← Chapters

သူမကို ကာကွယ်ပေးနေတဲ့ ဒေသခံ နတ်များ

Vol. 32 Ch. 313

သူမကို ကာကွယ်ပေးနေတဲ့ ဒေသခံ နတ်များ

Vol. 32 Ch. 313

ချန်ယွီ့၏ စကားလုံးတို့က ပို၍ပို၍ ထူးဆန်းလာသည်။

ကောင်းရှင်းရန်နှင့် ဝမ်တဲ့ချွမ်တို့မှာ အံ့အားသင့်သွားခဲ့ကြ၏။

မကောင်းတဲ့ ရည်ရွယ်ချက်ရှိပေမယ့် သိပ်မများဘူးဆိုတာက ဘာစကားလဲ …

အလှလေးကို ကယ်တင်မယ့် သူရဲကောင်းဆိုတာကရော ဘာကို ပြောချင်နေတာ ….

“ လူကြီးမင်းဝမ် … ခင်များ ဒီရုပ်ထုကို တစ်ချက် သေချာကြည့်ကြည့်စမ်းပါ ….” ချန်ယွီ့ သတိပေးလိုက်၏။ “ စဉ်းစားကြည့် … ဒီရုပ်ထုက နည်းနည်း ရင်းနှီးနေတယ် မထင်ဘူးလား … “

ဤစကားကြားတော့ ဝမ်တဲ့ချွမ် သတ္တိမွေးပြီး ရုပ်ထုကို သေချာကြည့်ရှုလိုက်သည်။

“ ဟင် … တကယ်လည်း ရင်းနှီးနေသလိုပဲ ….”

တစ်မိနစ် ၊ နှစ်မိနစ်ခန့် ကြာပြီးနောက် ဝမ်တဲ့ချွမ် မျက်မှောင်ကြုတ်ရင်း မေးစေ့ကို တစိမ့်စိမ့် ပွတ်သပ်လိုက်၏။ နှုတ်ကလည်း သူ့ကိုယ်သူ ပြောဆိုနေသည့်နှယ် “ ဒီ မည်းမည်းရုပ်ထုကြီးကို ငါ တစ်နေရာရာမှာ ရင်းရင်းနှီးနှီး မြင်ဖူးသလိုပဲ … ဘယ်နေရာမှာ မြင်ဖူးလဲတော့ မမှတ်မိတော့ဘူး ….”

“ အရင် ၂ နှစ်တုန်းက ….” ချန်ယွီ့ပြောလိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

“ အိုး ဟုတ်သား ….”

ဝမ်တဲ့ချွမ်သည် သူ့နဖူးသူ ပြန်ရိုက်လိုက်ပြီး နောက်ဆုံးတော့ သူ အမှတ်ရသွားခဲ့ပြီ ဖြစ်၏။

ချန်ယွီ့၏ ညွှန်ကြားပြသမှုအောက်တွင် ဝမ်တဲ့ချွမ်သည် ယခင် ၂ နှစ်တုန်းက အဖြစ်အပျက်တစ်ခုကို ပြန်လည် အမှတ်ရသွားခဲ့သည်။

ထိုအချိန်တုန်းက သူသည် အုပ်စုက စီနီယာ အမှုဆောင်အဖွဲ့ဝင်များကို နိုင်ငံခြားသို့ ဆေးဖက်ဝင် အပင်များ တင်ပို့ရေး အပေးအယူ သဘောတူညီချက်ကို ဆွေးနွေးတိုင်ပင်ဖို့အတွက် ခေါ်ဆောင်သွားခဲ့သည်။

သူတို့တွေ စီးပွားရေး ညှိနှိုင်းမှုများကို တစ်ခုပြီး တစ်ခု ပြုလုပ်ခဲ့ကြ၏။

အိမ်ရှင်ဖြစ်သည့် တစ်ဖက် စီးပွားရေး ပါတနာက သူတို့ကို နိုင်ငံထဲရှိ လည်ပတ်ရန်ကောင်းသည့် နေရာများသို့ သွားလည်နိုင်စေရန် စီစဉ်ပေးခဲ့သည်။ ဤရုပ်ထုကို ထိုအနက် တစ်ခုထဲက ဝမ်တဲ့ချွမ် မြင်တွေ့ခဲ့တာ ဖြစ်၏။

