သုံးမိနစ် အတွင်း မင်းပြေးနိုင်သမျှ မြန်မြန်ပြေး
Vol. 20 Ch. 195
များပြားလှသည့် အနက်ရောင် မေးခွန်းသင်္ကေတ အမှတ်တို့က စကားပြောခန်းထဲတွင် ထွက်ပေါ်လာသည်။
မည်သူမဆို [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် သူ၏ ပြဿနာများ ဖြေရှင်းရန်အတွက် ချန်ယွီ့ထံသို့ ရောက်လာခဲ့သည့် ‘လူနာ’ မဟုတ်ကြောင်းကို ပြောနိုင်ကြသည်။
ဤနေရာသို့ လာရောက်ပြဿနာရှာသည့် fan ဆန့်ကျင်ရေးသမား တစ်ဦး ဖြစ်ဖို့များ၏။
ကြည့်ရှုသူများ၏ အမြင်ကို ပြောင်းလဲရန် ကြိုးပမ်းမှုသည် ဤသည်က ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သို့ပေမယ့်လည်း … မညာစတမ်း ဝန်ခံရမည်ဆိုပါက [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် အတော်လေး ကျွမ်းကျင်လှသည့် သရုပ်ဆောင် တစ်ဦး ဖြစ်သည်ကိုတော့ ချီးကျူးရမှာ ဖြစ်၏။
စိတ်ခံစားချက် အမျိုးမျိုးက သဘာဝအလျောက်ပဲ ထွက်ပေါ်လာသည်။
တဒင်္ဂတွင် သူသည် ဒေါသထွက်ပြီး နောက်တဒင်္ဂ၌ သူသည် မှားယွင်းခံရသူ တစ်ဦးနှယ် သနားဖွယ်မျက်နှာလေးနှင့် ဖြစ်နေတတ်၏။
အကယ်၍ ထုတ်လုပ်သူတစ်ဦးကသာ [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]ကို ပိတ်ကားချပ်ပေါ် တင်ပေးလိုက်မည်ဆိုပါက နာမည်ကျော်ကြားသည့် အနုပညာရှင်တစ်ဦး ကျိန်းသေပေါက် ဖြစ်လာနိုင်သည်။
“ အဲ့ဒီ မင်းရဲ့ ‘အမေ’ဆိုတဲ့သူရဲ့ အကြိုက်ကလည်း အတော်လေး ထူးခြားတယ် ပြောရမယ် … “ ချန်ယွီ့က ညင်သာစွာ ပြုံး၍ ပြောလိုက်ပြီး “ မင်းဟိုတယ်ကနေ ထွက်သွားတဲ့အချိန်တိုင်း မင်းအပေါ်မှာ အမှတ်သင်္ကေတတွေ အမြဲတမ်း ချန်ရစ်ပေးတတ်တယ် …”
“ နောက်ဆုံးအကြိမ်က အမှတ်တွေတောင် အခုချိန်ထိ မပျောက်သေးဘူး … ဟုတ်တယ်မလား ….”
ထိုစကားပြောလိုက်သည်နှင့် ကြည့်ရှုသူများမှာ ရယ်မောသည့် အီမိုဂျီများ တစ်ပြိုင်နက် ပေးပို့လာခဲ့ကြသည်။
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ မျက်နှာမှာတော့ ဒယ်အိုးဖင်ထက်ပင် မည်းနက်လာပြီး ဝူးဝူးဝါးဝါးတွေ အော်ဟစ်လာတော့သည်။ “ ချန်ယွီ့ …. မင်း သိပ်တရားလွန်နေပြီနော်….”
“ မင်း ပေါက်ကရတွေ ဆက်ပြီးမှာကို ငါ ခွင့်မပြုဘူး … ပြီးတော့ ငါနဲ့ အမေရဲ့ ဆက်ဆံရေးကို စော်ကားနေတာတွေလည်း ငါ ခွင့်မပြုနိုင်ဘူး ….”
“ ဒေါက်တာတစ်ယောက်ဖြစ်ပြီးတော့ မင်းမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကျင့်ဝတ်လေးတောင် မရှိဘူး … မင်းလိုလူစားမျိုးက ဆရာဝန်ဆိုတဲ့ ဂုဏ်နဲ့ မတန်ဘူး ….”
“ ငါ တန်တာ မတန်တာကို မင်းစိတ်ပူပေးစရာ မလိုပါဘူး …” ချန်ယွီ့က ညင်သာသည့် အပြုံးဖြင့် ဆက်ပြောလိုက်ပြီး “ မင်းငါ့ဆီ ဘာကြောင့်ရောက်လာခဲ့လဲ ငါသိတယ် .. မင်းကိုယ်မင်းဆို ပိုတောင် သိပါသေးတယ် ….”
