အကြောင်းအရင်းကို ငါ ပြောပြီးသွားရင် မင်း စိတ်ဓာတ်ကျသွားလိမ့်မယ်
Vol. 1 Ch. 2
“ ဟယ်လို ဒေါက်တာချန် …..”
ပုံမှန် ဘာကိုမျှ ဂရုမစိုက်တတ်သည့် မျက်နှာထားနှင့် ကျိုးခဲ့ရှင်းသည် ယခု အခိုက်အတန့်၌ ရှက်ရွံ့နေသည့် မိန်းမငယ်လေး တစ်ဦးကဲ့သို့ ဖြစ်နေလျက် ရှိသည်။
စကားပြောခန်းမှာ ချက်ချင်းဆိုသလို မေးခွန်း သင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
“ ??? “
“ မင်း ပျောက်နေတာကြာတော့ မင်းရဲ့ အကျင့်စရိုက်တွေပါ ပြောင်းသွားခဲ့တာလား ….”
“ ဒါ ငါ သိတဲ့ မမလေးကျိုးမှ ဟုတ်သေးရဲ့လား ….”
“ ယုံချင်ယုံ ၊ မယုံချင်နေ … ဒီငနဲလောက်ကတော့ ငါ့လက်သီး နှစ်ချက်စာပဲ ရှိတယ် ….”
ကွန်းမန့်များ၏ နှောင့်ယှက်မှုကို ဂရုမပြုပါဘဲ ချန်ယွီ့ အပြုံးလေးဖြင့် ဆိုလိုက်၏။
“ ဟယ်လို … ငါ ကြားတာ မင်းငါနဲ့ ဆွေးနွေးချင်တာ ရှိတယ်ဆို ….”
“ ဟုတ်တယ် … ကျွန်မ အခုရက်ပိုင်း အားနည်းပြီး ဘာမှလည်း လုပ်ချင် ကိုင်ချင်စိတ် မရှိဘူး … အိပ်လို့လည်း မပျော်ဘူး …. စိတ်အခြေအနေလည်း အမြဲတမ်း ဆိုးရွားနေလျက်ချည်းပဲ ….” ကျိုးခဲ့ရှင်း ခေါင်းညိတ်လိုက်ပြီး “ ကျွန်မ ဒီနေ့ လာခဲ့တာ ကျွန်မရဲ့ စိတ်ကျန်းမာရေး ပြဿနာကြောင့်လား သိချင်လို့ …”
“ မင်း တစ်ခုခု လုပ်ရင် ပျင်းရိငြီးငွေ့နေတတ်လား …. မင်းကိုယ်မင်း ဘာမှ မလုပ်ဖြစ်တဲ့ အတွက်ရော ကိုယ့်ကိုယ်ကို အပြစ်တင်နေမိလား … မင်းကိုယ်မင်း ခံစားချက်တွေ ဆိုးရွားပြီး တခြားသူတွေနဲ့ ပြောဆိုဆက်ဆံဖို့ကို ငြင်းပယ်နေမိလား ….”
“ ဟင့်အင်း … အဲ့ အခြေအနေထိတော့ မဟုတ်သေးဘူး ….”
ချန်ယွီ့ အောင်မြင်စွာဖြင့် မေးခွန်း အနည်းငယ်ကို မေးမြန်းလိုက်နိုင်သည်။ ကျိုးခဲ့ရှင်း၏ တုံ့ပြန်ဖြေဆိုမှုနှင့် အမူအရာမှတဆင့် သူမတွင် မည်သို့သော စိတ်ကျန်းမာရေး ပြဿနာမျှ ရှိမနေသည်ကို သတိပြုမိလိုက်သည်။
“ ဒီလိုဆိုရင်ကော … beauty filter ကိုပိတ်လိုက် .. ပြီးရင် ငါ မင်းကို တစ်ချက်ကြည့်ပေးမယ် …”
ချန်ယွီ့သည် ပြဿနာ ဇစ်မြစ်ကို သိရှိရန်အတွက် ကောင်းကင်လျှို့၀ှက် နည်းဗျူဟာကို တိုက်ရိုက် အသုံးပြုရန် ကြံရွယ်လိုက်သည်။
“ ကောင်းပြီလေ …”
ကျိုးခဲ့ရှင်း မသိစိတ်အလျောက် တုံ့ပြန်ဖြေဆိုလိုက်မိ၏။ သို့သော် ချက်ချင်းပဲ ခေတ္တ အေးခဲသွားခဲ့ပြီး သူမ နားကြားမှားလေသလောဟု အထင်မှားသွားခဲ့၏။
သူမက စိတ်ကျန်းမာရေး ပြဿနာ ရှိမရှိ စစ်ဆေးမယ့်လူလေ …
ဆေးရုံသွားမပြဘူးဆိုပေမယ့် အွန်လိုင်းမှာ တခြားလူနာတွေ သူတို့ရဲ့ စိတ်ကျန်းမာရေး ပြဿနာကို ဘယ်လို ဆွေးနွေးတိုင်ပင်လဲဆိုတာ နည်းနည်းပါးပါးလောက်တော့ သိပါတယ်....
