← Chapters

သူက သာမန် စိတ်ကျန်းမာရေးဆရာဝန် မဟုတ်ဘူး

Vol. 1 Ch. 10

သူက သာမန် စိတ်ကျန်းမာရေးဆရာဝန် မဟုတ်ဘူး

Vol. 1 Ch. 10

သတိပေးခြင်း အလျဉ်းမရှိပါဘဲ ချန်ယွီ့ တိုက်ရိုက်ထုတ်လွှင့်မှုအား ပိတ်လိုက်သည်။

သောင်းနှင့်ချီသည့် ကြည့်ရှုနေကြသူတို့မှာ ချန်ယွီ့ ထိုကဲ့သို့ ပြုလုပ်လိမ့်မည်ကို ထင်မှတ်မထားခဲ့၍ ခေတ္တမျှ ရှုပ်ထွေးသွားခဲ့ကြသည်။

“ ဟေ့ကောင်တွေ … ဟူယွီက ဆာဗာတွေ အများကြီး ရှိပြီး ဘယ်တော့မှ ပြတ်မကျတဲ့ ပလတ်ဖောင်းဆိုပြီး နာမည်ကြီးတယ် မဟုတ်ဘူးလား … ဒီကောင်တွေ ဒီလောက် အရေးကြီးတဲ့ အချိန်မှ ဆာဗာက ဘာလို့ ထဖောက်လာရတာလဲတဲ့ ….”

“ စထွင်မာက လိုင်းဆင်းသွားတာရော မဖြစ်နိုင်ဘူးလား …”

“ မဖြစ်နိုင်ဘူး … လုံးဝ လုံးဝ မဖြစ်နိုင်ဘူး …”

“ အခု သူ့ လိုက်စထွင်းကို ကြည့်နေတဲ့လူ နှစ်သိန်းကျော်တယ် … ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် အခွင့်အရေးကောင်းကြီးကို လက်လွှတ်ခံပြီး ဘာမပြော ညာမပြောနဲ့ လိုင်းပေါ်က ဆင်းသွားစရာ အကြောင်းမရှိဘူး …”

“ မင်းတို့ သိချင်နေတဲ့ အမှန်တရားက တစ်ခုတည်း ရှိတယ် … ဒီလိုလေး(✓) ….”

ဉာဏ်ထက်မြက်လှသည့် ကြည့်ရှုသူတို့မှာ ယခုအချိန်၌ စုံထောက်ကြီးများ လုပ်နေကြသည်။

ချန်ယွီ့ အဘယ်ကြောင့် လိုင်းဆင်းသွားရလဲဆိုတာကို အကုန်လုံးက တစ်ယောက်တစ်မျိုးစီ သုံးသပ်ချက် ပေးနေခဲ့ကြ၏။

တစ်ချို့က သူ ဖိတ်ခေါ်ထားသည့် သရုပ်ဆောင်များအားလုံးကို အသုံးပြုပြီးသောကြောင့်ဟု ပြောဆိုနေကြသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ အခြား လူနာတစ်ယောက်သာ ရောက်လာခဲ့မည်ဆိုပါက ချန်ယွီ့ ဖော်ထုတ်လိုက်ခံရမည်မှာ ကျိန်းသေသောကြောင့်ပင်။

“ ဒီရဲ့ လိုက်စထွင်းထဲမှာ တကယ့်ကို ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ … ဒီမှာ စုံထောက်တစ်ယောက်တောင် ရှိနေမယ်လို့ ထင်မထားဘူး ….”

“ ငါတော့ သရုပ်ဆောင်နေတယ်လို့ မထင်ဘူးနော် … မမလေးကျိုးလို ငှားလို့ မရတဲ့ စထွင်မာ အကြီးစားကို မပြောသေးနဲ့ ၊ ချယ်ရီသစ်ပင်လို သူဌေးသားကရော သူ့သိက္ခာတွေ အကျခံပြီး စထွင်မာနဲ့ ပူးပေါင်းပေးမယ်လို့ ထင်လား …”

အစောပိုင်းတုန်းက [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]သည် ယွမ်ငါးသန်းကို အမှန်တကယ် လွှဲပြောင်းပေးလိုက်ကြောင်း သူတို့ တွေ့ခဲ့ရသည်။

