← Chapters

အပြင်ဘက်က လူနာနှစ်ယောက်

Vol. 27 Ch. 270

အပြင်ဘက်က လူနာနှစ်ယောက်

Vol. 27 Ch. 270

ကြည့်ရှုသူများက ငွေရောင်လှံ အာဏာရှင်လေး အကြောင်းကို တစ်ကြိမ်ထက်မက ပြောဆိုခဲ့ကြသည်။

ဝန်ရှင်းဟွေ့ ကိုယ်၌က သူ့သားကို ရဲလက်အပ်လိုက်သော်လည်း အဆုံး၌ သူ့သား ဖြစ်နေဆဲ ဖြစ်၏။

ယခု ပြန်တွေးကြည့်မိသည့်အချိန်တိုင်း သူ့စိတ်ထဲ တွန့်ဆုတ်မိနေဆဲပင်။

အရာအားလုံးက ချန်ယွီ့ဆိုသည့် မျိုးမစစ်ကောင်ကြောင့် ဖြစ်၏။

ချန်ယွီ့သာ အခြားသူ၏ ကိစ္စရပ်များကို ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘူးဆိုပါက သူ့ကုမ္ပဏီသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းလာခဲ့မှာ မဟုတ်ချေ။

သူ့သား အဖမ်းခံရပြီး ထောင်ထဲပို့ခံလိုက်ရဖို့ဆိုသည်မှာ ပိုလို့တောင် မဖြစ်နိုင်ပေ။

သူသည်လည်း သုံးစားမရသည့် သာမန်လူတစ်အုပ်စုကို ထောက်ပံ့ပေးထားဖို့ လိုအပ်မှာ မဟုတ်ချေ။

မုန်းတီစရာရှိသည့် အကြောင်းအရာ များစွာရှိသည့် အနက် နောက်ဆုံး တစ်ခုကိုတော့ ဝန်ရှင်းဟွေ့ ဒေါသ အဖြစ်မိဆုံးပင်။

သူ ဓားပြတိုက်ခဲ့မိသည်က ၎င်းတို့၏ ကံကောင်းမှုများကိုပဲ ဖြစ်၏။ ထိုသူများ၏ အသက်ကို မဟုတ်ပေ။

အဘယ်ကြောင့် သူက ကျန်သည့် တစ်သက်လုံး ထောက်ပံ့ပေးထားရမည်နည်း။

စက်ရုံများ၊ ကျောင်းများ ၊ ဘိုးဘွားရိပ်သာများ ဆောက်လုပ်ပေးခြင်း … ၊ ဤလူများတစ်သိုက်ကို သူ့ ဘိုးဘေးများသဖွယ် အမွှေးနံ့သာတိုင် ထွန်းပြီး မပူဇော်နေရုံတမယ်ပင်။

ဤသည်က သူ့အတွက် မမျှတလွန်းပေ။

သုံးရက်ကြာပြီးနောက် နေ့လည်ပိုင်း အချိန်တစ်ခုတွင် ။

တက္ကစီတစ်စင်းက မြစ်လမ်းထောင့်ကွေးတွင် ရပ်တန့်လာခဲ့၏။

ဆံပင်တို့ ဆွတ်ဆွတ်ဖြူနေသည့် အဘိုးကြီး တစ်ဦးနှင့် ငယ်ငယ်ရွယ်ရွယ် မျက်နှာပိုင်ရှင် အသက်သုံးဆယ်အရွယ် အမျိုးသား တစ်ဦးတို့ ကားထဲက ထွက်လာခဲ့ကြသည်။

နှစ်ယောက်က ရှေ့သို့ မနှေးမမြန်နှင့် လျှောက်လှမ်းလာခဲ့ကြ၏။

“ ဆရာ …” သက်လတ်ပိုင်း အမျိုးသားက သူ့ဖုန်းကို ထုတ်ပြီး တစ်ချက် ကြည့်လိုက်သည်။ “ ချန်ယွီ့ရဲ့ စိတ်ကျန်းမာရေးဆေးခန်းက ကျွန်တော်တို့ရဲ့ ရှေ့တည့်တည့်မှာပါ ….”