“ ဒေါက်တာချန် … ရှင် ကျွန်မရဲ့ ဖလစ်တာကို ပိတ်ဖို့ ပြောလိုက်သလားလို့ ….” ကျိုးခဲ့ရှင်း မယုံကြည်နိုင်သဖြင့် ထပ်ပြီး အတည်ပြုကြည့်လိုက်သည်။
“ အင်း … စကားပုံတောင် ရှိသေးတာပဲမလား … စိတ်ရဲ့ အတွေးတွေက မျက်နှာမှာ ပေါ်လွင်နေတတ်တယ် … လူတစ်ယောက်ရဲ့ အပြင်ပန်း သွင်ပြင်က အတွင်းစိတ်ရဲ့ လွှမ်းမိုးမှုတွေ ပါတယ် ….”
ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။
“ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်စရိုက် ၊ စိတ်နေစိတ်ထားနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို မျက်နှာပေါ်မှာ ကြည့်လို့ရတယ် …”
“ အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….” ကျိုးခဲ့ရှင်း နှုတ်က မယုံကြည်နိုင်စွာ ပြောလိုက်မိသည်။
လူတစ်ယောက်၏ ပုံပန်း သဏ္ဌာန်ကတစ်ဆင့် စိတ်နေစိတ်ထား မည်သို့ ရှိကြောင်း ပြောနိုင်သည်ကိုတော့ သူမ လက်ခံသည်။ သို့သော် လူတစ်ဦး ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံအား ပြောနိုင်သည်ကတော့ ချဲ့ကားလွန်းသွားပြီ ဖြစ်၏။
သူ့လေသံက ဘာလို့ ဗေဒင်ဟောစားတဲ့လူတွေရဲ့ လေသံနဲ့ တူနေတာပါလိမ့် …
သို့သော်လည်းပဲ ကျိုးခဲ့ရှင်းသည် သူမ၏ beauty filter ကို ပိတ်လိုက်ဆဲပင်။
ထိုအရာက သူမ၏ ပင်ကိုယ်စရိုက်ပင်။ သူမက မသိသည့် အရာကို စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြသူ တစ်ဦးဖြစ်၏။
“ ဒေါက်တာချန် … ရှင် တစ်ချက် ကြည့်ကြည့်ပေးပါဦးနော် …”
ဖလစ်တာ ပိတ်ထားသည့် သူမ၏ သွင်ပြင်ကို သူမကိုယ်သူမ ယုံကြည်ချက် ရှိသဖြင့် ကလူကျီစယ်သည့် မျက်နှာထားလေးဖြင့် ပြောဆိုလိုက်သည်။
လိုက်စထွင်း ကြည့်ရှုနေသူများမှာ အံ့အားသင့်သွားခဲ့ကြ၏။
“ အာ …. မင်း ဒီတိုင်းလေးပဲ သူ့စကားကို နားထောင်လိုက်တယ်ပေါ့ ….”
“ ပလတ်ဖောင်းက ကိုယ်တိုင် ကြေညာပေးထားတဲ့လူ မဟုတ်ရင် ငါတော့ သူ့ကို ရမ်းကုလို့ ထင်မိတော့မလို့ပဲ ….”
