← Chapters

အခင်ဆုံး သူငယ်ချင်း

Vol. 1 Ch. 3

အခင်ဆုံး သူငယ်ချင်း

Vol. 1 Ch. 3

….

“ ခွီး ဟားဟားဟား … ဒီရဲ့ စိတ်ကျန်းမာရေး ဆရာဝန်က သောက်ရမ်း ရယ်ရတာပဲ ….”

“ ငါမင်းကို ပြောပြလိုက်ရင် မင်း စိတ်ဓာတ်ကျသွားလိမ့်မယ် … ဟားဟားဟား …. ဒီနေ့ ကြားခဲ့သမျှ ဟာသထဲ ဒါ အရယ်ရဆုံးပဲ….”

“ ဒီကောင် စိတ်ကျန်းမာရေး ဆရာဝန် မဖြစ်ခင် လူရွှင်တော် လုပ်ခဲ့လား မသိဘူး … အရမ်း ရယ်ရတာပဲ ….”

“ ဇာတ်ညွှန်းရေးထားတဲ့ ဟာသဆိုရင်တောင် ငါလက်ခံတယ် … ဒီ ရှိုးက တအားကောင်းလွန်းတယ် …”

လိုက်စထွင်း ကြည့်ရှုနေသူများမှာ မည်သို့မျှ မထိန်းနိုင်တော့ဘဲ အသံထွက် ရယ်မောလာခဲ့ကြသည်။

ကွန်းမန့်များ၏ နှောင့်ယှက်မှုကို ဂရုမပြုပါဘဲ ချန်ယွီ့ အေးအေးလူလူ ဆက်ပြော၏။ “ မင်းဘေးနားက ခွက်ကို ယူလိုက် ….”

ကျိုးခဲ့ရှင်း၏ မျက်နှာထက်တွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ သို့သော် ချန်ယွီ့ ညွှန်ကြားသည့်အတိုင်း နာခံ၍ သူမဘေးရှိ ခွက်ကို လှမ်းယူလိုက်သည်။

“ ဒါက …..”

“ ဒါက ကျွန်မ လိုက်စထွင်းမစခင် ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်း ကျွန်မအတွက် အထူးတလှယ် ပြင်ထားပေးတဲ့ ဆေးအေးပဲ … လိုက်စထွင်းလုပ်ရင်း ကျွန်မ နေထိုင်မကောင်း ဖြစ်မှာ စိုးလို့တဲ့လေ ….”

သူမ၏ အခင်ဆုံး သူငယ်ချင်းအကြောင်း ပြောလာသည့် အချိန်၌ ကျိုးခဲ့ရှင်းမှာ စိတ်လှုပ်ရှားနေခဲ့သည်။

“ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်း အကြောင်း ရှင်တို့ကို ပြောပြမယ် ….”

သူမ၏ မျက်နှာမှာ ဝင်းလက်လာခဲ့ပြီး ဂုဏ်ဆာနေသည့် လေသံသို့ ပြောင်းလဲသွားခဲ့၏။

“ အခု ရက်ပိုင်း ကျွန်မ နေလို့ မကောင်းဘူးနော် … သူပဲ ကျွန်မကို ဂရုစိုက်ပေးတာ ….”

“ ကံကောင်းလို့ သူ ရှိနေလို့သာပေါ့ … မဟုတ်ဘဲ ကျွန်မတစ်ယောက်တည်းဆိုလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး…”

“ အရင်နှစ်ရက်ထဲမှာ ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာ ဝိဉာဏ်ပျောက်ဆုံးနေသလိုမျိုးပဲ … အမြဲတမ်း သက်တောင့်သက်သာ မဖြစ်လျက်ချည်းပဲ … ငါ့ရဲ့ ချစ်ပရိသတ်တွေလည်း ကိုယ့်ခန္ဓာကို ကောင်းကောင်း ဂရုစိုက်ရမယ်နော်…..”