ယွမ်ငါးသန်း ပမာဏကိုပင် လွယ်လင့်တကူ ထုတ်ပေးနိုင်ခဲ့ရာ ချယ်ရီသစ်ပင်က ငွေရှားသူ မဟုတ်ကြောင်းကို သိနိုင်သည်။

“ သူတို့တွေ အကုန်လုံး တစ်ကျိပ်တည်း၊ တစ်ဉာဏ်တည်းတွေ ဖြစ်နေရင်လည်း ဖြစ်နေမှာပေါ့ … ခဏနေကျ သူ့အကောင့်ထဲ ပိုက်ဆံ ပြန်မဝင်လာဘူးလို့ ဘယ်သူက ပြောနိုင်မှာ …”

“ ဟုတ်တယ် … အဲ့လိုပဲ ဖြစ်ရမယ် …”

“ စိတ်ကျန်းမာရေး ဆရာဝန်က လူတွေရဲ့ ကံကြမ္မာကို ပြောပြပေးနေတယ် … ဒါ တကယ့်ကို အသစ်အဆန်းပဲ ….”

ထိုကွန်းမန့်က ကြည့်ရှုသူ တော်တော်များများ၏ ထောက်ခံမှုကို ရရှိသွားခဲ့သည်။

သာမန်လူများအဖို့ … စိတ်ကျန်းမာရေး ဆရာဝန် အလုပ်အကိုင်ဆိုသည်မှာ ထူးဆန်းသည့် အရာတစ်ခု ဖြစ်နေပြီး ဖြစ်သည်။

သို့ပေမယ့်လို့ … စိတ်ကျန်းမာရေး ဆရာဝန်က မည်မျှပင် ထူးခြားဆန်းကြယ်နေစေဦးတော့ ၎င်းတို့က အနန္တ တန်ခိုးရှင်များ မဟုတ်ကြချေ။

ချန်ယွီ့က မမလေးကျိုး၏ ခွက်ထဲတွင် ဆေးခပ်ထားကြောင်းကို လိုက်စထွင်းကတစ်ဆင့် သိရှိနေခဲ့သည်။

ထိုအရာက မည်ကဲ့သို့ အစစ်အမှန် ဖြစ်နိုင်လိမ့်မည်နည်း။

“ ဒါဇင်ချီတဲ့ ကာနီဗယ် လက်ဆောင်တွေကရော အတုတွေလို့ ထင်လား … မဟုတ်ဘူးလေ …”

“ မင်းက ငယ်ရွယ်ရိုးသားဖြူစင်တဲ့ ကောင်လေးတစ်ယောက်ဆိုတာ ငါပြောနိုင်တယ် … ဒါကို နာမည်ကြီးဖို့ ပိုက်ဆံရင်းတယ် ခေါ်တယ် …”

“ [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]က ချမ်းသာတဲ့ သူဌေးသားဆိုတာ သေချာတယ် … ပြီးတော့ ဒါကလည်း သူ စုစည်းထားတဲ့ အသင်းသားတွေပဲ ဖြစ်ရမယ် ….”

“ ကြည့်လို့ကောင်းရင် တော်ရောပေါ့ကွာ … ဘာကို ဇာတ်ညွှန်းဟုတ်တာတွေ မဟုတ်တာတွေ ဘာလို့ အဲ့လောက်ထိ ဂရုစိုက်နေကြတာ … စောက်ရေးမပါလိုက်တာ ….”

လိုက်စထွင်းမှာ ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့သည်။

ထိုအရာက အမှန်ပင်။

ဖျော်ဖြေမှု ရှိနေသည့် အချိန်၌ ထိုအရာက ဇာတ်ညွှန်းပြုလုပ်ထားခြင်း ဟုတ်မဟုတ် အရေးကြီး၏လော။

အရေးမကြီးပေ။

ကျိုးခဲ့ရှင်းနှင့် [မိုးကိုမျှော်နေသည့် ချယ်ရီသစ်ပင်]တို့၏ ချဲ့ကားလှသည့် အမူအရာတို့နှင့်ပင် လုံလောက်နေပြီး ဖြစ်သည်။

ပြန်တွေးကြည့်လိုက်ရုံနှင့် လူကို ပြန်ရယ်စေလာချင်သည်။

“ ညီကိုတို့ … သွားကြစို့ … မလေးကျိုးက သူ့လိုက်စထွင်းပေါ်မှာ ဗွီဒီယိုတင်လာပြီ …”

“ ကဲ ကဲ လစ်ကြမယ် လစ်ကြမယ် ….”

