တစ်ခြား အဆုံးသတ် တစ်ခု
Vol. 1 Ch. 8
“ ဒေါက်တာချန် … ပြောလိုက်ပါ … ငါ ခံနိုင်ရည်ရှိပါတယ် …”
ယနေ့ သူ့သိက္ခာများအားလုံး ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် အရာအားလုံး ပေးဆပ်၍ ဟိုး ရေဆုံးမြေဆုံးထိ လိုက်ရန် ဆုံးဖြတ်ထားခဲ့သည်။
“ ဘယ်လိုတောင်ကောင်းတဲ့ လူကောင်းလေးလဲ … သူ ငါတို့ကို အပြင်လူလို့ သဘောမထားဘူးပဲ …”
“ သူက အမြဲတမ်း ငါ့ဘရိုပဲ …”
“ သူ့ရဲ့ စစ်မှန်တဲ့ စိတ်ရင်းအစစ်မှန်ကို ငါဘယ်တော့မှ သံသယ မဝင်တော့ဘူး … တစ်စက္ကန့်လေး ဆိုရင်တောင်မှနော် …”
“ လခွမ်းကို မဝင်တာလား … မင်းစောနက သူ့ကို အစော်ကားဆုံးဆိုတာ ငါ မြင်တယ် …”
“ သူတို့နှစ်ယောက်ရဲ့ အနာဂတ်က ခလုတ်ကန်တင်းတွေနဲ့ ပြည့်နေမှာ ဟုတ်တယ်မလား …”
ကြည့်ရှုသူများကတော့ သူတို့ ထင်ရာမြင်ရာကို စကားပြောခန်းထဲတွင် ဆက်တိုက် ပြောနေခဲ့ကြသည်။
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]ကတော့ ၎င်းတို့အား လုံးလုံးလျားလျား ဥပေက္ခာပြုထားခဲ့၏။
သူ့အနာဂတ် ဘယ်လိုပုံစံ ဖြစ်မလဲ ဆိုတာကိုပဲ သူသိချင်သည်။
“ တကယ်လို့သာ မင်းဒီနေ့ အမှန်တရားကို မသိခဲ့ဘူးဆိုရင် မင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်မယ် … မင်းတို့ စုံတွဲက လူတိုင်း အားကျရတဲ့ စုံတွဲ ဖြစ်လာမယ် …”
“ မင်းတို့နှစ်ယောက်က တစ်သက်လုံး အေးအေးချမ်းချမ်း ၊ သာသာယာယာနဲ့ အချိန်တွေ ကုန်ဆုံးပြီး ဘယ်တော့မှ ရန်ဖြစ်တယ်ဆိုတာရယ်လည်း ရှိမှာမဟုတ်ဘူး …”
ချန်ယွီ့ နောက်ထပ် သတင်းအချက်အလက် အတိုအထွာလေးအား ပြောပြပေးလိုက်သည်။
“ လူတိုင်း အားကျရတဲ့ စုံတွဲ ….”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ အမူအရာမှာ လုံးဝ ရှော့ခ်ရနေခဲ့သည်။
တစ်နည်းဆိုရသော် … သူက ‘သူမ’ကို လက်ထပ်မည်ဆိုသည့် သဘောပင်။
“ ဒါကြီးက ငါတို့စိတ်ကူးထားတာနဲ့ နည်းနည်းလွဲနေတာပဲ …”
“ လက်ထပ်ပြီး ဆယ်စုနှစ်ကျော် အတူနေခဲ့ပြီးတာတောင် သူနဲ့ပတ်သက်ပြီး တစ်ခုခု လွဲနေတယ်ဆိုတာ သတိမထားမိဘူးလားဟ ….”
“ ဇာတ်ပို့နေရာ ပထမအဆင့် ၊ သရုပ်ဆောင်အရည်အချင်း ဒုတိယအဆင့် ၊ ဇာတ်ညွှန်းကတော့ တတိယအဆင့် ….”
