သူ့ရဲ့ အဖြူရောင် ကြာပန်းလေး စွန်းထင်းသွားခဲ့ပြီ
Vol. 31 Ch. 308
“ အချိန်တစ်ချို့ကြာအောင် လိုက်ရှာပြီးတဲ့နောက်မှာ မင်းအမေရဲ့ သူငယ်ချင်းကောင်းက တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ် ….”
“ အဲ့လူက သူ့ရဲ့ သွေးဝေးဆွေမျိုးတစ်ယောက် … ကျေးလက်ဘက်မှာ တောင်ယာလုပ်တဲ့ ရိုးသားတဲ့ တောင်သူတစ်ဦးပဲ …”
“ ပြီးတော့ သူ့မိသားစုက ပိုက်ဆံလည်း အတော်လေး လိုနေတယ် ….”
“ ငွေရဲ့ အကူအညီရယ် ၊ သူငယ်ချင်းကောင်းရဲ့ အကူအညီရယ်နဲ့ မင်းအမေက အဲ့လူနဲ့အတူ ဖန်ပြွန်သန္ဓေသားကို ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ် ….”
ခြိမ်းခြောက်သည့် အထူးကွန်းမန့်တစ်ခုက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။
“ ချန်ယွီ့ … မင်း ပေါက်ကရတွေ ထပ်ပြောဝံ့နေဦးမယ်ဆိုရင် ငါမင်းကို လူလွှတ်ပြီး သေအောင် ရိုက်ခိုင်းလိုက်မယ် …”
ဤကွန်းမန့် ပေးပို့လာသူ၏ နာမည်ကို ကြည့်ရှုသူတို့ မြင်တွေ့လိုက်ရတော့ ပင့်သပ်ရှိုက်မိသွားခဲ့ကြသည်။
ထိုသူက တကယ့်ကို အန်ကယ်ကောင်းပင်။
အန်ကယ်ကောင်းက ဟူယွီပလတ်ဖောင်းတွင် သူ၏ နာမည်အရင်းနှင့် အကောင့်ဖန်တီးပြီး ခြိမ်းခြောက်သည့် ကွန်းမန့်များကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပို့နေသည်။
သူ့နှလုံးသားထဲ၌ … သူ၏ အချစ်ဦးက ဝါဂွမ်းလေးလို ဖြူစင်ပြီး အပြစ်ကင်းစင်သည့် အမျိုးသမီးတစ်ဦးပင်။
ကလေးတစ်ယောက်ရဖို့အတွက် အခြားသူဆီက သုတ်ပိုးငှားရသည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
အကယ်၍ သူမက ဖန်ပြွန်သန္ဓေသား လိုချင်လျှင်ပင် သူ့ကို ရှာ၍ ရနေသည် မဟုတ်လော။
အဲ့ဒီအစား ဘာကြောင့် စောက်တောသားကို သွားရှာနေမှာလဲ။
ဒါ လုပ်ကြံထားတာ ကျိန်းသေတယ်။
သူနဲ့ သူ့သမီးကို ထိုးနှက်ဖို့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းပဲ။
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည်လည်း သူမ၏ မိခင်က ထိုသို့ ပြုလုပ်မည့် လူတစ်ယောက်ဆိုတာကို မယုံကြည်ပေ။
သို့ပေမယ့်လည်း ချန်ယွီ့၏ စကားကို မည်သို့ပြန်ငြင်းရမှန်းမသိ ဖြစ်နေမိ၏။
“ လူကြီးမင်းကောင်း … ခင်များက လူ့အဖွဲ့အစည်း အောက်ခြေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတယ် … အခု ခင်များက စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကျဲတစ်ဦး ဖြစ်နေပြီ … လူတွေရဲ့ အကျင့်စရိုက်က ပြောင်းလဲတတ်တဲ့သဘောရှိတယ် ဆိုတာကို ခင်များ မသိဘူးလား ….”
“ အရင်တုန်းက ဘယ်လိုပုံစံပဲ ရှိနေပါစေ ၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုနဲ့ တစ်ခြားအကြောင်းအရင်းတွေကြောင့် … လူတစ်ယောက်ရဲ့ စရိုက်က အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲသွားဖို့ဆိုတာ သေချာသလောက်ရှိတယ် ….”
“ သူခင်များကို လက်ထပ်ပြီး လာတွေ့တော့ ခင်များတို့ချင်း မတွေ့ဖြစ်တာ ဘယ်နှနှစ် ကြာနေပြီလဲ ….”