သူမ ပြောပြရင်းဖြင့် သူမ၏ ကြည့်ရှုသူ ပရိသတ်များအတွက် ဂရုစိုက်ကြောင်းကိုလည်း ဖော်ပြရန် မမေ့လျော့ခဲ့‌ချေ။

“ လိုက်စထွင်းလုပ်ရင် ကျွန်မကို လက်ဖက်ရည်ဖျော်ပေးပြီး ခွက်ထဲလည်း အမြဲ အပြည့်ဖြည့်ထားပေးတယ် … သူအားရင်ဆို လိုက်စထွင်းလွင့်တာလည်း ကူညီပေးပြီး ကျွန်မအတွက် ထမင်းတောင် ချက်ပေးသေးတယ် …”

“ ဒီလို ကိစ္စမျိုးတွေကို ဘယ်သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းက လုပ်ပေးမှာလဲ ဟုတ်တယ်မလား …”

ဤသည်ကို ကြားတော့ ကြည့်ရှုသူများ မနာလိုရှုစိမ့်မှုကြောင့် မျက်နှာစိမ်းသွားခဲ့ကြသည်။

“ အား …. ငါ့ အခင်ဆုံးသူငယ်ချင်းကျတော့ လုံးဝ ဆီနဲ့ရေပဲ … အမြဲတမ်း ရှိုးပြပြီး တစ်နေ့ ချမ်းသာတဲ့ ဘဲကြီးတစ်ပွေနဲ့ လက်ထပ်ပြီး သူ့ဆီ ကပ်စားဖို့ပဲ စိတ်ကူးယဉ်နေတာ …”

“ ရွှတ် ရွှတ် ရွှတ် … မြန်မြန် … နင့် သူငယ်ချင်းကို ငါ့ကားထဲ ထည့်လိုက်စမ်း … နင့်မှာ ရှိသမျှ အကုန် ငါလိုချင်တယ် ….”

“ ငါ့ကို မတားနဲ့ … ငါ့ကို မတားကြနဲ့ … မမလေးကျိုးရဲ့ အခင်ဆုံး သူငယ်ချင်းကို ငါ သွားပြန်ပေးဆွဲတော့မှာ ….”

ချန်ယွီ့ ရယ်မောလိုက်ပြီး ကျိုးခဲ့ရှင်း၏ စကားအပေါ် မည်သည့် မှတ်ချက်တို့မျှ သူ မပေးခဲ့ချေ

“ မင်းတို့ နှစ်ယောက်က တကယ့်ကို ဆက်ဆံရေးကောင်းတွေ ရှိကြတာပဲ ….”

ဤသည်ကို ကြားတော့ ကျိုးခဲ့ရှင်း သဲကြီးမဲကြီး ခေါင်းညိတ်လိုက်သည်။

“ အဲ့တာတော့ သေချာပေါက်ပဲပေါ့ ….”

ချန်ယွီ့ သွယ်ဝိုက်ပြောချင်နေသည့် စကားအဓိပ္ပာယ်ကို အနည်းငယ်မျှပင် သူမ မရိပ်မိခဲ့ချေ။

ချန်ယွီ့ လေးပင်စွာ သက်ပြင်းချလိုက်၏။

“ ဟင်း … ဘယ်လိုတောင် နက်ရှိုင်းတဲ့ အပေါ်ယံ အတုအယောင် ဆက်ဆံရေးမျိုးကို မင်း ပိုင်ဆိုင်ထားတာပါလိမ့် ….”

ကျိုးခဲ့ရှင်းသည် သူမ၏ စခရင်ပေါ် ရှိနေသည့် ချန်ယွီ့ကို အံ့အားသင့်သည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်မိသည်။

စကားပြောခန်းထဲတွင် မေးခွန်းသင်္ကေတ မှတ်ချက်တို့ဖြင့် ပြည့်နှက်နေလေသည်။

“ မင်းရဲ့ လက္ခဏာ စပြီးပြတော့ အသေးအမွှား အရာလေးတွေကိုတောင် မင်းရဲ့ စိတ်က အပြင်းအထန် တုံ့ပြန်တတ်တယ်မလား …” ချန်ယွီ့ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ “ အမြဲတမ်း ဒေါသထွက်လွယ်ပြီး ခေါင်းလည်း ခဏခဏ ကိုက်နေတတ်တယ် .. ပြီးရင် ရင်ဘက်တွေ တင်းကြပ်လာပြီး အဲ့ဒီနောက်မှာ ခဏလောက် အသက်ရှူမဝသလို ဖြစ်လာတတ်တယ် ဟုတ်တယ်ဟုတ် ….”