“ ကိုယ့်အမှားကိုယ် ဝန်ခံဖို့ အချိန်မနှောင်းသေးဘူး … မဟုတ်ရင် ကုရာနတ္တိ ဆေးမရှိဘဲ ဖြစ်နေမယ်နော်…”
“ ဟမ့် …” [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က နှာမှုတ်လိုက်ပြီး “ လူတိုင်းက မင်းကို လွန်လွန်ကြူးကြူး ချီးမွမ်းနေကြတယ် … သူတို့ပြောတာ မင်းက အတိတ်နဲ့ အနာဂတ်ကို ခန့်မှန်းနိုင်ရုံတင် မကဘူး … လူနာတွေရဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးတယ်လို့ ကြားတယ် …”
“ ငါ အခုတစ်လော စိတ်အဆင်မပြေလို့ မင်းဆီ ရောက်လာပြီး ရလိုရငြား အကူအညီလေး တောင်းမိပါရဲ့ …”
“ ဒါပေမယ့် ရောက်တာနဲ့ ချက်ချင်းပဲ အခုလို စော်ကားခံလိုက်ရလိမ့်မယ်လို့ ထင်ထားထင်မှတ်မထားဘူး … မင်းက ငါ့အမေနဲ့ ငါရဲ့ ဖြူစင်တဲ့ ဆက်ဆံရေးကိုပါ စော်ကားလိုက်တာပဲ … မင်း တကယ့်လူမဆန်တဲ့ကောင်ပဲ ဒေါက်တာချန် …”
“ မင်းက လုံးဝ လူမဟုတ်ဘူး ….”
ဤစကားကြားတော့ ချန်ယွီ့ လက်ပိုက်ပြီး ခွန်းတုံ့ပြန်လိုက်၏။ “ အမေနဲ့သား ဆက်ဆံရေးပါဆိုပြီး ဒီလောက်ထိ ခေါင်းမာနေတယ်ဆိုတော့လည်း ငါ့ဘက်က ဆက်ပြီး ပြောပြရုံ ရှိတော့တာပေါ့ ….”
“ မင်းမှာ ပြောခွင့် မရှိဘူး …”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ချန်ယွီ့အား ထိတ်ထိတ်ပျာပျာနှင့် ဟန့်တားလိုက်သည်။
“ မင်းက ဒေါက်တာ … ၊ အတင်းအဖျင်း တင်ပြတဲ့ သတင်းထောက် မဟုတ်ဘူး … မင်းနဲ့ မဆိုင်တာတွေ မပြောနဲ့ ….”
“ ပေါက်ကရ ပြောတာတွေ ရပ်ပြီး ငါ ဘာလို့ စိတ်အဆင်မပြေ ဖြစ်နေလဲပဲ ပြော … ငါလည်း ရှေ့ကတစ်ယောက်လိုပဲ စိတ်ကျ ရောဂါကို ခံစားနေရတဲ့လူလား ….”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် စိုးရိမ်တကြီးနှင့် ဖော်ထုတ်ခံရမည့် အရေးကို ကာကွယ်ရန် စကားလမ်းကြောင်း လွှဲလိုက်သည်။ သို့ပေမယ့် ကြည့်ရှုသူများကတော့ သူ လွှဲသည့် လမ်းကြောင်းအတိုင်း မလျှောက်ပေးကြပေ။
ထိုသူအားလုံးက သူနှင့် ချမ်းသာသည့် အမျိုးသမီးကို ဟာသလုပ်နေကြလေသည်။
“ စကားလမ်းကြောင်းကို အတင်းအကြပ် လွှဲနေတယ်ပေါ့ ….ဟက် ….”
“ ညီကို … မင်းက ဟိတ်တာ(hater) ဆိုတာ ရဲရဲကြီး ဝန်ခံလိုက်စမ်းပါကွာ ….”
“ မင်း ဒီရောက်လာခဲ့တာ ဒေါက်တာချန်ကို အသရေဖျက်ဖို့ အတွက်ပဲ မဟုတ်လား … မင်းရဲ့ စီနီယာတွေ အများကြီးက ထောင်ထဲမှာ စောင့်နေကြတယ်နော်….”
“ ဒီကောင် ဒေါက်တာချန်ရဲ့ နာမည်ကို ညစ်ထေးအောင် လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ငါ လောင်းရဲတယ် …”
“ သားရီး … အဲ့သူဌေးမကြီးက တကယ်ပဲ ခပ်ကြမ်းကြမ်း ကစားရတာကို ကြိုက်တာလား .. ငါတို့တွေ အဲ့အကြောင်း သီးသန့်ပြောကြရင်ကော …..”