နေရာက သမိုင်းသက်တမ်း တစ်ခုရှိထားသည့် ဘုရားကျောင်း တစ်ခုတွင်ဖြစ်သည်။ အတွင်းတွင် ကိုးကွယ်ထားသည့် နတ်ရုပ်ထုတို့ များစွာ ရှိနေသည်။

ရုပ်ထုများ အားလုံးက ၎င်းတို့၏ အစွယ်များကို ပြသနေပြီး အင်မတန်လည်း အကျည်းတန်လှ၏။

မိမိတို့နိုင်ငံထဲရှိ ကြင်နာရိပ်လွှမ်းပြီး လေးစားဖွယ်ရာကောင်းသည့် ရုပ်ထုများဖြင့် မိုးနှင့်မြေအလား ခြားနားလွန်းလှသည်။

ခဏတာ လည်ပတ်ပြီးနောက် ဝမ်တဲ့ချွမ် မည်သို့မျှ တောင့်မခံနိုင်တော့ချေ။ ဤသည်က ဘုရားကျောင်းတစ်ခု မဟုတ်တော့။ ငရဲ ဆယ့်ရှစ်ထပ်ပင်။

အတွင်းတွင် သူတို့တွေ ဝတ်ပြုကိုးကွယ်နေကြသည်များက နတ်ဘုရားများ မဟုတ်ကြဘဲ ငရဲက သရဲသဘက်များ အလားပင်။

“ အဲ့ဒီအချိန်တုန်းက ခင်များ နေလို့ သိပ်မကောင်းဘူးဆိုပြီး ဆင်ခြေပေးခဲ့တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များပြောခဲ့တာက ခင်များ အပြင်ထွက်ပြီး လေကောင်းလေသန့် သွားရှူလိုက်ဦးမယ် ဆိုပြီးနော် ….”

“ ဧည့်ကြိုအသင်းကလည်း တိုးဂိုက်တစ်ယောက်ကို ခင်များနဲ့ အဖော်လုပ်ပေးဖို့ ထည့်ပေးလိုက်ပြီး ကျန်တဲ့လူတွေကတော့ ဆက်ပြီး လည်ပတ်ကြတယ် …”

“ တစ်နာရီကြာပြီးတာတောင် သူတို့တွေ ဘုရားကျောင်းထဲက ထွက်မလာကြသေးဘူးလေ …”

“ ဟုတ်တယ် … တကယ်လည်း အဲ့လိုဖြစ်ခဲ့တာပဲ …”

ဝမ်တဲ့ချွမ် စတင် စောဒကတက်တော့၏။

“ အဲ့ဟာတွေက ဘာတွေများ ကောင်းနေလို့လဲ ငါလည်း နားမလည်နိုင်ပါဘူး … ငါ့လက်အောက်ငယ်သားတွေကတော့ စိတ်ဝင်စားမှုအပြည့်နဲ့ကို ကြည့်နေကြတာပဲ …”

ဝမ်တဲ့ချွမ်က ကျေးလက်ဘက်တွင် မွေးဖွားလာခဲ့သူ တစ်ဦး ဖြစ်သဖြင့် နတ်ကိုးကွယ်မှုက သူ့အတွက်တော့ စိမ်းသက်နေခြင်း မရှိပေ။

သို့သော် သူ့ရင်ထဲ နတ်ဘုရားဟု မှတ်ယူထားသည်များက ကြင်နာပြီး လေးစားဖွယ်ကောင်းသည့် ပုံရိပ်ပိုင်ရှင်များပင်။

အကယ်၍ လမ်းကြောင်းငါးသွယ် နတ်ဘုရားများကသာ ထိုစဉ်အချိန်က ၎င်းတို့ဖုံးကွယ်ထားသည့် သွင်ပြင်အစစ်အမှန်ကို ဖော်ထုတ်ပြသခဲ့လျှင် ဝမ်တဲ့ချွမ်သည် နောက်တစ်နေ့တွင် တောထဲသွားပြီး စွန့်ပစ်မိလိုက်မည်မှာ အမှန်ပင် ဖြစ်၏။

