← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

“ ခဲ့ရှင်း … နင် ငါ့ကို ငဲ့ညှာပါနော် … ငါ ဒီတိုင်း ခဏလောက် ရောထွေးသွားလို့ပါဟာ …”

ကျိုးခဲ့ရှင်း၏ ချီတုံချတုံ ဖြစ်နေသည့် အကြည့်ကို မြင်တော့ အန်းအန်း ချက်ချင်းပဲ သူမ၏ ရှပ်အင်္ကျီထောင့်စွန်းကိုဆွဲကာ တောင်းပန်လိုက်သည်။

“ ငါတို့က ညီအစ်မတွေ ဖြစ်ခဲ့ကြတာပဲလေ … ဒီကိစ္စလေးလောက်နဲ့ ဒီလောက်ထိ လုပ်စရာလို့လားဟာ .. နင် ငါ့ကို ပြန်ငဲ့ကြည့်ပါဦးလားနော် …”

ကျိုးခဲ့ရှင်း တုံ့ဆိုင်းသွားခဲ့ရသည်။

သူမတို့နှစ်ဦးတွင် အတိတ်က ပျော်ဖို့ကောင်းသည့် အမှတ်တရတို့ ရှိခဲ့ဖူးသည်မှာ အမှန်ပင်။ အန်းအန်း သူမကိုယ်သူမ ကာကွယ်နိုင်ရန်အတွက် အမြဲတမ်း တစ်နေရာစာ ချန်ထားခဲ့သည်။

ကျိုးခဲ့ရှင်းသည် ချန်ယွီ့အား ကြည့်၍ “ ဒေါက်တာချန် … ကျွန်မ ….. “

သူမ စကားမဆုံးသေးခင်မှာပဲ ချန်ယွီ့ ခပ်ဖျော့ဖျော့အပြုံးလေးဖြင့် “ မိန်းကလေးကျိုး … ငါက ဒီတိုင်း ဆရာဝန်ပါ .. ဆုံးဖြတ်ချက်က မင်းဘာမင်းပဲ ချမှတ်ရမှာ ….”

သူ၏ စကားကြောင့် ကျိုးခဲ့ရှင်း ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး နောက်ဆုံး၌ သူက စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးသာ ဖြစ်သည်ကို ပြန် အမှတ်ရသွားခဲ့သည်။

သူမ အစောပိုင်းတုန်းက ချန်ယွီ့၏ အပြုအမူကို အပြစ်တင်ရုံသာ တတ်နိုင်သည်။ သူက ကျိုးခဲ့ရှင်းအပေါ် နက်ရှိုင်းသည့် အမြင်တစ်ခုအား ချန်ထားရစ်ခဲ့၏။

သူက တကယ်ပဲ စိတ်ကျန်းမာရေး ဆရာဝန်လား … ဒီ အခြေအနေထိ ရောက်လာပြီးမှတော့ ရှေ့ဖြစ်ဟော ဆရာပါလို့ ဘာလို့ ဝန်မခံသေးလဲ ….

ကျိုးခဲ့ရှင်း ခေတ္တမျှ ချီတုံချတုံ ဖြစ်ပြီးနောက်တွင် သူမ ပြောလိုက်၏။ “ သူလည်း သူ့အမှားသူ သိပြီဆိုတော့ ဒီတစ်ခေါက်တော့ ထားလိုက်တာပေါ့ ….”

ချန်ယွီ့ စိတ်ပျက်စွာဖြင့် ခေါင်းခါမိလိုက်သည်။

“ ငါတော့ မင်းကို အဲ့လိုလုပ်ဖို့ အကြံမပေးချင်ဘူး …”

“ ဘာလို့ဆို သူက အမှတ်သည်းခြေ ရှိမှာ မဟုတ်လို့ပဲ … “

“ မင်းရဲ့ ရေခဲသေတ္တာထဲက အသားညှပ်ပေါင်မုန့်တွေ အကုန်လုံး ဆေးခပ်ခံထားရတယ် … တကယ်လို့ မင်းသာ ဆက်ပြီး စားသောက်နေဦးမယ်ဆိုရင် ရူးသွားမှာက အနှေးနဲ့ အမြန်ပဲ ….”

ကျိုးခဲ့ရှင်း ဤသည်ကိုကြားတော့ သူမ၏ မျက်နှာမှာ ချက်ချင်း လက်ငင်း ဖြူလျော်သွားခဲ့သည်။ သူမရင်ထဲရှိ နောက်ဆုံးသော ညီအစ်မ သံယောဇဉ် အမျှင်တန်းလေးသည်လည်း ပျောက်ကွယ်သွားခဲ့ရ၏။

“ အဲ့လိုလား .. ကျေးဇူးတင်ပါတယ် ဒေါက်တာချန် .. ကျွန်မ အခုပဲ ရဲခေါ်လိုက်ပါ့မယ် …”

သူမ ဘေးနားတွင် ရှိနေသည့် အန်းအန်းမှာ ဤသည်ကို ကြားတော့ ချက်ချင်းပဲ ပျာယာခတ်သွားခဲ့ရ၏။ သူမ ကျိုးခဲ့ရှင်း၏ ဖုန်းကို အလျင်အမြန် ဆွဲလုလိုက်သည်။

တစ်ချိန်တည်းတွင် ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ “ နင် ရဲမခေါ်နဲ့ … ရဲခေါ်ရင် နင်နဲ့ငါနဲ့ သေတမ်းပြတ်ပြီ ….”

လိုက်စထွင်းတစ်ခုလုံး ပရမ်းပတာတွေ ဖြစ်ကုန်သည်။

ကြည့်ရှုသူများက ဤသည်ကို မြင်တော့ မစိုးရိမ်ဘဲ မနေနိုင်ကြချေ။

“ ချီးပဲ … ဒီ စောက်ရူးမိန်းမက ဘာတွေ လုပ်ချင်နေတာလဲဟ …”

“ မမလေးကျိုးနဲ့ ဝေးဝေးနေစမ်း … အားးး … ငါ စိတ်တိုလာပြီ …..”

“ ဒီမိန်းမက ရူးနေတာပဲ .. ကြောက်ဖို့ကောင်းလိုက်တာ …”

ကြည့်ရှုသူများက အခြေအနေ မည်သို့ ဆက်လက်ဖြစ်ပွားသွားမလဲ ဆိုတာကို သိချင်ဇော ပြင်းထန်နေချိန်တွင် လိုက်စထွင်းကြီးမှာ အတင်းအကျပ် ပိတ်ချခံလိုက်ရသည်။

ဝင်းဒိုးတစ်ခုတည်းသာလျှင် စခရင်မျက်နှာပြင်ထက်၌ ကျန်ရစ်ခဲ့တော့၏။

“ သင်တို့ ကြည့်ရှုနေသည့် တိုက်ရိုက်ထုတ်လွှတ်မှု ပြီးဆုံးသွားပါပြီ …”

လိုက်စထွင်းကို ကြည့်ရှုနေကြသည့် သောင်းနှင့်ချီသည့် ပရိသတ်တို့မှာ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။

တမ်ပိုအမြင့်ဆုံး အချိန်ရောက်မှ လိုက်စထွင်းကို ပိတ်လိုက်တယ် …

ဒါ သူတို့ကို သတ်နေတာပဲမဟုတ်လား …

ဒါပြီးရင် ဘယ်သူမှ အိပ်ပျော်နိုင်မှာ မဟုတ်တော့ဘူး …

သိလိုစိတ် ပြင်းပြမှုကြောင့် ဖန်များအားလုံးမှာ အသည်းတယားယား ဖြစ်နေကြတော့၏။

ဖန်တော်တော်များများက ချက်ချင်းပဲ ချန်ယွီ့၏ လိုက်စထွင်းထဲသို့ ဝင်လာ၍ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာကို မြင်တွေ့နိုင်ရန် မျှော်လင့်နေမိကြသည်။

မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ချိန်ယွီ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ရာဂဏန်း အနည်းငယ်မှတစ်ဆင့် ထောင်ဂဏန်း အနည်းငယ် ၊ ထို့နောက် သောင်းဂဏန်း အထိ မြင့်တက်သွားခဲ့သည်။

မြင့်တက်လာနေသည့် ကြည့်ရှုသူ အရေအတွက်က ရပ်တန့်သွားခြင်း မရှိပါဘဲ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ စဉ်ဆက်မပြတ် ဆက်တိုက် ဝင်ရောက်လာနေလေသည်။

မည်သို့ပင်ဆိုစေ ဟူယွီ ပလတ်ဖောင်းကို သုံးစွဲသူ အရေအတွက်က နည်းနည်းနောနော မဟုတ်ချေ။ ကြည့်ရှုသူ အရေအတွက် ၃၀,၀၀၀ ကျော်သို့ ရောက်ရှိသွားသည့်အချိန်၌ နံပါတ်က ရပ်တန့်သွားခဲ့၏။

ချန်ယွီ့၏ စကားပြောခန်းထဲတွင်လည်း ကွန်းမန့်တို့ဖြင့် ပြည့်နှက်လို့နေသည်။

ချန်ယွီ့၏ အစောပိုင်း စွမ်းဆောင်မှုတို့က ကြည့်ရှုသူများ၏ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ပြီး ယင်းက ဇာတ်ညွှန်းရေးသားထားခဲ့ဖြစ်စေ၊ သဘာဝ ဖြစ်ရပ်မှန် ဇာတ်လမ်းပဲ ဖြစ်နေပါစေ ၊ ချန်ယွီ့ကို သူတို့၏ အာရုံစူးစိုက်မှုအား လိုလိုလားလား ပေးရန် ဆန္ဒရှိလာကြသည်။

ယင်းက နာမည်ကြီးသွားပြီး သတင်းကြားသည့်လူတိုင်း ချန်ယွီ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ရောက်ရှိလာကြလေသည်။

“ စောနက ကြောက်ဖို့ကောင်းလိုက်တာ … ငါ သိချင်တာ မမလေးကျိုး ရဲကို ခေါ်ဖြစ်လိုက်ရဲ့လား မသိဘူး …”

“ ငါလည်း မသိဘူး … ငါလည်း စိတ်ပူနေတာပဲ …”

“ မပူနဲ့ … ငါ သူ့ကိုယ်စား ရဲခေါ်ပေးထားတယ် ….”

“ ထင်တဲ့အတိုင်းပဲ … ငါတို့တွေ မီး ၊ သူခိုးနဲ့ သူငယ်ချင်းကောင်းတွေကို အမြဲ သတိထားဖို့လိုတယ် … အဲ့ မိန်းမ ပိုက်ဆံကြောင့်နဲ့ ဒီလို လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ငါ ယုံတောင် မယုံနိုင်ဘူး ….”

“ ဒေါက်တာချန် … အခြေအနေတွေက ဘယ်လိုမျိုးဆက်ဖြစ်သွားမှာလဲ … မမလေးကျိုး အန္တရာယ် ရှိနေလောက်လား ….”

“ စိတ်မပူကြနဲ့ …” ချန်ယွီ့ စကားကို ဖြည်းညင်းစွာ ပြောလိုက်ပြီး “ သူ အဆင်ပြေတယ် … သက်ဆိုင်ရာတွေက ခဏနေဆို ရောက်လာလောက်ပြီ …”

“ စိတ်ရှည်ရှည်နဲ့သာ စောင့်နေလိုက် .. သူ မကြာခင် ပြန်ပြီး တိုက်ရိုက်ထုတ်လွှင့်တာနဲ့ မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြမယ်လို့ အာမခံတယ် …”

ချန်ယွီ့၏ စကားကို ကြားတော့ ကြည့်ရှုသူများအားလုံး နောက်ဆုံး၌ စိတ်သက်သာရသွားခဲ့ကြသည်။

ဤသည်ကို မြင်တော့ လူအများအပြားက အသိစိတ်ပြန်ဝင်လာခဲ့ကြပြီး သူတို့ကိုယ်သူတို့ စတင်ရေရွတ်လာကြတော့၏။

မူလက ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းက ကော်လဘရေးရှင်း ပြုလုပ်ပြီး ဇာတ်ညွှန်းရေးထားသည့် ဇာတ်ကွက်ကို သရုပ်ဆောင်နေသည်ဟု လူတော်တော်များများက သံသယ ဝင်ခဲ့ကြပါသော်လည်း ဤကဲ့သို့ ကြီးမားသည့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်ပြီးနောက်တွင် ယင်းက ဇာတ်ညွှန်းရေးသားထားခြင်း မဟုတ်သည့်ပုံပင်။

ဒါပေါ့။ ဒါကြီးက ဇာတ်ညွှန်းပါဆိုပြီး သံသယ ရှိနေကြတဲ့ ကြည့်ရှုသူတွေကလည်း အများကြီး ရှိသေးတာပေါ့။

“ မဖြစ်နိုင်တာ … မင်းတို့ကောင်တွေက ဒါကြီးကို ယုံနေကြတယ်ပေါ့ ….”

“ ဒါ ဇာတ်ညွှန်းရေးထားတာကွ ….”

“ အမှန်ပဲ … ရှေ့ဖြစ်ဟောဆရာတောင် ဒီလို ပြောနိုင်တဲ့ အစွမ်းအစမျိုး မရှိဘူး …..”

၎င်းတို့၏ သံသယဝင်နေသည့် စကားလုံးများကို ချန်ယွီ့ ဂရုမထားချေ။ ကြည့်ရှုသူတို့က ဤမျှ များပြားနေရာ အဘယ်ကြောင့် သူ၏ အခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရမည်နည်း။

သူဆက်ပြီး သူ၏ နောက်ထပ် ‘ နစ်နာသူ ‘ ကို ဆက်ရှာသည်။ မဟုတ်သေး။ သူ၏ နောက်ထပ် လူနာကို ဆက်ရှာသည်ဟု ပြောရမည်။

“ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးချင်တဲ့ တစ်ယောက်ယောက်များ ရှိကြလား ….”

ချန်ယွီ့၏ အသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် [ မိုးကို မျှော်နေသည့် ချယ်ရီပင် ] အမည်နှင့် အသုံးပြုသူတစ်ယောက်က ပူးပေါင်းတင်ဆက်ဖို့ကို တောင်းဆိုလာသည်။

အနက်ရောင် ကိုင်းမျက်မှန်နှင့် အားကစား ဝတ်စုံကို ဝတ်ဆင်ထားသည့် ခပ်ဝဝ လူငယ်တစ်ဦးက စခရင်ပေါ်တွင် ထွက်ပေါ်လာခဲ့၏။

၎င်းနောက်ကွယ်ရှိ မျက်စိကျစရာ ဇိမ်ခံပစ္စည်းတို့က သူ၏ မခေသည့် နောက်ခံကို ဖော်ပြနေလျက် ရှိသည်။

မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပါဘဲ ချန်ယွီ့ အပြုံးလေးဖြင့် နှုတ်ခွန်းဆက်လိုက်၏။ “ ဟယ်လို …”

“ ဟယ်လို ဒေါက်တာချန် …”

[ မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ] က သူ့ကို တုံ့ပြန် ပြုံးပြ၏။

“ ငါက မမလေးကျိုးရဲ့ အမာခံ ပရိသတ်တစ်ဦးလို့ ပြောလို့ရတယ် … သူ့ကြောင့်နဲ့ တစ်ခြား ပလတ်ဖောင်းကနေ ဒီကို ပြောင်းလာခဲ့တာ …”

“ သူ စပြီး တိုက်ရိုက်ထုတ်လွှင့်ကတည်းက သူ့ရဲ့ ပရိသတ် ဖြစ်ခဲ့တဲ့သူလေ ….”

လိုက်စထွင်းထဲရှိ ကြည့်ရှုသူ အနည်းငယ်ကလည်း ကျိုးခဲ့ရှင်းသည် အခြားသော ပလတ်ဖောင်းတစ်ခုတွင် ဒိတ်ဒိတ်ကျဲ တစ်ယောက် ဖြစ်ခဲ့ဖူးသည်ကို သိရှိကြသည်။ ဤပလတ်ဖောင်းရှိ ဖန်တော်တော်များကတော့ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုသည်မှာ သိပ်မကြာသေးသဖြင့် ထိုအချင်းအရာကို မသိရှိကြပေ။

ဤသည်ကို ကြားပြီးနောက် ချန်ယွီ့ ခေါင်းခါရမ်းလိုက်ပြီး မြဲမြံသည့် အမူအရာဖြင့် ပြောဆိုလိုက်၏။

“ မဟုတ်ဘူး …”

“ မဟုတ်ဘူးလား … ဘာကို မဟုတ်တာလဲ …” [ မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ] က ချန်ယွီ့၏ စကားကို ကြားတော့ ရှော့ခ်ရသွားခဲ့သည်။

“ မင်းသူ့အကြောင်း တခြား ပလတ်ဖောင်းမှာ ကြားခဲ့ဖူးတယ် …. ဒါပေမယ့် မင်းသူ့ကို ဘယ်တုန်းကမှ အာရုံမထားခဲ့ဖူးဘူး ….”

“ မင်းက ဒီကို သတင်းကြားပြီးတော့မှ ရောက်လာခဲ့တဲ့လူပဲ ….”

“ မင်းက သူ့ လိုက်စထွင်းတွေ ကြည့်ရတာကို ကြိုက်တဲ့လူလည်း မဟုတ်ဘူး …”

[ မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ] က အံ့အားသင့်သွားခဲ့သည်။

“ မင်း ဘယ်လိုလုပ်သိလဲ ….”