“ ဒါ လုံးဝ မဖြစ်နိုင်ဘူး … ငါလည်း စိတ်ပညာမေဂျာကပဲ … လူတစ်ယောက်ရဲ့ ခံစားချက် အစစ်အမှန်နဲ့ စိတ်ခံစားချက်တွေကို မျက်နှာ သွင်ပန်းအမူအရာကနေ အတည်ပြုနိုင်တဲ့ micro expression စိတ်ပညာအတန်း ရှိတာကို အတည်ပြုပေးနိုင်တယ် … ဒါပေမယ့် လူတစ်ယောက်ရဲ့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံကိုတော့ အဲ့တာတွေ တစ်ချက်ကြည့်ပြီး သိနားလည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပဲ ….”
“ မင်း ဘာစောက်စကားတွေ များနေတာ … ဒါလည်း ကောင်းတဲ့အရာပဲ မဟုတ်ဘူးလား … မမလေးကျိုးကို ဖလစ်တာမပါဘဲ ငမ်းလို့ ရပြီလေကွာ … “
“ ဗုဒ္ဓေါ … မမလေးကျိုးကတော့ ဖလစ်တာ မပါလည်း လှနေရောပဲ ….”
“ …. “
အမှန်တော့ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကို အသုံးပြုရန်အတွက် သူမ၏ ဖလစ်တာကို ပိတ်ခိုင်းဖို့ ချန်ယွီ့ မလိုအပ်ချေ။
သို့သော် ဖလစ်တာ တပ်ထားသည့်တိုင် မျက်နှာဖတ်နိုင်နေသည်ဆိုပါက အတော်လေး ရယ်ချင်စရာ ကောင်းသွားလိမ့်မည်။
ချန်ယွီ့ မျက်လုံးမှိတ်ပြီး စာအုပ်ကို တစ်ဖန် ပြန်ဖွင့်လိုက်၏။
ကျိုးခဲ့ရှင်း၏ ဘဝအတွေ့အကြုံများက သူ့မျက်စိရှေ့တွင် ပိတ်ကားချပ်ပေါ်ရှိ ရုပ်ရှင်ဇာတ်ကား တစ်ခုသဖွယ် ဖြတ်သန်းပြေးလွှားနေသည်။
သူ မျက်လုံးမှိတ်ပြီး ဘာလုပ်နေတာလဲဟု ကျိုးခဲ့ရှင်း မေးမြန်းတော့မည့် အချိန်မှာပဲ ချန်ယွီ့ တုံ့ပြန်လာခဲ့၏။
“ မင်းရဲ့ နဖူးအလယ်မှာ ရှိတဲ့ ဆံပင်လိုင်းက အောက်ကို တည့်တည့် ဆင်းသွားပြီး V ပုံစံ ဖြစ်နေတယ် … အဲ့တာကို ရွှေကြက်ဖ အမှတ်အသား ၊ ( widow peak ) လို့ ခေါ်တယ် …”
“ ဒါက …”
ကျိုးခဲ့ရှင်း ခေါင်းမော့၍ သူမနဖူးအား စမ်းသပ်ကြည့်လိုက်မိသည်။
“ ရှင် ဒီကနေ ဘာပြောနိုင်လဲ ….”
“ ဆိုလိုတာ မင်း မိဘတွေ မင်း ငယ်ငယ်လေးကတည်းက ကွာရှင်းသွားခဲ့ကြတယ် … “ ချန်ယွီ့ အလျင်မလိုဘဲ အေးအေးလူလူ ပြောလိုက်ပြီး “ မင်းက မိသားစုမေတ္တာ ငတ်တဲ့သူ တစ်ယောက်ပဲ ….”
“ ရလဒ်အနေနဲ့ မင်းရဲ့ အကျင့်စရိုက်က အတော်လေး ခေါင်းမာလာတယ် … မင်းရဲ့ လေ့လာမှုအားက မလုံလောက်တော့ ဂျူနီယာ အထက်တန်းပြီးတဲ့နောက်မှာ စီနီယာ အထက်တန်းကို မတက်နိုင်ခဲ့ဘူး … ဆင့်ပွား နည်းပညာကျောင်းတစ်ကျောင်းကိုပဲ ဆက်တက်နိုင်ခဲ့တယ် …”
“ လူအနိုင်ကျင့်မခံရအောင် မင်းက အပြင်ပန်းမှာ မာရေကျောရည် ရှိချင်ယောင်ဆောင်ထားတယ် .. ဒါပေမယ့် အတွင်းစိတ်ထားကတော့ ပျော့ညံ့အားနည်းတယ် ….”
