မင်းရဲ့ ဆုံးရှုံးမှု
Vol. 15 Ch. 142
“ မင်းတို့ဘာမင်းတို့ ဘာနည်းလမ်းပဲ သုံးရသုံးရ ၊ ဒီနောက်ကွယ်မှာ ဘယ်သူရှိနေလဲ ရအောင် စုံစမ်းလာခဲ့ …”
“ နှစ်ရက် အတွင်း ဘာသတင်းမှ ထူးမလာဘူးဆိုရင် မင်းတို့ ကောင်တွေလည်း အထုပ်ပိုးပြင်ပြီး ဂျောင်းလိုက်တော့ ….”
ဝန်ရှင်းဟွေ့ တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည်။
သူ့ ဖခင်၏ အလောင်းကို အတော်လေး ခပ်နက်နက် မြုပ်နှံထားခဲ့ပြီး ပုံမှန် အပေါ်ယံ တူးဖော်ရုံမျှနှင့် မည်သူကမျှ တွေ့ရှိနိုင်မှာ မဟုတ်ချေ။
ထို့ပြင် … လုပ်ငန်းစဉ် တစ်ရပ်လုံးကိုလည်း အင်မတန် လျှို့လျှို့ဝှက်ဝှက်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်၏။ ဝန်ရှင်းဟွေ့ ကိုယ်တိုင် အပါအဝင် မာစတာလျို့နှင့် သူ့ရှေ့ရှိ ဤလူသုံးယောက်တည်းကသာ အတွင်းဇာတ်လမ်းကို ဂဃနဏ သိထားကြသည်။
ဤသုံးယောက်ကလည်း ဝန်ရှင်းဟွေ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ကြသည့် လူရင်းများဖြစ်ပြီး ဝန်ရှင်းဟွေ့ကလည်း သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးပေးကမ်းထား၏။
ယုတ္တိကျကျ ပြောရမည်ဆိုပါက သူ့အပေါ် သစ္စာဖောက်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
သစ္စာဖောက်ရန် အကြောင်းအရင်းရှိဖို့ဆိုတာက ပို၍ပင် မဖြစ်နိုင်သည့် အရာဖြစ်၏။
ထို့ကြောင့် အတွင်းလူ တစ်စုံတစ်ယောက်ထံမှ သတင်းပေါက်ကြားသည်မှာတော့ မဖြစ်နိုင်။
အခြေအနေ ကိစ္စရပ်တို့က အနည်းငယ် ရှုပ်ထွေးလာနေပြီ ဖြစ်၏။
……
“ ဆိုတော့ သူပေါ့ …”
နောက်တစ်နေ့ နေ့လည်ခင်းတွင် ဝန်ရှင်းဟွေ့ အဖြေကို သိရှိသွားခဲ့သည်။
သူ့ လက်အောက်ငယ်သားများက လီမိသားစု ကျေးရွာသားတစ်ဦးကို ငွေအမြောက်အများဖြင့် လာဘ်ထိုးပြီး ဇာတ်လမ်းတစ်ရပ်လုံးကို ကြားသိခဲ့ရသည်။
လီရှို့ဟွားသမီးလေး၏ ထူးဆန်းသည့် ရောဂါကို ကုသပေးပြီးနောက်တွင် ချန်ယွီ့က လီမိသားစု ကျေးရွာကို ထောက်ပြလမ်းညွှန်မှုတစ်ချို့ ပေးအပ်ခဲ့၏။
သူက ကျတ်တီးတောင်ကုန်းပေါ်တွင် မြုပ်နှံထားသည့် အရိုးများကို တူးဖော်ဖို့ ညွှန်ကြားခဲ့ခြင်းပင်။
“ ချန်ယွီ့ … မင်းတော့ ဘောင်ကျော်သွားပြီ …”