“ ဟေးဟေး .. နောက်ထပ် ရှိုးတစ်ခု ကြည့်ရတော့မယ်ဟေ့ …”

ချန်ယွီ့ လိုက်စထွင်းထဲတွင် စကားဝိုင်းကောင်းနေကြသည့် ကြည့်ရှုသူတို့မှာ ချက်ချင်းဆိုသလို စိတ်ပြောင်းသွားခဲ့ကြပြီး ကျိုးခဲ့ရှင်း၏ ချာနယ်ထဲသို့ ကူးပြောင်းသွားခဲ့ကြသည်။

ကျိုးခဲ့ရှင်းက ပြောက်ကျား လိုက်စထွင်းကို စတင်လိုက်ပြီး သိန်းနှင့်ချီသည့် ကြည့်ရှုသူများက သူမ၏ ဗလာကျင်းနေသည့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တစ်ဟုန်ထိုး စုပြုံဝင်ရောက်လာခဲ့ကြသည်။

လိုက်စထွင်းက သုံးမိနစ်ခန့်မျှသာ ကြာမြင့်ခဲ့၏။

လိုက်စထွင်းတည်နေရာက ဆေးရုံတစ်ခု၏ အရေးပေါ်ဌာန ဝင်ပေါက်ဝတွင် ဖြစ်ပြီး ကျိုးခဲ့ရှင်း၏ လက်ထဲတွင် ဆေးစစ်ချက် မှတ်တမ်းစာရွက်ကို ကိုင်ထားလျက်ရှိသည်။

သူမ၏ ကြည့်ရှုသူများကို ဆေးစစ်ဆေးမှု မှတ်တမ်းများအား ပြောပြလိုက်၏။ ချန်ယွီ့ပြောခဲ့သည်များက အကုန်မှန်ကန်နေသည်။ ဆေးအေးနှင့် အသားညှပ်ပေါင်မုန့်များ အားလုံးထဲတွင် အမ်ဖက်ဖ်တမင်းတို့ ပါဝင်နေခဲ့သည်။

သွေးစစ်ဆေးပြီးနောက်တွင် ကျိုးခဲ့ရှင်း၏ ခန္ဓာကိုယ်ထဲတွင်လည်း တူညီသည့် ဆေးဝါးတို့ ပါဝင်နေသည်ကို သိရှိလိုက်ရသည်။

ထိုအရာများအား ပြောပြပြီးနောက်တွင် ကျိုးခဲ့ရှင်းက ရဲပြေစာ တစ်စောင်ကိုပါ ထုတ်ပြလာခဲ့သည်။

အန်းအန်းကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။

အကယ်၍ သတင်းထူးအသစ်ရှိလာခဲ့လျှင်လည်း သူတို့အားလုံးကို ချက်ချင်း အသိပေးမည်ဟူ၍ ကျိုးခဲ့ရှင်းက ထပ်ပေါင်းပြောခဲ့သေး၏။

လိုက်စထွင်းအဆုံးသတ်၌ ချန်ယွီ့အပေါ် လေးလေးနက်နက် ကျေးဇူးတင်ရန်လည်း မမေ့လျော့ခဲ့ချေ။

ဒေါက်တာ၏ ပြောစကားများအရဆိုပါက သူမကသာ အမ်ဖက်ဖ်တမင်းကို နည်းနည်းချင်းစီ သုံးစွဲနေခဲ့မည်ဆိုပါက တစ်သက်လုံး ပြန်ကောင်းနိုင်တော့မှာ မဟုတ်ဟူ၍ပင်။ အချိန်တစ်ချို့ ကြာပြီးနောက်တွင် ဆေးက သူမ၏ ဦးနှောက်ကို ထိခိုက်လာစေမည်။ စိတ်ကစဉ့်ကလျား မဖြစ်စေဦးတော့ လှုပ်ရှားမှုများ၊ စကားပြောဆိုမှုများ နှင့် အခြားသော အရာများ ပြုလုပ်ရန် ခက်ခဲသွားပေလိမ့်မည်။

ဆေးရုံ၏ ဆေးစစ်မှတ်တမ်းနှင့် ရဲပြေစာတွင် နီရဲနေသည့် တံဆိပ်ခေါင်းတစ်ခုလည်း ပါရှိပြီး ထိုအရာများ၏ စစ်မှန်မှုကို သံသယဝင်ရန် မလိုချေ။