အန်ကယ်ကောင်းက ကွန်းမန့်တစ်ခုကို ချက်ချင်းပဲ ရေးသားပေးပို့လာခဲ့သည်။
သူတိ့နှစ်ယောက် နောက်ဆုံးတစ်ည အတူအိပ်ပြီးသည့်နောက် … အချင်းချင်း မတွေ့ဖြစ်သည်မှာ ခြောက်နှစ်ကျော် ကြာသွားခဲ့လေပြီ။
“ အတိအကျပဲ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ခြောက်နှစ်ဆိုတာ လူတစ်ယောက်ကို ပြောင်းလဲသွားစေဖို့ ကောင်းကောင်းကြီး လုံလောက်တဲ့ အချိန်ပမာဏ တစ်ခုပဲ …”
“ စစချင်းတုန်းကတော့ လူနာရဲ့ မိခင်က သူ ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုတာကို ဖုံးကွယ်ခဲ့တာ လူ့အသိုင်းအဝိုင်းကြီးရဲ့ သူ့အပေါ် အထင်သေး ကဲ့ရဲ့ရှုတ်ချကြမှာကို ကြောက်ရွံ့လို့ပဲ …”
“ သူမရဲ့ မိဘတွေက သူမကြောင့်နဲ့ ဖိအားတွေ အများကြီးအောက် ရောက်နေမှာကိုလည်း စိတ်ပူတယ် ..”
“ ဒီလိုမျိုး ရှုပ်ထွေးနေတဲ့ စိတ်အခြေအနေက လက်ထပ်ပြီးတဲ့နောက်မှာ ပိုလို့တောင် ဆိုးရွားသွားသေးတယ် …”
“ လက်ထပ်ပြီးတဲ့နောက်မှာ သူမက အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ကောင်းမွန်တဲ့ ဘဝမျိုးမှာ နေထိုင်ခဲ့ရတယ် ….”
“ ငွေကြေးကိစ္စလည်း စိတ်ပူစရာ မလိုဘူး …. ယောက္ခမတွေကလည်း ဈေးကြီးတဲ့ လက်ဝတ်ရတနာတွေကို မကြာခဏ လက်ဆောင်ပေးလေ့ရှိတယ် ….”
“ လူတွေကလည်း သူမကို နေ့တိုင်းနေ့ ချီးမွမ်းကြပြီး မျက်နှာလိုမျက်နှာရ လုပ်ကြတယ် … သူမရဲ့ အဆင့်အတန်းကလည်း သိသိသာသာ မြင့်မားလာခဲ့တယ် …”
“ လူကြီးမင်းကောင်း ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ အဲ့လို ပတ်ဝန်းကျင်မျိုးမှာ လူတစ်ယောက်ရဲ့ အကျင့်စရိုက်က သိသိသာသာ ပြောင်းလဲသွားနိုင်မယ်လို့ ခင်များ မထင်မိဘူးလား ….”
အန်ကယ်ကောင်း ဆွံ့အသွားခဲ့ရ၏။
“ ကျုပ်ကို ဖြေစရာမလိုဘူး … ဘယ်သူမဆို သူတို့ရဲ့ အကျင့်စရိုက်တွေ ပြောင်းလဲသွားကြမှာပဲ …”
“ ၁၉၉၀ ခုနှစ်တုန်းက စနစ်က လက်ရှိထက်ကို အများကြီးသာတယ် ….”