“ နည်းပညာကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက်မှာ မင်းကိုယ်မင်း နာမည်တစ်လုံးတွင်အောင် လုပ်ချင်တယ် … ဒါပေမယ့် မင်းရဲ့ နိမ့်ပါးတဲ့ ပညာအရည်အချင်း နောက်ခံကြောင့် လူတွေ အထင်သေးတာကို ခံခဲ့ရတယ် …”
“ ကဖေးတစ်ခုမှာ မင်း အချိန်ပိုင်း အလုပ်လုပ်ပြီး ကံကောင်းချင်တော့ မင်းနဲ့ တခြား မိန်းကလေးတွေ စုဖွဲ့မိပြီး girl group တစ်ခု အနေနဲ့ ပွဲဦးထွက်ခဲ့တယ် …”
“ မင်းတို့ရဲ့ စိတ်အားထက်သန်မှုကလွဲပြီး စိမ်းသက်တဲ့ အိုင်ဒေါ နယ်ပယ်ကြီးမှာ ရလာတဲ့ မင်းတို့ရဲ့ ကျော်ကြားမှုက မင်းတို့ ထင်ထားသလိုမျိုး ကောင်းမွန်မနေခဲ့ဘူး … နောက်ဆုံး တဖြည်းဖြည်းနဲ့ မင်းတို့ girl group လည်း အုပ်စုကွဲသွားခဲ့တယ် ….”
“ ဒါပေမယ့် မင်းက အိုင်ဒေါ တစ်ယောက် အနေနဲ့ E sport နယ်ပယ်နဲ့ ချိတ်ဆက်မိသွားခဲ့တယ် ….”
“ အဲ့ဒီ အခွင့်အရေးကို ကောင်းကောင်း ဆုပ်ဖမ်းပြီး ဂိမ်းစထွင်မာ တစ်ယောက် ဖြစ်လာတယ် … လွယ်လွယ်နဲ့ အလျှော့မပေးတတ်တဲ့ မင်းရဲ့ ဇွဲလုံ့လကြောင့် မင်းကို နှစ်သက်တဲ့ ပရိသတ်တွေ အများကြီး ရလာခဲ့တယ် …”
ကျိုးခဲ့ရှင်း ပြုံးရုံမျှ ပြုံးပြလိုက်ပြီး အံ့အားသင့်မှု များများစားစား မပြခဲ့ချေ။
သူမ၏ လိုက်စထွင်းတွင် သူမ၏ အတိတ်အကြောင်းကို အနည်းနှင့် အများ ဝေမျှတတ်လေ့ ရှိ၏။
အသေးစိတ်ကျကျ မဟုတ်သော်လည်းပဲ အကယ်၍ ချန်ယွီ့သည်သာ သူမကို ဖော်လိုထားသည်ဆိုပါက ထိုအကြောင်းအရာများအား သိရှိဖို့ မခဲယဉ်းပေ။
သူမ၏ မိသားစု အခြေအနေနှင့် အစောပိုင်း အတွေ့အကြုံများနှင့် စပ်လျဉ်း၍ကတော့ … ကျိုးခဲ့ရှင်း များများစားစား မတွေးတောခဲ့ချေ။ ထိုအစား သူမ၏ အဆိုပါ အတွေ့အကြုံတို့အား ဥပမာပေး၍ သူမ၏ ဖန်များကို စာကြိုးစားလေ့လာဖို့ တိုက်တွန်းလေ့ ရှိလေသည်။
ထိုအကြောင်းကြောင့်ပဲ သူမကို ဂရုစိုက်ပေးတတ်သည့် ဖန်အများအပြား ရရှိလာခဲ့ခြင်းပင်။
ပြောခါမှ ဒီ ဒေါက်တာ အချောလေးကလည်း သူမအကြောင်းကို အများကြီး သိနေတာပဲ … သူလည်း သူမရဲ့ပရိသတ်တွေထဲက တစ်ယောက် ဖြစ်နေမလားနော်…
မဟုတ်ရင် ရှိုးအတွက် ပလတ်ဖောင်းဝန်ထမ်းက ပြောပြပေးခဲ့တာပဲ ဖြစ်ရမယ် …
“ ဒေါက်တာချန် … ရှင်လည်း ကျွန်မရဲ့ ပရိသတ်လား ….”