“ ငါမင်းအပေါ် အပြစ်ပြုမိတာလည်း မရှိခဲ့ဘူး … ဒါပေမယ့် မင်းက ငါ့အဖေရဲ့ အလောင်းကို ဖျက်စီးပစ်တယ် … မင်းစောင့်နေစမ်း … ငါတို့ မပြီးသေးဘူးမှတ် …”
ဝမ်ရှင်းဟွေ့ မုန်းတီးသည့် မျက်ဝန်းတို့ဖြင့် အံတင်းတင်းကြိတ် ရေရွတ်လိုက်သည်။
ဟန်ကျိုးမြို့သား တစ်ဦးအနေဖြင့် ချန်ယွီ့အမည်ကို သူ မရင်းနှီးဘဲ ဘယ်နေလိမ့်နည်း။
ချန်ယွီ့က လတ်တလောတွင် အင်တာနက်ပေါ်၌ နာမည်ကြီး ရေးပန်းစားလာသည့် စထွင်မာ တစ်ဦးပင်။
အပြင်ပန်းတွင် ချန်ယွီ့က လိုက်စထွင်းလွှင့်၍ လူနာများ၏ စိတ်ရောဂါကို ကုသပေးသည်ဆိုသော်လည်းပဲ သူ၏ တကယ့်အထောက်အထားက ဆန်းကြယ်ဂိုဏ်းတစ်ခု၏ အရည်အချင်းရှိ ကျင့်ကြံသူ တစ်ဦးပင်။
မာစတာလျို့ ရောက်အလာကို စောင့်ဆိုင်းပြီး သူ့အား ကူညီ၍ ချန်ယွီ့အား ကိုင်တွယ်ခိုင်းမည်ဟု စိတ်ထဲ တေးထားလိုက်၏။
သို့ပါသော်လည်း စိတ်အတွင်း၌ ချန်ယွီ့ အပေါ် မုန်းတီးမှုတို့ကို မည်သို့မျှ ဖိနှိပ်မထားနိုင်တော့ချေ။ စက္ကန့်နှင့်အမျှ မုန်းတီးမှုတို့က တဖြည်းဖြည်း ပူလောင်လာသည်။
ချန်ယွီ့က လိုက်စထွင်း လွှင့်ပြီး သူက ရုပ်ရှင်ဒရာမာ ရိုက်ကူးသည့် လုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်သည်။
လမ်းချင်းလည်း မသင့်သလို လူချင်းလည်း တွေ့ဆုံစရာ အကြောင်း မရှိပေ။ ဒါကို ဘာကြောင့် ချန်ယွီ့က နေရာတကာ လိုက်ဝင်ပါနေရသနည်း။
သူက ရွာသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခဲ့မိလို့လား …
အဲ့တော့ရော ဘာဖြစ်လဲ …
လောကကြီးထဲ အဖြူထည်ဖြစ်တဲ့ကောင် တစ်ကောင်မှ မရှိဘူး …
သူတို့လို စိတ်တန်ခိုးပညာရပ်တွေကို ကျင့်ကြံတဲ့ ကောင်တွေတောင်မှ သူတော်စင်တွေ မဟုတ်ဘူး … တကယ်လို့ ဟုတ်ခဲ့ရင် သူ့ကို ဒီလိုမျိုး ကူညီပေးတဲ့လူတွေ ဘယ်နားက ရှိနိုင်မှာလဲ ဟုတ်တယ်မလား …
ခေတ္တမျှ အတွေးနက်ပြီးနောက်တွင် ဝန်ရှင်းဟွေ့သည် ချန်ယွီ့နှင့် ဆက်သွယ်စကားပြောဖို့ ဆုံးဖြတ်လိုက်၏။
“ ချန်ယွီ့ … ငါက ….”
“ ဝန်ရှင်းဟွေ့ … ကြယ်အလင်း ဖျော်ဖြေရေး ကုမ္ပဏီ ပိုင်ရှင် … မှန်တယ်မလား ….”
ဖုန်းဝင်သွားသည်နှင့် ချန်ယွီ့က ဝန်ရှင်းဟွေ့ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်လိုက်သည်။
“ ဟမ့်… မင်းက ကြားထားတဲ့အတိုင်း တကယ်လည်း အစွမ်းအစ ရှိတဲ့ကောင်ပဲ ….”