“ အခုခေတ်မှာ အစိုးရဝန်ထမ်းတွေအပေါ် အလေးပေး ဆက်ဆံတယ်ဆိုတာ အဲ့တုန်းကနဲ့ယှဉ်ရင် ဘာမှတောင် မပြောပလောက်တဲ့အရာပဲ …. ဆယ်ဆ ... ဆယ်ဆကွာတယ် ... ”
“ အဲ့တုန်းကဆိုရင် မင်း ဘာပဲလုပ်မိလုပ်မိ ၊ လိုအပ်တာက ကိုယ့်ရဲ့ အဆက်အသွယ်တွေကို သုံးပြီး အနောက်တံခါးကနေ အရာအားလုံးကို ဖုံးကွယ်ထားလိုက်ဖို့ပဲ … အဲ့တုန်းက အာဏာရှိတဲ့လူတွေဆိုတာ အရာရာပဲ …”
ကြည့်ရှုသူ အများအပြားက ၎င်းတို့၏ အသက်ကို ဖော်ထုတ်ပြလာကြ၍ ထိုခေတ်ထိုအခါတုန်းက အခြေအနေများကို ပြောပြကြသည်။
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]၏ ဖခင်က လူသောင်းပေါင်းများစွာ ရှိသည့် ဌာနတစ်ခု၏ ခေါင်းဆောင်အကြီးအကဲ ဖြစ်နိုင်ခဲ့သည်က သူ၏ ထူးချွန်လှသည့် အရည်အချင်းတို့ကြောင့် မဟုတ်ဘဲ ဘိုးဘွားများ၏ အုတ်မြစ်ကြောင့်လည်း ပါသည်။
ထိုကဲ့သို့သော မိသားစုထဲသို့ လက်ထပ်ဝင်ရောက်သွားခဲ့သည်က လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲသွားစေခဲ့မည်မှာ ကျိန်းသေသလောက်ပင်။
“ မင်း အဲ့လိုပြောပြရင်တောင် ငါ မယုံသေးဘူး …”
အန်ကယ်ကောင်းက နောက်ထပ် မေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။
အကယ်၍ သူမက အမျိုးသားတစ်ယောက်ကို လိုအပ်လျှင်ပင် သူ့ထံသို့ ရောက်လာသင့်၏။
သူတို့နှစ်ယောက်က သမီးရည်းစား ဆက်ဆံရေး ရှိခဲ့ဖူးပြီး အခြေအနေမတူသည့်အတွက်ကြောင့် ခါးသီးစွာ လမ်းခွဲလိုက်ရသည့် ချစ်သူနှစ်ဦးပင်။
သူ့ကို လာရှာမည့်အစား သူမက အဘယ်ကြောင့် တောသားတစ်ယောက်၏ ………….
ဘာကြောင့်ဆိုတာ သူ တကယ်ပဲ နားမလည်နိုင်တော့ချေ။
“ သူ ခင်များကို လာရှာဖို့ မစဉ်းစားခဲ့တာ မဟုတ်ဘူး ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့တုန်းက ခင်များက ထောင်ထဲသွားပြီး ငုတ်တုတ်သွားထိုင်နေခဲ့တာလေ …”
“ ခင်များရဲ့ အချစ်ဦးကို သူများက လုသွားခဲ့တဲ့ အချိန်မှာပဲ တကယ်လို့ ခင်များက ရိုးသားကြိုးစားတဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေမယ်ဆိုရင် ခင်များ တစ်သက်လုံး သူများ အနိုင်ကျင့်တာပဲ ခံရမယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ် … ဒီတော့ ခင်များကိုယ်ခင်များ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ် …”
“ ခင်များ တရားမဝင်တဲ့ ကိစ္စတွေ စလုပ်လာပြီး လူမိုက်ခေါင်းဆောင် တစ်ယောက် ဖြစ်လာမယ့် လမ်းကို စပြီး လျှောက်လှမ်းခဲ့တယ် …”
“ ခင်များရဲ့ ပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံကလည်း မရှိသေးဘူး … ချက်ချင်းပဲ ရဲဖမ်းတာ ခံလိုက်ရတယ် ….”
“ ကံကောင်းချင်တော့ ခင်များက ဆိုးဆိုးရွားရွားကြီး မကျူးလွန်ခဲ့မိလို့ ထောင်ထဲ ခြောက်လလောက်ပဲ နေလိုက်ရတယ် …”
“ ခင်များက ထောင်ထဲရောက်နေတော့ သူ လိုချင်ရင်တောင် ငှားနိုင်မယ့် အခွင့်အရေးမျိုး သူ့မှာ မရှိဘူး ….”
“ အဲ့လို ထောင်ထဲရောက်သွားလို့လည်း ခင်များရဲ့ အတွေးတွေကို သေချာ ပြန်စီစစ်လိုက်နိုင်ပြီး လက်ထဲရှိတဲ့ လက်တွေ့အမှန်တရားတစ်ချို့ကို နားလည်သဘောပေါက်သွားခဲ့တယ် ….”
“ ရန်ဖြစ်တာနဲ့ သတ်ဖြတ်တာတွေပဲ လုပ်နေမယ်ဆိုရင် … တကယ်လို့ ခင်များက လူမိုက်လောကမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာစေဦးတော့ နောက်ဆုံးရလဒ်က ထောင်ချခံလိုက်ရတာ … မဟုတ်လည်း နေရာမှာတင် သတ်ဖြတ်ခံလိုက်ရတာမျိုးက နိဂုံးပဲ …”
“ ခင်များထောင်ကနေ လွတ်လာပြီးတော့ ခေတ်အကူးအပြောင်းကာလမှာ အခွင့်အရေးတွေ အမျိုးမျိုးကို ရှာဖွေဖန်တီးခဲ့တယ် … ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းတွေအပေါ် မှီခိုရင်း စီးပွားရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့တယ် ... အတော်လေး ကောင်းမွန်တဲ့ ရလဒ်တွေကိုလည်း ရရှိလာခဲ့တယ် ….”
