← Chapters

ဥက္ကဌယင်ရဲ့ ဆန်းကြယ်တဲ့ လက်ဆောင်

Vol. 17 Ch. 161

ဥက္ကဌယင်ရဲ့ ဆန်းကြယ်တဲ့ လက်ဆောင်

Vol. 17 Ch. 161

“ ဒါကို ဝယ်လိုက်ရင် တကယ်ပဲ ငါနဲ့ ငါ့သားကြားက တင်းမာမှုတွေကို ပြောလျော့စေမယ်ပေါ့ ….”

ကျောက်ချန်းခွန်က ကုသရေး ပစ္စည်း၏ အကျိုးသက်ရောက်မှုကို အတည်ပြုဖို့ ကြိုးပမ်းလိုက်သည်။

ချန်ယွီ့၏ နည်းလမ်းတို့က နားလည်ရ ခက်ခဲသော်ငြားလည်း သူ့ အစွမ်းအစတို့ကတော့ တကယ်ပဲ စစ်မှန်သည်။ အကယ်၍ ချန်ယွီ့၏ အကူအညီကြောင့်သာ မဟုတ်ဘူးဆိုပါက သူ့သားလည်း အသက်ဆုံးရှုံးသွားရမှာ ဖြစ်၏။

“ ဒါပေါ့ ….”

“ မယုံဘူးဆို ခင်များကိုယ်တိုင် ဝယ်သွားပြီး စမ်းကြည့်ကြည့်လေ ….” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။

“ ကောင်းပြီ …”

ကျောက်ချန်းခွန်က ကူကယ်ရာမဲ့စွာဖြင့် ဖုန်းထုတ်ပြီး ပိုက်ဆံချေလိုက်၏။

အကယ်၍ သူ့အတွက် အသုံးမဝင်ခဲ့လျှင်ပင် ချန်ယွီ့၏ ကြင်နာမှုကို နောက်ဆုံး အကြိမ်အဖြစ် ပြန်လည်ပေးဆပ်သည်ဟုသာ သဘောထားလိုက်မည်။ ထိုသို့ စဉ်းစားမိတော့ သူ ရင်မနာတော့။

ကျောက်ချန်းခွန်ကို လိုက်ပို့ပြီးနောက် အပြင်ဘက်ရှိ ကောင်းကင်ကလည်း လုံးဝ မည်းမှောင်နေပြီ ဖြစ်၏။

ချန်ယွီ့ တံခါးပိတ်ပြီး ကုသရေးပစ္စည်းများ ထားရှိသည့် စင်သို့ ပြန်ရောက်လာသည်။ စင်ပေါ်ရှိ ပစ္စည်းအသစ်များကို ကျေနပ်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။ ဤ ပစ္စည်းများအားလုံးက မုန့်တဟိုင် ပြုလုပ်ထားသည့် ပစ္စည်းများပင်။ ၎င်းတို့ အားလုံးတွင် ထူးခြားသည့် စတိုင်ပုံစံနှင့် အသုံးပြုထားသည့် ပစ္စည်းတို့ကလည်း တမူထူးခြားသည်။

လုပန် နည်းစနစ်၏ အမွေဆက်ခံသူ ဆိုသည့်အတိုင်း မုန့်တဟိုင်၏ ကျွမ်းကျင်မှုတို့က မေးခွန်းထုတ်ချင်စရာ မရှိလောက်အောင်ကို ပြောင်မြောက်လွန်းလှ၏။

သူ၏ လက်ရာတို့က ထိပ်တန်းအဆင့် အရည်အသွေးရှိသည့် ပရိဘောဂပစ္စည်းများထက်ကို ကျော်လွန်နေလေသည်။

မုန့်တဟိုင် ပြောသည့်အတိုင်းဆိုပါက ဝိဉာဏ်ပစ္စည်း ကိရိယာများ၏ အကျိုးသက်ရောက်မှုက ၎င်းအပေါ် ကောင်းချီးပေးထားသည့် ဝိဉာဏ်ချီစွမ်းအင် ပမာဏနှင့်သာ သက်ဆိုင်နေသည် မဟုတ်ဘဲ အသုံးပြုထားသည့် ပစ္စည်းများအပေါ်လည်း ဆက်စပ်နေသည်။

