← Chapters

ကျင်းချန် မြို့ရဲ့ နတ်ဆိုး

Vol. 3 Ch. 29

ကျင်းချန် မြို့ရဲ့ နတ်ဆိုး

Vol. 3 Ch. 29

ထိုကွန်းမန့် ပျောက်ကွယ်သွားပြီး၊ နောက်ထပ် ကွန်းမန့်တစ်ခုက ထွက်ပေါ်လာသည်။

“ ဒေါက်တာချန် … မင်းပြောနေတာ ကျင်းချန်မြို့ မြောက်ပိုင်းက မြို့ငယ်လေး အကြောင်းလား …”

“ ငါတော့ သူ ဘယ်သူဆိုတာ သိပြီ ထင်တယ် …”

“ ဘုရားရေ … အဲ့တာ တကယ်ကြီး သူလား …”

“ သေချာပေါက် သူပဲ ဖြစ်ရမယ် …”

“ ပထမ နစ်နာသူက ချမ်းသာတဲ့ သူဌေး … ဒုတိယ နစ်နာသူက ရုံးဝန်ထမ်း အမျိုးသမီး …”

ကျင်းချန်မြို့ဟူသော ဖွင့်ဟမှုက ပျားအုံကို တုတ်နှင့် သွားဆွလိုက်သည်နှင့် တူသည်။

ကျင်းချန်မြို့က ကြည့်ရှုသူများမှာ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ ဘိုးဘေး ၁၈ ဆက်ကို ကျိန်ဆဲ နည်းလမ်းပေါင်းစုံနှင့် ကျိန်ဆဲကြတော့သည်။

ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများကို ပြောဆိုမိသည့်အတွက် အကောင့် အပြစ်ပေးခံနေရသော်လည်းပဲ ကျင်းချန်မြို့ရှိ ကြည့်ရှုသူတို့မှာ ဆက်ပြီး ကျိန်ဆဲနေခဲ့ကြဆဲဖြစ်၏။

“ သူ့လို လူစားမျိုးကို သေဒဏ်ပေးတယ်ဆိုတာ ငဲ့ညှာလွန်းရာ ကျလွန်းတယ် …”

“ ဒီနတ်ဆိုးက သုတ်သင်ခံရသင့်တယ် …”

“ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တစ်ခုချင်းစီ လိုက်ကောက်နေရင် မနက်မိုးလင်းသွားမယ်ထင်တယ် …”

“ မင်း ခွေးချေးကောင် …”

“ အဲ့တုန်းက စောင့်ကြည့်ရေး ကင်မရာတွေ သိပ်မရှိသေးလို့ပေါ့ … ဒီနေ့ခေတ်လိုမျိုးသာဆို ဒီ နတ်ဆိုး သေတာကြာလှပြီ ….”

“ သူက ကျင်းချန်မြို့ရဲ့ နတ်ဆိုးလို့ မင်းပြောနေတာလား …”

“ သူ့ကြောင့်ပေါ့ ... မြို့မှာ ရှိတဲ့ မူလတန်းနဲ့ အလယ်တန်း ကျေင်းတွေ အကုန် မမှောင်ခင် အိမ်ပြန်လွှတ်ရတာ …”

“ သိန်းနဲ့ချီတဲ့ မြို့သူ မြို့သားတွေက ဒီ နတ်ဆိုးရဲ့ ခြောက်လှန့်မှုဒဏ်ကို နှစ် ၂၀ လောက် ခါးစည်းခံခဲ့ရတာ ….”