“ ချန်ယွီ့ … ထွီး …” ဝန်ရှင်းဟွေ့က ဒေါသတကြီးနှင့် တံတွေးထွေးလိုက်ပြီး “ အရင်ကရော ၊ အခုရော ၊ မင်းနဲ့ငါနဲ့ ကြားမှာ ဘာရန်ငြှိုးရန်စမှ မရှိခဲ့ဖူးဘူး … မင်း ဘာလို့ ငါနဲ့ ဇယားလာရှုပ်လဲ …”
“ သူများကို ထိခိုက်နစ်နာအောင်လုပ်ရင် ကိုယ်ပြန်ဝဋ်လည်တတ်တယ်ဆိုတာ ခင်များ မသိဘူးလား …”
“ ငါ သိတယ် …”
ချန်ယွီ့မှာ သူ့ ဆေးခန်းထဲရှိ ကုလားထိုင်တွင် မှီပြီး ထိုင်နေလျက် ရှိသည်။
“ အခု ခင်များ ဝဋ်လည်ပြီ မဟုတ်ဘူးလား … ခင်များက သေသွားတဲ့ ကိုယ့်အဖေကို သေတာတောင် အေးဆေး မနားခိုင်းဘဲ အရိုးပဲ ကျန်တော့တာတောင် အရည်ထွက်အောင် ညှစ်နေတုန်း … “
“ ဪ …. ဒါနဲ့ … အရိုးပြာမှုန့်အရသာက ဘယ်လိုနေလဲ … အရသာရှိရဲ့လား …”
အမှန်အတိုင်း ဝန်ခံရမည်ဆိုပါက ချန်ယွီ့လည်း လီမိသားစု ကျေးရွာသားများက ဝန်ရှင်းဟွေ့ အဖေ၏ အရိုးများကို တူးထုတ်ပြီးနောက် မီးရှို့ပြာချပစ်သည်အထိ ရက်စက်ကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူတို့က ပြာများကိုပင် နို့မှုန့်အမည်တပ်ပြီး လက်ဆောင် ပို့ပေးလိုက်သေးသည်။
လီရှို့ဟွား၏ ဖုန်းခေါ်ဆိုမှုကို ချန်ယွီ့ လက်ခံရရှိတော့ သူ့မှာ ကျယ်လောင်စွာ အော်ရယ်မိလုနီးပါး ဖြစ်သွားခဲ့၏။
ယေဘုယျအားဖြင့် အခြားသူ မြုပ်နှံထားသည့် အရိုးများကို တူးဖော်ပြီး မီးရှို့ ပြာချပစ်သည်က အင်မတန် အပြစ်ကြီးသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။
ကွယ်လွန်ပြီးနောက်တွင် ထိုသို့သော အမှုကို ကျူးလွန်သူသည် ငရဲတွင် ကျိန်းသေပေါက် အပြစ်ကြွေး ပြန်ဆပ်ရတတ်၏။
သို့ပေမယ့်လည်း …
ဝန်ရှင်းဟွေ့ဘက်က အရင်ဦးစွာ မှားယွင်း ပြုမူလာခဲ့သဖြင့် ရွာသားများ၏ လက်စားချေသည့် နည်းလမ်းက ရက်စက်ကြမ်းကြုတ်နေခဲ့လျှင်ပင် သူက ထိုသို့သော အရာမျိုးနှင့် ထိုက်တန်သည်။
ကြယ်အလင်း ဖျော်ဖြေရေး ကုမ္ပဏီက ဤနှစ်များ တစ်လျှောက်တွင် ကောင်းကင်သို့ ပျံတက်တော့မည့်သဖွယ် ထိုးထောင်တက်နေခြင်းပင်။
ဝန်ရှင်းဟွေ့က အမျိုးမျိုးသော ဖုန်းရွှေ ရတနာမြေများထံမှ ကံကောင်းမှုအများအပြားကို အတော်လေး စုပ်ယူခဲ့သည်။
လွန်ခဲ့သော ခြောက်နှစ်ခန့်က ဈေးကွက်တန်ဖိုး သန်း ၁၀၀ ပင် မရှိသည့် ကုမ္ပဏီ သေးသေးလေးက ယခု … ဈေးကွက်တန်ဖိုး ၁၀ ဘီလီယမ် ကျော်လာသည်။ ဤသည်က လုံးဝကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။
“ ချန်ယွီ့ … ငါ မင်းနဲ့ စကားစစ်ထိုးချင်လို့ ဖုန်းခေါ်လိုက်တာ မဟုတ်ဘူး ….”
