောင် ဖြစ်နိုင်ချေကတော့ တကယ်လည်း နည်းတယ် …
“ မင်းက ခေါင်းမာနေတယ်ဆိုမှတော့ ….” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းဆန္ဒကို ငါလည်း ဖြည့်ဆည်းပေးရတာပေါ့ ….”
“ မင်းအဖေ မင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် အလိုလိုက်နေတာက …”
“မင်းက တစ်ဦးတည်းသောသား ဖြစ်တဲ့အပြင် မင်းရဲ့ အကျင့်စရိုက်ကလည်း သူနဲ့ တူလို့ပဲ ….”
“ သူလည်း မင်းလိုပဲ ကိုယ့်အောက် နိမ့်တဲ့လူဆိုရင် မတူမတန် ဆက်ဆံပြီး မောက်မာတယ် …”
“ သူ့ ရည်မှန်းချက် ပြည့်ဝဖို့ဆို ဘာမဆို လုပ်ရဲတယ် … ဥပဒေကို မရှိသလို သဘောထားပြီး တခြားသူတွေကို နင်းချေမွရတဲ့ အရသာကို နှစ်သက်တယ် …”
ချန်ယွီ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
[ငွေရောင်လှံ အာဏာရှင်လေး] အနိုင်ကျင့်ခဲ့သည့် ဝိတ်တာမလေးက တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်၏။
သူမ မိသားစုက သာမန် ဖြစ်သဖြင့် ဆောင်းတွင်း ကျောင်းပိတ်ရက် ခေတ္တနားချိန်တွင် ဝင်ငွေကောင်းသည့် ကလပ်၌ အလုပ်လုပ်နေခြင်းပင်။
အနိုင်ကျင့်ခံရပြီးနောက် သူ့မိဘများက လျော်ကြေးငွေ လက်ခံဖို့ကို ရွေးချယ်လိုက်သည်။
သူမကိုယ်တိုင်လည်း ဒေါသများကို ဖိနှိပ်၍ ဤကိစ္စကို ဖုံးကွယ်ထားလိုက်၏။
တက္ကသိုလ်သို့ ပြန်ရောက်ပြီး မကြာမီမှာပဲ ကောင်မလေးမှာ သူ့တွင် ကိုယ်ဝန်ရှိနေပြီဆိုတာကို သိရှိသွားခဲ့သည်။
ကိုယ်ဝန်ဖျက်ချဖို့ လုပ်နေစဉ်တွင် ကျူတာ တစ်ယောက်က သူမကို မြင်တွေ့သွားခဲ့သည်။
“ ကျူတာက ဖြစ်ရပ်မှန်ကို သိတော့ ဒေါသထွက်ပြီး စကားပြောဖို့ ကောင်မလေးကို မင်းဆီ ခေါ်လာတယ် … ဒါပေမယ့် သူလည်း မင်းရိုက်တာကို ခံလိုက်ရတယ် …”
“ တခြားသူတွေက မင်းကို ကြောက်ရင်ကြောက်လိမ့်မယ် … ဒါပေမယ့် အဲ့ကျူတာ ကောင်မလေးကတော့ မင်းကို မကြောက်ဘူး …”
“ သူ့ ကျောင်းသူအတွက် တရားမျှတမှု ရှာဖွေပေးဖို့ ရဲဆီသွားပြီး အမှုဖွင့်တယ် … ပြီးတော့ တီဗွီနဲ့ သတင်းမီဒီယာ ဌာနတွေကို ဆက်သွယ်တယ် ..”
“ မင်းအဖေကပဲ ဒီကိစ္စတွေကို ဖိနှိပ်ပြီး မင်းအတွက် အရူးလက်မှတ်အတု လုပ်ပေးတယ် ….”
“ အရူးလက်မှတ်နဲ့ဆိုရင် အဲ့အချိန်တုန်းက မင်းစိတ်တွေ မတည်မငြိမ်ဖြစ်ပြီး ကိုယ့်အပြုအမူတွေကို ထိန်းချုပ်မရခဲ့လို့ ဆိုပြီး သက်သေပြနိုင်မယ် …”
“ အဲ့နောက်မှာ မင်းအဖေက သတင်း မီဒီယာတွေကို ဖိအားပေးလိုက်တော့ သူတို့အကုန်လုံးလည်း နှုတ်ပိတ်ကုန်ကြတယ် ….”
“ အဲ့လိုနဲ့ ….. မင်း ဥပဒေလက်တွင်းကနေ နောက်တစ်ကြိမ် လွတ်မြောက်သွားခဲ့ပြန်တယ် …”
“ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အမှန်တရားကို မြတ်နိုးတဲ့ ကျူတာ ဆရာမလေးကလည်း ပျောက်ကွယ်သွားခဲ့တယ် …”
“ သူ ဘယ်ရောက်သွားလဲဆိုတာကိုတော့ … တခြားလူတွေထက် မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေ ပိုသိမယ်လို့ ထင်တယ် ….”