ကျိုးခဲ့ရှင်း၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို ချန်ယွီ့ နားလည်သည်။ သူ့စကားကို သူမ အယုံအကြည် မရှိသည်မှာ အသိသာကြီးပင်။
“ ဘယ်သူမှ မသိတဲ့ အရာတစ်ခု ငါ မင်းကို ပြောပြမယ် ….”
“ မင်း အဲ့ နည်းပညာကျောင်းမှာ ကျောင်းတက်တဲ့အချိန် စီနီယာ တစ်ယောက်က မင်းကို ရိုက်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရဖူးတယ် ….”
“ အမြဲတမ်း ကြောက်တတ်တဲ့ မင်းက အဲ့လို ခြိမ်းခြောက်ခံရပြီးတော့ ကျောင်းမှာ ဆက်မနေရဲတော့ဘူး … အဲ့နောက် ချက်ချင်းပဲ ဘက်စ်ကားစီးပြီး အိမ်တန်းပြန်လာတယ် …”
“ ညကျောင်းကနေ အိမ်ပြန်ရောက်လာတဲ့အချိန်မှာ … မင်း အနောက်ကနေ လူလိုက်ခံခဲ့ရတယ် …..”
“ ရပ်တော့ …” ကျိုးခဲ့ရှင်း၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ချန်ယွီ့ ဆက်ပြောမည့် စကားတို့အား အတင်းအကြပ် ရပ်တန့်လိုက်သည်။
ထိုစဉ်အချိန်က သူမမှာ အသက်ငယ်ငယ်လေးသာ ရှိသေးပြီး နောက်ယောင်ခံ လိုက်သူများအား ကြောက်ရွံ့ခဲ့သည်။ အိမ်သို့ ပြန်ရောက်ပြီးသည့်နောက် သူမ၏ မိဘများကိုပင် မပြောပြဘဲ မည်သူ့ကိုမျှလည်း ထိုကိစ္စ ပြောပြခဲ့ဖူးခြင်း မရှိချေ။
ဤအကြောင်း မည်သူကမျှ မသိကြချေ။
“ ကောင်းပြီလေ …”
ချန်ယွီ့ ခေါင်းညိတ်ပြီး ဆက်မပြောတော့ချေ။
လိုက်စထွင်း ကြည့်နေသည့် အွန်လိုင်း ပရိသတ်များကတော့ တည်ငြိမ်စွာ မနေနိုင်တော့ချေ။ စကားပြောခန်းကို ပြည့်ညှပ်သွားသည်အထိ ကွန်းမန့်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
“ မဖြစ်နိုင်တာ … အဲ့တာ အမှန်ပဲလား …”
“ ဖြစ်နိုင်တာ မမလေးကျိုး ဟိုဒင်းပြု ………..”
“ ပေါက်ကရတွေ လျှောက်မပြောနဲ့ … သူ ဘာမှ မဖြစ်ဘူး ….”
“ ဟေ့ … အဲ့နောက် ဘာဆက်ဖြစ်လဲ မြန်မြန်ပြောလေကွာ ….”
စကားပြောခန်းထဲတွင် ထင်ရာမြင်ရာ ဆွဲတွေးထားသည့် ကွန်းမန့်များ ပြည့်နှက်လာသည်ကို မြင်တော့ ကျိုးခဲ့ရှင်း ရှင်းပြတော့မည့် အချိန်မှာပဲ …
“ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက မင်းတို့ စိတ်ကူးယဉ်သလိုမျိုး မဟုတ်ဘူး ….” ချန်ယွီ့ ရှင်းပြလိုက်သည်။
“ မိန်းကလေးကျိုးက အကြောက်လွန်နေခဲ့တယ်ဆိုပေမယ့် သူက မတုံးအဘူး … မြန်နိုင်သမျှ မြန်မြန်ပြေးပြီး လွတ်အောင် ထွက်ပြေးခဲ့တယ် ….”
ထိုစကားကို ကြားပြီးသည့်နောက် ကျိုးခဲ့ရှင်း မျက်နှာ နီမြန်းသွားခဲ့သည်။
ထို့နောက် ချန်ယွီ့ကို မယုံသင်္ကာဖြစ်စွာ ကြည့်လျက် မေးမြန်းလိုက်၏။
“ ရှင်က အဲ့အကြောင်းကို ဘယ်လိုသိနေတာလဲ …”
ချန်ယွီ့၏ မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ “ ဒါပေါ့ … ငါ မင်းရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ပြီး ပြောလိုက်တာလေ …”
“ မဖြစ်နိုင်တာ … ကျွန်မ မယုံဘူး ….”