“ မင်း ဒေါက်တာချန် ပြောသွားခဲ့တာကို မကြားဘူးလား … သူတို့နှစ်ယောက် ခွဲခွာတဲ့အချိန်တိုင်း သူ့ကိုယ်ပေါ်မှာ ချစ်ထားတဲ့ အမှတ်တွေ တော်ရုံနဲ့ မပျောက်ပါဘူးဆိုနေ … ဒါကြီးက ကြမ်းရုံပဲ မဟုတ်တော့ဘူး … ရူးသွပ်တဲ့ အဆင့်ကိုတောင် ရောက်နေပြီ …”
“ သံမဏိဘောနဲ့ လူငယ်လေးပဲ ….”
“ ငါ ဒီလူငယ်လေးကို မြင့်မြင့်မှန်းထားတယ် ….”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ဒေါသထွက်လွန်း၍ သူ့ရှေ့ရှိ ကွန်ပျူတာကိုပင် ရိုက်ခွဲပစ်ချင်နေသည်။
သို့ပေမယ့် သူ ထမ်းရွက်ရမည့် မစ်ရှင်အကြောင်း တွေးတောမိတော့ … မည်မျှပင် စိတ်တိုဒေါသထွက်နေစေကာမူ သူ့ဘက်က တောင့်ခံထားဖို့သာ ရှိသည်။
“ ဂုဏ်ယူပါတယ် … အခု မင်းဘာမင်း မှန်မှန်ကန်ကန် စစ်ဆေးလိုက်နိုင်ပြီ …”
“ မင်းရဲ့ ရောဂါက အရင်လူနာနဲ့ အတူတူပဲ ….” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ မင်းလည်း စိတ်ကျရောဂါ ဝေဒနာကို ခံစားနေရတယ် …”
“ မင်းရဲ့ စိတ်ကျရောဂါက အချိန်မရွေး ထဖောက်လာနိုင်တဲ့ အနေအထားကိုတောင် ရောက်နေပြီ …”
“ အခုတောင်းပန်ပြီး မင်းဘာတွေ လုပ်ခဲ့လဲဆိုတာ ပြောလိုက် … အဲ့လိုသာဆိုရင် မင်းရဲ့ ရောဂါကို ကုလို့ အချိန်မီရင် မီလိမ့်ဦးမယ် …”
“ ဒီခုအတိုင်းပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတောင် မင်းကို ကယ်ပေးနိုင်မှာ မဟုတ်တော့ဘူး ….”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ခံပြင်းဒေါသထွက်စွာဖြင့် “ ငါ့ကို လာခြိမ်းခြောက်မနေနဲ့ .. ငါ မကောင်းတာ ဘာတစ်ခုမှ မလုပ်ထားဘူး … ငါက ဘာလို့ တောင်းပန်ရမှာ ….”
“ တောင်းပန်ကြေးဆို မင်းကတောင် ငါ့ပြန်ပြီး တောင်းပန်ရဦးမယ် ….” [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ဒေါသတကြီးနှင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ချန်ယွီ့က သူ့အား လာရောက်စော်ကားမော်ကား ပြောဆိုနေသည်မှာ အသိသာကြီးပင်။
အဘယ်ကြောင့် သူက တောင်းပန်ရမည်နည်း။
လောကကြီးထဲ တရားမျှတမှုဆိုတာရော မရှိကြတော့ဘူးလား။
ချန်ယွီ့ ရယ်ချင်စိတ်အား မထိန်းနိုင်တော့ဘဲ “ အဖြူကို အမည်းဖြစ်အောင် ပြောင်းဖို့က မင်းအလုပ်ပဲ မဟုတ်လား …”
“ ဒါကို မင်းက ဒီနေရာမှာ တရားမျှတမှုအကြောင်း လာပြောရဲနေသေးတယ်ပေါ့ ….”
“ မင်းက ကုသမှု ခံယူဖို့ ငြင်းဆန်နေတယ်ဆိုမှတော့ ဆရာဝန် တစ်ယောက်အနေနဲ့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး …”
“ လူနာရဲ့ ရွေးချယ်မှုကို လေးစားပေးဖို့က ဆရာဝန် တစ်ယောက်ရဲ့ အခြေခံကျဆုံး ကျင့်ဝတ်ပဲ …”
“ ဒါပေမယ့် တစ်စုံတစ်ယောက်ကို တန်းလန်းကြီး ထားရစ်ခဲ့တာကလည်း ဆရာဝန်တစ်ယောက်အနေနဲ့ မသင့်လျော်တော့ ငါ မင်းကို အခမဲ့ တိုင်ပင်ဆွေးနွေးပေးလိုက်မယ် …”
“ အခုချက်ချင်း မင်းရဲ့ ကုမ္ပဏီက ထွက်ပြီး ပြေးနိုင်သလောက် မြန်မြန်သာပြေးတော့ ….”