“ ဒါသာ ဟိုးရှေးတုန်းကဆိုရင် ဒီ မျိုးမစစ်ရဲ့ ပြစ်မှုက ဆွေမျိုးမျိုးစဉ် ရှစ်ဆက်လုံးကို သတ်ပြစ်ရင်တောင် အံ့အားသင့်ဖို့ ကောင်းနေမှာ မဟုတ်ဘူး …”

“ သူက လူ ၁၆ ယောက်တောင် သတ်ခဲ့တယ် … ဒေါက်တာချန်က သူ့ကို ဆိုက်ကိုပါ့လို့ ပြောတာ မဆန်းတော့ဘူးပဲ …”

ကြည့်ရှုသူတိုင်းက ကျင်းချန်မြို့မှ မဟုတ်သော်ငြား သူတို့အားလုံး ကျန်းချန်မြို့၏ နတ်ဆိုးကို ရင်ထဲ အသည်းထဲကနေ၍ နှစ်နှစ်ကာကာ ရွံမုန်းတီးခဲ့ကြသည်။

ကျင်းချန်မြို့၏ နတ်ဆိုးဟူသော နာမည်က လူတိုင်းကို ကြောက်ရွံ့မှုကြောင့် တုန်ခါသွားစေဖို့ လုံလောက်၏။

ငါးနှစ်အတွင်းမှာပဲ သူက အပြစ်မဲ့သည့် လူ ၁၆ ယောက်ကို သတ်ဖြတ်ခဲ့သည်။

သူ့ နည်းလမ်းတို့က ရက်စက်သည်။ ပြီးတော့ တန်ပြန်ကင်းထောက်သည့် စွမ်းရည်ကလည်း သန်မာသည်။

သူက ပုံမှန် သွေးအေး လူသတ်သမားတို့နှင့် မတူညီဘဲ ကျင်းချန်ရဲ့ နတ်ဆိုးက ပစ်မှတ် တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။

သူက ကြုံရာကျပန်း လူသတ်သည်။

တစ်ချို့သော သတင်းမီဒီယာများက သူ့ကို မျက်မှောက်ခေတ်၏ Jack the Ripper ဟုတောင် တင်စားခဲ့ကြသေးသည်။

ကွန်းမန့်ခန်းကို ကြည့်ရင်း ချန်ယွီ့ ပြောလိုက်၏။ “ သူ သတ်ခဲ့တဲ့လူတွေက ၁၆ ယောက်ထက် ပိုတယ် …”

“ ပထမ နစ်နာသူ ချမ်းသာတဲ့ သူဌေးကြီးက သူ့ ဇနီး ကိုယ်ဝန် ရှစ်လ ရှိနေတဲ့ အချိန်မှာ အသတ်ခံခဲ့ရတာပဲ …”

“ သူ(မ) အိမ်ပြန်ရောက်လာပြီး သူ့အမျိုးသားရဲ့ ကံဆိုးတဲ့ အဖြစ်အပျက်ကို မြင်တော့ စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ရှော့ခ်ရသွားခဲ့ရုံ မကသေးဘူး … ကိုယ်ဝန်လည်း ပျက်ကျသွားခဲ့တယ် …”

“ သူ့ ဇနီး ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရတာကြောင့် လုံခြုံရေး ကပ္ပတိန်လည်း အကြီးအကျယ် စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားသွားရပြီး လောကကြီးထဲကနေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ရတယ် …”

“ တခြား နစ်နာသူ အများကြီးရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေလည်း စိတ်ရောဂါ ကုသဖို့ ဆေးရုံတင်လိုက်ရတာချည်းပဲ …”

“ အဲ့လိုလူတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် သူက လူပေါင်း ၃၄ ယောက်ရဲ့ ဘဝတွေကို ဖျက်စီးခဲ့တဲ့သူပဲ …”

ပြစ်မှု နောက်ကွယ်ရှိ ဇာတ်လမ်းများကို ချန်ယွီ့ ကောင်းကင် လျှို့ဝှက် နည်းဗျူဟာဖြင့် တွက်ချက်ကြည့်ရှုခဲ့ဖြင်း ဖြစ်ပြီး ဤအရာများက လူမြင်ကွင်းသို့ တစ်ကြိမ်တစ်ခါမျှ ဖော်ထုတ်ခံခဲ့ရဖူးခြင်း မရှိချေ။ ကျင်းချန် ဒေသခံများပင် ဤမျှ များပြားသည့် နစ်နာသူများ ရှိနေခဲ့သည်ကို မသိရှိခဲ့ကြချေ။

“ ဒီ ခွေးမသား မျိုးမစစ်ရှိတဲ့ နေရာကို သတင်းပေးနိုင်ရင် ငါ ယွမ် တစ်သိန်းပေးမယ် …”

“ ငိုးပဲ … ငါလည်း နောက်တစ်သိန်း ထပ်ပေါင်းပေးမယ် ….”