“ အချိန်နဲ့အမျှ သူတို့ရဲ့ အချစ်တွေ နက်ရှိုင်းလာလို့များလား ….”
စကားပြောခန်း တစ်ခုလုံး သံသယဖြစ်သည့် ကွန်းမန့်တို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
သူမ မည်သို့သော ပလတ်စတစ် ဆာဂျရီကိုပဲ ပြုလုပ်ခဲ့သည် ဖြစ်စေ၊ အမျိုးသားတစ်ဦးကို အမျိုးသမီးတစ်ဦးသို့ လုံးလုံးလျားလျား ပြောင်းလဲပစ်ဖို့ဆိုသည်မှာ အင်မတန် ခဲယဉ်းပြီး မဖြစ်နိုင်သည့်အရာပင်။ ၎င်းတို့၏ ခန္ဓာကိုယ်ထက်တွင် ဝိသေသ လက္ခဏာတစ်ချို့တော့ ကျန်ရစ်ခဲ့မည်မှာတော့ အနည်းနှင့် အများပင်။
ချယ်ရီသစ်ပင်က အကန်းမဟုတ်သရွေ့ သူတစ်နေ့ ရှာတွေ့သွားခဲ့မည်မှာ အနှေးနှင့် အမြန်ပင်။
“ ဒေါက်တာချန် … ငါတို့နှစ်ယောက် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေး ဘဝကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ တကယ်လား …”
အခြေခံကျကျဆိုပါက … ဤသည်က လုံးဝ မဖြစ်နိုင်သည့် အရာမှန်း [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] သိသည်။
သို့သော် ကံဆိုးစွာဖြင့် အဆိုပါ စကားလုံးတို့က ချန်ယွီ့၏ နှုတ်ထွက်စကားတို့ ဖြစ်နေခဲ့၏။
“ သူက ကလေးဘဝတုန်းကတည်းက လမ်းဘေးတစ်ခုမှာ သူ့မိဘရင်းတွေရဲ့ စွန့်ပစ်တာကို ခံခဲ့ရတယ် …” ချန်ယွီ့ စကားကို ဆက်ပြီးတော့ ဖြည်းညင်းစွာ ပြောသည်။ “ ကံကောင်းချင်တော့ ကူညီပေးတတ်တဲ့ လူတစ်ယောက်က သူ့ကို ရှာတွေ့တော့ မိဘမဲ့ဂေဟာဆီ ခေါ်သွားပေးခဲ့တယ် …”
“ အဲ့မှာ စွန့်ပစ်ခံရတဲ့ ကလေးအများစုက မိန်းကလေးတွေ …”
“ မိန်းကလေးတွေ အများကြီးရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ယောက်ျားလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ အကျင့်လက္ခဏာတွေထဲမှာ အနည်းနဲ့ အများတော့ မိန်းမသားဆန်တဲ့ သဘာဝတွေ ပါနေမှာပဲလေ ….”
“ ပြီးတော့ သူက မွေးရာပါ နှုတ်ခမ်းလည်းလှတယ် … သွားလည်းလှတယ် … နူးညံ့ချိုသာတဲ့ အသံအိုးလည်း ရှိတယ် ….”
“ မူလတန်းတက်တော့ သူ့ အတန်းဖော်တွေက သူ့ကို အခြောက်ဆိုပြီး စနောက်ကြတယ် …”
“ သူ တက္ကသိုလ် စတက်တော့ အင်တာနက် ဆိုတဲ့ အရာကြီးနဲ့ စတင်ထိတွေ့မိပြီး မိန်းမစစ်စစ် ပြောင်းလဲနိုင်မယ့် အကြံတစ်ခု ရလာတယ် …”
ချန်ယွီ့ ထိုနေရာတွင် စကားကို ခေတ္တရပ်တန့်လိုက်သည်။
“ အစောပိုင်းက ကျူဇုန်မှာ မင်းမြင်ခဲ့တဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ ဓာတ်ပုံတွေက သူ့ရဲ့ မိန်းမတစ်ယောက် ဖြစ်လာမယ့် ခရီးစဉ်လို့ ပြောလို့ရတယ် ….”