“ မမလေးကျိုးက သရုပ်ဆောင်နေပါတယ်လို့ ပြောတဲ့ကောင်တွေ ဘယ်ရောက်သွားလဲ … ဒီဖေဖေ ဘာမှမလုပ်ဘူး .. ပါးလေးပဲ ဖြတ်ရိုက်ချင်ရုံပါ …”

“ သူတို့သာ ထွက်လာရဲရင် ငါ လိုက်လွင့်ပြီး ချေးစားပြလိုက်မယ် …”

“ အန်းအန်းက တကယ်ကြီး အဲ့လိုလုပ်ရပ်မျိုး လုပ်တယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး … သူတော့ အနည်းဆုံး ထောင်ဆယ်နှစ်ပဲ ….”

“ ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဆေးခပ်တာကလည်း အပြစ်ကြီးတယ် … ဆယ်နှစ်တောင် က,ချင်မှကမှာ … ထောင်တစ်သက်တစ်ကျွန်း … ဒါမှမဟုတ် သေဒဏ်တောင်မှ ဖြစ်ရင်ဖြစ်နိုင်တယ် …”

“ ငါ ရုတ်တရက်ကြီး ဟာသတစ်ခုကို သတိရမိလိုက်သလိုပဲ … အခန်းဖော် … ငါ့ကို မသတ်လို့ ကျေးဇူးပဲ … ဟားဟားဟား ….”

ကြည့်ရှုသူများအားလုံး သက်ပြင်းချလိုက်ကြသည်။

ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းတို့ သရုပ်ဆောင်နေပါသည်ဟူသော အသံတို့က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ရည်ရွယ်ချက်ရှိရှိ ဆေးခပ်သည်ဆိုသည်မှာ စနောက်၍ ကောင်းသည့်အရာ မဟုတ်ချေ။

မည်သည့် ဇာတ်ညွှန်းရေးဆရာ၊ မည်သည့် သရုပ်ဆောင်ကမျှ အာဏာပိုင်များနှင့် သွားရှုပ်ဝံ့မှာ မဟုတ်ပေ။

ထို့ပြင် အန်းအန်းက ရဲများ၏ ဖမ်းဆီးခြင်းကို အမှန်တကယ် ခံလိုက်ရခြင်း ဖြစ်၏။

ချန်ယွီ့က ကျိုးခဲ့ရှင်းကို အဆိပ်သောက်ရန် စီစဉ်ခဲ့ပေးပြီး သူ၏ ရှိုးပွဲကို ကြည့်ရှုသူများစေရန်အတွက် စွန့်စားသည်က လုံးဝ ယုတ္တိမရှိသည့် အရာကြီးပင်။

အန်းအန်းက ကျိုးခဲ့ရှင်းထက် ဆွဲဆောင်မှု လျော့ကျပြီး ဖန်အရေအတွက် အနည်းငယ်မျှသာ ရှိသည်ဆိုသည်ကလည်း ထိုအရာက ကျိုးခဲ့ရှင်းနှင့် နှိုင်းယှဉ်သည့်အခါမှသာ ဖြစ်၏။ ကြည့်ရှုသူ ဘယ်လောက်မျှ မရှိသည့် စထွင်မာများနှင့် နှိုင်းယှဉ်မည်ဆိုပါက အန်းအန်းက စထွင်မာ အကြီးစားပင်။

ဆိုတော့ … သူ့လို စထွင်မာအကြီးစားကရော တစ်စုံတစ်ယောက်အတွက်နဲ့ သူ့ အနာဂတ်ကို အနစ်နာခံပေးမှာလား …

လုံးဝ မဖြစ်နိုင်ပေ။

ဤသည်က ဇာတ်ညွှန်းဇာတ်လမ်းကို သရုပ်ဆောင်နေပါသည်ဆိုသော ကွန်းမန့်များအားလုံး ရိုက်ချခံလိုက်ရ၏။

ကြည့်ရှုသူများအားလုံးက ချန်ယွီ့အကြောင်းကို စကားစလာကြပြန်သည်။

“ ကွန်းမန့်ထဲက ညီနောင်ရောင်းရင်းတို့ … ဒေါက်တာချန် ဘယ်ဆေးရုံမှာ အလုပ်လုပ်လဲဆိုတာ ဘယ်သူသိကြလဲ …”

“ ငါတော့ သူ့ကို စိတ်ကျန်းမာရေး ဆရာဝန်လို့ မထင်ဘူး … သီးခြားခွဲထွက်ပြီး တရားကျင့်ကြံနေတဲ့ သူတော်စင်လို့ သံသယရှိတယ် ….”