“ ဒီရဲ့ လိုက်စထွင်းထဲမှာ ဟက်ကာ တစ်ယောက်ယောက်များ ပါလား … ဒီ နတ်ဆိုးရဲ့ IP လိပ်စာကို စုံစမ်းပေးကြစမ်းပါ ….”

“ ငါက ဟန်ကျိုးမြို့သားပဲ … ဒီနတ်ဆိုးကို အမဲလိုက်ဖို့ ဘယ်သူ ငါနဲ့ အုပ်စုဖွဲ့ချင်လဲ …”

“ ငါ ပါမယ် …”

“ နစ်နာသူတွေရဲ့ မိသားစုက ရင်ထဲ ပူဆွေးသောက ရောက်နေချိန်မှာ ဒီ မျိုးမစစ်ကြီးက ဘဝကို သက်တောင့်သက်သာနဲ့ နေနေတယ် … ဒါကြီးက စောက်ရမ်း ရယ်ချင်စရာ ကောင်းလွန်းတယ် …”

“ ငါ ကံကံ၏ အကျိုးကို ယုံကြည်တဲ့ ကောင်တော့ မဟုတ်ဘူး … ဒါပေမယ့် ဒီကောင် ငရဲကြီး ၁၈ ထပ်မှာ တစ်သက်လုံး ငရဲကျနေဖို့ မျှော်လင့်တယ် …”

ကြည့်ရှုသူများ၏ တရားမျှတမှုကို လိုလားသည့်စိတ်က ယခုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့သည်။

သက်ဆိုင်ရာ အာဏာပိုင်များကို တစ်ကြိမ်ပြီး တစ်ကြိမ် လှည့်စားနိုင်ခဲ့သည့် ကျန်းချန် နတ်ဆိုး၏ အစွမ်းအစတို့ကြောင့် အင်တာနက်ပေါ်တွင် သူ့အကြောင်း ပုံပြင်ဇာတ်လမ်းများနှင့် သတင်းဆောင်းပါးတို့ များစွာ ရှိခဲ့သည်။

ထိုသို့ ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းတို့ထဲ တစ်ခုက သူ၏ မြင့်မားလှတော့ အိုင်ကျူကြောင့်ဖြစ်ပြီး တစ်ခြား အကြောင်းအရင်း တစ်ခုကတော့ ထိုခေတ် ထိုအခါက နည်းပညာ အကန့်အသတ် ရှိနေမှုတို့ကြောင့်ပင်။

လွန်ခဲ့သော နှစ် ၂၀ ခန့်က စောင့်ကြည့်ရေး ကင်မရာများကို ပထမ အဆင့် မြို့ကြီးပြကြီး တစ်ချို့တွင်သာ တပ်ဆင်ခဲ့ကြသည်။

ထို့ပြင် ကင်မရာ အလုံးရေကလည်း အတော်လေး နည်း၏။

အင်တာနက်ပင် ကောင်းစွာ အသုံးမပြုနိုင်သည့်အခါ DNA ဖြင့် ဒေတာစစ်ဆေးဖို့ဆိုသည်ကတော့ မဖြစ်နိုင်သည့် အရာပင်။

သို့ပါသော်လည်း ရာဇဝတ်မှု စုံစမ်းရေး နည်းပညာများ ခေတ်မမီစဉ် အချိန်ကပင် ကျင်းချန်မြို့၏ ဒေသခံ ရဲတပ်ဖွဲ့က ဤကိစ္စ စုံစမ်းမှုအပေါ် ဘယ်တော့မှ လက်လျော့မသွားခဲ့ချေ။