“ လိင်ပြောင်း ခွဲစိတ်မှုလုပ်ဖို့ အလုပ်တွေ ကြိုးစားပမ်းစား လုပ်ပြီး ဆယ်နှစ် ပိုက်ဆံစုတာ နောက်ဆုံး ယွမ် ငါးသိန်းပြည့်တဲ့အထိပဲ …”
“ သူ့အတွေးက သူသာ ခွဲစိတ်ပြီး မိန်းမစစ်စစ်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် လူလှောင်ရယ်တာ မခံရတော့ဘူးပေါ့ …”
“ ဒါပေမယ့် သူ တစ်ချက်ကိုတော့ မေ့နေခဲ့မိတယ် …”
“ ဘာကိုလဲ …” [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က သိလိုစိတ်ဖြင့် ကြားဖြတ်မေးမြန်းလာခဲ့သည်။
“ ခွဲစိတ်ဖို့နဲ့ တခြား အရာတွေအတွက် လိုအပ်တဲ့ ပိုက်ဆံ ပမာဏက ဧရာမ များပြားလွန်းတယ် …”
“ လိင်ပြောင်းခွဲစိတ်တာက ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတယ် … “ ချန်ယွီ့ ရှင်းပြလိုက်ပြီး “ ခွဲစိတ်ခ ယွမ်ငါးသိန်းဆိုတာ ဒီတိုင်း အစပိုင်းလေးပဲ ရှိသေးတယ် … အဲ့နောက်မှာ ပြန်သက်သာလာဖို့အတွက် ပိုက်ဆံအများကြီး သုံးဖို့လိုတယ် ….”
ချန်ယွီ့ စကားဆုံးသည်နှင့် စကားပြောခန်းထဲတွင် ကွန်းမန့်အမြောက်အများ ထွက်ပေါ်လာသည်။
“ အခန်းပိုင်ရှင်ပြောတာ မှန်တယ် … ငါ ဆောင်းပါးတစ်ခုမှာ ဖတ်ခဲ့ဖူးတာ ဆမ်ဆေးရုံမှာ အဲ့လို ခွဲစိတ်မှုမျိုး ခံယူဖူးတဲ့လူတိုင်းက အသက် လေးဆယ်ကျော်တဲ့အထိ မနေသွားခဲ့ရဘူးဆိုပဲ ….”
“ ငါက ဆေးကျောင်းသား တစ်ယောက်ပါ … ပြီးတော့ ဒီလို ခွဲစိတ်မှုမျိုးက အောင်မြင်ခဲ့တယ်ဆိုရင်တောင် အင်္ဂါအစိတ်ပိုင်းရဲ့ ငြင်းဆန်မှု အန္တရာယ်က တော်တော်လေး များတယ်….”
“ ငါ တစ်ခုသိချင်လို့ … လူနာက အသက်ကြီးတာ မြန်လာမှာလား ….”
“ အသက်ကြီးဖို့ အခွင့်အရေး မရှိလောက်မှာတောင် ငါတော့ ကြောက်မိတယ် …”
“ ပိုက်ဆံသာ လုံလောက်သရွေ့ ဘယ်လိုဈေးကြီးတဲ့ ဂရုစိုက်မှုမျိုးပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဈေးကြီးတဲ့ ဆေးဝါးကိုပဲ ဖြစ်ဖြစ် သုံးစွဲလို့ ရတယ် … ဒီတော့ ခွဲစိတ်မှုက အသက် သက်တမ်းကို မထိခိုက်ဘူး …”
ကြည့်ရှုသူများထဲရှိ ကျွမ်းကျင်သူတစ်ချို့က ခွဲစိတ်မှု၏ အန္တရာယ်ကို ရှင်းပြပြီးသည့်နောက်တွင် ချန်ယွီ့ ဆက်ပြီးပြောသည်။
“ မင်း သူ့ကို ပေးလိုက်တဲ့ ပိုက်ဆံနဲ့ဆို ပထမ တစ်ဆင့် ခွဲစိတ်မှုက ပြီးသွားပြီလို့ ပြောလို့ရတယ် ..”
