ပျော်ရွှင်ဖွယ် လမ်းခွဲခြင်း
Vol. 1 Ch. 9
“ ဒေါက်တာချန် … မင်း အရင်တုန်းက ပုံပြင် ဇာတ်လမ်းတွေ အများကြီး ပြောခဲ့ဖူးရမယ် … မှန်တယ်မလား ….”
“ ဒီ အဘိုးကြီး အကြံပေးတာကို နားထောင် … စိတ်ကျန်းမာရေး ဆရာဝန်ဆိုတာ အနာဂတ်မရှိဘူး … လမ်းဘေးမှာ ဆိုင်တစ်ဆိုင်ဖွင့်ပြီး ဗေဒင်ဟောတော့ … ပြီးတာနဲ့ နာမည်ကြီးတဲ့ မာစတာဖြစ်ပြီပဲ …”
“ ပျော်စရာတွေ ကြည့်ဖို့ စကားတစ်ခွန်းတည်းပဲ လိုတယ် …”
“ ကြည့်ကြစမ်း ဟေ့ကောင်တွေ … ချယ်ရီပင်ရဲ့ မျက်နှာ ရှုံ့မဲ့နေပြီဟ ….”
“ ဒေါက်တာချန်ရဲ့ နောက်စကားတစ်ခွန်းက ချယ်ရီပင်ရဲ့ နှလုံးသားကို အေးစက်သွားစေမယ်ဆိုတာ ငါ လောင်းရဲတယ် …”
“ ငါ အသင့်စား ခေါက်ဆွဲခြောက်ထုပ်တစ်ဝက် လောင်းကြေးထပ်တယ်ကွာ ….”
“ ကပ်စေးနည်းလိုက်တာ … ငါ နွားနို့တစ်ဖာ လောင်းကြေးထပ်မယ်ကွာ …”
အခြေအနေက ကြည့်ရှုသူများ ခန့်မှန်းသည်နှင့် အနည်းငယ် ကွဲလွဲနေသည်။ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ နှလုံးသားမှာ အေးစက်နေပြီးဖြစ်၏။
သူ့ဘဝကြီးက ဘာကြောင့် ဒီလို ဖြစ်ရတာလဲ …
ချန်ယွီ့၏ လေသံမှတစ်ဆင့် သူ၏ အခြားနိဂုံးတစ်ခုသည်လည်း ပို၍ပင် ခလုတ်ကန်သင်းတို့ဖြင့် အတက်အကျ များနေမည်မှာ သေချာသည်။
“ လူနာ … မင်းဆက်ပြီး နားထောင်ချင်သေးလား …”
ချန်ယွီ့က ပူပန်နေသည့် အမူအရာဖြင့် မေးလာခဲ့၏။
“ ဟုတ်ကဲ့ …”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က အားလျော့စွာ ဖြေဆိုလိုက်၏။
“ လူနာကို လေးစားတာကလည်း ဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေထဲက တစ်ခုပဲ … ဒီတော့ မင်းရဲ့ ဒုတိယ နိဂုံးကို ငါပြောမယ် …”
ချန်ယွီ့ ရေဖန်ခွက်တစ်ခွက်ကို လှမ်းယူပြီး သောက်လိုက်သည်။
“ မင်းသူနဲ့ အဆက်အသွယ်တွေ ဖြတ်ပြီးရင် မင်းကိုယ်မင်း အချစ်စစ် ရှာတဲ့ နေရာမှာ စိတ်ကို ဆက်ပြီး မြုပ်နှံ့ထားတယ် …” ချန်ယွီ့ လည်ချောင်းစိုအောင် ပြုလုပ်ရင်း ပြောလိုက်ပြီး “ ဒါပေမယ့် မင်းမှာ နက်နက်ရှိုင်းရှိုင်း နာကျင်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ဖူးတော့ မင်း စိတ်ရောဂါရသွားပြီ …”