“ မင်း ဒီကိစ္စအတွက် ငါ့ကို သေချာပေါက် ဖြေရှင်းချက် ပေးရမယ် … မဟုတ်ရင် မင်းရဲ့ နောင်နေ့ရက်တွေ အေးချမ်းတဲ့ရက် … တစ်ရက်မှ မရှိစေရဘူးလို့ အာမခံတယ် ….”
“ ဟားဟားဟား …”
ချန်ယွီ့ ကျယ်လောင်စွာ အော်ရယ်လိုက်၏။
“ ခင်များက ကျုပ် ဘယ်လို ဖြေရှင်းချက်မျိုး ပေးတာကို လိုချင်တာလဲ ….”
“ မင်း ငါ့ ဆုံးရှုံးမှုတွေအတွက် ပြန် လျော်ပေးရမယ် …”
ဤစကားကိုကြားတော့ ချန်ယွီ့ ပို၍ပင် ရွှင်ပြစွာ ရယ်မောလာခဲ့သည်။
ဝန်ရှင်းဟွေ့ဆိုသူမှာ မျက်လုံးထဲတွင် ငွေကလွဲ၍ တခြား ဘာကိုမျှ မမြင်သည့် လူစားမျိုး ဖြစ်သည်။
ယခုကဲ့သို့ အခြေအနေမျိုးအောက်မှာပင် ငွေအကြောင်းကို ဦးနှောက် စဉ်းစားမိနေသေး၏။
“ ဒီလိုဆိုရင်ကော … ကျုပ်ရဲ့ ဆေးခန်းကို ခင်များလာခဲ့ … ပြီးရင် ကျုပ်ခင်များကို ဖရီး ကုပေးလိုက်မယ် ….”
“ ခင်များ လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ခင်များ ကျုပ်ကို ပြောတဲ့ လေသံကို နားထောင်ကြည့်ရုံနဲ့တင် ခင်များမှာ စိတ်ရောဂါ တစ်ခု၊နှစ်ခု မကတာ သေချာတယ် …” ချန်ယွီ့ တွေးတွေးဆဆနှင့် ပြောလိုက်ပြီး “ အချိန်မီ ဆေးကုသမှု မခံယူဘူးဆိုရင် ခင်များအတွက် အချိန်က သိပ်ကျန်တော့တာ မဟုတ်ဘူးနော်….”
“ မင်း …”
ဝန်ရှင်းဟွေ့မှာ ဒေါသထွက်လွန်း၍ ကိုင်ထားသည့် ဖုန်းကိုပင် ပေါက်ခွဲပစ်ချင်လာသည်။
“ ခင်များရဲ့ အစွမ်းအစနဲ့ဆိုရင် အဲ့လို ရက်စက်တဲ့ အခင်းအကျင်းကို စည်းခင်းဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး … ခင်များကို နောက်ကွယ်ကနေ ညွှန်ပြပေးနေတဲ့ ဆရာတစ်ယောက်ယောက်တော့ ရှိရမယ် ….”
“ အဲ့ဆရာက ခင်များကို ဒီလိုတွေ လုပ်လို့ ကံကြွေးပြန်ခံစားရမယ်ဆိုတာကို မပြောပြဘူးလား …”
“ ခင်များ အကုသိုလ်တွေ ပိုလုပ်လေလေ … ၀ဋ်က ပိုပြီး မြန်မြန် ရောက်လာလေလေပဲ …”
“ ကျုပ် ခင်များကို အခမဲ့ အကြံလေး ပေးလိုက်မယ် … အခု နောက်ပြန်ဆုတ်လို့ နောက်မကျသေးဘူး … ခင်များရဲ့ ငွေမည်းတွေကို ခင်များကြောင့် နစ်နာခဲ့ရတဲ့ ရွာတွေနဲ့ ရွာသားတွေကို လျော်ကြေးပေးလိုက် …”
“ မဟုတ်ရင် ကပ်ဘေးကြီးတစ်ခုက ခင်များအပေါ်ကို ကျရောက်လာလိမ့်မယ် …”
“ အိုကေ ဘိုင့်ဘိုင်… “
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ဖုန်းချလိုက်သည်။
သူ့ဘက်က ဝန်ရှင်းဟွေ့ကို လွတ်လမ်း ပြသပေးပြီး ဖြစ်၏။ သူ့ကြမ္မာကို ရွေးချယ်ဖို့က သူ့လက်ထဲတွင်သာ ရှိသည်။
နောက်တစ်စက္ကန့်၌ ချန်ယွီ့ မျက်မှောင်ကြုတ်သွားခဲ့၏။ သူ တစ်စုံတစ်ရာကို တွက်ချက်မိသွားခဲ့လေသည်။
….