“ ဟင် … ရှင် ဒါတွေ ဘယ်လိုလုပ်ပြီး သိနေတာလဲ ….”

သူ၏ မေးခွန်းကြောင့် ကျိုးခဲ့ရှင်း ရှောခ့်ရသွားခဲ့သည်။

သေစမ်း … ဒီဒေါက်တာက တကယ် အမေးဇင်းပဲ …

သူမ ဖြစ်နေတဲ့ လက္ခဏာကို တိတိကျကျ ပြောပြသွားနိုင်တယ် …

သူက လူတွေကြားထဲက နတ်ဘုရား တစ်ပါး ဖြစ်နေမလားပဲ

“ ဆေးအေးခွက်ကို ဗလာကျင်းပြီး အောက်ခြေ နည်းနည်းလေးပဲ ချန်ထားလိုက် ….”

ကျိုးခဲ့ရှင်းလည်း နာခံစွာဖြင့် သူ ပြောသည့်အတိုင်း ပြုလုပ်လိုက်သည်။

ဆေးအေးကို သွန်ချပြီးနောက် ချန်ယွီ့ ဆက်ပြီး မေးမြန်းလိုက်၏။

“ ခွက်အောက်ခြေက အမှုန့်လေးတွေကို မင်းမြင်လား …”

“ဒါတွေလား … ဒါတွေက တိုင်းရင်းဆေးဖက်မှုန့်တွေလေ … ပြီးတော့ လုံးဝ အရည်မပျော်ဘူးဆိုရင် အောက်ခြေမှာ ဒီလို အမှုန်လေးတွေ ကျန်တာ ပုံမှန်ပဲ မဟုတ်ဘူးလား … အန်းအန်းက အလုပ်များလွန်းတော့ သူ သေချာလေး မဖျော်လိုက်ရတာ နေမှာပေါ့ ….”

ဤသည်ကို ကြားတော့ ချန်ယွီ့ အေးစက်စွာ နှာမှုတ်လိုက်သည်။

“ မင်း သေချာလား … သေချာအနီးကပ် တစ်ချက်ကြည့်လိုက်စမ်းပါ ….”

ကျိုးခဲ့ရှင်း မျက်လုံးကြီး ပြူးပြီး ခွက်၏ အောက်ခြေကို တစ်ချက် သေချာကြည့်လိုက်သည်။ ထိုအခါမှပဲ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိလိုက်၏။

ပုံမှန် တိုင်းရင်းဆေးဖက်ဝင်တို့က အညိုရောင် ကာလာ ရှိသင့်သည်။

သို့သော် သူမခွက်၏ အောက်ခြေတွင် ရှိနေသည်များကတော့ အဖြူရောင် အမှုန့်များ ဖြစ်နေသည်။

၎င်းတို့က အင်မတန့် အင်မတန် သေးငယ်မှုန်မွှားလှပြီး အမြင်အာရုံ အားနည်းသည့် မည်သူမဆို အဆိုပါ အသေးမွှားလေးကို သတိပြုမိဖို့ရာ ခက်ခဲလှသည်။

ကျိုးခဲ့ရှင်း တစ်ကိုယ်လုံး အေးခဲသွားခဲ့၏။ သူမ ပိုပြီး တွေးတောလေလေ ၊ ပိုပြီး တုန်လှုပ်လာလေလေပင်။

“ ဒါ … ဒါကြီးက ဘာကြီးလဲ ….”