ထိုအမှုကို နှစ်တွေအကြာကြီး စုံစမ်းလာခဲ့ရာ ခေါင်းဆောင် ခုနစ်ယောက် လက်ထဲ ပြောင်းလဲခဲ့ပြီး ထိုအနက် ခြောက်ဦးကတော့ စုံစမ်းရင်း မောပန်းမှုကြောင့် အနားယူသွားခဲ့ကြသည်။

ကျင်းချန် မြို့သူမြို့သားများလည်း စုံစမ်းရေး အမှုက ဤသည်မှာ လူတစ်ဦး၏ ကွင်းဆက်လူသတ်မှု ဖြစ်သည်ဟု ထုတ်ပြန်လိုက်သည်နှင့် အိမ်တိုင်းတွင် လုံခြုံရေး တံခါးပေါက်များ တပ်ဆင်လာခဲ့ကြပြီး ညမှောင်သည်နှင့် မည်သူကမျှ အပြင်မထွက်ဝံ့ကြတော့ချေ။

ဤနတ်ဆိုးက သူတို့ကို သတ်ဖြတ်ရုံမျှမက ၊ ဖမ်းဆီး အဓမ္မကျင့်မည်ကိုလည်း စိုးရိမ်ပူပန်ခဲ့ကြသည်။

ကျင်းချန်မြို့ကနေ ထွက်မသွားနိုင်သေးသည့် လှပသည့် အမျိုးသမီးတိုင်း မလုံ့တလုံ အဝတ်အစားများကို ဝတ်ဆင်ခြင်း မပြုဝံ့ကြကာ အပြင်ထွက်သည့် အချိန်တိုင်းလည်း မိမိကိုယ်ကို ရုပ်ဆိုးအောင် ပြုလုပ်ပြီးမှသာ အပြင်သို့ ထွက်ကြသည်။

သူမတို့မှာ စကတ် ဂါဝန်ပင် မဝတ်ဆင်ရဲခဲ့ကြပေ။

“ မင်း နတ်ဆိုး … ငါ့ ဝမ်းကွဲရဲ့ အသက်ကို ပြန်ပေးစမ်း …”

“ သားလေး … လူသတ်သမားကို အခု ရှာတွေ့သွားပြီး … မင်း နောက်ဆုံးတော့ စိတ်အေးလက်အေးနဲ့ အနားယူနိုင်ပြီ ….”

“ ငါ အခုချက်ချင်းပဲ ဟန်ကျိုးကို သွားဖို့ လက်မှတ်ဝယ်နေပြီ … ငါ မင်းလို နတ်ဆိုးကောင်ရဲ့ အဆုံးသတ်ကို ကိုယ်တိုင် မျက်လုံးနဲ့ မြင်ချင်တယ် …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ကျင်းချန်မြို့၏ နတ်ဆိုးဖြစ်သည်ဟူသော ချန်ယွီ့၏ ဖော်ထုတ်မှုအပြီးတွင် လိုက်စထွင်းခန်းထဲရှိ ကြည့်ရှုသူ အရေအတွက်ကလည်း ၁.၅ သန်းသို့ ချက်ချင်း ၀င်ရောက်သွားခဲ့၏။

အများစုက ကျင်းချန်မြို့သားများပင်။

ချန်ယွီ့က အံ့ဩဖို့ကောင်းသည့် လိုက်စထွင်းတစ်ခုကို ဖန်တီးလိုက်ပြန်သည်။ တူညီသည့် မြို့တစ်မြို့တည်းမှ သိန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ လိုက်စထွင်းတစ်ခုထဲတွင် စုဝေးနေခဲ့ကြ၏။

“ ငါ ကြားတာ ဒီစထွင်မာက ကျင်းချန်ရဲ့ နတ်ဆိုးကို အွန်လိုင်းမှာတင် ဖမ်းမိလိုက်တယ်ဆို … သူ အဲ့လောက်တောင် နတ်ဘုရားဆန်တာလား …”