ယခုသူ ပြန်တွေးကြည့်လိုက်တော့ အနည်းငယ်ပင် နောင်တရနေမိသည်။ ရုပ်ထုကို စွန့်ပစ်ခဲ့မိသည့်အတွက် နောင်တရနေခြင်းတော့ မဟုတ်ဘဲ ထိုအစား ပင်လယ်ထဲ စွန့်ပစ်ခဲ့မိသည်ကိုပင်။

တောက် … ကွာ … သူ အဲ့တုန်းက ကိုးရီးယားကိုသွားပြီး စွန့်ပစ်ဖို့ကို ဘာလို့ မတွေးမိခဲ့ပါလိမ့် …

လွန်ခဲ့သော နှစ်ရက်ခန့်က ကိုးရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုက ရှေးဟောင်းစာပေများကို လေ့လာပြီးနောက်တွင် တိုင်းရင်းဆေးပညာဆိုသည်မှာ အမှန်တော့ သူတို့နိုင်ငံက မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်ကြောင်း ကြေညာလာခဲ့သည်။

နောက်ပိုင်းတွင် အိမ်နီးချင်းတိုင်းပြည်များက ခိုးသွားခဲ့ကြပြီး တရုတ်တိုင်းရင်းဆေးဟူသည့် အရာ ဖြစ်လာသည်။

တိုင်းရင်းဆေးဖက်၀င်အပင်နယ်ပယ်ထဲ ဒိတ်ဒိတ်ကျဲ တစ်ဦးဖြစ်သည့် ဝမ်တဲ့ချွမ်မှာ ထိုကြေညာချက်ကို မြင်တော့ ဒေါသက ထောင်းခနဲ ထွက်လာသည်။

အကယ်၍ သူသာ အချိန်ကို နောက်ပြန်ဆုတ်ခွင့်ရမည်ဆိုပါက သူ၏ ကျိန်စာရုပ်ထုကို ကိုးရီးယားနိုင်ငံထဲသို့ တကူးတက သွားရောက်၍ တိုင်းရင်းဆေးပညာက သူတို့နိုင်ငံထဲက ဖြစ်ဖျားခံလာတာပါဆိုသော တက္ကသိုလ်ဝန်းထဲသို့ သွားရောက်စွန့်ပစ်ခဲ့မိမည်မှာ အမှန်ပင်။

“ လူကြီးမင်းဝမ် …” ချန်ယွီ့ စကားဆက်လိုက်၏။ “ ခင်များရင်ထဲ မှတ်ယူထားတဲ့ နတ်ကောင်းနတ်မြတ်တွေဆိုတာ ကြင်နာရမယ် ၊ တည်ကြည်ရမယ် … ဒါပေမယ့် တခြားသူတွေကတော့ အဲ့လိုမျိုး မတွေးကြဘူး …”

“ အထူးသဖြင့် ခင်များကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာပေါ့ ….”

“ သူကလည်း ခင်များ ချမ်းသာလာတယ်ဆိုတာ နတ်ရုပ်ထုတွေနဲ့ နာမ်၀ိဉာဏ်နဲ့ဆိုင်တဲ့ သက်ရှိတွေကြောင့်ဆိုတာကို သိထားတယ် …”

“ ဒါကြောင့်မို့လည်း ခင်များနောက်လိုက်ပြီး သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကို တိုးပွားအောင် လုပ်ပေးမယ့် ၊ ရှိပြီးသား စည်းစိမ်ကိုလည်း မပျက်စီးအောင် ကာကွယ်ပေးမယ့် နတ်ရုပ်ထုတစ်ခု ဝယ်ယူခဲ့တယ် ….”

“ ဒီတော့ ရှင် ပြောချင်တာ အထွေထွေမန်နေဂျာက စစချင်းတုန်းက ဒီရဲ့ ရုပ်ထုကို သူ့အတွက်သူ ဝယ်ခဲ့တာပေါ့နော် …” ကောင်းရှင်းရန်က ကြားဖြတ်မေးမြန်းလိုက်သည်။

“ အင်း ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ သူက ဒီရဲ့ ချမ်းသာရေး နတ်ဆိုးဘုရား ရုပ်ထုကို လူကြီးမင်းဝမ်ရဲ့ နောက်ကွယ်မှာ ဝယ်ခဲ့ပြီး အိမ်မှာ ကိုးကွယ်ထားရင်း ကြီးပွားအောင် ဆုတောင်းမလို့ပဲ …”

“ နောက်တော့မှ ဒေသခံ တိုးဂိုက်ဆီကနေ သိလိုက်ရတာ ချမ်းသာရေးနတ်ဆိုးဘုရားကို ကိုးကွယ်တဲ့နေရာမှာ လိုက်နာရမယ့် တားမြစ်ချက်တွေ အများကြီး ရှိနေတာကို သိလိုက်ရတယ် ….”