သူမ၏ အသံမှာ တုန်ခါနေသည်။

ကျိုးခဲ့ရှင်း၏ ယခုလို အမူအရာကို ချန်ယွီ့ မျှော်လင့်ထားပြီး ဖြစ်သည်။

သူ တည်ငြိမ်စွာ ဆိုလိုက်၏ “ ဒါ စိတ်ရောဂါကုတဲ့ ဆေးဝါးပဲ … သူ့ သိပ္ပံနာမည်က အမ်ဖက်ဖ်တမင်း လို့ ခေါ်တယ် … အလွန်အကျွံ စိတ်ခြောက်ခြားတာ ၊ မူးဝေတာ ၊ ခေါင်းကိုက်တာနဲ့ တခြား သက်တောင့်သက်တာ မဖြစ်တဲ့ ရောဂါလက္ခဏာတွေအတွက် သုံးတာပဲ … ရေရှည်စွဲသုံးရင် အသည်းနဲ့ ကျောက်ကပ် ပျက်စီးစေတယ် …”

“ လက်ရှိ မင်း ရင်ဆိုင်နေရတာက အစောပိုင်း လက္ခဏာတွေပဲ ရှိသေးတယ် …”

“ အဲ့တာတင် မဟုတ်သေးဘူး … ဒီရဲ့ ပစ္စည်းကို လူကိုလည်း စွဲလမ်းပြီး မသောက်ရ မနေနိုင်အောင် ဖြစ်စေတယ် …”

ကျိုးခဲ့ရှင်း တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး သူမ၏ မျက်နှာမှာ ဖြူလျော်သွားခဲ့၏။

ထိုအခါမှပဲ ဤသည်က သူမ၏ အိပ်ရာထဲက ထွက်၍ လိုက်စထွင်းလွင့်ရန် ပို၍ ပို၍ ခက်ခဲလာရခြင်း အကြောင်းအရင်း ဖြစ်ကြောင်း သတိထားမိသွားခဲ့တော့သည်။

တစ်နေ့လုံး မူးနောက်နောက် ဖြစ်နေပြီး အမြဲတစေ စိတ်ဓာတ်ကျဆင်းနေသည်က သူမ ဆေးခတ်ခံခဲ့ရသောကြောင့်တဲ့လော။

ကြည့်ရှုသူများက ဤသည်ကို မြင်တော့ စိတ်လှုပ်ရှားလာခဲ့ကြသည်။

ယနေ့ လိုက်စထွင်းကို ဝင်ကြည့်မိသည်က သမိုင်းဖြစ်ရပ်ကို မျက်မြင်တွေ့စေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းထားလိုက်လဲ …

ကျိုးခဲ့ရှင်း တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလာခဲ့၏။ “ ဒေါက်တာ … ဒေါက်တာချန် … ဒီအရာက ဘာလို့ ကျွန်မရဲ့ ခွက်ထဲမှာ ရှိနေရတာလဲဟင် …”

“ အဲ့တာကတော့ မင်းဘာမင်းမေးပေါ့ … အဲ့ဒီ ဆေးအေးက ဘယ်ကနေ ဘယ်လို ဖြစ်လာတာလဲ ….”

ကျိုးခဲ့ရှင်း ခေတ္တ ရပ်တန့်သွားခဲ့ပြီး နောက်ဆုံး၌ ချန်ယွီ့မေးခွန်း၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သည်။

အန်းအန်း ၊ သူမ၏ အခင်ဆုံး သူငယ်ချင်းက ဤတစ်လျှောက်လုံးတွင် သူမကို ဂရုစိုက်ပေးခဲ့သည်။

လိုက်စထွင်းလွင့်နေစဉ်တွင် အန်းအန်းက သူမ ပင်ပန်းမည်ကို စိုးရိမ်သောကြောင့် နေ့စဉ်နေ့တိုင်း တွေးတောပေးတတ်စွာဖြင့် ကော်ဖီတစ်ခွက် အမြဲ ဖျော်ပေးတတ်၏။

အဆုံး၌ … သူမ၏ အခြေအနေသည်သာလျှင် ပို၍ ဆိုးရွားလာခဲ့သည်။

အဖြေက သိသာနေတာပဲ မဟုတ်ဘူးလား ..