အဘိုးကြီး၏ ဆံပင်နှင့် မုတ်ဆိတ်တို့က ဖြူဖွေးနေသော်လည်း အသားအရေကတော့ ကလေးတစ်ယောက်နှယ် နူးညံ့နေသည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။

လူအုပ်ကြီးထဲတွင် ထင်းထွက်နေမည့် ကိုယ်ယောင်ကိုယ်ဝါမျိုး ပိုင်ဆိုင်ထားသည်။

လာရာလမ်းတစ်လျှောက်တွင် ခရီးသွား ဧည့်သည် အများအပြားက အဘိုးကြီးကို မြင်မိတိုင်း သမင်လည်ပြန် မကြည့်မိဘဲ မနေနိုင်ကြချေ။

“ ငါ့ရဲ့ ချစ်တပည့်ကြီး … မင်း ငါ့ဘေးနား ရှိလာတာလည်း ဆယ်နှစ်ကျော်နေပြီ ….” အဘိုးကြီးက စိတ်ကျန်းမာရေး ဆေးခန်း၏ တံခါးပေါက်ဝတွင် ရပ်တန့်နေရင်း “ ဒီတစ်ခါတော့ မင်းကိုယ်တိုင် လှုပ်ရှားပြီး ချန်ယွီ့ကို အဆုံးသတ်ပေးလိုက် …. တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့ ကြိုးစား … အချိန်မဖြုန်းနဲ့ …..”

“ ဟုတ်ကဲ့ပါ ဆရာ ….”

သက်လတ်ပိုင်း အမျိုးသားက ဦးညွှတ်လိုက်သည်။ ပြီးသည့်နောက် ကောက်ကျစ်ယုတ်မာသည့် မျက်နှာအမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ထွက်ပေါ်လာသည်။

လတ်တလောတင်မှ အင်မတန် ရက်စက်သည့် နည်းစနစ် တစ်မျိုးကို သူ့ ဆရာထံက သင်ယူတတ်မြောက်ပြီးသာ ဖြစ်၏။

ချန်ယွီ့ကို စမ်းသပ်ပစ္စည်းတစ်ခု အနေဖြင့် အသုံးချ၍ ရနိုင်သည်။

တစ်ချိန်တည်းမှာပဲ စိတ်ကျန်းမာရေး ဆေးခန်းတံခါးက တွန်းပွင့်လာခဲ့၏။

ရှော့ပင်းအိတ်ကို သယ်ဆောင်ရင်း ကျိုးခဲ့ရှင်းက သံစဉ်တေးတစ်ပုဒ်ကို နှုတ်က ညည်းတွားလျက် လမ်းလျှောက်ထွက်လာသည်။

“ ဟင် ရှင်တို့က …. ၊ ဒေါက်တာချန်ကို လာရှာကြတာလား …..”

နှစ်ယောက်က တံခါးပေါက်ဝတွင် ရှုပ်ထွေးသည့် အမူအရာများဖြင့် ရပ်တန့်နေတာကို မြင်တော့ ကျိုးခဲ့ရှင်းသည် ထိုသူများက ၎င်းတို့၏ ပြဿနာကို ဖြေရှင်းဖို့အတွက် ချန်ယွီ့အား လာရှာသူများ ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။ သို့ပေမယ့် ချန်ယွီ့က သူတို့၏ ပြဿနာများကို ဖြေရှင်းပေးနိုင်လောက်မည့် အစွမ်းအစမျိုး အမှန်တကယ် ရှိမရှိ ဝေခွဲမရဖြစ်နေကြဟန်ရ၏။

ထို့ကြောင့်လည်း တံခါးဝတွင် ရပ်တန့်ရင်း တုံ့ဆိုင်းနေကြဟန်ပင်။

အဘိုးကြီးက တစ်စုံတစ်ရာ ပြောဆိုတော့မည့်အချိန်မှာပဲ သူ့မျက်လုံးများက တစ်စုံတစ်ခုကို မျက်စိကျသွားခဲ့သည်။

သူ့နေရာကတစ်ဆင့် ၊ ဆေးခန်းထဲရှိ ပစ္စည်းစင်ကို လှမ်းပြီး မြင်တွေ့နေရ၏။

စင်ပေါ်ရှိ ပစ္စည်းများကို မြင်တော့ အဘိုးကြီးမှာ ပင့်သပ်ရှိုက်မိသွားခဲ့သည်။

“ ဆရာ … ဘာဖြစ်လို့လဲ ….”