“ အခန်းထဲမှာ ထားလို့မရသလို ဗိမာန်နဲ့လည်း ထားလို့မရဘူး … နေ့တိုင်း နေရောင်ရမယ့် ကျယ်ပြောတဲ့ လေဟာပြင်ထဲ ထားရမယ် ….”

“ ကုန်ကုန်ပြောရရင် တားမြစ်ကန့်သတ်ချက်တွေက အများကြီးပဲ … တကယ်လို့ ကိုယ်က ဂရုမစိုက်မိလိုက်ဘူးဆိုရင် ကံမကောင်းတဲ့အပြင် ကံတောင် ဆိုးသွားလိမ့်ဦးမယ် ….”

“ အဲ့လို သိလိုက်ရတဲ့အချိန်က သူ့ဆီမှာ မကောင်းတဲ့ အတွေးတွေ ဖြစ်ပေါ်လာတဲ့ အချိန်လို့ ပြောလို့ရတယ် ….”

“ လူကြီးမင်းဝမ်တစ်ယောက်တည်းက ဒီလို ဝါသနာမျိုး ရှိနေတာ မဟုတ်ဘဲ မိန်းကလေးကောင်းမှာလည်း အလားတူ ဝါသနာမျိုး ရှိနေတာကို သူ သိနေခဲ့တယ် …”

“ သူ ဘယ်လိုလုပ်ပြီး သိနေခဲ့တာလဲတဲ့ …”

ကောင်းရှန်းရန်က ရှုပ်ထွေးစွာ မေးမြန်းလိုက်၏။

သူမ၏ ဝါသနာအကြောင်း မည်သူ့ကိုမျှ မပြောပြခဲ့မှန်း ကောင်းရှင်းရန် လုံးဝ သေချာသည်။ သူမ ရုပ်ထုတစ်ခုကို ဝယ်ယူသည့် အချိန်တိုင်းလည်း မည်သူ့အကူအညီကိုမျှ မယူခဲ့ချေ။

အကုန်လုံးကို သူမဘာသာ ဝယ်ယူခဲ့တာချည်း ဖြစ်၏။

ဗီလာထဲရှိ အိမ်စေများပင် ဤကိစ္စများကို မသိရှိကြချေ။

“ စကားပုံတောင် ရှိသေးတာပဲမလား …” ချန်ယွီ့ ပြုံးလိုက်ပြီး “ တကယ်လို့ ကိုယ်က တစ်ခြားလူတွေကို မသိစေချင်ဘူးဆိုရင် လုံးဝ မလုပ်နဲ့ …”

“ မိန်းကလေးကောင်း … လောကကြီးထဲ အလုံးစုံ ကာကွယ်ပေးနိုင်တဲ့ နံရံအတားအဆီးဆိုတာ မရှိဘူး ….”

ချန်ယွီ့ ပြောစကားများကို နားထောင်နေရင်းဖြင့် ကောင်းရှင်းရန်က သူမ၏ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းနေသည်။

“ ဒေါက်တာချန် … ကျွန်မ ဘယ်လိုမှ စဉ်းစားမရတဲ့ ကိစ္စ တစ်ခုရှိတယ် ….”