မက်မွန်ဓားကို ပမာယူပြီး ပြောရမည်ဆိုလျှင် သာမန် မြင်တွေ့နေကျ မက်မွန်ပင်က ရသည့် အသားနှင့် မိုးကြိုးထိမှတ်ခံထားရသည့် မက်မွန်ပင်က အသားတို့က အကျိုးသက်ရောက်မှုခြင်း မတူပေ။ ကွာဟမှုက မိုးနှင့်မြေလောက်ကို ကြီးမားလှသည်။

မုန့်တဟိုင်၏ အကြံပေးမှုအတိုင်း ချန်ယွီ့လည်း အရည်အသွေးမြင့်မားသည့် ကုန်ကြမ်းမျိုးစုံကို မှာယူ၊ ဝယ်ယူခဲ့သည်။

နောက်ဆုံး ရလဒ်ကလည်း အင်မတန် စိတ်ကျေနပ်ဖို့ ကောင်းလှသလို ဈေးကလည်း အတော်လေး မသက်သာပေ။

အနှီ ကုန်ကြမ်းများအားလုံးကို ဝယ်ယူပြီးနောက် ချန်ယွီ့၏ ပိုက်ဆံအိတ်သည်လည်း ပြောင်တလင်းခါသွားခဲ့၏။

ရက်ပေါင်းများစွာ ကြာပြီးသည့်နောက် ဟွမ်ထင်ဆီက ဖုန်းဝင်လာသည်။

ဥက္ကဌယင်က DNA စစ်ဆေးမှုမှ တစ်ဆင့် သူ့ဘိုးဘွားများ၏ အရိုးများကို အောင်အောင်မြင်မြင်နှင့် ရှာတွေ့ခဲ့ပြီး သူ ယခင် မှားပြီး ဖိတ်ခေါ်လာခဲ့မိသည့် ဘိုးဘေးများကိုလည်း မူလနေရာသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ပြောလာသည်။ သူ့ အခြေအနေကလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။

ချန်ယွီ့ကို ကျေးဇူးဆပ်ဖို့ဆိုပြီး ဥက္ကဌယင်က သူ့အတွက် နောက်ထပ် လက်ဆောင်တစ်ခုကို ပြင်ဆင်ထားပေး၏။

“ ဒေါက်တာချန် … တကယ်လို့ ရှင် အခု အားတယ်ဆိုရင် ဒီနေ့ လိုက်စထွင်း တစ်ခုလောက် လုပ်ပါလား … အဲ့မှာ ရှင် ဥက္ကဌယင်ပေးတဲ့ လက်ဆောင်ကို မြင်ရလိမ့်မယ် …”

“ ကောင်းပြီလေ …”

ဖုန်းချပြီးနောက် ချန်ယွီ့ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။

ည ခုနစ်နာရီ။

“ ခေါင်းဆောင် … ဒေါက်တာချန် လိုင်းတက်လာပြီ ….”

“ ချီတက်ကြ ….”

ချန်ယွီ့ ဟူယွီ ပလတ်ဖောင်းထဲသို့ ဝင်ရောက်လာသည်နှင့် နည်းပညာဌာနမှာ အလုပ်များရတော့သည်။

ချက်ချင်း ဆိုသလို ချန်ယွီ့ လိုက်စထွင်း လွှင့်နေပါသည် ဆိုသော အသိပေးကြေညာချက်က ပလတ်ဖောင်းထဲရှိ လိုက်စထွင်း ချာနယ် အသီးသီးတွင် ထွက်ပေါ်လာသည်။