ညသန်းခေါင်တွင် မြစ်လမ်းကြီးတစ်ခုလုံး အေးချမ်း တိတ်ဆိတ်နေလျက် ရှိသည်။
အနက်ရောင်ဗန်က မှောင်မည်းသည့် လမ်းကြားလေးထဲတွင် ရုတ်ချည်း ထွက်ပေါ်လာသည်။
လိုင်စင်နံပါတ်ပြား မရှိ။ ထို့ပြင် အနက်ရောင် ဟူဒီများ ဝတ်ဆင်ထားသည့် လူတစ်ချို့က ကားထဲမှ ထွက်လာခဲ့ကြသည်။
“ သတိထား … မင်းတို့ ကိုယ့်မျက်နှာဖုံးစွပ်ကို မချွတ်မိစေဖို့ သတိရ … မဟုတ်ရင် ကင်မရာက မင်းတို့စောက်ခွက်ကြီးတွေကို ဖမ်းမိသွားလိမ့်မယ် …”
ခေါင်းဆောင် ဖြစ်ဟန်တူသူက ကားအနောက်ဖုံးကို ဖွင့်ပြီး သံပုံးများ ထုတ်ယူလိုက်သည်။
“ တစ်ယောက်ကို တစ်ပုံး …”
“ အထဲမှာ ဓာတ်ဆီတွေ လောင်းပြီးသွားရင် မီးရှို့ပြီးတာနဲ့ ချက်ချင်းပြေးမယ် … အိုကေ ….”
ဤသည်ကို ကြားတော့ သူ့လူများလည်း ခေါင်းညိတ်၍ ဓာတ်ဆီပုံးများကို ကိုယ်စီ ယူဆောင်လိုက်ကြသည်။
သူတို့တွေ စိတ်ကျန်းမာရေး ဆေးခန်းအနီးနားသို့ ဂရုတစိုက်နှင့် ချဉ်းကပ်လာသည်။
ထိုအချိန် ကားရှေ့မီး အလင်းတန်း အနည်းငယ်က မှောင်မည်းသည့် လမ်းကြားတွင် ရုတ်ချည်း လင်းထိန်လာပြီး ယူနီဖောင်းနှင့် လူတစ်အုပ်စုက ကားထိုးရပ်ထားသည့် သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။
“ မင်းတို့ကောင်တွေ ဒါ ဘာလုပ်နေကြတာလဲ …”
လီချန်ကျွင်း ကားထဲက ထွက်လာပြီး သူ့ရှေ့ရှိ လူများထံသို့ ရောက်လာသည်။ သူ့လက်က သူတို့ထဲ တစ်ယောက်၏ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။
“ ကျ … ကျွန်တော်တို့က လမ်းလျှောက်ထွက်လာတာပါ အရာရှိကြီး …”
ခေါင်းဆောင်ဖြစ်သူက ငိုတော့မည့် အသံနှင့် ပြောသည်။
ဘာတွေ ဖြစ်နေတာလဲ ….
သူတို့က ဘာမှတောင် မလုပ်ရသေးဘူး … ရဲတွေ ဝိုင်းတာ ခံလိုက်ရတယ် …
“ မင်းတို့ကောင်တွေက ညသန်းခေါင်ကြီးကို မအိပ်ဘဲ လမ်းပေါ်မှာ ဓာတ်ဆီပုံးတွေနဲ့ လမ်းလျှောက်ထွက်နေကြတယ်ပေါ့ … ပြီးတော့ ဒီ သူခိုးလိုလို ၊ ဂျပိုးလိုလို မျက်နှာဖုံးတွေက ဘာတွေလဲ ….”