သက်လတ်ပိုင်း အမျိုးသားက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

အဘိုးကြီးကိုယ်၌လည်း စိတ်ကျန်းမာရေး ဆေးခန်းသေးသေးလေးထဲ၌ ထိုမျှ တန်ဖိုးကြီး ရတနာ ပစ္စည်းတို့ များစွာ ရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

သူ့မှာ နှုတ်ဆိတ်လျက် ကြက်သေသေသွားခဲ့ရ၏။

‘ ဒီနေရာမှာ ဝိဉာဏ်ချီစွမ်းအင်တွေ အလျှံအပယ် ရှိနေတယ် … စင်ပေါ်က ပစ္စည်းတွေ အကုန်လုံးကလည်း ဝိဉာဏ်ချီစွမ်းအင် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေချည်းပဲ …’

ဤအကြောင်း စဉ်းစားမိတော့ အဘိုးကြီးက ကျိုးခဲ့ရှင်းသည် သူ့အရှေ့မှာပဲ ရှိနေသေးကြောင်းကို အမှတ်ရသွားခဲ့၏။

အပြစ်ကင်းစင်စွာ ပြုံးပြလိုက်ရင်း “ မိန်းကလေး … ငါတို့က မာစတာချန်နဲ့ လာတွေ့တာပါကွယ် ….”

“ ဒါပေမယ့် အပြင်ဘက်မှာ ဆွေးနွေးစရာလေး နည်းနည်း ကျန်နေသေးလို့ … တစ်အောင့်နေတော့မှပဲ ကိုယ့်ဘာကိုယ် အထဲဝင်သွားလိုက်မယ် … မိန်းကလေး မိတ်ဆက်ပေးဖို့ မလိုပါဘူး ….”

ကျိုးခဲ့ရှင်း ခေါင်းညိတ်လိုက်၏။ မည်သည်ကိုမျှ သံသယမဝင်ပါဘဲ သူမ၏ သံစဉ်ကို ဆက်ညည်းရင်း လိုအပ်သည်များ သွားဝယ်ဖို့ရာအတွက် စူပါမားကတ်သို့ ဦးတည်လိုက်၏။

“ ဆရာ …. ဒီမှာ ပုံမှန် မဟုတ်တဲ့အရာ တစ်ခုခု မြင်မိလို့လား ….”

ကျိုးခဲ့ရှင်း ထွက်ခွာသွားသည်နှင့် သက်လတ်ပိုင်း အမျိုးသားက သူ့အသံကို နိမ့်ပြီး ချက်ချင်း မေးမြန်းလိုက်သည်။

“ ပုံမှန်မဟုတ်တာ မဟုတ်ဘူး ဒီတိုင်း … ဒီတိုင်း မယုံကြည်နိုင်စရာ ကောင်းလွန်းနေတာပဲ …..”

အဘိုးကြီးက ဝန်ရှင်းဟွေ့ ဖုန်းထဲတွင် ဆရာယွမ်ဟု ခေါ်ဆိုခဲ့သည့် ကျွမ်းကျင်သူပင်။

ဆရာယွမ်က ဆယ်စုနှစ်များစွာ ကျင့်ကြံလာခဲ့ပြီး အော်ရာသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိနေသူ ဖြစ်သည်။

ဆိုင်ထဲ စင်ပေါ်တွင် ရှိသည့် ပစ္စည်းများက စိတ်ဝိဉာဏ်ပစ္စည်းများ ဖြစ်ကြောင်းကို သတိပြုမိဖို့ သူ့အတွက် မခဲယဉ်းပေ။

“ ဆရာ …. “ သက်လတ်ပိုင်း အမျိုးသားက ဆိုင်ထဲတွင် တန်ဖိုးကြီး ရတနာပစ္စည်းများ ရှိနေကြောင်းကို သတိပြုမိတော့ စဉ်းလဲသည့် လေသံဖြင့် “ ဒါဆို ပိုကောင်းသွားတာ မဟုတ်လား ….”

“ ကျွန်တော်တို့ ချန်ယွီ့ကို သတ်ပြီးရင် ဆိုင်ထဲ ပစ္စည်းတွေ အကုန်လုံးက ကျွန်တော်တို့ ဆရာတပည့် အပိုင်တွေ ဖြစ်ပြီလေ ….”