“ မင်း ခံစားချက်ရှိတဲ့သူကို တွေ့တဲ့အခါတိုင်း တစ်ဖက်လူက မိန်းကလေးလား ၊ ယောက်ျားလေးလားဆိုတာကို မင်းသေချာ လေ့လာလိမ့်မယ် …”
“ အဲ့ဒီ အမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာ မင်းက ရွံရှာဖို့ကောင်းတဲ့ကောင်တစ်ယောက် ဖြစ်လာမယ် …”
“ အချိန်တွေ ကြာလာတာနဲ့အမျှ မင်းက ထူးဆန်းတဲ့ တဏှာရူးကောင်ဆိုတဲ့ ဂုဏ်သတင်းကလည်း မြို့အနှံ့ပျံ့နှံ့သွားပြီး မိန်းကလေးတွေ အရွံမုန်းဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ် …”
“ မင်းထက်မုန်းဖို့ကောင်းတဲ့ တစ်ခြားအမျိုးသားတစ်ယောက် ပေါ်မလာနိုင်တဲ့အထိကို မင်းက ပြိုင်ဘက်ကင်းနေလိမ့်မယ် …”
“ သိုက်တူးမတွေတောင် မင်းရဲ့ မတွေးဝံ့လောက်စရာ ထူးဆန်းတဲ့ စွဲလမ်းစိတ်ကြောင့် မင်းအနားကို မကပ်ဝံ့ကြဘူး …”
“ အချိန် ခုနစ်နှစ် ၊ ရှစ်နှစ်က မျက်တောင်တစ်ခတ်စာအတွင်းမှာ ကုန်ဆုံးသွားခဲ့ပြီး အချစ်တံခါးချပ်ကလည်း မင်းပေါ်မှာ လုံးဝ ပိတ်စို့ထားတယ် …”
“ မင်း အသက် သုံးဆယ်ကျော်လာတော့ မင်း မိဘတွေက မင်းကို လက်ထပ်ပွဲတစ်ခု စီစဉ်ပေးတယ် …”
“ မင်းလက်ထပ်ပြီးတဲ့နောက်မှာ သားတစ်ယောက် ရတယ် … မင်းသူ့ကို ချစ်လွန်းလို့ ပါးစပ်ထဲ ငုံထားလုမတတ်ပဲ …”
“ တစ်နေ့ ကလေး တစ်ခုခု ဖြစ်ပြီး သွေးသွင်းဖို့ လိုအပ်လာတဲ့ အခါမှသာ ကလေးက မင်းရဲ့သားလေး မဟုတ်ဘူးဆိုတာကို မင်း ရုတ်တရက်သိလိုက်ရတယ် …”
“ အင်း … နောက်ထပ် ထိုးနှက်ချက်တစ်ခုပေါ့လေ … ပြီးတော့ ဒီတစ်ခုက မင်းကို လုံးလုံးလျားလျား ရိုက်ချလိုက်တာပဲ … မင်း … မင်းမိန်းမနဲ့ ကွာရှင်းပြီး လက်တွေ့ကို မရင်ဆိုင်ချင်တော့ဘဲ အရက်တွေ နင်းကန်သောက်မယ် …”
“ အရက်တွေ ဆက်တိုက်သောက်တော့ ကုမ္ပဏီကိုလည်း ကောင်းကောင်းမွန်မွန် မစီမံနိုင်တော့ပဲ နောက် ၂ နှစ်မှာ မင်းရဲ့ မိသားစုပိုင် ကုမ္ပဏီလည်း ပိတ်သိမ်းလိုက်ရမယ် …”
“ မင်း အသက် ငါးဆယ် ရောက်တဲ့အချိန်မှာ အရက်အဆိပ်သင့်ပြီး ဆေးရုံတင်လိုက်ရတယ် … ဆေးရုံက ဆင်းလာပြီးတဲ့နောက်ပိုင်းမှာ အဲ့ကိစ္စကြောင့်ပဲ မင်းမျက်နှာ တော်တော်ချောင်ကျသွားမယ် …”
“ အဲ့နောက်တစ်နှစ်ကြာပြီး မင်းလမ်းပေါ်မှာ အရက်မူးရင်း အိပ်စက်သွားခဲ့မယ် … ဘယ်တော့မှ ပြန်နိုးထမလာမယ့် အိပ်စက်ချင်းမျိုးနဲ့ပေါ့ …."