“ နိုင်ငံကို ပြန်လာပြီးတဲ့နောက်မှာလည်း မင်းအပေါ် သူ့ရဲ့ သဘောထားတွေက ပြောင်းလဲမှာ မဟုတ်ဘူး … ဒီတော့ မင်းရဲ့ စိတ်ရင်းလေးနက်မှုကို ပြသဖို့ ခမ်းနားတဲ့ လက်ထပ်ခွင့် တောင်းပွဲကြီးတစ်ခု မင်းစီစဉ်မယ် ….”
“ မင်းက လူကောင်းလေးလည်းဖြစ် … ပြီးတော့ သူ့ကို ပိုက်ဆံလည်း အများကြီး ပေးထားတာဆိုတော့ လက်ထပ်ခွင့် သဘောတူဖို့ကို သူ့ဘက်က အချက်နှစ်ချက် တောင်းဆိုခဲ့တယ် …”
“ ပထမတစ်ချက် အနေနဲ့ သူက တစ်သက်လုံး ကလေးမယူချင်ဘူး … ပြီးတော့ ‘ ဟိုကိစ္စ ‘ကို တစ်လမှာ တစ်ခါပဲ လုပ်ချင်တယ်…”
“ မင်း အဲ့ဒီ အချက်တွေ အကုန်လုံးကို သဘောတူခဲ့ပြီး … နောက်ဆုံး မင်းဆန္ဒအတိုင်း … မင်းရဲ့ အလှနတ်ဘုရားမနဲ့ လက်ထပ်ယူနိုင်ခဲ့တယ် ….”
“ လက်ထပ်ပြီးတဲ့နောက်မှာလည်း မင်းဘက်က ကတိတည်ပြီး သူ(မ)နဲ့ တစ်လတစ်ခါပဲ အတူအိပ်တယ် ….”
“ မင်းတို့ရဲ့ ပထမ အိမ်ထောင်သက်တမ်း ဆယ်နှစ်မှာ သူ(မ) အမြဲတမ်း ခြောက်လတစ်ကြိမ်လောက် နိုင်ငံခြား ခရီးထွက်နေတာကို မင်းဘက်က ဘယ်တော့မှ မကျေမနပ် မဖြစ်သလို သံသယ ဝင်မိတာမျိုးလည်း မရှိဘူး …”
“ ဆယ်နှစ်နောက်ပိုင်းမှာ သူ(မ)ဘက်က မင်းကို မေတ္တာစစ် ၊ မေတ္တာမှန်နဲ့ စပြီး ချစ်ကျွမ်းဝင်လာတယ် …”
“ မင်းတို့နှစ်ယောက်က စံပြစုံတွဲ၊ ပြီးတော့ မင်းတို့ရဲ့ အိမ်နီးနားချင်း၊ မိတ်ဆွေသူငယ်ချင်းနဲ့ ဆွေမျိုးတွေ အကုန်လုံးက မင်း ဇနီးကောင်း တစ်ယောက်နဲ့ လက်ထပ်ခွင့် ရတယ်ဆိုပြီး ချီးကျူးနေကြလိမ့်မယ် ….”
“ မင်းရဲ့ မိဘတွေကတောင် ကလေးမရှိတဲ့ အချက်နဲ့ ပတ်သက်ပြီး မကျေမနပ် မဖြစ်ဘူး … သူတို့ရဲ့ ချွေးမလေးကို လုံးဝ အသိအမှတ်ပြုတယ် ….”