ဤအချိန်က ပလတ်ဖောင်းတွင် အသုံးပြုသူ အများဆုံး အချိန် ဖြစ်၏။

ဆယ်သန်းခန့်သော ကြည့်ရှုသူများက အဆိုပါ အသိပေးကြေညာချက်ကို ချက်ချင်းပဲ မြင်တွေ့သွားခဲ့ကြသည်။

“ ဒေါက်တာချန်က ဘယ်ကောင်တုန်းကွ … “

“ ဒေါက်တာဆိုတော့ ဆရာဝန်နေမှာပေါ့ … ဆေးပညာအကြောင်း ဘာညာမာကလာတွေ ပြောတာနေမှာပါ … “

“ ဟားဟား … ပလတ်ဖောင်းက ငါတို့ကောင်တွေကို တကယ်ပဲ စိုးရိမ်ပေးတတ်တာပဲကွ … ပြင်းထန်လွန်းတဲ့ အားကစား လိုက်စထွင်းတွေ ကြည့်ပြီး လိုက်လုပ်ရင်း အနာတရ ဖြစ်တဲ့အချိန် ဂရုစိုက်နိုင်အောင် ဆရာဝန် တစ်ယောက်ပါ ခေါ်ထားပေးတယ်တဲ့ ကြည့်စမ်း … ချစ်သွားပြီ … “

“ ဆရာဝန်မလေးဆိုရင် ပိုကောင်းမယ် … အထီးကြီးကတော့ ဖီးမလာဘူး …”

ပြင်းထန်သည့် အားကစားလှုပ်ရှားမှုများကို လိုက်လွှင့်နေသည့် ချာနယ်ခန်းထဲတွင် ကြည့်ရှုသူများက ပလတ်ဖောင်း အသိပေးကြေညာချက် ကိစ္စအကြောင်း မရပ်မနား ဆွေးနွေးနေကြသည်။

ထိုကဲ့သို့သော တူညီသည့် အခြေအနေက ဂိမ်း၊ အစားအသောက်၊ အက၊ ဟာသနှင့် အခြားသော လိုက်စထွင်းခန်းများထဲတွင်လည်း တစ်ချိန်တည်း ဖြစ်ပေါ်နေသည်။

ဤအတောအတွင်း ချန်ယွီ့၏ ပရိသတ် အရေအတွက်က နှစ်သန်းနီးနီးကို ရောက်ရှိနေပြီ ဖြစ်၏။

ချန်ယွီ့အကြောင်း ပူပူနွေးနွေး ဆွေးနွေးအတင်းပြောကြသည့် ဗွီဒီယိုများကလည်း နေရာအနှံ့ပင်။

တစ်ချို့ မီဒီယာများဆိုလျှင် လူတစ်ယောက်၏ ဘဝမှတ်တမ်းကို ရိုက်ကူးဖို့အတွက် ချန်ယွီ့ လိုက်စထွင်းကို အမှီသဟဲ ပြုလာသည်။

သို့တိုင် … ချန်ယွီ့၏ ကျော်ကြားမှုက ဟူယွီ ပလတ်ဖောင်းရှိ လူတိုင်း သိရှိစေရန် လုံလောက်ဖို့ကတော့ လိုအပ်နေဆဲပင်။

သတင်းအချက်အလက် ခေတ်တွင် ၊ အယ်လ်ဂိုရစ်တမ်များက သုံးစွဲသူများ မြင်ချင်၊ တွေ့ချင်သည့်အရာများကိုပဲ စီစစ်ပေးလေ့ရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဆက်ဆီကျသည့် မိန်းမလှလေးများ ကခုန်သည့် ဗွီဒီယိုကို ကြည့်ရတာ နှစ်သက်လျှင် အယ်ဂိုရစ်သမ်က ထိုသို့သော မိန်းမလှလေးများ ကခုန်သည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဗွီဒီယိုများကိုသာ တစ်ခုပြီးတစ်ခု အကြံပြုပေးနေမှာ ဖြစ်၏။

ယခု … ချန်ယွီ့ လိုက်စထွင်းလွှင့်သည်နှင့် ဟူယွီက ပလတ်ဖောင်းတစ်ခုလုံးသို့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