လီချန်ကျွင်း အေးစက်သည့် လေသံဖြင့် ပြော၍ အမိန့်ပေးလိုက်သည်။ “ ဒီကောင်တွေကို လက်ထိပ်ခတ်ပြီး စစ်ဆေးဖို့ စခန်းခေါ်သွားကြစမ်း …”
“ ဟုတ်ကဲ့ …”
အမိန့်အတိုင်း လိုက်နာလျက် … မျက်နှာဖုံးများနှင့် ဤလူတစ်အုပ်စုမှ ရဲကားထံသို့ ခေါ်ဆောင်သွားခံလိုက်ရသည်။
ဆေးခန်းထဲတွင် ချန်ယွီ့ သမ်းဝေလျက် မေးလိုက်၏။ “ အကုန်လုံး ဖမ်းမိသွားပြီလား …”
လီချန်ကျွင်း ခေါင်းညိတ်လိုက်သည်။
“ ငါ ပြန်ပြီး သူတို့ကို စစ်ဆေးမေးမြန်းလိုက်ဦးမယ် … ပြီးတာနဲ့ ချက်ချင်းပဲ ဖမ်းဝရမ်းရအောင် အမြန်လုပ်ပေးမယ် …”
“ ဒီကောင်တွေက လမ်းဘေးလူမိုက်တွေထဲက အဆင့်အနိမ့်ဆုံး လူမိုက်တွေ … ဝန်ရှင်းဟွေ့က ဒီကောင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်လာမှာ မဟုတ်ဘူး …”
“ တကယ်လို့ ဒီလူတွေကို ဖမ်းမိသွားခဲ့တယ်ဆိုရင် ဝန်ရှင်းဟွေ့က ကြားလူကို ကျိန်းသေပေါက် ထွက်ပြေးခိုင်းမှာပဲ …”
ပျင်းရိစွာ အညောင်းဆန့်ရင်း ချန်ယွီ့ ထပ်ဖြည့်ပြောဆိုလိုက်သည်။ “ ဝန်ရှင်းဟွေ့ ကိစ္စကိုတော့ ခင်များ ပူစရာ မလိုဘူး … ကျွန်တော့်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ် ….”
“ ဒေါက်တာချန် … မင်း သူ့ကို ကိုင်တွယ်ဖို့ ဟိုနည်းလမ်းသုံးမှာတော့ မဟုတ်ဘူးမလား …”
“ အဲ့လိုသာဆိုရင်တော့ မတန်ဘူးနော်…”
ဝန်ရှင်းဟွေ့ကို ကိုင်တွယ်ရန်အတွက် ချန်ယွီ့က မန္တန် အစီအရင် တစ်မျိုးမျိုး အသုံးပြုလာမှာကို ကြောက်ရွံ့သောကြောင့် လီချန်ကျွင်းက သီးသန့် လက်စားချေခြင်းသည် တရားဥပဒေနှင့် မညီကြောင်း ချန်ယွီ့ကို သတိပေးလာသည်။
“ ဟားဟား …”
“ ခင်များက ဘာတွေ စဉ်းစားနေတာ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် မေးလိုက်ပြီး “ တကယ်လို့ ခွေးက ကိုယ့်ကို ကိုက်လာခဲ့ရင် ကိုယ်က ပြန်ကိုက်မှာလား ….”
“ ကျွန်တော်သုံးမယ့် နည်းလမ်းက တရားမဝင်တာ လုံးဝ မဟုတ်ဘူးဆိုတာ အာမခံတယ် …”
“ အဲ့တာဆို ကောင်းတယ် ….”
လီချန်ကျွင်းက စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်ပြီး စုံစမ်းမေးမြန်းရန်အတွက် သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ဝေးကွာသွားသည့် ယာဉ်တန်းကို ငေးကြည့်ရင်း ချန်ယွီ့ သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။ “ ဝန်ရှင်းဟွေ့ … ငါ မင်းကို အခွင့်အရေးပေးခဲ့တယ် … ဒါပေမယ့် မင်းက အသုံးမချတတ်ဘူး … ဒီလိုဆိုတော့လည်း ငါ့ကို ဆိုးတယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ ….”
“ အခု … နောက်တစ်လှည့်က ငါ့အလှည့်ပဲ …”
“ မင်း တစ်ခါမှ မကြုံဖူးတဲ့ လှေအသစ်မျိုး စီးစေရမယ် …”