အချိန်ကို တစ်ချက်ကြည့်ပြီးနောက် ချန်ယွီ့ ဖြည့်စွက် ပြောလိုက်သည်။ “ တကယ်လို့ မင်း သုံးမိနစ် အတွင်း ထွက်မသွားသေးဘူးဆိုရင် မင်း နောက် ဘယ်တော့မှ ထွက်သွားလို့ မရတော့မှာကို စိုးရိမ်မိတယ် …”
“ မင်းရဲ့ ပေါက်ကရတွေကို ယုံပေးမယ်လို့ ထင်နေလား ….”
“ အိပ်မက်မက်နေလိုက် …”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က မျက်လုံးလှိမ့်လိုက်သည်။
“ ဒေါက်တာချန် … တကယ်လို့ သူ သုံးမိနစ် အတွင်း ထွက်မသွားဘူးဆိုရင် ဘယ်လို ကံဆိုးမှုမျိုးတွေ ရောက်လာမှာလဲတဲ့ ….”
“ ငါ သိတယ် … အဲ့မိန်းမရဲ့ ယောက်ျား ရောက်လာတော့မှာမလား ….”
“ ပိုင်းလုံးလုပ်ရတာလည်း မလွယ်လိုက်တာ ….”
“ ပြောခါမှ တကယ်လို့ အဲ့ အမျိုးသမီးကြီးက ဒီလောက် ချမ်းသာနေပြီးသားကို ဘာလို့ တိတ်တိတ်ပုန်းလေးတွေ ထားနေသေးလဲ … ကိုယ့်ချစ်သူကို ပေါ်တင်တွဲပြီး ယုယကြင်နာကြတာ မကောင်းလို့လား ….”
ကွန်းမန့်တစ်ခုကို သတိထားမိတော့ ချန်ယွီ့ ပြောလိုက်သည်။ “ တကယ်လို့ သူသာ သုံးမိနစ်အတွင်း ထွက်မသွားဘူးဆိုရင် တစ်ယောက်ယောက်က သူ့ကို ပြဿနာ လာရှာမှာ သေချာပေါက်ပဲ …”
“ ဒါပေမယ့် အဲ့ အမျိုးသမီးရဲ့ ခင်ပွန်းတော့ မဟုတ်ဘူး … ကုမ္ပဏီရဲ့ တာဝန်ခံ ၊ သူ့ဘော့စ်ပဲ ….”
ကြည့်ရှုသူများမှာ ပို၍ပင် နားရှုပ်သွားခဲ့ကြသည်။
ကုမ္ပဏီရဲ့ ဘော့စ်က ဘာလို့ သူ့ကို ပြဿနာ ရှာချင်နေရတာလဲ …
အလုပ်မှာ ရေသာခိုနေတာ မိသွားလို့များလား ..