“ အပေါ်ကကောင် … ရှန်းရှနိုဗယ်တွေ ဖတ်တာလေးလျှော့ … အဲ့တာက မင်းကို ဦးနှောက်ဆေးတယ် …”

“ ဒေါက်တာချန်က ထူးဆန်းတဲ့ အတွင်းသတင်းတွေ အများကြီးရထားတဲ့ သီးသန့်ထောက်လှမ်းရေးသမားလား မသိဘူး … သူ့လက်ထဲမှာ စောနကလူတွေရဲ့ အချက်အလက်တွေ ရှိပြီးသား … ဒါပေမယ့် လူကြိုက်များပြီး နာမည်ကြီးအောင် ဆန်းကြယ်တဲ့ ပုံစံနဲ့ ဖော်ထုတ်ခဲ့တာ ဖြစ်မယ် …”

ချက်ချင်းဆိုသလို ကြည့်ရှုသူအများအပြားက ချန်ယွီ့၏ အထောက်အထားအစစ်အမှန်နှင့် ပတ်သက်၍ အပူတပြင်း ဆွေးနွေးငြင်းခုန်နေကြတော့သည်။

စုံထောက်၊ မှော်ဆရာ ၊ ပါပါရာဇီ ၊ ရှေ့ဖြစ်ဟောဆရာ၊ ပါဝါရိန်းဂျား ....

ကြည့်ရှုသူများ မတွေးဝံ့သည့် ဖြစ်နိုင်ချေ တစ်ခုမျှ မရှိခဲ့ချေ။

ထိုသို့ ဆိုကြသော်လည်းပဲ … ချန်ယွီ့က သာမန် စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦး မဖြစ်နိုင်သည်ကတော့ အမှန်ပင်။

…..

ဆိုင်ထဲတွင်တော့ ချန်ယွီ့သည် မျက်လုံးကို တင်းကြပ်စွာ မှိတ်ထားလျက် ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။

ချန်ယွီ့ မပြောမဆိုနှင့် အလျင်အမြန် လိုင်းဆင်းသွားခဲ့သည်က အခြားသူများ အတွေးလွန်နေသကဲ့သို့ မည်သည့် လှည့်ကွက် တစ်ခုမျှ မပါဝင်ပေ။

မတတ်သာကြောင့်သာ ထိုသို့ ပြုလုပ်လိုက်ရခြင်းပင်။

သူက လူနှစ်ဦး၏ ကံကြမ္မာကို တစ်ပြိုင်တည်း ပြောင်းလဲပေးခဲ့သဖြင့် များပြားလှသည့် ကမ္မကုသိုလ်တို့က သူ့ခန္ဓာကိုယ်တွင်းသို့ စီးဆင်းနေခဲ့သည်။

အကယ်၍ သူသာ ၎င်းတို့ကို အချိန်မီ မသန့်စင်နိုင်ဘူးဆိုပါက ချန်ယွီ့သည် ကင်မရာရှေ့မှောက်၌ လောကကြီးတစ်ခုလုံးသို့ သူသည် အဖြူရောင် ရေနွေးငွေ့များ ထုတ်လွှတ်နိုင်သည့် ရေနွေးငွေ့အင်ဂျင်စက်ကြီး ဖြစ်ကြောင်းကို ပြောပြသလို ဖြစ်သွားပေလိမ့်မည်။

“ သက်တောင့်သက်သာ ရှိလိုက်တာ …”

ကုသိုလ် အမျှင်တန်းနှစ်ခုကို သန့်စင်ပြီးနောက်တွင် ချန်ယွီ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖော်ပြ၍ မရနိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။

သူ့ခန္ဓာကိုယ်က ငှက်မွေးလေးတစ်ချောင်းနှယ် ပေါ့ပါးနေပြီး နူးညံ့သည့် မွေ့ရာကုတင်ထက်တွင် လဲလျောင်းအိပ်စက်နေရသကဲ့သို့ သက်တောင့်သက်သာ ရှိလှ၏။

အဆိုပါ ကုသိုလ်နှင့် ကံကောင်းမှုများက ချန်ယွီ့ထံသို့ မရေမတွက်နိုင်သည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းလာခဲ့ပေးသည်။