“ ခင်များက စီးပွားရေး တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေနေချိန်မှာ သူမကတော့ သမီးတစ်ယောက်ကို မွေးပြီးသွားပြီ ….”
“ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူမက ကလေးကို ခင်များဆီ ခေါ်လာခဲ့ပြီး ခင်များရဲ့ သွေးသားပါလို့ ပြောပြတယ် ….”
“ ကလေးက ကြီးပြင်းလာတာနဲ့ သူ့ခင်ပွန်းနဲ့ နည်းနည်းလေးမှကို မတူတာ .. တစ်နေ့ သူ့ယောက်ျားက အမှန်တရားကို သိသွားမယ်ဆိုရင် ဒုက္ခရောက်မှာ ကျိန်းသေပေါက်ပဲ … အဲ့တော့ သူမဘက်က အရန်အစီအစဉ်တစ်ခုကို လုပ်ထားဖို့ လိုတယ် ….”
ဤစကားကြားတော့ အန်ကယ်ကောင်း၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။
သူ့နှလုံးသားရှိ အချစ်ဦးဆိုသည်မှာ အဖြူထည်ဆန်၊ အပြစ်ကင်းစင်ပြီး နတ်သမီးလေးလိုလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။
သူ့အချစ်ဦးမှာ သူတောင် မမြင်ဖူးသေးတဲ့ တခြားဘက်ခြမ်းများ ရှိနေသေးတာလား …
သူမက ကလေးကို သူ့ဆီ ခေါ်လာခဲ့တော့ အန်ကယ်ကောင်းလည်း လုံးဝ သံသယ မဖြစ်မိပေ။
အချစ်ဦး ပြောသည့် စကားကို ရာနှုန်းပြည့် ယုံကြည်သည်။
ကလေးက သူ့သွေးသားအရင်းပါ ဆိုတာကို မုချယုံကြည်ခဲ့သည်။
သို့သော် ယင်းက သူ့အချစ်ဦး ဖန်တီးခဲ့သည့် အရန်အစီအစဉ် တစ်ခု ဖြစ်နေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။
သူ့ရင်ထဲ ဖြူစင်ခဲ့သည့် ကြာပန်းလေးမှာ အရောင်ဆိုးခံလိုက်ရလေပြီ။
အန်ကယ်ကောင်းကဲ့သို့ စီးပွားရေး တိုင်ကွန်းကြီးပင် သူ့ရှေ့ရှိ လက်တွေ့အမှန်တရား၏ ရိုက်ခတ်မှုကို အလူးအလဲ ခံစားလိုက်ရ၏။
“ အဲ့ကစပြီး နှစ်နည်းနည်းကြာတော့ ခင်များ အချစ်ဦးရဲ့ အမျိုးသားက ဌာန မန်နေဂျာ ဖြစ်လာတယ် …” ချန်ယွီ့ စကားကို ဆက်ပြော၏။ “ သူ့မိသားစုရဲ့ ငွေကြေးအခြေအနေကလည်း ကောင်းသထက် ပိုကောင်းလာတယ် …”
“ သူမက မရေမတွက်နိုင်တဲ့လူတွေ ချီးကျူးမြှောက်ပင်ပြီး မျက်နှာလိုမျက်နှာရလုပ်တာကို နေသားကျနေပြီ … တကယ်လို့ သူ့ယောက်ျား ၊ ဒါမှမဟုတ် ယောက္ခမ အသိုင်းအဝိုင်းဘက်က တစ်နေ့နေ့ အမှန်တရားကို သိရှိသွားခဲ့မယ်ဆိုရင် လက်ရှိစည်းစိမ်တွေအကုန်လုံး ဆုံးရှုံးလိုက်ရမှာတင် မကဘူး … သူမရဲ့ မိဘတွေလည်း သူမကြောင့်နဲ့ ဒေါသထွက်ပြီး သေသွားနိုင်တယ် ….”
“ သူမအတွက်ပဲဖြစ်ဖြစ် ၊ မဟုတ်လည်း ကလေးအတွက်ပဲဖြစ်ဖြစ် ၊ ထွက်လမ်းတစ်ခုတော့ စီစဉ်ထားဖို့ လိုကိုလိုအပ်တယ် ….”