ရလဒ်အနေဖြင့် ချန်ယွီ့ လိုက်စထွင်း ကြည့်ရှုသူ အရေအတွက်မှာလည်း နှစ်မိနစ်ပင် မပြည့်မီ တစ်သန်းကျော်သွားခဲ့၏။

ထို့ပြင် ဆက်တိုက် တိုးလာနေဆဲဖြစ်ပြီး နှစ်သန်း ရောက်လုနီးပါးပင်။

“ သားရီးတို့ … မင်းတို့က ဒါကို စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးပေးတဲ့ လိုက်စထွင်းလို့ ခေါ်တယ်ပေါ့ … မင်းတို့ ဦးနှောက်ထဲ ရေဝင်နေလို့ ဖြစ်မယ် ….”

“ အနာဂတ်ကို ခန့်မှန်း ၊ ကံဆိုးမှုတွေရှောင်ရှား ၊ ကံကောင်းမှုတွေကို လက်ခံ ၊ ချီးတဲ့မှ ဒါ ဗေဒင်တွက်နေတာ မဟုတ်ဘူးလားကွ … မင်းတို့ကောင်တွေ စာတန်းမှားမထိုးဘူးဆိုတာတော့ သေချာပါတယ်နော်….”

“ ဒီလိုက်စထွင်းက မင်းတို့ကောင်တွေကို အတင်းကြည့်ဖို့ မတိုက်တွန်းဘူး … မကြည့်ချင်တဲ့ကောင် လစ် …”

“ ပလတ်ဖောင်းက ဟက်ခံလိုက်ရတာများလား … နေရာတိုင်းကို နိုတီတွေ လိုက်ပေးနေတယ် …”

“ စောက်ကျိုးနည်း … ဒီစထွင်မာက ပလတ်ဖောင်း ပိုင်ရှင်ရဲ့ တိတ်တိတ်ပုန်းကလေးများ ဖြစ်နေမလားပဲ … ပလတ်ဖောင်းကြီး တစ်ခုလုံးကို နိုတီ ပေးတာကတော့ ထားပါတော့ … ဒီမှာ report ထုလို့ရတဲ့ ဥစ္စာက ဘာလို့ ပျောက်နေတာလဲ …”

ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်လာခဲ့သည့် ကြည့်ရှုသူများထဲတွင် အများစုက ချန်ယွီ့ကို တစ်ကြိမ်တစ်ခါမျှ အာရုံမစိုက်ဖူးကြသူများပင်။

သူ့အကြောင်း တစ်ခါမျှ မကြားဖူးသူများလည်း ပါသည်။

စကားပြောခန်းထဲ ဝင်ရောက်လာပြီးနောက် ချန်ယွီ့ပရိသတ်တို့က စကားပြောခန်းထဲတွင် ချန်ယွီ့၏ အစွမ်းအစများ၊ သူ၏ သိမြင်နိုင်စွမ်းများအကြောင်းကို ပျော်ပျော်ကြီး ဆွေးနွေးပြောဆိုနေကြတာကို မြင်တော့ ….

ကြည့်ရှုသူ အသစ်လေးများမှာ ဤသည်က စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးသည့် လိုက်စထွင်းမဟုတ်ပါဘဲ ဗေဒင်ဓာတ်ခန်းထဲသို့ ရောက်ရှိနေသည့်နှယ် ခံစားလိုက်ရသည်။

“ ဟယ်လို အားလုံးပဲ … မတွေ့တာတောင် ကြာပြီ …”

ပရမ်းပတာ ဖြစ်နေသည့် ကွန်းမန့်များကို လျစ်လျူရှုထားရင်း ချန်ယွီ့ သူ့ ကြည့်ရှုသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။

စိတ်ထဲတွင်မူကား ခါးသက်နေမိ၏။ သူ့မှာ ဥက္ကဌယင်၏ လုပ်ရပ်ကို ရယ်ရအခက် ၊ ငိုရ အခက် ဖြစ်နေသည်။