ကျိုးခဲ့ရှင်း အမှန်တကယ်ကို နားမလည်နိုင်ခဲ့ချေ။

အန်းအန်းက ဘာကြောင့် ဒီလို လုပ်ရက်ရတာလဲတဲ့ ….

သူမ မရှိတော့တဲ့ နောက်ပိုင်း သူမရဲ့ ပရိသတ်တွေကို လုယူချင်လို့လား …

ဤသည်ကို တွေးတောမိတော့ ကျိုးခဲ့ရှင်း၏ နှလုံးသားမှာ ဆစ်ခနဲ နာကျင်သွားခဲ့ရသည်။

ကျိုးခဲ့ရှင်းသည် အခွင့်အလမ်းကောင်း တော်တော်များများကို အန်းအန်းနှင့် မိတ်ဆက်ပေးခဲ့ပြီး သူမကိုလည်း အမြဲတမ်း ဂရုစိုက်ပေးခဲ့၏။

တစ်ဖက်လူက သူမအပေါ် ယခုလို လုပ်ရပ်မျိုး ပြုလုပ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

“ သူ ဘာလို့ အဲ့လို လုပ်ရက်ရတာလဲ … ကျွန်မ သူ့အပေါ် ကောင်းပေးခဲ့တယ်လေ …”

ကျိုးခဲ့ရှင်း၏ လေသံမှာ မေးမြန်းရင်း တိုးညှင်းသထက် တိုးညှင်းသွားခဲ့၏။

“ သူ ကျွန်မ အခန်းဘေးမှာ ရှိတယ် … ကျွန်မသူ့ကို ခေါ်ပြီး ထိပ်တိုက် မေးကြည့်လိုက်ရမလား ….”

ကျိုးခဲ့ရှင်းက သူမ၏ အခြေအနေကို ယခုထိတိုင် နားမလည်သေးကြောင်း ချန်ယွီ့ သတိထားမိလိုက်သည်။

“ မင်းက အခု ဆေးခတ်ခံခဲ့ရတာ … ရဲစခန်းကို အရင် ဖုန်းဆက်လိုက်ပါလား … မဟုတ်ဘဲ နောက်နှစ်အထိ စောင့်မလို့လား….”

ထိုအခါမှပဲ ကျိုးခဲ့ရှင်း အသိစိတ် ဝင်လာတော့သည်။

“ အိုး ဟုတ်တယ် ဟုတ်တယ် .. ကျွန်မ ရဲခေါ်ဖို့ လိုတယ် ….”

သူမ ကျရောက်နေသည့် အခြေအနေကို သတိပြုမိတော့ ကျိုးခဲ့ရှင်း ထိတ်ထိတ်ပျာပျာ မဖြစ်ဘဲ မနေနိုင်ခဲ့ချေ။

ကသုတ်ကရက်နှင့် စားပွဲပေါ်တွင် ဖုန်းကို ရှာဖွေလိုက်သည်။

လိုက်စထွင်းကို ကြည့်ရှုနေသူများအားလုံး ရှော့ခ်ရသွားခဲ့ကြလေသည်။

“ ဝါး … ငါ ဒီနေ့ သမိုင်းကို မြင်တွေ့လိုက်ရတာလား …”

“ ဒီလို ဇာတ်လမ်းမျိုးက တကယ့်လက်တွေ့ဘဝမျိုးမှာ တကယ်ပဲ ရှိနေနိုင်တာလား ….”

“ ဒါလည်း နောက် ဇာတ်ညွှန်းတစ်ခု နေမှာပေါ့ .. ငါတို့ကို လိမ်ဖို့အတွက်နဲ့ တတ်လည်း တတ်နိုင်ကြပါဘိ ….”

“ ငါတော့ မထင်ဘူးနော် … တကယ်လို့ ဇာတ်ညွှန်းသပ်သပ်သာဆိုရင် ဘာကိစ္စ ရဲကို ဖုန်းခေါ်နေမှာလဲ ….”