ကောင်းရှင်းရန်သည် လွန်ခဲ့သော တစ်နှစ်ခန့်က အထွေထွေမန်နေဂျာထံကနေ ချမ်းသာရေး နတ်ဆိုးဘုရားရုပ်ထုကို လက်ဆောင်ရရှိခဲ့တာ ဖြစ်သည်။

အထွေထွေ မန်နေဂျာက သူမ၏ နတ်ရုပ်ထုများ စုဆောင်းတတ်သည့် ဝါသနာကို မထုတ်ဖော်ခဲ့ပါဘဲ ဤအတိုင်း သူ နိုင်ငံခြားက ဝယ်လာခဲ့သည့် အမှတ်တရ လက်ဆောင်ဖြစ်ကြောင်းပဲ ပြောဆိုခဲ့သည်။

သူပြောပြသည့် အတိုင်းဆိုလျှင် ဤရုပ်ထုက အခြားသူများကို ကြွယ်ဝချမ်းသာပြီး မြင့်မြတ်လာစေဖို့ ကောင်းချီးပေးနိုင်သည် ဟူ၍ပင်။

ထို့နောက် ဆင်ခြေတစ်ခု ရှာဖွေ၍ ဤရုပ်ထုကို သူမထံ လက်ဆောင်ပေးခဲ့သည်။

သူမ ဤရုပ်ထုကို လက်ခံရရှိခဲ့သည်မှာ တစ်နှစ်ကျော်ကြာပြီး ဖြစ်ပြီး တစ်နှစ်ကျော် နောက်ပိုင်းမှသာ ယခုလို ကိစ္စရပ်မျိုး ဖြစ်ပျက်လာခဲ့ခြင်းပင်။ ကြားကာလတွင် သူမ၏ ခန္ဓာကိုယ်ရော ၊ ကုမ္ပဏီပါ မည်တစ်ခုမျှ ထိခိုက်ခဲ့ခြင်း မရှိပေ။ ချန်ယွီ့ ပြောသည့်စကားတို့ကသာ မှန်ကန်ခဲ့မည်ဆိုပါက အဘယ်ကြောင့် နောက်ပိုင်းကာလတွင်မှ အစွမ်းပြလာခဲ့ရသနည်း။

“ တားမြစ်ချက်တွေ အများကြီးထဲက …” ချန်ယွီ့ ရှင်းပြလိုက်ပြီး “ နောက်ထပ် တားမြစ်ချက် တစ်ခုလည်း ရှိသေးတယ် ….

ချမ်းသာရေး နတ်ဆိုးဘုရားကို တစ်ခြားနတ်ရုပ်ထုတွေနဲ့ အတူထားလို့မရဘူး ….”

“ ဒီမှာ အနည်းဆုံး ရုပ်ထုပေါင်း လေးရာကျော် ရှိနေတယ်…”

“ အများစုက ငါတို့ နိုင်ငံထဲက နတ်မင်းကြီးတွေ … ဒေသခံ နတ်မင်းတွေက အပြင်လူတွေ မင်းကို ထိခိုက်အောင် လုပ်မှာကို ခွင့်ပြုမယ်လို့ ထင်လား …”

“ အာ ….”

ကောင်းရှင်းရန်၏ ဦးနှောက်ဆဲလ်များ ပြတ်လပ်သွားသည့်နှယ် ခံစားလိုက်ရသည်။

ဒါက ဘာသဘောလဲ …

ဒေသခံနတ်တွေက အတူပေါင်းပြီး သူမကို ကာကွယ်ပေးနေခဲ့တာလား …

စဉ်းစားကြည့်ရုံနှင့်ပင် သူမ ရင်ထဲ အတော်လေး ခံစားသွားခဲ့ရ၏။

ဝမ်တဲ့ချွမ်က တုံ့ပြန်၍ “ ဒေါက်တာချန် … ဒီရုပ်ထု ... ရှင်းရန်ကို အရင်က ဘေးမပြုနိုင်တာ ဒေသခံ နတ်မင်းတွေ စုပေါင်းပြီး သူ့ကို ကာကွယ်ပေးနေလို့ပေါ့နော် … အဲ့တာ တကယ်ပဲလား …”

“ အဲ့လို နားလည်လို့လည်း ရတယ် ….”