“ ဒီအတွက် သိပ္ပံနည်းကျ သက်သေပြုထားတာတွေ ရှိတယ် … လူတစ်ယောက်ရဲ့ စိတ်ခံစားချက်က သူတို့ရဲ့ နျူရိုထရန်စမစ်တာတွေ အပေါ် အကျိုးသက်ရောက်ပြီး သူတို့ရဲ့ သွင်ပန်း သဏ္ဌာန်ကို ပြောင်းလဲသွားစေတယ် …..”
ဂျူနီယာ အထက်တန်းကျောင်းသာ ပြီးခဲ့ဖူးသည့် ကျိုးခဲ့ရှင်းသည် ထိုရှင်းပြချက်ကို ကြားလိုက်ရတော့ အံ့အားသင့်သွားခဲ့၏။
စကားပြောခန်းထဲရှိ ကြည့်ရှုသူများလည်း အလားတူပင်။
“ ကောင်းလိုက်တဲ့ ဇာတ်ညွှန်း … ငါတောင် ယုံစားမိတော့မလို့ ….”
“ ရပြီ … သရုပ်ဆောင်နေတာတွေ တော်လိုက်ကြတော့ … ငါမင်းကို ၁၀၀ အမှတ်ပြည့်ထဲက ၈ မှတ်ပေးမယ် ….”
“ မမလေးကျိုး … မင်းရဲ့ သရုပ်ဆောင် အရည်အချင်းတွေကလည်း တကယ်မဆိုးဘူး … ရုပ်ရှင်ရိုက်လို့ ရနေပြီ ….”
“ ဒီကောင်ပြောတာ တကယ် အမှန်ဆိုရင် ငါ လူရှေ့သူရှေ့ ဘီကီနီ ဝတ်ပြမယ်ကွာ ….”
“ အမ် … ငါတော့ အဲ့တာ အမှန်ဖြစ်လောက်မယ်လို့ ထင်တယ် …”
“ အမှန်ပဲ ….”
ကြည့်ရှုသူ အများစုက ချန်ယွီ့သည် ကျိုးခဲ့ရှင်း၏ မျက်နှာသွင်ပြင်ကို တစ်ချက်ကြည့်ပြီး အတိတ်တွင် ဖြတ်သန်းခဲ့ဖူးသည့် အတွေ့အကြုံများအား ပြောပြနိုင်သည်ကို ယုံကြည်ရန် ငြင်းဆန်နေခဲ့ကြ၏။
လိုက်စထွင်း မပြုလုပ်မီ ကြိုတင် ဇာတ်တိုက်ထားသည်မှာ အသိသာကြီးပင်။
“ ဒေါက်တာချန် … ကျွန်မ အခုတလော ဘာကြောင့် စိတ်အခြေအနေ ဆိုးရွားနေတာလဲ ဆိုတာရော ပြောပြပေးနိုင်မလား ….”
သူမ မည်သို့ပင် ရှင်းပြစေကာမူ ကြည့်ရှုသူများက မယုံသင်္ကာ ဖြစ်နေလိမ့်မည်ကို ကျိုးခဲ့ရှင်း ကောင်းစွာ သိသည်။ သူမ၏ သံသယများကို ဘေးချိတ်ထားပြီး ချာနယ်ထဲသို့ ဝင်ရောက်လာသည့် သူမ၏ ရည်ရွယ်ချက်သို့ ဆက်ပြီး လျှောက်လှမ်းခဲ့၏။
“ ကျွန်မက တကယ်ပဲ စိတ်ကျရောဂါ ဖြစ်နေတာလားဟင် ….”
“ မဟုတ်ဘူး …” ချန်ယွီ့ ခေါင်းခါလိုက်သည်။
အကြောင်းအရင်းကို ကျိုးခဲ့ရှင်း မေးရန် ဟန်ပြင်နေစဉ်မှာပဲ ချန်ယွီ့ ပြောဆိုလာခဲ့၏။
“ ဒါပေမယ့် ……” ချန်ယွီ့ ပြောပြီးနောက် စကားကို ခေတ္တ ရပ်နားကာ “ အကြောင်းအရင်းကို ပြောပြပြီးရင် မင်း စိတ်ဓာတ်ကျသွားလိမ့်မယ် ….”