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် သူ၏ ဒုတိယ နိဂုံးက ကောင်းမွန်လိမ့်မှာ မဟုတ်ဟူ၍ စိတ်ကို အကောင်းဆုံး ပြင်ဆင်ထားပါသော်လည်း သူ၏ အဆုံးသတ်က ထိုမျှ ဆိုးရွားစုတ်ပြတ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။
ဤသည်က သာမန်ဆိုးရွားရုံမျှ မဟုတ်တော့။
အလွန်အမင်း ကံဆိုးမိုးမှောင်ကျခြင်းပင်။
မြို့ထဲရှိ အမျိုးသမီးတိုင်း၏ တဏှာရူးကောင်အဖြစ် သမုတ်ခံထားရသည်ကပင် သူ့ကို လည်ပင်း ကြိုးကွင်းစွပ်ဖို့ လုံလောက်၏။
သို့တိုင် ထိုသည်က အစမျှသာ ရှိသေး၏။
လက်ထပ်ပြီးသည့်နောက်တွင်လည်း သူ့သားမဟုတ်သည့် ကလေးတစ်ယောက်က ရှိလာပြန်သည်။ ထို့ပြင် သူ့ဘက်က ထိုကလေးကို ရင်ဘက်ကြီးအား ဥယျာဉ်သဖွယ် အသုံးပြု၍ သေချာ ပျိုးထောင်ပေးနေခဲ့သေးသည်။
သေရည်သေရက်ကို တစ်ခါမျှ မသောက်ဖူးသည့် သူသည် အရက်သမား ဖြစ်လာခဲ့ပြီး နောက်ဆုံး၌ အရက်မူးရင်း လမ်းဘေး၌ သေဆုံးသွားခဲ့ရသည်။
ထိုအခိုက်အတန့်မှာပဲ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် ဤနေရာကနေ ထွက်ပြေးချင်စိတ်တို့ပင် ပေါက်ဖွားလာခဲ့တော့သည်။
“ မင်းတို့ ငါ့ကို မတားကြနဲ့ … သူ့ ဇာတ်လမ်းက ငါကြားဖူးသမျှထဲမှာ သနားဖို့အကောင်းဆုံးပဲ…”
“ ပထမ အဆုံးသတ်လေးက ပိုကောင်းတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့် …”
“ ပါလိမ့် ဆိုတာကို ဖြုတ်ထားလိုက် … ပထမ အဆုံးသတ်က အကောင်းဆုံးပဲ ….”
“ ညီကို ချယ်ရီပင်က ဒီနှစ်ရဲ့ သနားစရာ အကောင်းဆုံး ဒုတိယဆုရှင် ဖြစ်တယ်လို့ ငါကြေညာတယ် …”
“ ပထမဆုရှင်က ဘယ်သူတုန်း …”
“ ဒါပေါ့ … ဒေါက်တာချန်နဲ့ စိတ်ကျန်းမာရေး ဆွေးနွေးမယ့် နောက်လာမယ့်တစ်ယောက်အတွက်လေ …”
ကွန်းမန့်များက ဆက်တိုက်စနောက်နေခဲ့ကြသည်။
သို့သော်လည်းပဲ သူ့ အလှနတ်ဘုရားမသည် တစ်ချိန်တစ်ခါက အမျိုးသား ဖြစ်ခဲ့ဖူးသည် ဟူသည့် အချက်ကို လျစ်လျူရှုထားမည်ဆိုပါက ပထမဇာတ်သိမ်းလေးက မဆိုးဘူးဆိုတာကို လူတိုင်း လက်ခံနေခဲ့ကြ၏။
အချင်းချင်း ချစ်ကြတဲ့စုံတွဲ၊ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေ စံထားချီးမွမ်းရတဲ့ လင်မယား ၊ ပြီးတော့ ငြိမ်းချမ်းတဲ့ ဘဝရဲ့ နေဝင်ချိန်။
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်] နှုတ်ခမ်းအား သွေးမထွက်ရုံတမယ် ကိုက်ထားနေမိသည်။
“ ငါတို့ အဆက်အသွယ်ဖြတ်ပြီးနောက်ပိုင်း သူ့ရဲ့ဘဝအခြေအနေကရော ဘယ်လိုရှိမလဲ ဒေါက်တာချန် …”
သူထိုသို့ မေးမြန်းလိုက်သည့် အချိန်မှာပဲ စကားပြောခန်းထဲတွင် စနောက်သံတို့ ထွက်ပေါ်လာခဲ့တော့သည်။
ဆိုလိုသည်မှာ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ပထမလမ်းကြောင်းကို ရွေးချယ်ချင်နေပုံပင်။
စဉ်းစားကြည့်ပြီးသည့်နောက် ထိုသည်ကလည်း အဓိပ္ပာယ်ရှိ၏။
ဒုတိယ အဆုံးသတ်နှင့် နှိုင်းစာလိုက်မည်ဆိုပါက ပထမဇာတ်သိမ်းလေးက အတော်လေး မဆိုးလှချေ။ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က အမှန်တကယ်ကို ဘဝ၏ အောင်နိုင်သူ ဖြစ်ခဲ့၏။
“ သိပ်သနားဖို့ကောင်းတယ် …”
ချန်ယွီ့ သက်ပြင်းချလိုက်သည်။
“ ငါ့ထက်တောင် ဆိုးရွားသေးတာလား …”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ဝမ်းနည်းညှိုးငယ်နေသည့် လေသံဖြင့် မေးလာခဲ့၏။
“ အတူတူနီးပါးပါပဲ ….”