ဒါမှမဟုတ် …. အများရဲ့ ဆိုးရွားတဲ့အမြင်က သူ့ကုမ္ပဏီအပေါ်မှာပါ သက်ရောက်မှု ရှိလာမှာ စိုးလို့များလား …
သေချာလေး တွေးတောကြည့်ရာ ယင်းက အတော်လေး ဖြစ်နိုင်ချေ များသည်ကို သွားတွေ့ရသည်။
လိုက်စထွင်းထဲတွင် ကြည့်ရှုသူ အရေအတွက်က သုံးသန်းနီးပါး ရှိပြီး [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ချန်ယွီ့ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့၏။ သူ၏ စိတ်ခံစားချက်တို့က ဆုံမှတ်တစ်ခုသို့တိုင် ရောက်ရှိနေပြီး သရုပ်ဆောင်စကေးတို့က ညံ့ဖျင်းသထက် ညံ့ဖျင်းလာသည်။
ဟိတ်တာ တစ်ချို့နှင့် ဦးနှောက်မရှိကြသည့် ကီးဘုတ်ဖိုက်တာ တစ်ချို့ကလွဲ၍ ကြည့်ရှုသူ အများစုမှာ ချန်ယွီ့ဘက်တွင် ရပ်တည်ပေးနေကြသည်။
တစ်ချို့က လိုက်စထွင်း ရီကော့ကို ဝက်ဘ်ဆိုဒ်နှင့် ဖိုရမ်များတွင် တင်လေ့ရှိကြပြီး ယင်းက အများသူငှာ ဆွေးနွေးစရာ ဖြစ်လာမည်မှာ အနှေးနှင့်အမြန်ပင်။
“ ချန်ယွီ့ … မင်း ဘယ်လောက်ကြာအောင် ဟန်ဆောင်ဖို့ စီစဉ်ထားလဲ ….” [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က လှောင်ပြောင်လိုက်ပြီး “ ငါ့ဘော့စ်က ငါ့ကို သိပ်ယုံတာ … ဒီရဲ့ ထူးချွန်အလုပ်သမားဆိုတဲ့ မှတ်တမ်းတွေက ငါ့ဘော့စ် ငါ့ကိုကိုယ်တိုင်ပေးထားတဲ့ဟာတွေ …”
“ ဒီနှစ်ကုန်ကြရင် ငါ့ကို supervisor ရာထူးတိုးပေးမယ်လို့တောင် ကတိပေးထားသေးတယ် …”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က ကြွားဝါ ပြောဆိုနေခြင်း မဟုတ်ပေ။
အတိတ်တွင် သင်ယူတတ်မြောက်ခဲ့သည့် လေ့လာအကဲခတ်သည့် အရည်အချင်းအပေါ် မှီခို၍ အခြေအနေနှင့် လိုက်လျောညီထွေ နေသားကျအောင် ပြုလုပ်နိုင်ခဲ့သည်။
သူ ပထမဦးဆုံးအကြိမ် ကုမ္ပဏီသို့ ရောက်လာစဉ်က [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် ဘော့စ်၏ ဆောင်မခြင်းကို ခံရပြီး မကြာခဏဆိုသလို လွယ်ကူသည့် တာဝန်များသာ ပေးအပ်ခြင်း ခံခဲ့ရ၏။
အချိန်တိုင်းလိုလိုတွင်လည်း သူ့အား အချို့သော ပွဲများ တက်ရောက်ဖို့ ခေါ်သွားပေးလေ့ ရှိသည်။
သူသည် ဘော့စ်၏ လူယုံ တစ်ယောက် ဖြစ်၏။
“ မင်း မှန်တယ် ….” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းရဲ့ ဘော့စ်က တကယ်လည်း မင်းကို မြင့်မြင့်မှန်းထားတယ် …”
“ သူ မင်းကို မကြာခဏ ဆိုသလို အရေးကြီးပွဲတွေ တက်ရောက်ဖို့ ခေါ်သွားလေ့ ရှိတယ် ….”
“ တစ်ခါက …၊ မင်းရဲ့ ဘော့စ် ကော့တေး ပါတီ တစ်ခုကို တက်ရောက်ဖို့အတွက် မင်းကို အဲ့နေရာဆီ မောင်းပို့ပေးခိုင်းခ့တယ် …”
“ မင်း အဲ့ကိစ္စကို မှတ်မိသေးတယ် ဟုတ်တယ်ဟုတ် ….”
“ ဒါပေါ့ … မှတ်မိတာပေါ့ ….”
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]က တုံ့ဆိုင်းခြင်း မရှိ ဖြေဆိုလိုက်သည်။
“ အဲ့ပွဲကို တက်ရောက်ကျတဲ့ ဒိတ်ဒိတ်ကျဲတွေမှ အများကြီးပဲ … ငါတောင် ပွဲထဲ မဝင်နိုင်ဘူး … အဲ့လိုနေရာမျိုးကို ဘော့စ်အတွက် ကားမောင်းပို့ပေးရတယ် ဆိုတာနဲ့တင် သူ ငါ့အပေါ် ဘယ်လောက်တောင် ယုံကြည်ထားလဲဆိုတာ သက်သေပြဖို့ လုံလောက်ပြီးသား ….”
“ တစ်နာရီ ကြာပြီးတဲ့နောက်မှာ မင်းရဲ့ ဘော့စ်က အရက်မူးပြီး ထွက်လာတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ပုံထဲ မင်းရဲ့ ‘အမေ’ဆိုသူက လုံခြုံရေး နှစ်ယောက်နဲ့အတူ ကားထဲ လိုက်ပို့ပေးခဲ့တာ … ငါပြောတာ ဟုတ်တယ်နော်…”
“ ဟုတ်တယ် …”
သူ ထိုစကား ပြောပြီးသည်နှင့် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]သည် သူ့နှုတ်သူ အလျင်အမြန် ပြန်အုပ်မိလိုက်၏။