ချန်ယွီ့ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်သည်။

“ မိန်းကလေးကောင်းက ဒီရဲ့ ရုပ်ထုတွေကို အင်မတန် လေးစားရိုသေခဲ့တယ် …”

“ လပြက္ခဒိန်ရဲ့ ပထမရက်နဲ့ ၁၅ ရက်မြောက်နေ့တိုင်း သူတို့အကုန်လုံးကို တရိုတသေနဲ့ တစ်ယောက်ချင်းစီ လိုက်ပြီး ရှိခိုး ဂါဝရပြုတယ် …”

“ ပြောစကားတွေတောင် ရှိသေးတာပဲမလား … ကိုယ်က ရိုးသားစစ်မှန်ရင် အမြင်မှန်ရမယ် … ဒီက ရုပ်ထု အများစုမှာက အပေါင်းလက္ခဏာဆန်တဲ့ အထူးစွမ်းအင်တွေ ရှိတယ် …”

“ အပေါင်းလက္ခဏာစွမ်းအင်နဲ့ အနှုတ်လက္ခဏာစွမ်းအင်တို့ ထိပ်တိုက်တွေ့ဆုံကြပြီး ရလဒ်ကတော့ (±) 0 ပဲ ….”

“ အချိန်တစ်ခုလောက်အထိတော့ သူ့ကို ဘာမှ မဖြစ်စေခဲ့ဘူး …”

ဝမ်တဲ့ချွမ်မှာ အနည်းငယ် နားလည်သဘောပေါက်သည့် အမူအရာဖြင့် တဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။

ချန်ယွီ့ ညွှန်းဆိုနေသည့် အပေါင်းလက္ခာဏာဆန်သည့် စွမ်းအင်ဆိုသည်မှာ နတ်ဘုရားရုပ်ထုများပေါ်ရှိ ဝိဉာဏ်ချီ စွမ်းအင် ၊ သို့မဟုတ် တန်ခိုးအရှိန်အဝါကို ဆိုလိုနေခြင်းပင်။

အဆိုပါက ရုပ်ထုများ၏ အကူအညီဖြင့် ချမ်းသာရေး နတ်ဆိုးဘုရားရုပ်ထု၏ ခြိမ်းခြောက်သည့် အရှိန်အဝါတို့မှာ ကောင်းရှင်းရန်အပေါ် သက်ရောက်ခြင်း မရှိခဲ့ပေ။

ဝမ်တဲ့ချွမ်က နောက်မေးခွန်းတစ်ခုကို တွေးမိသွားခဲ့ပြီး မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … ဒီရဲ့ နတ်ရုပ်ထုတွေမှာ အပေါင်းလက္ခဏာဆန်တဲ့ စွမ်းအင်တွေ ရှိနေတယ်ဆိုရင် ရှင်းရန်ရဲ့ လက်ရှိ အခြေအနေကိုကျတော့ ဘယ်လို ရှင်းပြတော့မှာ ….”

“ မိန်းကလေးကောင်းရဲ့ ပြဿနာကို ကျုပ်မရှင်းပြခင် အထွေထွေမန်နေဂျာရဲ့ ခင်များအပေါ် အကြံအစည်ကို အရင်ရှင်းပြပေးမယ် …”

ချန်ယွီ့ စတင် ပြောဆိုလိုက်၏။

ဝမ်တဲ့ချွမ်နှင့် ကောင်းရှင်းရန်တို့၏ စီးပွားရေးလုပ်ငန်းများ တစ်စထက်တစ် ကြီးပွားလာခြင်းက သူတို့ စုဆောင်း ကိုးကွယ်နေသည့် နတ်ရုပ်ထုများ၏ ဆောင်မပေးမှုကြောင့်ဟု အထွေထွေမန်နေဂျာက ယူဆခဲ့သည်။

ဤအကြောင်းကြောင့် သူ့မှာ အတော်လေးကို ရှော့ခ်ရမိခဲ့လေသည်။

လောကကြီးထဲ အင်မော်တယ်များ၊ တစ္ဆေများနှင့် ရုပ်လွန်သက်ရှိများ တည်ရှိနေသည်ဟူသော အချက်ကို လုံးဝ ဥဿုံ ယုံကြည်သွားခဲ့တော့သည်။

တစ်စုံတစ်ဦးက လောကကြီးအပေါ် ရှုမြင်သည့် အမြင်တို့ ပြောင်းလဲသွားသည်နှင့် ထင်မှတ်မထာသည့် အရာများကို ပြုလုပ်လာတတ်ကြ၏။

အထွေထွေမန်နေဂျာသည်လည်း ခြွင်းချက် မရှိခဲ့ပေ ….

All Chapters