“ ဘုရားရေ … ငါတော့ တွေးကြည့်ရုံနဲ့တင် ကျောတွေပါ အေးစိမ့်သွားတယ် …”

စကားပြောခန်းထဲတွင် ကွန်းမန့်များ ထွက်ပေါ်နေသည့် အမြန်နှုန်းက စာပင် လိုက်ဖတ်လို့ မမီအောင်ကို မြန်ဆန်နေတော့သည်။

နာမည်ကြီး လှပတဲ့ ဂိမ်းစထွင်မာမလေးက ဆေးခတ်ခံလိုက်တယ် …

ဒါ သတင်းထူးကြီးပဲ …

ဝေ့ပေါ်မှာ ရေပန်းစား ရှာဖွေမှုစာရင်းထဲ၀င်ဖို့ လုံလောက်တယ် …

လူတိုင်းက ရှိုးကို ပျော်ပျော်ရွှင်ရွှင်နှင့် ကြည့်ရှုနေစဉ်မှာပဲ တစ်စုံတစ်ဦးက လိုက်စထွင်း ကင်မရာ အတွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“ ခဲ့ရှင်း … နေပါဦး ….”

ထို မိန်းကလေးကတော့ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆက်ဆီဆန်ဆန်နှင့် အဖောင်းအတင်းတို့က လူကို သွားရည်ယိုလောက်စေသည်။ သို့သော် သူမ၏ အဖြူထည်ဆန်ပြီး နူးညံ့သည့် မျက်နှာလေးကတော့ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ကျိုးခဲ့ရှင်း၏ ဖုန်းကို စူးစိုက်ကြည့်နေခဲ့သည်။

ထိုသူကတော့ ကျိုးခဲ့ရှင်း၏ ‘ အခင်ဆုံး သူငယ်ချင်း ‘ အန်းအန်းပင်။

သူမ ဤသည်ကို လိုက်စထွင်းမှတဆင့် မြင်တွေ့လိုက်ရသည်တွင် ချက်ချင်းပဲ ထိတ်ထိတ်ပျာပျာ ဖြစ်စွာဖြင့် ဘေးချင်းကပ် အခန်းထဲသို့ ပြေးဝင်လာခဲ့၏။

အကယ်၍ ရဲများ ရောက်လာခဲ့မည်ဆိုပါက သူမလည်း အဆုံးသတ်ချေပြီ။

သူမ ကျိုးခဲ့ရှင်း၏ လက်ကို အတင်းအကြပ် ဆွဲထား၏။

“ နင် ရဲခေါ်လို့ မရဘူး … ဒီကိစ္စ ပေါက်ကွဲထွက်သွားရင် ငါတို့နှစ်ယောက်လုံးအတွက် ကောင်းမှာ မဟုတ်ဘူး ….”

“ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို သီးသန့် ဖြေရှင်းကြမယ် … ဟုတ်ပြီလား …”

သူမ၏ လေသံက အနည်းငယ် တောင်းပန်နူးညွှတ်သံ စွက်နေပြီး မျက်ရည်တို့ဖြင့် ရွှန်းလဲ့နေသည့် မျက်ဝန်းတစ်စုံက လူသနားချင်စဖွယ်လေး ဖြစ်နေခဲ့သည်။

ကျိုးခဲ့ရှင်းသည် သူမ၏ အခင်ဆုံး သူငယ်ချင်းက သူမနောက်ကျောကို ဓားနှင့် ထိုးလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

သူမ၏ မျက်ဝန်းတို့ထဲ မြင်နေမိခဲ့သည်က သူမတို့နှစ်ဦး၏ သာယာလှပသည့် သူငယ်ချင်း ဆက်ဆံရေးပင်။

“ နော် … ခဲ့ရှင်း … ကျေးဇူးပြုပြီး ရဲကို မခေါ်ပါနဲ့ဟာ …”

အန်းအန်း ဒူးထောက်ချသွားခဲ့တော့၏။

သစ်သားကြမ်းပြင်နှင့် သူမ၏ ဒူးတို့ ထိတွေ့သည်၌ ဒူးထောက်သည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ နင် …”

ကျိုးခဲ့ရှင်း နေရာ၌ မလှုပ်မယှက် ရပ်နေမိခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့တော့သည်။

All Chapters