“ သေစမ်း … လိုက်စထွင်းထဲ ကြည့်ရှုသူ အရေအတွက်ကြီးက ရူးချင်စရာကြီး … ဒါ ကျင်းချန်မြို့ စုဝေးပွဲများလား … ဘာလို့ ကြည့်ရှုသူတွေ အားလုံးရဲ့ IP လိပ်စာက ကျင်းချန်မြို့ ဖြစ်နေတာလဲ …”

“ သူတို့က ကြည့်ရှုသူတွေ မဟုတ်ဘူး … သူတို့က နစ်နာသူတွေ …”

“ ဒါ မျက်မှောက်ခေတ်ရဲ့ Jack the Ripper မဟုတ်လား … သူ့ကြည့်ရတာ ကောလဟာလတွေထဲကလို ကြောက်ဖို့လည်း မကောင်းပါဘူး …”

“ ငါ့ထိပ်ကကောင် … ဒီခုလို အချိန်မျိုးမှာ မင်းအဲ့လို စကားမျိုး ပြောတာ မင်းကိုယ်မင်း သိပ်မိုက်တယ်လို့ ထင်နေလား …”

“ ဒီကောင့်ကို သေဒဏ်ပေးမယ့်အစား အပိုင်း တစ်ထောင်လောက် ခုတ်ထစ်ဖို့ အကြံပြုချင်ပါတယ် ….”

“ ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ပြောင်မြောက်တဲ့ အကြံပြုချက်ကို ပထမဆုံး ကြားဖူးတာပဲ …”

“ ငါ အခုမှ ရောက်လာတဲ့သူပါ … သူ့ကို ဆဲဖို့ တန်းစီစရာ လိုသေးလား …”

အင်မတန်များပြားသည့် ဖိအားကို ခံစားနေရသည့်အတွက် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]မှာ စတင် ပျာယာခတ်လာခဲ့သည်။

သူ အံကို တင်းတင်းကြိတ်၍ စကားကို ကတ်တီးကပ်ဖဲ့ ပြန်ပြောလိုက်၏။

“ ငါ မင်းရဲ့ အလိမ်အညာတွေကို ဖော်ထုတ်လိုက်တာကြောင့်နဲ့ပဲ ငါ့ကို လူသတ်သမားဆိုပြီး ခေါင်းစဉ်တပ်တယ်ပေါ့ …”

“ မင်း ရက်စက်လိုက်တဲ့ကောင် …”

“ အလိမ်အညာက အလိမ်အညာပဲ … ဒီလို အခြေအမြစ် မရှိ စွပ်စွဲတာကို ဘယ်သူကမှ မယုံဘူး …”

သူ ဤခု လိုက်စထွင်းသို့ ရောက်လာခဲ့သည်က စထွင်မာ၏ အလိမ်အညာ ဇာတ်လမ်းကို ဖော်ထုတ်ဖို့ရာပင်။

ထိုအစား သူ ပြုခဲ့သည့် ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ခံလိုက်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

“ ခင်များရဲ့ ကွင်းဆက်လူသတ်မှုတွေက ချို့ယွင်းချက်ကင်းတယ်လို့ ခင်များကိုယ်ခင်များ ထင်နေလား …”

“ ဒီလောကကြီးမှာ ပြီးပြည့်စုံတဲ့ လူသတ်မှု မရှိဘူးဆိုတာ ခင်များလည်း သိတယ် …”

ချန်ယွီ့ နှာမှုတ်လိုက်သည်။

“ ခင်များ ကျူးလွန်ခဲ့တဲ့ ပထမဆုံး လူသတ်မှုခြောက်ခုမှာ ခင်များဘက်က အလွန်အမင်း သတိထားတော့ ဘာ သဲလွန်စမှ မချန်ထားခဲ့ဘူး …”

“ ခုနစ်ကြိမ်မြောက်ရောက်တော့ ခင်များ စပြီး မောက်မာလာတယ် …”