“ သူတို့ မကွယ်လွန်ခင်မှာ ကုမ္ပဏီရဲ့ ငွေကြေးကိစ္စ အ၀၀ကို သူ့လက်ထဲ လွှဲပေးခဲ့တယ် …”
“ အဲ့လိုနဲ့ မင်းတို့နှစ်ယောက်က အိမ်ထောင်ကျ၊ အသက်ခြောက်ဆယ်လောက်အထိ အတူနေပြီး နောက်ဆုံး အေးအေးချမ်းချမ်းနဲ့ သေဆုံးသွားခဲ့ကြတယ် …”
ငါးမိနစ်အတွင်းမှာပဲ ချန်ယွီ့သည် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]နှင့် သူ့ အလှနတ်ဘုရားမလေးတို့၏ ဘဝ နှစ်ခြောက်ဆယ် အတွေ့အကြုံကို ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုသွားခဲ့သည်။
လိုက်စထွင်းတစ်ခုလုံးလည်း အသံတစ်သံ မကြားရတော့သည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
အကယ်၍ ဤသည်သာ အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်ခဲ့မည်ဆိုပါက [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]နှင့် သူ့အလှ နတ်ဘုရားမလေးတို့၏ ဇာတ်လမ်းလေးသည် နားထောင်ရင်း ရင်ထဲထိရှသွားစေလောက်သည်။
သို့သော် ကြည့်ရှုနေကြသူများကတော့ တစ်ခုခု လွဲမှားနေသည်ကို ခံစားနေကြရ၏။
“ ညီကို ချယ်ရီသစ်ပင်က သနားစရာပဲ … သူ့ဘဝတစ်လျှောက်လုံး မိန်းမအစစ်ကို မထိတွေ့သွားခဲ့ရရှာဘူး …”
ထို ကွန်းမန့်ပေါ်လာသည်နှင့် ကြည့်ရှုနေသူများအားလုံး မည်သည့်အရာက လွဲမှားနေလဲဆိုတာကို သဘောပေါက်သွားခဲ့ကြသည်။
သူနှင့် နှစ်ခြောက်ဆယ်ကြာ အတူနေခဲ့သည့် ပါတနာက လိင်ပြောင်းအမျိုးသမီး တစ်ဦး ဖြစ်နေခဲ့လေသည်။
ယေဘုယျအားဖြင့် … [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် သူ့ ဘဝတစ်သက်လုံးကို အမျိုးသားတစ်ဦးနှင့် အချိန်ကုန်ဆုံးခဲ့တာ ဖြစ်၏။
“ အချစ်မှာ မျက်စိ မပါဘူးဆိုတာ တကယ်မှန်တာပါလား …”
“ ချယ်ရီ … မင်း အိမ်ထောင်ကျရင် ငါ့ဖိတ်နော် …”
“ ငါ့လည်းဖိတ် .. ငါက ကလေးဝိုင်းမှာ ထိုင်မယ် ….”
“ ခင်ပွန်းနှင့် ဇနီး( X) ၊ ခင်ပွန်းနှင့် ခင်ပွန်း (✓) “
“ မင်း အိမ်ထောင်ကျမယ့်နေ့ကို ငါတို့တွေ မျှော်နေမယ် ညီကို ….”
“ ငါ မပါသရွေ့ ဒီလက်ထပ်ပွဲ မဖြစ်ဘူးလို့ ငါယုံကြည်တယ် …”
“ တော်လောက်ပြီ အားလုံးပဲ … မင်းတို့ စကားလမ်းကြောင်းတွေ လွဲကုန်ပြီ … လျှပ်စစ်ရှော့ခ်ရိုက် ကုထုံးနဲ့ ကုသပေးတဲ့ ဒေါက်တာက ဒီမှာလေ …”
အဆိုပါ ကွန်းမန့်များအပြင် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]အပေါ် စိတ်မကောင်း ဖြစ်နေပေးကြသည့် ကွန်းမန့်တို့လည်း အမြောက်အများပင်။
သူ့အသက် ၇ နှစ်မှာ လူကုန်ကူးသမားတွေကိုတောင် လှည့်စားနိုင်ခဲ့တာ ဘာကြောင့်မို့ အသက်ကြီးလာလေ အိုင်ကျူက နိမ့်လာလေ ဖြစ်နေခဲ့ရတာလဲ …
ဖြစ်နိုင်တာ ယောက်ျားတစ်ယောက်ရဲ့ အိုင်ကျူက ချစ်မိတာနဲ့ သုည ဖြစ်ကုန်တာများလား …
ထိုအချိန်တွင် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]မှာ မျက်ရည်ကျနေမိ၏။
ဘယ်လောက်တောင် ရင်ထဲ ထိရှဖို့ကောင်းတဲ့ ဇာတ်လမ်းလေးလဲ …
ဒါပေါ့ … သူ့ရဲ့ ဉာဏ်ရည်ကလည်း ညီတူမျှတူ ထိရှနေခဲ့တယ်လေ ..