“ မင်းရဲ့ ငွေကြေးထောက်ပံ့မှုတွေ မရှိဘဲ သူ့ရဲ့ နောက်ဆက်တွဲ ကုသမှုတွေအတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ဘူး …” ချန်ယွီ့ မနှေးမမြန် လေသံဖြင့် ဆက်ပြီးပြောသည်။
“ သူ့အသက်ကို ဆွဲဆန့်ပြီး လှပတဲ့ မျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းဖို့ လစာ များများရနိုင်မယ့် နိုက်ကလပ် တစ်ခုမှာ အလုပ်ဝင်လုပ်တယ် …”
“ အရက်ကို နေ့စဉ်ရက်ဆက် သောက်သုံးတာက ကျန်းမာရေးကို ဆိုးရွားစေပြီး ဆေးတွေ ဆက်တိုက်သောက်ဖို့ လိုတယ် …”
“ နောက်ပိုင်းမှာ ပါပါရာဇီ သတင်းထောက်တစ်ယောက်က သူမအကြောင်း သိသွားခဲ့ပြီး သတင်းခေါင်းစီးတစ်ခုအနေနဲ့ အသုံးချလိုက်တယ် …”
“ ညစ်ညမ်းပြီး စာနာမှုမရှိတဲ့ လှောင်ပြောင်ပြက်ရယ်ပြုတဲ့ မက်ဆေ့ချ်တွေ သူ့ဆီ အစုလိုက်အပြုံလိုက် ရောက်လာတော့တာပဲ …”
“ အဲ့ဒီမှာ ဖိအားက နှစ်ဆဖြစ်သွားခဲ့ပြီး သူလည်း ကိုယ်ထောင်းစိတ်ကြေဖြစ်သွားခဲ့ပြီ … ဒါကြောင့် ပင်လယ်ထဲ ခုန်ချပြီး ဘဝကို အဆုံးစီရင် ပစ်လိုက်တာပဲ …”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် နာကျင်စွာဖြင့် မျက်လုံး စုံမှိတ်ထားခဲ့မိသည်။
သူ တစ်ယောက်တည်း နာကျင်ခံစားရသည်က မလုံလောက်ခဲ့ချေ။ သူ့အလှနတ်ဘုရားမသည်လည်း သူ့နည်းတူ အခြေအနေ ဆိုးရွားနေခဲ့၏။
ဤသည်က မည်သို့သော အဆုံးသတ်ပေနည်း။
ဒဏ္ဍာရီ ပုံပြင်များပင် သူတို့၏ ဇာတ်လမ်းနှင့် တုနှိုင်းယှဉ်ပြိုင်နိုင်မှာ မဟုတ်ပေ။
“ မင်း မေးစရာ ရှိသေးလား ….”
ချန်ယွီ့ ညင်သာစွာ မေးမြန်းလိုက်၏။
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် “ ဒေါက်တာချန် … တကယ်လို့ ငါသာ သူ့ဆေးဝါးတွေအတွက် ငွေကြေးထောက်ပံ့ပေးခဲ့မယ်ဆိုရင် သူ့ အနာဂတ်က အဲ့လောက်ထိ သနားဖို့ ကောင်းဦးမှာလား …”
ဤသည်ကို ကြားတော့ ချန်ယွီ့ တိတ်ဆိတ်သွားခဲ့သည်။
သူ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာဖြင့် စတင်တွက်ချက်ကြည့်လိုက်၏။
“ မဟုတ်ဘူး …”
“ သူ(မ) ပျော်ရွှင်နိုင်မှာလား ….”
“ အင်း …”
ဤသည်ကိုကြားတော့ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် စိတ်သက်သာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ ယွမ်ငါးသန်းက သူ့ဆေးဖိုးတွေအတွက် လုံလောက်နိုင်မှာလား …”
ချန်ယွီ့ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
“ မင်းဒီလို လုပ်ချင်တာ သေချာလား …”
“ အင်း …”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ပြတ်သားစွာ ပြောလိုက်၏။
“ လုံလောက်တယ် ….”