“ ခင်များရဲ့ အထောက်အထားတွေ အများကြီးကို အခင်းဖြစ်တဲ့နေရာမှာ ချန်ထားခဲ့တယ် …”

“ နည်းပညာ အကန့်အသတ်ရှိတာကြောင့် ရဲအရာရှိတွေက သူတို့မှာ ရှိတဲ့ နည်းပညာလေးကို သုံးပြီး လူတိုင်းလူတိုင်းနဲ့ အရာရာတိုင်းကို ရှာဖွေခဲ့တယ် …”

“ သူတို့က ပုံကြီးချဲ့ မှန်ဘီလူးတွေ သုံးပြီး လက်ဗွေရာနဲ့ ခြေရာတွေကို တစ်ယောက်ပြီး တစ်ယောက် တိုက်စစ်တယ် …”

“ ရဲတွေက ကျင်းချန် ဒေသခံတွေရဲ့ လက်ဗွေရာတွေ စပြီး စုဆောင်းနေတော့ ခင်များ ကီလိုမီတာ တစ်ရာကျော်လောက် ပြေးသွားခဲ့ပြီး တခြား မြို့တစ်မြို့မှာ သွားတိမ်းရှောင်နေခဲ့တယ် …”

“ ဒါပေမယ့် အဲ့တာက ခင်များ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ရပ်တန့်မသွားစေခဲ့ဘူး …”

“ နောက်ထပ် လူနည်းနည်းပါးပါး ထပ်သတ်ဖို့ ကျင်းချန်မြို့ကို ဘက်စ်ကားနဲ့ အသွားအပြန် လုပ်တယ် …”

“ လူသတ်မှု ကျူးလွန်ပြီးတာနဲ့ တခြား ဘက်စ်ကားနဲ့ မြို့ထဲကနေ ချက်ချင်း ထွက်တယ် …”

“ ခင်များ ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ ရာဇဝတ်မှုတွေကြောင့် ကျင်းချန်မြို့ဘက်စ်ကား ဌာနက နိုင်ငံထဲမှာ လက်မှတ်ဝယ်ယူသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို တောင်းခံရတဲ့ ပထမဆုံး တစ်ခု ဖြစ်လာတယ် …”

“ ဘက်စ်ကား ဌာနရဲ့ စတိုခန်းထဲမှာ ခင်များ အဲ့ဒီနှစ်က ဝယ်ခဲ့တဲ့ လက်မှတ် မှတ်တမ်းတွေ ကျန်နေသေးတုန်းပဲ …”

“ အဲ့ဒီ အချိန်တုန်းက ကျင်းချန်ရဲတပ်ဖွဲ့မှာ ဒေတာခွဲခြမ်းစိတ်ဖြာတဲ့ စနစ်တွေ ၊ ဇီဝနည်းနဲ့ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းပညာတွေ မရှိသေးဘူး …”

“ ဒါပေမယ့် အခု … သူတို့မှာ ဒါတွေ အကုန် ရှိပြီ …”

“ ခင်များ ရဲတွေကို စော်ကားဖို့ဆိုပြီး တမင်တကာ ချန်ထားခဲ့တဲ့ သဲလွန်စတွေက အခု ခင်များရဲ့ လည်ပင်းကို စွပ်မယ့် ကြိုးကွင်းဖြစ်လာပြီပဲ …”

ဘန်း …

ဆူညံသံတစ်သံက တံခါ အပြင်ဘက်မှ ပျံ့လွင့်လာခဲ့ပြီး လူတွေ အများကြီး အထဲသို့ ပြေးဝင်လာခဲ့၏။

ရဲအရာရှိ လေးငါးဦးခန့်က ထိုင်ခုံပေါ်တွင် မြဲမြံစွာ ထိုင်နေခဲ့သည့် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ ကိုယ်ပေါ်သို့ ခုန်အုပ် ဖိနှိပ်ထားလိုက်ကြသည်။

All Chapters