“ ဟေ့ကောင် စထွင်မာ … မင်းက အနာဂတ်ကို ခန့်မှန်း နိုင်တဲ့ကောင်မလား … ငါ စော်ရနိုင် မရနိုင် မှန်းပေးစမ်းကွာ …”

“ ငါ မနက်ဖြန် အရည်အချင်းစစ် စာမေးပွဲ ဖြေရမှာမို့ စာမေးပွဲ မေးခွန်းလေးခန့်မှန်းပေးပါလား …”

“ ဒေါက်တာချန် … ငါ့လက်ထဲ ဘိုင်ပြတ်နေလို့ … ပိုက်ဆံ အများကြီး ကောက်ရနိုင်မယ့် နေရာလေး မှန်းပေးစမ်းပါ …”

“ အဲ့ကိစ္စလောက်ကတော့ ဒေါက်တာချန်ကို အကူအညီတောင်းဖို့ မလိုဘူး … ငါကူညီပေးလိုက်မယ် … မင်းမနက်ဖြန် စူပါမားကတ်သွားပြီး အနက်ရောင် မျက်နှာဖုံးစွပ် တစ်ခု ဝယ်လိုက် … ပြီးရင် ဘဏ်ထဲသွားပြီး ငါ ပိုက်ဆံလိုချင်တယ်လို့ အော်လိုက် … မင်းနောင်ကျ ငွေရေးကြေးရေး စိတ်ပူစရာ မလိုတော့ဘူးဆိုတာ အာမခံတယ် …”

“ သွားပါပြီကွာ … ငါ့နှယ် ဒေါက်တာချန် လိုက်စထွင်းလွှင့်လာလို့ စိတ်ကောင်းလေး ဝင်နေပါတယ်ဆို ဒီ အသစ်လေးတွေ လုပ်တာနဲ့ ပျက်စီးကုန်ပြီ … ကံဆိုးချက် …”

“ ငါ တစ်ခုလောက် သိချင်လို့ … အခုရက်ပိုင်းမှာ ဗေဒင်ဆရာတွေ သူတို့ကိုယ်သူတို့ စိတ်ကျန်းမာရေး ဆရာဝန်ဆိုပြီး ခေါင်းစဉ်တပ်နေတာ ခေတ်ထနေသလားလို့ ….”

“ မဆန်းတော့ပါဘူး … ဒီရက်ပိုင်း ဗေဒင်ဆရာ‌ တော်တော်များများ အဖြူရောင် ကုတ်ကြီးတွေနဲ့ လိုက်လွှင့်နေတာ မြင်မိပါတယ်လို့ တွေးနေတာ …”

“ ငါလည်း မြင်မိတယ် … မနှစ်က အတွေ့အကြုံ နှစ် ၂၀ ကျော်ရှိတဲ့ စိတ်ကျန်းမာရေး ဆရာဝန် တစ်ယောက်လို့ ရေးထားတဲ့ အခန်းထဲ ကလစ် နှိပ်ကြည့်လိုက်တာ … စောက်ကျိုးနည်း ငါ့ကောင်ရေ …. မျက်နှာကြီးက ကြမ်းကြုတ်လို့ ဘီလူးမ သံပုရာသီးကိုက်ထားတဲ့ ရုပ်နဲ့ … အဖြူရောင်ကုတ်ကလည်း သေးပြီး ကြပ်နေတာ ပေါက်ကွဲ ထွက်တော့မယ့် အတိုင်းပဲ … ငါ‌တော့ သူ ဝက်ဖော်တဲ့ နေရာမှာ နှစ် ၂၀ ကျော် အတွေ့အကြုံ ရှိတာလို့ပဲ ထင်တယ် …”

ချန်ယွီ့လိုက်စထွင်းခန်းထဲသို့ ဝင်လာသည့် ကြည့်ရှုသူအသစ် အရေအတွက်က အဟောင်းများ၏ ဦးရေကို ကျော်လွန်သွားခဲ့သည်။