“ မိုက်မဲလိုက်တဲ့ကောင် ….”

“ ဒီလို ဝိဉာဏ်ချီပြည့်လျှံနေတဲ့ ပစ္စည်းတွေက လေထဲကနေ ထွက်လာတယ်လို့များ မင်းထင်နေလား ….” ဆရာယွမ်က သူ့တပည့်ကို တင်းမာစွာ သတိပေးလိုက်ပြီး “ ချန်ယွီ့က စိတ်ဝိဉာဏ်ပစ္စည်းတွေ သွန်းလုပ်တဲ့နေရာမှာ ကျွမ်းကျင်သူ ဖြစ်ရင်ဖြစ် ၊ မဟုတ်ဘူးဆိုရင် ဝိဉာဏ်ချီစွမ်းအင်တွေ အများကြီး ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိတဲ့လူ ဖြစ်ရမယ် …”

“ ဒါကြောင့်မို့လည်း ဝိဉာဏ်ချီတွေ အများကြီးက အဲ့ဒီ ပစ္စည်းတွေ အပေါ်မှာ ကိန်းအောင်းနေတာပဲ ….”

“ တကယ်လို့ ငါတို့ သူ့ကို သတ်လိုက်ရင် စင်ပေါ်က ပစ္စည်းတွေကိုပဲ ရမယ် ….”

“ ဒီလူကို ရှင်လျက် ထားလိုက်ရင်တော့ မင်းနဲ့ငါရောပါ လုံးဝ ခန့်မှန်းမထားနိုင်မယ့် အကျိုးအမြတ်တွေကို ရလိမ့်မယ် ….”

“ ငါ့ရဲ့ ချစ်တပည့်ကြီး … ဆရာ သူ့ကို တပည့် လက်ခံလိုက်မယ်ဆိုရင် ဘယ်လိုသဘောရလဲ …” ဆရာယွမ်က လုပ်ပြုံး တစ်ခုဖြင့် မေးလိုက်၏။

သက်လတ်ပိုင်း အမျိုးသားမှာ ခေတ္တခန့် ကြက်သေသေသွားခဲ့ပြီး … ထို့နောက်တွင်တော့ သူ့ဆရာ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

“ သိပ်ကောင်းတာပေါ့ ဆရာရယ် … ဆရာက လုံးဝကို အမေးဇင်းပဲ ….”

သက်လတ်ပိုင်း အမျိုးသားက မြှောက်ပင့်သည့် မျက်နှာအမူအရာနှင့် လက်မထောင်ပြလိုက်သည်။

“ နောင်ကျရင် ဆရာက သူရဲ့ ဆရာဖြစ်လာပြီး ကျွန်တော်ကတော့ သူ့ရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်လာမယ် … ဂျူနီယာ တပည့်လေးအနေနဲ့ ကိုယ့်ဆရာနဲ့ စီနီယာ အစ်ကိုကြီးကို နည်းနည်းပါးပါး အကျိုးပြုပေးသင့်တာက ထုံးစံပဲ မဟုတ်လား ….”

“ ဟားဟားဟား …..”

မဝေးတော့သည့် အနာဂတ်တွင် ဝိဉာဏ်ချီစွမ်းအင်များကို ဆက်တိုက် စုပ်ယူနိုင်ပြီး သူ၏ ကျင့်ကြံမှု အဆင့်များ နေ့စဉ်နှင့်အမျှ တိုးပွားလာတော့မည်ကို စဉ်းစားမိတော့ ဆရာယွမ်သည် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိသွားခဲ့သည်။

မောက်ရှန်းတောင်၊ ချွမ်ကျန်းဂိုဏ်း၏ ဂိုဏ်းသခင်၊ ဒါမှမဟုတ် လုံဟူတောင်၏ ကောင်းကင်ဆရာသခင်တို့ကို သူ့ခြေဖဝါးအောက် ဖိနှိပ်ထားနိုင်ဖို့ ဘယ်လောက်မျှ မလိုတော့ပေ။