သူ၏ ကျင့်ကြံမှုအဆင့်က နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့ပြီး ကာယာကြံ့ခိုင်မှုနှင့် အသက် သက်တမ်းကလည်း သိသိသာသာ တိုးတက်လာသည်။

ကောင်းကင်လျှို့ဝှက် နည်းဗျူဟာစာအုပ်၏ အဖွင့်အနှစ်ချုပ်က ရှင်းသည်။

ကျင့်ကြံနိုင်ဖို့ … တစ်စုံတစ်ယောက်က စွမ်းအင်ကို သန့်စင်ရမည် …

စွမ်းအင်ကို အုတ်မြစ်အဖြစ် စုပ်ယူပြီးမှသာလျှင် အင်မော်တယ်လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်မည်။

မျက်မှောက်ခေတ်တွင် ကောင်းကင်နှင့် မြေပြင်ကြားရှိ ဝိဉာဏ်စွမ်းအင်တို့က ပြန့်ကျဲ ပါးလျသွားခဲ့ပြီး အကယ်၍ သူသာ သာမန်လမ်းကြောင်းကို လျှောက်လှမ်း၍ ကျင့်ကြံမည်ဆိုပါက ချန်ယွီ့သည် သူ့တစ်သက်လုံးတွင် အရှိန်အဝါ သန့်စင်ခြင်း နယ်ပယ်ကိုပင် ဖြတ်ကျော်နိုင်မှာ မဟုတ်ချေ။

ကောင်းကင်လျှို့ဝှက် နည်းဗျူဟာ စာအုပ်က ချန်ယွီ့ကို ဖြတ်လမ်းနည်းတစ်ခု ပေးခဲ့၏။

ဒုက္ခသုခများ ခံစား၍ ဝိဉာဏ်စွမ်းအင် ပေါများသည့် နေရာကို တကူးတက လိုက်ရှာနေစရာ မလိုတော့ဘဲ သူ့ဘက်ကသာ အခြားသူများ၏ ကံကြမ္မာကို ဆက်လက် ပြောင်းလဲပေးနေမည်ဆိုပါက မကြာမီအချိန်အတွင်း အရှိန်အဝါ သန့်စင်ခြင်း နယ်ပယ်ကို ကျော်လွန်သွားနိုင်မှာ ဖြစ်၏။

ယနေ့ … သူသည် အင်မော်တယ်ကျင့်ကြံခြင်း နယ်ပယ်ထဲတွင် တရားဝင်ခြေတစ်လှမ်း စတင်လှမ်းနိုင်လိုက်လေပြီ။

အနည်းငယ် ဆာလောင်လာသလို ခံစားရရင်း ချန်ယွီ့သည် အောက်ထပ်သို့ ဆင်းလာခဲ့ကာ အစားအသောက်တစ်ချို့ ဝယ်ယူရန် အပြင်သို့ ထွက်လာခဲ့သည်။

“ တစ်စိတ်လောက် လူလေး … ဒီမှာ ဗေဒင်ဟောပေးတဲ့လူက ဘယ်မှာလဲ ….”

ဆိုင်၏ ဝင်ပေါက်ဝတွင် ဆံပင်ဖြူဖြူ ၊ လမ်းလျှောက်တုတ်တစ်ချောင်းနှင့် လူအိုကြီးတစ်ဦး ပေါ်လာပြီး သူ့အား မေးမြန်းလာသည်။

ချန်ယွီ့ မျက်နှာထက်တွင် မေးခွန်းထုတ်လိုစိတ်တို့ ပြည့်နှက်လာခဲ့၏။

ဆိုင်အပြင်ဘက် ဆိုင်းဘုတ်တွင် စာလုံးအကြီးစားဖြင့် ရေးထိုးလားသည်က “ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်း “ ဟူ၍ပင်။

ဒါကို ဒီ အဘိုးကြီးက စိတ်ကျန်းမာရေး မဆွေးနွေးချင်ပဲ ဘာကိစ္စ ဗေဒင်လာမေးချင်နေတာ …

သူ့ရဲ့ သူတော်စင် အရှိန်အဝါတွေက ထင်ရှားလွန်းလို့ ဖုံးကွယ်လို့တောင် မရတော့တာများလား …

စာစဉ် (၁) ပြီး၏။

All Chapters