“ ခင်များက အဲ့ဒီ အရန်အစီအစဉ်ပဲ ….”
“ အဲ့ဒီအချိန်မှာ ခင်များက ကုမ္ပဏီပိုင်ရှင် တစ်ဦး ဖြစ်နေပြီ … တကယ်လို့ ခင်ပွန်းဖြစ်သူက တစ်နေ့မှာ ကလေးက သူ့သွေးသား မဟုတ်ပါဘူးဆိုတာကို သိသွားခဲ့ရင်တောင် အမေနဲ့သမီးက ခင်များအပေါ်ကို ချက်ချင်း မှီခိုလိုက်လို့ရတယ်လေ …”
“ သူ့အပေါ်မှာ ထားရှိတဲ့ ခင်များရဲ့ စွဲလမ်းမှုကြောင့်မို့ ကလေးကို စစ်ဆေးဖို့လည်း ခေါ်သွားမှာ မဟုတ်ဘူး ….”
ဤစကားကြားတော့ အန်ကယ်ကောင်းမှာ ကွန်းမန့်များ ဆက်လက်ရေးပို့နေသည်ကို ရပ်တန့်သွားခဲ့တော့သည်။
ကြည့်ရှုသူများကတော့ ချန်ယွီ့၏ စကားလုံးများက အန်ကယ်ကောင်း၏ အရှိုက်ကို ထိသွားစေခဲ့သည်ဟု ထင်ကြေးပေးနေကြ၏။
ယခုအချိန်ကျတော့မှပဲ [ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် အခြေအနေကို ပြည့်ပြည့်ဝဝ နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူမ၏ မွေးရင်းဖခင်က အစိုးရဌာနတစ်ခု၏ အကြီးအကဲခေါင်းဆောင် တစ်ဦး မဟုတ်သကဲ့သို့ ဒေသတစ်ဝိုက်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း မဟုတ်ပေ။
ဒီတိုင်း သာမန်ကျေးလက်က လယ်သမားကြီး တစ်ဦး ဖြစ်၏။
အရာအားလုံး ပြီးဆုံးသွားသည်နှင့် သူမကို မည်သူကမျှ အလိုလိုက်မှာ မဟုတ်တော့ချေ။
သူမ ရှုပ်ထားသည့် ဇာတ်လမ်းများကိုလည်း မည်သူကမျှ နောက်ကွယ်ကလိုက်ပြီး ဖြေရှင်းပေးမှာ မဟုတ်တော့ချေ။
“ မွေးစားအဖေ … မဟုတ်ဘူး … အဖေ … သူ ပြောတာကို မယုံနဲ့ ….”
“ ချန်ယွီ့ ပေါက်ကရတွေ ပြောနေတာ … သမီးတို့ရဲ့ ဆက်ဆံရေးကို ပျက်စီးစေချင်လို့ ဒီလိုစကားတွေ ပြောနေတာ ….”
“ အခု သူ အမေ့ကိုတောင် ဒီထဲ ဆွဲထည့်လာပြီ … ဘယ်လောက်တောင် ကောက်ကျစ်ဉာဏ်များလိုက်လဲဆိုတာ စဉ်းစားသာကြည့်လိုက် ….”
“ သူ့ကို စော်ကားခဲ့မိတာ သမီးအမှားပါ … ဒါပေမယ့် သူပြောသွားတာ အကုန်လုံးက လုပ်ကြံထားတာတွေချည်းပဲ …”
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]သည် ပျာယာခတ်သည့် လေသံဖြင့် ဖုန်းထဲသို့ အော်ပြောလိုက်၏။
“ မင်း နိုင်ငံပြန်လာရင် DNA စစ်ဆေးတာ လုပ်ဖို့ ခေါ်သွားပေးမယ် …”
ထို့နောက် ဖုန်းက တတွီတွီမြည်ပြီး ပြုတ်ကျသွားခဲ့တော့သည်။
[ပုစွန်ခေါင်းနဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး]က ဖြူလျော်နေသည့် မျက်နှာအမူအရာဖြင့် ဖုန်းကို ငေးကြည့်နေမိ၏။
DNA စစ်ဆေးမှုက သူမတို့နှစ်ယောက်ကို သွေးသားဆက်နွယ်ခြင်း မရှိပါဟု သက်သေပြလာပါ သူမ၏ ဘဝသည်လည်း အဆုံးသတ်ချေပြီ ….