သူ ကြိုးစားပမ်းစားနဲ့ ပိုးပန်းခဲ့ရတဲ့ လူက ယောက်ျားတစ်ယောက် ဖြစ်နေခဲ့တယ် ...
ပြီးတော့ အဲ့ဒီ အမျိုးသားနဲ့ တစ်ဘဝလုံး အချိန်တွေ ကုန်ဆုံး …….
သူ ငိုင်တွေတွေကြီး ဖြစ်နေမိသည်။
အခြားလူ တော်တော်များများက အနှစ် ၂၀ ၊ ၃၀ လောက် စင်ဂယ် လူပျိုဖြစ်တယ် ဆိုပေမယ့် အဆုံးမှာ သူတို့က အိမ်ထောင်ကျပြီး ကလေးတွေ ရကြသေးတယ်…
ဟမ် … သူကျတော့ ပြောင်းပြန်။
ဟို ညီကို ပြောသလိုမျိုး …. သူ့တစ်သက်လုံး မိန်းမ အစစ်တောင် မထိလိုက်ရှာရဘူး …
“ အခု မင်းရဲ့ အနာဂတ်ကို သိသွားပြီ …” ချန်ယွီ့ ခပ်ဖျော့ဖျော့ပြုံးရင်း ပြုံးလိုက်ပြီး “ မင်းရဲ့ ကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်ဖို့ အခွင့်အရေးလည်း ရှိတယ် …”
“ ဒေါက်တာချန် .. ငါ သူနဲ့ လမ်းခွဲလိုက်ရင် ငါ့ရဲ့ ကံကြမ္မာလည်း ပြောင်းလဲသွားပြီး တခြား ဘဝအခြေအနေတစ်ခု ဖြစ်သွားခဲ့မှာလား ….”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ အိုင်ကျူမှာ နောက်ဆုံးတော့ လိုင်းတက်လာခဲ့၏။
“ သွင်ပန်းသဏ္ဌာန်ဆိုတာ နှလုံးသားထဲက လာတာ … မင်းရဲ့ စိတ်အခြေအနေက အရာရာတိုင်းကို ဆုံးဖြတ်ပေးသွားတာပဲ … မင်းရဲ့ စိတ်ထား ပြောင်းသွားခဲ့ရင် မင်းရဲ့ ဘဝကြီးလည်း ပြောင်းလဲသွားမယ် …”
ချန်ယွီ့ ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်သည်။
ကြည့်ရှုနေကြသူများလည်း ကြက်သေသေသွားခဲ့ကြ၏။
သူတို့ တွေးတောလေလေ ၊ ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန် အရေပြားကို ဝတ်ဆင်ထားသည့် ဆရာယောင်တစ်ပါး ဖြစ်သည်ဟု သူတို့ ခံစားလာရလေလေ ဖြစ်၏။
“ မင်း သူနဲ့ အဆက်ဖြတ်ပြီးသွားရင် မင်းရဲ့ ကံကြမ္မာကလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီး တခြား နိဂုံးတစ်ခုကို ရမယ် …”
ချန်ယွီ့ ခေါင်းစဉ်ပြောင်းလဲလိုက်ပြီး “ မင်း ဘဝရဲ့ ဒုတိယနိဂုံးပေါ့ ….”