ဆရာယွမ်မှာ သူ့အတွေးနှင့်သူ စိတ်ခံစားချက် ကောင်းမွန်နေပြီး ဆိုင်ထဲသို့ လျှောက်လှမ်းဝင်လာခဲ့၏။ သို့သော် သူ ခြေလှမ်းလှမ်းလိုက်သည့် အချိန်မှာပဲ မမြင်နိုင်သည့် အင်အားတစ်ရပ်က သူ့ကို တွန်းထုတ်လိုက်ရာ နောက်သို့ သုံးမီတာခန့် လွင့်ထွက်သွားခဲ့သည်။

“ အစီအရင် သေးသေးလေးက ငါ့ကို ရပ်တန့်နိုင်မယ်များ ထင်နေလား …. ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ ….”

အစီအရင် တစ်ခုက ဆိုင်ဝင်ပေါက်ဝကို ပိတ်ဆို့ထားကြောင်း သိလိုက်ရတော့ ဆရာယွမ် ဒေါသမထွက်သွားခဲ့ပေ။ ထိုအစား ပျော်ရွှင်မိ၏။

ချန်ယွီ့က ဝိဉာဏ်ချီစွမ်းအင်များ စုပ်ယူပြီး စိတ်ဝိဉာဏ် ပစ္စည်းများ ပြုလုပ်သည့် နေရာတွင် ထူးချွန်နေရုံမျှမက အစီအရင် အခင်းအကျင်းတွင်လည်း အတော်လေး ပေါက်ရောက်နေသည်။

သူက အများကြီး သိထားတာပဲ ….

ဆရာယွမ်မှာ ချန်ယွီ့ကို သူ့ တပည့်အဖြစ် ပိုင်ဆိုင်ချင်စိတ်တို့ ပိုလို့ပင် တိုးပွားလာခဲ့ရတော့သည်။

“ ဆရာ … ဒါက ဘယ်လို အစီအရင်မျိုးလဲ …. ဖျက်စီးဖို့ဆို ဘယ်လိုနည်းစနစ်မျိုးကို ကျွန်တော် သုံးသင့်လဲ ….”

သက်လတ်ပိုင်း အမျိုးသားက နှိမ့်ချစွာ မေးမြန်းလိုက်သည်။

“ ဒီတိုင်း ပုံရိပ်ယောင်အစီအရင်လေးပါပဲ … ထျန်းကန်းတိကျစ်း နည်းလမ်းနဲ့ဆိုရင် ဝင်ဖို့ မခက်ပါဘူး ….”

ဆရာယွမ်က အစီအရင်ကို မည်သို့ ချိုးဖျက်ရမလဲဆိုတာကို ရှင်းပြပြီးနောက် ဆိုင်ထဲ ဝင်ရောက်လိုက်သည်။

သက်လတ်ပိုင်း အမျိုးသားမှာ သူ့ဆရာ ဘာတွေ ပြောနေလဲဆိုတာကို နားလည် သဘောပေါက်ဟန် မရပေ။ သို့ပေမယ့် တတ်သိပညာဗဟုသုတနှင့် ပြည့်ဝလွန်းသည်ဟု သူ့ဆရာအား ချီးကျူး မြှောက်ပင့်လိုက်သည်။

“ ချစ်တပည့်ကြီး … ဆရာမင်းကို ဘယ်လို ခေါ်သွားမလဲဆိုတာ ပြမယ် …” ဆရာယွမ်က ဝင့်ကြွားစွာ ဆိုလိုက်၏။

သူ့စကားဆုံးသည်နှင့် ဆရာယွမ်၏ ခြေလှမ်းများက နေရာဆက်တိုက် ပြောင်းလဲသွားခဲ့သည်။

ပြီးသည့်နောက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်၏။

မမြင်နိုင်သည့် အင်အားတစ်ရပ်က ထပ်မံရိုက်ခတ်လာပြီး ဆရာယွမ်အား တွန်းထုတ်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ဆရာယွမ်မှာ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားခဲ့ပြီး လမ်းပေါ် လဲကျသွားလုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် နောက်ဆုံး အခိုက်အတန့်တွင် သူ့ကိုယ်သူ အရှိန်သပ်လိုက်နိုင်ပြီး ခြေကို မြဲမြံစွာ ကုပ်နိုင်လိုက်၍ပင်။

သက်လတ်ပိုင်း အမျိုးသားက တစ်ခုခု မူမမှန်သည်ကို ခံစားမိသွားပြီး “ ဆရာ …..” သူ သွယ်ဝိုက်ပြီး မေးလိုက်၏။ “ ဒီရဲ့ ပုံရိပ်ယောင် အစီအရင်က တစ်ခုခု မှားနေလို့များလား ….”