“ မင်းအဖေတောင် ဒီအကြာင်း မသိဘူး …”
[ငွေရောင်လှံ အာဏာရှင်လေး]၏ မျက်နှာအမူအရာမှာ အေးခဲသွားခဲ့သည်။
စကားပြောခန်းထဲတွင်လည်း ကွန်းမန့် အနည်းငယ်မျှကိုသာ မြင်တွေ့ရတော့၏။
ကြည့်ရှုသူ အများစုမှာ ချန်ယွီ့ စကားကြောင့် မင်သက်အံ့အားသင့်သွားခဲ့ကြပြီး ဦးနှောက်မှာ တဒင်္ဂမျှ ဗလာကျင်းသွားခဲ့လေသည်။
ထိုအချိန်မှာပဲ ကွန်းမန့်တစ်ကြောင်းက ချန်ယွီ့၏ စခရင်ထက်သို့ ဖြတ်ပြေးသွားခဲ့၏။
“ ဒေါက်တာချန် …. စိတ်ဝေဒနာရှိတဲ့လူတွေက ဥပဒေရဲ့ အပြစ်ပေးမှုကို မခံရဘူးဆိုပေမယ့် သူတို့ကို ဆေးရုံအတင်းပို့ပြီး စစ်ဆေးကြည့်လို့ရတယ်မလား …”
ထို ကွန်းမန့်ကို ဖတ်ပြီးနောက် ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ဆိုလိုက်၏။ “ မင်း ပြောတာ မှန်တယ် … ဒါပေမယ့် စိတ်ကျန်းမာရေး ဆေးရုံကိုပါ သူ့အဖေက လာဘ်ထိုးထားတယ် ဆိုရင်ကော ….”
ထိုစကားကြားပြီးနောက် ကြည့်ရှုသူများမှာ ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားခဲ့သည်။
[ငွေရောင်လှံ အာဏာရှင်လေး]၏ ဖခင်က တကယ်လည်း အကွက်ကြိုမြင်တတ်၏။
အရင်ဦးဆုံး သူ့ မျိုးမစစ်လေးအတွက် အရူးလက်မှတ် ပြင်ဆင်ပေးပြီး ၊ ထို့နောက် သူ့အား ကုသစစ်ဆေးပေးမည့် ဆေးရုံကိုပါ ကြိုတင် လာဘ်ထိုးထားခဲ့သည်။
ဤသို့ဖြင့် [ငွေရောင်လှံ အာဏာရှင်လေး]က သူ စိတ်ထင်တိုင်း ကျဲခွင့်ရသွားသည်။
သူ့ကို မည်သူကမျှ မရပ်တန့်နိုင်တော့ချေ။
[ငွေရောင်လှံ အာဏာရှင်လေး]က ချန်ယွီ့ကို စိန်ခေါ်ဝံ့နေတာ မဆန်းတော့ပေ။
သူ့မိသားစုက ချမ်းသာပြီး အာဏာကြီးသည့်အပြင် သူ့ဘဝကို ကယ်တင်ပေးနိုင်သည့် သေမိန့်လွတ်မြောက်ခွင့် တံဆိပ်ပြားတစ်ခုကလည်း ရှိနေသည်။
ယင်းကား စိတ်ရောဂါ ဝေဒနာရှင်တစ်ဦး ဆိုသည့် တံဆိပ်ပြားတစ်ခုပင် …။
ချန်ယွီ့ [ငွေရောင်လှံ အာဏာရှင်လေး] ကို တစ်ချက် ကြည့်လိုက်တော့ သူ့အမူအရာက တဖြည်းဖြည်းချင်း မသက်မသာ ဖြစ်လာနေသည်။
“ မင်း ကြောက်သွားပြီလား …” ချန်ယွီ့ နှာမှုတ်လိုက်၏။
“ ငါ .. ငါ မကြောက်ဘူး …” [ငွေရောင်လှံ အာဏာရှင်လေး] ၏ လေသံက ယခင်ကကဲသို့ ယုံကြည်ချက် မပြည့်ဝနိုင်တော့။
ချွေးစေးပေါက်တို့က နဖူးထက်မှနေ၍ တစ်လှိမ့်ချင်း စီးကျလာနေသည်။
ကြည့်ရှုသူများမှာ ဤအချင်းအရာကိုမြင်တော့ ရှုပ်ထွေးသွားခဲ့ကြ၏။
[ငွေရောင်လှံ အာဏာရှင်လေး]က ရုတ်တရက်ကြီး ဘာလို့ ဒီလောက်ထိ ကြောက်လန့်လာတာပါလိမ့် …
ဧကန္တ … အဲ့ဒီ ကျူတာအမျိုးသမီး ပျောက်ဆုံးသွားတဲ့ ကိစ္စက သူနဲ့ တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာများလား …