အခန်း (၆)
Vol. 1 Ch. 6
“ ငါတောင်းပန်ပါတယ် .. ငါမှားသွားတယ် … သူ့ကို ခိုင်းနွားဆိုပြီး မလှောင်ပြောင်ခဲ့သင့်ဘူး …”
“ ဒီလောက်လှတဲ့ ကောင်မလေးသာ ရခဲ့လို့ကတော့ ဒေဝါလီ ခံရင် ခံရပါစေ … စိတ်ကြိုက် အမ်းပေးလိုက်မယ် …”
“ ရင့်ကျက်တဲ့ အမျိုးသမီးတွေရှေ့မှောက်မှာ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေ ရှုံးနိမ့်သွားခဲ့ရတာ ပုံမှန်ပါပဲ …”
“ ရို့ ညီကို … ငါလိုချင်တာ မင်းလို သူငယ်ချင်းမျိုး …”
“ ဒီမှာ … မင်းရဲ့ စိတ်အားထက်သန်မှုတွေကို ငါ စခရင်ထဲကနေတောင် ခံစားမိတယ် …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် သူ့အား စနောက်နေကြသည့် ကြည့်ရှုသူများကို ဂုဏ်ယူဝံ့ကြွားသည့် မျက်နှာထားဖြင့် ကြည့်လိုက်၏။
ပုံထဲရှိ မိန်းကလေးက ဒေါင်ကောင်းကောင်းနှင့် သွယ်လျလှပသည်။
လှပပြီး ရင့်ကျက်သည့် မျက်နှာသွင်ပြင်ကိုလည်း ပိုင်ဆိုင်ထား၏။
“ မြင်လား … ဒီလို မိန်းကလေးမျိုးက ငါအားစိုက်ထုတ်ဖို့ မတန်ဘူးလားပြော …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က စကားပြောခန်းသို့ မေးမြန်းလိုက်၏။
“ စောက်ရမ်းတန်တာပေါ့ …”
“ မိန်းကလေးတွေက လက်မောင်းထဲ ရွှေတုံးညှပ်ပြီး မွေးလာတယ်လို့ ပြောကြတာ တကယ်မှန်တာပဲ … ညီကို မင်းက တကယ့် ရွှေတွင်းကြီးကိုမှ သွားတွေ့မိထားတာကွ …”
“ မင်းသာ သူနဲ့ လက်ထပ်နိုင်မယ်ဆိုရင် ဆယ်နှစ်လောက် သက်တမ်းတိုသွားလည်း တန်တယ် …”
“ မိန်းကလေးဖြစ်တဲ့ ငါတောင် ဆွဲဆောင်ခံလိုက်ရတယ် …”
ယခုအခိုက်အတန့်တွင် ကြည့်ရှုသူများအားလုံးမှာ တစ်လှေတည်းစီးသူများ ဖြစ်နေခဲ့ကြသည်။
“ ဒေါက်တာချန် … မင်း ဓာတ်ပုံလည်း ကြည့်ပြီးပြီဆိုတော့ သူ ငါ့အပေါ် ဘာကြောင့် အေးစက်နေလဲဆိုတာ ပြောပြပေးနိုင်မလား …”
ထိုမေးခွန်းကို မေးမြန်းရင်း [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ၏ မျက်နှာအမူအရာမှာ အုံ့မှိုင်းနေခဲ့သည်။ သူမနှင့် တွေ့ဆုံပြီးသည့် အချိန်မှစ၍ သူမ၏ တောင်းဆိုမှု အရာရာတိုင်းကို သူ့ဘက်က လိုက်လျောပေးခဲ့သည်။ ဖြည့်ဆည်းပေးခဲ့သည်။
သူမဘက်က စာပို့လာသည့်အခါတိုင်း စာပြန်ရုံမျှမက နေပူမရှောင်၊ မိုးရွာမရှောင် ပြေးပြီး သွားတွေ့ခဲ့သည်။
အဘယ်ကြောင့်နည်း။ သူ၏ စိတ်ရင်းက မလုံလောက်သေး၍လော။
“ မင်း တကယ်ပဲ သိချင်တာလား ….”
ချန်ယွီ့ မေးမြန်းလိုက်ရင်း သူ၏ လေသံက အနည်းငယ် ထူးဆန်းနေသည်။
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] စကားပြောရန် ဟန်ပြင်လိုက်သည့် အချိန်မှာပဲ သူ့စိတ်ထဲ ရင်တစ်ချက်ထိတ်သွားခဲ့သည်။
အစောပိုင်းတုန်းက ချန်ယွီ့သည် ကျိုးခဲ့ရှင်း၏ မေးခွန်းကိုလည်း ထိုကဲ့သို့ တူညီသည့် လေသံဖြင့် တုံ့ပြန်ခဲ့ဖူးသည်။
ဖြစ်နိုင်တာ သူ့ရဲ့ အလှနတ်ဘုရားမလေးကရော အဲ့လို အမျိုးအစား ဖြစ်နေတာများလား …
သူ ငါ့ကို အရံလူအနေနဲ့ အသုံးချပြီး မကုန်ခမ်းနိုင်တဲ့ ငွေထုတ်စက်ကြီးလို သဘောထားနေတာများလား ….
အတန်ငယ်မျှ တိတ်ဆိတ်ပြီးသည့်နောက်တွင် သူ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ ဒေါက်တာချန် … သူက ….. သူ ငါ့အပေါ် လှေနံနှစ်ဖက် နင်းနေတာများလား ….”
ထိုအချိန်တွင် [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် သူ၏ စီရင်ချက်ကို စောင့်ဆိုင်းနေသည့် အကျဉ်းသားတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
သူ၏ နှလုံးသားမှာ မရပ်မနား ခုန်ပေါက်နေသည်။
အမှန်တရားက သူ မကြားချင်သည့် အရာ ဖြစ်နေမှာကိုလည်း စိုးရွံ့နေခဲ့မိသည်။
သို့တိုင် သူမ အဘယ်ကြောင့် သူ့အပေါ် စိတ်အပြောင်းအလဲ မျိုးစုံ ဖြစ်နေရလဲဆိုတာကို သိချင်နေဆဲဖြစ်၏။
“ သူ မင်းကို လှေနံနှစ်ဖက် မနင်းဘူး … ပြောရရင် သူ့ ဘဝမှာ မင်းက သူနဲ့အတူ ဒိတ်ဖူးတဲ့ ပထမဦးဆုံးသူပဲ …”
“ ဆိုတော့ .. သူက မိန်းမကောင်းလေးပေါ့ ….”
ချန်ယွီ့၏ စကားက သူ့နားထဲသို့ ချိုမြိန်သည့် ဂီတသံစဉ်အလားပင်။
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ]မှာ စိတ်လှုပ်ရှားတကြီးဖြင့် သူ့ပေါင်သူ ပြန်ရိုက်လိုက်မိသည်။
“ သူမင်းအပေါ် တစ်ခါတစ်လေ အေးစက်သွားလိုက် ၊ ပစ်ထားသွားလိုက် လုပ်နေတာက သူ့စိတ်ထဲ သေချာ မစဉ်းစားရသေးလို့ …”
“ အဲ့လို ဖြစ်တာတောင် သူ မင်းနဲ့ ဘာကြောင့် ဆက်တွဲနေလဲ မင်း သိချင်နေတယ်မလား …”
“ အခု မင်းတို့နှစ်ယောက် နောက်ဆုံးတွေ့ပြီးတဲ့ အချိန်ကနေဆို မင်းတို့နှစ်ယောက် မတွေ့ဖြစ်တာ လဝက်လောက် ရှိနေပြီ ဟုတ်တယ်ဟုတ် …”
“ ဟုတ်တယ် ဟုတ်တယ် … ၁၅ ရက်နဲ့ ၇ ခုနစ်နာရီ ….”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က ခါးသီးစွာ ပြောဆိုလိုက်သည်။
“ သူ နိုင်ငံခြားကို အလည်ပတ်ခရီးထွက်စရာ ရှိတယ် ပြောသွားပြီး ပြန်လာရင် ငါနဲ့ တွေ့မယ်လို့ ပြောသွားခဲ့တာပဲ…”
နေ့ရက်တိုင်း၊ နာရီတိုင်းကို [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ရေတွက်နေခဲ့ပြီး သူ့ အလှနတ်ဘုရားမနှင့် အမြန် ဆုံတွေ့ရဖို့ကို မျှော်လင့်နေမိသည်။
“ သူ နိုင်ငံခြား ထွက်သွားတာ ဟုတ်တယ် … ဒါပေမယ့် အလည်ပတ် ခရီးတော့ မဟုတ်ဘူး … ခွဲစိတ်ဖို့ ဆေးရုံတက်နေတာ …”
“ ခွဲစိတ်ဖို့လား …”
ထိုစကားကြားပြီးသည့်နောက် [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ]သည် ချက်ချင်းပဲ အတော်လေး စိုးရိမ်ကြောင့်ကြမိလာသည်။
သူ၏ မျက်နှာအမူအရာမှာ မိမိကိုယ်ကို အပြစ်တင်စိတ်တို့ဖြင့် ပြည့်နှက်နေခဲ့၏။
“ ဒေါက်တာချန် … ငါ့ကို ပြောလိုက်ပါ .. သူ ဘယ်လို ရောဂါမျိုးနဲ့ ရင်ဆိုင်နေရတာလဲ … သူ့ အခြေအနေက စိုးရိမ်ရလား ….”
သူ့ နတ်ဘုရားမလေးက ရောဂါပြင်းထန်ပြီး ခွဲစိတ်ကုသရမည့် အခြေအနေသို့ ရောက်ရှိနေသည်ကိုပင် မသိရှိသည်အား သူ့ကိုယ်သူ ပြစ်တင်မဆုံး ဖြစ်နေမိသည်။
ထိုအခါမှပဲ သူ့နတ်ဘုရားမလေးနှင့် တွေ့ဆုံသည့် အခါတိုင်း အနည်းငယ် တက်ကြွမှုကင်းမဲ့နေပြီး စိတ်နှင့်လူနှင့် မကပ်သကဲ့သို့ ဖြစ်နေသည်ကို သတိထားမိသွားတော့သည်။
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] မှာ သူ့ကိုယ်သူ ပါးဖြတ်ရိုက်ချင်ရုံမှတပါး အခြား ဘာမှ မပြုလုပ်ချင်တော့ပေ။
တက်ကြွမှု မရှိသည်က မကျန်းမာသည့် အခြေအနေကို ဆိုလိုသည်။
စိတ်နှင့် လူနှင့် မကပ်ချင်သလို ဖြစ်နေသည်က သူမ၏ ခွဲစိတ်မှု အောင်မြင်နိုင်ချေ ရှိမရှိ အပေါ် စိုးရိမ်နေမိခြင်းပင်။
“ သူက မင်းထင်နေသလို နာမကျန်းဖြစ်ပြီး ခွဲစိတ်မှု လုပ်ရမှာ မဟုတ်ဘူး …”
ချန်ယွီ့၏ စကားက [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ၏ နစ်မြုပ်လုနီးပါး စိတ်အခြေအနေကို ပြန်ပြီး ရိုက်ခတ်သွားစေခဲ့သည်။
" သူက နာမကျန်း ဖြစ်တာ မဟုတ်ဘူးဆို ဘာလို့ ခွဲစိတ်မှာလဲ …”
“ ဟားဟား … ငါ မရတော့ဘူး … ဒီလူငယ်လေးက အင်နိုးစန့်ဖြစ်လွန်းလို့ သူ့အစား ငါ ရင်ဘက်အောင့်လာပြီ …”
“ ညီကို … မင်းရဲ့ အလှနတ်ဘုရားမလေးက ဗိုက်သွားခွဲစိတ်တာမဟုတ်ဘူး … မျက်နှာ မျက်နှာ …”
“ လူလုပ် နတ်ဘုရားမတစ်ယောက် … အားပါးပါး … နည်းပညာတွေက တော်တော်လေး အဆင့်မြင့်လာနေပြီပဲ …”
စနောက်နေသည့် ကြည့်ရှုသူများ၏ ကွန်းမန့်စာသားကို ဖတ်ပြီးတော့မှ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည်လည်း ချန်ယွီ့စကား၏ ဆိုလိုရင်းကို နားလည်သွားခဲ့တော့သည်။
“ သူ အရင်က ပလတ်စတစ် ဆာဂျရီ လုပ်ခဲ့ဖူးတာလား …”
“ ပလတ်စတစ် ဆာဂျရီ လုပ်တယ်လို့ ပြောလို့ရတယ် ….”
ချန်ယွီ့၏ အတည်ပြုချက်ကို ကြားပြီးမှပဲ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] မှာ စိတ်သက်သာရစွာဖြင့် သက်ပြင်းချမိတော့သည်။
“ ဒီအကြောင်းပြောပြပေးလို့ ကျေးဇူးပါ ဒေါက်တာချန် … ငါ သူ့ကို ချစ်တယ် … ဒီတော့ သူနဲ့ ပတ်သက်ပြီး အရာရာတိုင်းကို သည်းခံပေးသင့်တာ သဘာဝပါပဲ ….”
“ ပလတ်စတစ် ဆာဂျရီလုပ်တာကလည်း ဆိုးတာမှပဲ မဟုတ်တာ …”
“ သူသာ နှစ်သက်တယ်ဆို ဘာပဲ ပြောင်းပြောင်း … ငါသူ့ကို အမြဲတမ်း ပံ့ပိုးပေးပြီး အမြဲတမ်း ချစ်သွားမှာ …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် သူ့ နတ်ဘုရားမလေး ပလတ်စတစ် ဆာဂျနီ ပြုလုပ်သည့်အပေါ် ကန့်ကွက်သည့် စိတ်သဘောထား အမြင်တို့ မရှိပေ။
ဘယ်လိုပင်ပြောပြော ၊ ယနေ့ခေတ်တွင် မျက်နှာခွဲစိတ်မှု ပြုလုပ်သည်ကလည်း ရေပန်းစားနေသည့်အရာပင်။
သူမ နာမကျန်း မဖြစ်သရွေ့ အဆင်ပြေသည်။
“ မင်း သူ့ကို အမြဲတမ်း ချစ်နေမယ်ဆိုတာ သေချာလား …” ချန်ယွီ့ မေးသည်။
“ သေချာတယ် … ငါ လုံးဝ သေချာတယ် …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က စိတ်ပိုင်းဖြတ်ထားမှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ ကိုယ်က တစ်စုံတစ်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ထွေးပွေ့ပေးရမှာပဲ .. သူ့ရဲ့ အားသာချက် ၊ အားနည်းချက်တွေ အပါအဝင်ပေါ့ …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က အချစ်အပေါ် သူနားလည်ထားသည့် သဘောတရားဖြင့် ခိုင်မာစွာ ဖြေကြားသွားခဲ့သည်။
သူ မြတ်နိုးသည်က သူ့ နတ်ဘုရားမ၏ သွင်ပန်းသဏ္ဌာန်နှင့် ကိုယ်လုံးကိုယ်ပေါက်ကိုသာလျှင် မဟုတ်ဘဲ သူမ၏ အတွင်းစိတ်ကိုလည်း ချစ်မြတ်နိုးသည်။
အကယ်၍ သူမထံတွင် ကောင်းကွက်ကြီးများသာ ရှိနေခဲ့မည်ဆိုပါက သူတို့နှစ်ဦး၏ ဆက်ဆံရေးတွင် ဝေးကွာမှုတို့ ခံစားလာရမည်မှာ အမှန်ပင်။
သူက သူမနှင့် ထိုက်တန်ခြင်း မရှိဟု ခံစားနေရမှာ ဖြစ်၏။
သူ့ အလှနတ်ဘုရားမက မျက်နှာခွဲစိတ်မှု သွားလုပ်သည်ကို ကြားသိရတော့ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် အရင်ကထက်ပို၍ တည်ငြိမ်လာခဲ့သည်။
“ ငါ ဘာလို့ နှာပိတ်ချင်လာသလို ဖြစ်လာတာပါလိမ့် …”
“ တောက် … ထန်လိုက်တဲ့လေ … ငါ့ကို ငိုအောင် လုပ်တယ် …”
“ မေမေရေ …. အချစ်က တကယ်ရှိတယ်ဆိုတာ သမီး ထပ်ယုံကြည်မိပြန်ပြီ …”
“ [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ရဲ့ ဘဝတန်ဖိုးတွေက တော်တော်လေး အပေါင်းလက္ခဏာဆန်တာပဲ ….”
“ သူက မိန်းမငယ်လေးတွေကို မကြိုက်ဘူးဆိုတဲ့ တစ်ချက်ကြောင့်သာ မဟုတ်ရင် ငါသူ့နဲ့ ဒိတ်မိလောက်တယ် ….”
“ ငါ ကြိုက်တယ် … ငါနဲ့ ဒိတ်ပေးပါလား ….”
“ လစ်လိုက်စမ်း … နှာဘူးကောင် …”
“ ဒါ အချစ်စစ်ပဲ … ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တဲ့ အတွေးအခေါ်တွေလဲ ….”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ၏ အချစ်အပေါ် သူ၏ ရပ်တည်ချက်အား ကြေညာပြီးသည့်နောက်တွင် နားထောင်နေကြသည့် ကြည့်ရှုသူများအားလုံး ရင်ထဲ ခံစားသွားခဲ့ကြရသည်။
အပေါ်ယံ ပစ္စည်း ပကာသနကိုသာ ကြည့်သည့် ယနေ့ခေတ်ကြီးထဲ၌ လူတို့ချို့တဲ့ဆုံး အရာမှာ ငွေကြေးဥစ္စာမဟုတ်။
ယင်းကား စိတ်ရင်းအစစ်အမှန် ဖြစ်၏။
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က သူ ပြောသည့် အရာအပေါ် ရာနှုန်းပြည့် စိတ်ရင်းစစ်မှန်သည်ကို လူတိုင်း ပြောဆိုနိုင်သည်။
“ ဒေါက်တာချန် … ငါအခု သဘောပေါက်သွားပြီ …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် ရုတ်တရက် ထအော်လာခဲ့၏။
“ မင်းက ဘာကို သဘောပေါက်သွားတာ …”
ချန်ယွီ့ ပြန်မေးသည်။
“ ငါ့နတ်ဘုရားမလေး ငါနဲ့ ဆက်ဒိတ်ဖို့ တုံ့ဆိုင်းနေတာက ငါ့ရဲ့ သူဌေးသားဆိုတဲ့ အထောက်အထားကြောင့်ပဲမလား …”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] က သေချာသည့် လေသံဖြင့် ဆိုလိုက်ပြီး “ ငါက အဲ့ဒီ ချမ်းသာတဲ့ ပလေးဘွိုင်းတွေလိုမျိုး သူနဲ့ ကစားလို့ဝပြီး ထားသွားမှာကို ကြောက်နေတာမလား ….”
“ ငါ အခုချက်ချင်းပဲ နိုင်ငံခြား လိုက်သွားပြီး သူနဲ့ မျက်နှာချင်းဆိုင် လက်ထပ်ခွင့်တောင်းမယ် … ငါ သူ့ဘေးနားကနေ ဘယ်တော့မှ ထားမသွားပါဘူးလို့ ငါ့နှလုံးသားတစ်ခုလုံးနဲ့ ကျိန်တယ် …”
ထိုသို့ ပြောပြီးသည့်နောက် [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] သည် နောက်ထပ် ကာနီဗယ် လက်ဆောင် အခု ၂၀ ကို ပို့ပေးလာခဲ့သည်။
“ ဒေါက်တာချန် … ငါ့ကို မြန်မြန်ပြောပြ … သူ ဘယ်နိုင်ငံရဲ့ ဆေးရုံမှာ ဆေးကုနေတာလဲ .. ငါ အခုပဲ လေယာဉ်လက်မှတ်ဖြတ်ပြီး သူ့နောက် လိုက်သွားတော့မယ် …”
သူ့လေသံထဲတွင် အလျင်လိုမှုကို ခံစားရပြီး ကြည့်ရှုသူများလည်း ၎င်းတို့၏ ဆုတောင်းစကားများအား ပို့ပေးလာခဲ့ကြသည်။
“ ရဲရင့်တဲ့ လူငယ်လေး … မင်းရဲ့ အချစ်နောက်ကို လိုက်သွားပြီး ပျံသန်းချည်တော့ ….”
“ ငါ လေကြောင်း ကုမ္ပဏီမှာ အလုပ်လုပ်တာ … မင်း နိုင်ငံကနေ ထွက်သွားချင်ရင် အမြန် လေယာဉ်တစ်စင်း ဘွတ်ကင်လုပ်ပေးလို့ရတယ် …”
“ ညီကို … မင်းတော့ သေချာပေါက် ပျော်နေတော့မှာပဲ ….”
ဆုတောင်းပေးထားသည့် ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့ မျက်လုံးမှိတ်လျက် သူ့နှာခေါင်းကို အသာပွတ်လိုက်မိသည်။
“ ဒေါက်တာချန် .. ကျေးဇူးပြုပြီး …..”
[ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] မှာ စိတ်လောလွန်း၍ ငိုချလုမတတ် ဖြစ်နေသည်။
ကြည့်ရှုသူများကလည်း [ မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင် ] ဘက်က ရပ်တည်ပေး၍ ချန်ယွီ့ကို တောင်းဆိုပေးနေကြသည်။
၎င်းတို့အားလုံးက နတ်ဘုရားမ ဆေးကုသမှု ခံယူနေသည့် နိုင်ငံနှင့် ဆေးရုံနာမည်ကို သူ့အား ပြောပြစေလိုကြသည်။
“ သူက အခု Siam(ဆမ်) ပြည်သူ့ဆေးရုံရဲ့ gender plastic surgery စင်တာမှာ …”