“ ဒီတိုင်း အစီအရင် သေးသေးလေး တစ်ခုတည်းကို ဘာများ ထူးဆန်းစရာ ရှိလို့ … ငါ စောနတုန်းက ဒီတိုင်း သတိမထားမိလိုက်ရုံပဲ … ဒီတစ်ခါတော့ သေချာပေါက် အထဲဝင်ပြမယ် ….”

ဆရာယွမ်က သူ့ကိုယ်သူ အားတင်းပြီး နောက်တစ်ကြိမ် ထပ်မံကြိုးစားလိုက်သည်။

စုစုပေါင်း စက်ဝိုင်း ၁၈ ခုစာခန့် လှည့်ပတ်လျှောက်လမ်းပြီးနောက်တွင် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ လွှားခနဲ ခုန်ကျော်လိုက်သည်။

တစ်နာရီနီးပါးခန့်ကြာပြီးနောက် ….

ဆရာတပည့်နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြ၏။

ဘာတွေ ဖြစ်နေတာတုန်းဟ …

ဒီ အစီအရင်ရဲ့ သဲလွန်စတွေကိုလည်း သူ မြင်ပြီး ဘယ်လို ဖောက်ထွင်းဝင်ရမလဲဆိုတာလည်း သိနေတယ်လေ … အဲ့တာကို ဘာလို့ မဝင်နိုင် ဖြစ်နေရတာလဲ ….

သက်လတ်ပိုင်း အမျိုးသားသည်လည်း သူ့ဆရာ၏ အခြေအနေကို မရိပ်ဖမ်းမိဘဲ မနေပေ။

သူ့ဆရာက အစီအရင်ကို မှားယွင်း အကဲဖြတ်မိကြောင်း ဝန်မခံလိုရုံမျှပင်။

ထပ်ခါထပ်ခါ ကြိုးပမ်းပြီး လက်လျှော့လိုက်ဖို့ ဆန္ဒမရှိပေ။ ထို့အတွက် ထပ်ခါတလဲလဲ တွန်းထုတ်ခံနေရ၏။

“ ဒေါက်တာချန် … ကျွန်မ အထင် အပြင်က လူနာ နှစ်ယောက်ရဲ့ စိတ်ရောဂါက အခြေအနေ တော်တော်ကြီး ဆိုးနေပြီ ထင်တယ် ….”

ဆေးခန်းထဲတွင်တော့ ကျိုးခဲ့ရှင်းသည် လိုအပ်သည့်အရာများ ဝယ်ယူလာခဲ့ပြီး နေ့လည်စာအတွက် ပြင်ဆင်လိုက်သည်။

ဆရာယွမ်က ဆေးခန်းဝင်ပေါက်ဝတွင် ရှေ့တိုးလိုက် ၊ နောက်ဆုတ်လိုက် ၊ ခေါင်းကုတ်လိုက် လုပ်နေတာကို မြင်တော့ ကျိုးခဲ့ရှင်းသည် အဘိုးကြီးတွင် ADHD ရှိနေသည်ဟု မှန်းဆကြည့်လိုက်၏။

ချန်ယွီ့ သူ့ ဝါးတူကို ကောက်ကိုင်ကာ ပန်းကန်လုံးထဲသို့ ဟင်းများ အပြည့်ထည့်လိုက်သည်။

“ ဒီနှစ်ယောက်က တကယ်လည်း ရောဂါ အတော်ရင့်နေပြီ ….” သူ နှာမှုတ်လိုက်ပြီး “ ဒါပေမယ့် ရောဂါက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘူး … သူတို့ရဲ့ နှလုံးသားထဲမှာပဲ ….”

“ နှလုံးသားတွေက ညစ်ထေးလွန်းလို့ ကံကြွေးက သိပ်မကြာခင် ရောက်လာခဲ့တော့မယ်…. “

စာစဉ် (၂၇) ပြီး၏။

All Chapters