တစ်ဝက်ကျော်က ချန်ယွီ့ကို မေးခွန်းထုတ်ရင်း ၊ လှောင်ပြောင်ရင်းနှင့် ဟူယွီ၏ တိတ်တိတ်ပုန်းသားလေးဆိုပြီး စနောက်နေကြသည်။

ဤသည်က ပလတ်ဖောင်းကို အယူသည်းသည့် ဝါဒ ဖြန့်ချီမှုအသွင် ရောက်သွားစေခဲ့ပြီး အင်တာနက်ရှိ တော်တော်များများကလည်း ထိုရေစီးကြောင်းတိုင်း မျှောလိုက်ကုန်ကြသည်။

ချန်ယွီ့၏ ပရိသတ်အဟောင်းများက ရှေ့ထွက်ပြီး ရပ်တည်ပေးသော်လည်းပဲ များပြားလှသည့် အရေအတွက်ကို ထိန်းမနိုင်သည်ကတော့ ပုံမှန်ပင်။ ထိုအထဲ ပါးစပ်အရသာခံပြီး ကိုယ့်အာသီသ ပြည့်ဝဖို့အတွက် လူကို ပေါက်ပန်းလေးဆယ် လျှောက်ပြောနေသူများကို ထည့်မတွက်ရသေးပေ။

“ ကဲ … ပုံမှန်အတိုင်းပဲ …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ယွမ် တစ်ရာတန် ဟုန်ပေါင်း သုံးခုနဲ့ လူသုံးယောက် ရွေးမယ် …”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က သူ့ကြည့်ရှုသူ အသစ်များကို သူ့လိုက်စထွင်းထဲရှိ စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းပြလိုက်သည်။

သူ လွှတ်ပေးလိုက်သည့် ယွမ်တစ်ရာတန် ဟုန်ပေါင်းကို ဖမ်းမိသည့် ကံကောင်းသူ သုံးဦးသာလျှင် သူနှင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးဖို့အတွက် အရည်အချင်း ပြည့်မီသည်။

တိုင်ပင်ဆွေးနွေးခက ယွမ် ငါးထောင် ဖြစ်ပြီး … ကုသစရိတ်ကလည်း ယွမ် ငါးထောင် ဖြစ်သည်။

၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က ဟုန်ပေါင်းများ လွှတ်ပေးလိုက်၏။

လိုက်စထွင်းထဲရှိ ကြည့်ရှုသူ အရေအတွက်က လေးသန်းကျော်လာသည်။

ဟုန်ပေါင်းများ လွှတ်ပေးလိုက်သည့် အခိုက်အတန့်မှာပဲ ချက်ချင်း ပျောက်ကုန်ကြ၏။

“ ကဲ … ငါတို့ရဲ့ ပထမဆုံးလူနာကို စင်ပေါ် ဖိတ်လိုက်ကြရအောင် …”

သူ့ စကားဆုံးသည်နှင့် စခရင်က နှစ်ခြမ်းကွဲသွားပြီး …

ဤတစ်ကြိမ်တွင် ဝင်ရောက်လာသူက လူတစ်ဦးတစ်ယောက်တည်း မဟုတ်။ အုပ်စုလိုက်ကြီး ဖြစ်၏။

ကြည့်ရသလောက်တော့ နိုက်ကလပ် သီးသန့်ခန်းထဲ ရှိနေပုံရသည်။

အခန်းထဲတွင် ဆေးလိပ် မီးခိုးငွေ့များနှင့် စားပွဲပေါ်တွင်လည်း ဝိုင်အရက်ပုလင်းတို့ဖြင့် ပြည့်နှက်နေသည်။

လူငယ်တစ်သိုက်က ဆိုဖာပေါ် ထိုင်ချပြီး အမျိုးသမီး အများစုကလည်း မိတ်ကပ် တစ်ပိဿာလောက်နှင့် မလုံ့တလုံ ဝတ်စားဆင်ယင်ထားကြသည်။

All Chapters