သူ ရှုပ်ထွပ်သွားခဲ့၏။ ချန်ယွီ့က အဘယ်ကြောင့် ဤကိစ္စ သိသွားခဲ့လဲဆိုတာကို နားမလည်နိုင်ပေ။

ဧကန္တ … သူ့ ကိုယ်ပေါ်မှာ စောင့်ကြည့်ကင်မရာ တပ်ထားတာများလား …

သူ့ရဲ့ အဓိပ္ပာယ် မရှိတဲ့ အလိမ်အညာကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဖောက်ထွင်းမြင်နိုင်သွားခဲ့တာလဲတဲ့ …

လခွမ်းလိုပဲ …

ချန်ယွီ့ ခပ်သာသာ ပြုံးလိုက်ပြီး သူ့မျက်လုံးသူ ညွှန်ပြလိုက်သည်။

“ ငါက စိတ်ကျန်းမာရေး ဆရာဝန်လေ … မင်းရဲ့ အပြုအမူ ၊ မင်းရဲ့ မျက်နှာအမူအရာတိုင်းက မင်းမျက်လုံးထဲမှာ ပေါ်လွင်နေတယ် … ဒီတော့ ငါ့ကို ညာနေလို့ အလကားပဲ …..”

“ ရှီး … မင်းငါလျှောက်ပြောတာကိုတောင် မြင်နိုင်မယ်လို့ တကယ်မထင်ထားဘူး …” [ မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ]က စိတ်ဓာတ်ကျသွားသည့် အမူအရာဖြင့် ပြန်ပြီးပြောလာသည်။

ဤသည်ကို မြင်တော့ ကြည့်ရှုနေကြသူများမှာ ဂနာမငြိမ် ဖြစ်သွားခဲ့ကြပြီး အံ့အားသင့်ကုန်ကြသည်။

“ သေစမ်း … ဒါကြီးက မဖြစ်နိုင်လိုက်တာ …”

“ ဟိုကောင် လိမ်နေတာကို သူက သိနေတယ် …”

“ ကျွန်တော်က အသစ်လေးပါဗျ … ဒါလည်း နောက်ထပ် သရုပ်ဆောင် ဇာတ်လမ်းတစ်ပုဒ်များလားဟင် …”

“ ချီးမှမယုံဘူးဟျောင့် …”

[ မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ] က ဖော်ထုတ်ခံလိုက်ရပြီးနောက် ကြည့်ရှုသူများအား ရှင်းပြလိုက်သည်။

“ ငါက သတင်းကြားလို့ ပြေးလာခဲ့တယ်ဆိုတာ အမှန်ပဲ … မင်းတို့ကောင်တွေ ဇာတ်လမ်းရိုက်နေတာလား ဘာလား ဆိုတာ ကြည့်ဖို့လာခဲ့တာ ….”

“ ဘယ်သူကမှ အတိတ်ကို ပြန်ကြည့်ပြီး အနာဂတ်ကို ကြိုမသိနိုင်ဘူး …”

“ အထူးသဖြင့် မင်းကိုယ်တိုင် အဲ့နေရာမှာ ရှိနေသလိုမျိုးပေါ့ … ရယ်ချင်စရာပဲ … မင်းတို့နှစ်ယောက်က လိုက်စထွင်းမတိုင်ခင် ကြိုပြီး စည်းဝါးရိုက်ထားကြတာပဲ ဖြစ်ရမယ် ….”

“ အရေးကြီးတဲ့ အချိန်ကျမှ လိုက်စထွင်းပိတ်လိုက်တာကလည်း သူ(မ) ရဲမခေါ်တာကို မင်းတို့ မသိစေချင်လို့မလား …”

“ ဘာလို့ဆို သူသာ တကယ်ကြီး ရဲခေါ်လိုက်ရင် ဇာတ်ရှုပ်ကို မင်းတို့ ရှင်းလို့ နိုင်မှာ မဟုတ်တော့ဘူးလေ …”

[ မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ]က ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုနေခဲ့သည်။ သူ ပြောလေလေ ၊ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်လာခဲ့ပြီး ချန်ယွီ့တို့နှစ်ဦး၏ အလိမ်အညာကို ထွင်းဖောက်မြင်နိုင်နေသည့်ဟန်ပင်။

ချန်ယွီ့ ရယ်မော၍ ကမ်းလှမ်းမှုတစ်ခု ပြုလိုက်သည်။ “ မင်းက ငါ့ကို မယုံဘူးဆိုမှတော့ မင်းကိုယ်တိုင် စမ်းကြည့်မယ်ဆိုရင်ရော …”

All Chapters