“ ကျေးဇူးပါပဲ …”
ရှင်းလင်းတိကျသည့် အဖြေကို ရရှိပြီးနောက် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် သူ့ဖုန်းကို ထုတ်၍ ဘဏ်အကောင့်ထဲ ဝင်လိုက်သည်။
ယွမ်ငါးသန်းကို သူမ၏ အကောင့်ထဲသို့ တုံ့ဆိုင်းခြင်း မရှိ လွှဲပြောင်းပေးလိုက်၏။
ကလင် ကလင် ကလင် …
ခေတ္တကြာပြီးနောက်တွင် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ ဖုန်းသံမြည်ဟည်းလာသည်။
လှပနူးညံ့သည့် အမျိုးသမီးသံတစ်သံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့၏။
“ နင် ဘာလို့ ရုတ်တရက်ကြီး ငါ့ဆီ ပိုက်ဆံ ဒီလောက်အများကြီး လွှဲလာခဲ့တာလဲ …”
“ မင်းရဲ့ ဆေးဖိုးအတွက်လေ … မင်း အနာဂတ်မှာ ပျော်ရွှင်နိုင်ပြီး မင်းကို လက်ခံပေးနိုင်မယ့် ယောက်ျားကောင်းတစ်ယောက် ရှာတွေ့နိုင်ပါစေလို့ ငါဆုတောင်းပေးတယ် …”
ဖော်ပြမရနိုင်သည့် နာကျင်မှုက [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ မျက်နှာထက်တွင် ဖြစ်ပတည်လာခဲ့သည်။
“ ငါတောင်းပန်ပါတယ် … ငါ နင့်ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး …”
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ပြန်မဖြေဘဲ ဖုန်းချလိုက်၏။
သူမနှင့် ပတ်သက်သည့် အဆက်အသွယ်များအားလုံးကို ချက်ချင်း ဖျက်ပစ်လိုက်သည်။
“ ဒေါက်တာချန် … ငါဒီနေ့ ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အကုန် ပျက်စီးခဲ့တယ်ဆိုပေမယ့် ငါ မင်းကို ကျေးဇူးတင်နေတုန်းပဲ …”
ချိုတစ်လှည့် ၊ ခါးတစ်လှည့် အတွေ့အကြုံများကို ခံစားပြီးသည့်နောက်တွင် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် နောက်ဆုံး၌ ပြန်လည်တည်ငြိမ်လာခဲ့၏။
“ မင်းပြောသွားတဲ့ ဇာတ်သိမ်းနှစ်ခုကို ငါ မလိုချင်ဘူး … ငါနဲ့ သက်ဆိုင်မယ့် ဇာတ်သိမ်းအသစ်တစ်ခုကို ငါ့ဘာငါ ဖွေရှာမယ် ….”
သူ၏ ဇွဲလုံ့လဖြင့် ဆိုပါက တစ်နေ့ စစ်မှန်သည့် အချစ်စစ်ကို ရှာတွေ့နိုင်မည်ဟု သူ မြဲမြံစွာ ယုံကြည်သည်။
“ ညီကိုရာ … မင်းဘာကြောင့် အဲ့လို လုပ်လိုက်ရတာလဲ ….”
“ မင်းနဲ့ ကောင်းအတူ ဆိုးအတူ အတူရှိနေပေးမယ့်လူ ရှိတာ မကောင်းလို့လား …”
“ ကံကြမ္မာက သတ်မှတ်လာခဲ့ပေးပြီဆိုမှတော့ ဘာလို့များ ဒုက္ခထပ်ရှာချင်နေရသေးတာလဲ ….”
စကားပြောခန်းထဲရှိ ကြည့်ရှုသူများက ချယ်ရီသစ်ပင်ကို ဖြောင်းဖြရန် ကြိုးပမ်းလာခဲ့ကြသည်။
[မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် ခေါင်းကို ခါရမ်းလိုက်ပြီး မတ်တပ်ရပ်ကာ စခရင်သို့ ဦးညွှတ်လိုက်၏။
“ မင်းက စိတ်ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ … ဆရာဝန်တစ်ယောက်အနေနဲ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားပေးမယ် …” ချန်ယွီ့ ပြောဆိုလိုက်သည်။
“ ဒေါက်တာချန် … ဆေးကုခ ဘယ်လောက်ကျလဲ …”
“ မင်းငါ့ကို ကာနီဗယ်လက်ဆောင်တွေ အများကြီး ပေးခဲ့ပြီးပြီပဲ … ဒီတစ်ခေါက်တော့ ထားလိုက်တော့ …”
ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဘဝကြီးက ခက်ခဲကြမ်းတမ်းသည့်တိုင် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]၏ ရှေ့ကို ဆက်လက်ချီတက်သွားဝံ့သည့် စိတ်ဓာတ်က ပြိုလဲမသွားခဲ့ချေ။ သူကဲ့သို့ လူစားမျိုးက အင်မတန် ရှား၏။
လေးစားစွာဖြင့် သက်ပြင်းတစ်ချက် ချပြီးနောက်တွင် ချန်ယွီ့က လူတိုင်း ထင်မှတ်မထားသည့် တစ်ခုကို ပြုလုပ်လိုက်သည်။
သူ လိုင်းပေါ်က ဆင်းသွားခဲ့၏။