အဘိုး.. ခင်များ စိတ်ရောဂါရနေတယ်
Vol. 2 Ch. 11
“ အဘိုး … ဒါ စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်ပေးတဲ့ နေရာပါ … ဗေဒင်ဟောတဲ့ဆိုင် မဟုတ်ပါဘူး … ဒီမှာ ဗေဒင်ဆရာ မရှိပါဘူး …”
ရှင်းပြနေစဉ်တွင် ချန်ယွီ့သည် လူအိုကြီး၏ မျက်နှာသွင်ပြင်ကို အကဲခတ်လော့လာလိုက်သည်။
အဘိုးကြီး၏ ရုပ်လက္ခဏာက ရယ်ချင်စရာကောင်းလောက်အောင်ကို ကောင်းမွန်နေသည်။
မျက်ခုံးနှစ်ဖက်ကြားအလယ်တည့်တည့်ရှိ 'မင့်ကုန်း' ကသာလျှင် အနည်းငယ် မည်းနေခဲ့ပြီး လတ်တလော ကံဆိုးမည့် အခြေအနေကိုသာ ဖော်ပြနေခဲ့သည်။
“ ဒါ စိတ်ကျန်းမာရေး ကုပေးတဲ့နေရာပေါ့ …”
လူအိုကြီး၏ လေသံက ရှုပ်ထွေးနေပုံပင်။
“ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးပေးတယ်ဆိုတာ စိတ်ကို ဆေးကုသနည်းတစ်မျိုးပဲ …” ချန်ယွီ့ စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်သည်။ “ စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်က လူနာရဲ့ ရုပ်နဲ့ စိတ်ခံစားချက်တွေကို လေ့လာသုံးသပ်ရတယ် …”
“ ပြီးတော့ လူနာရဲ့ စိတ်မှာ နာမကျန်းဖြစ်နေတဲ့အရာကိုလည်း ကူပြီး ကုသပေးရတာပေါ့ …”
“ ရှင်းရှင်းပြောရရင် ဒါကလည်း ဆေးခန်းပါပဲ ….”
လူအိုကြီးမှာ နောက်ဆုံး၌ ချန်ယွီ့ ဆိုလိုချင်နေသည်ကို နားလည်သဘောပေါက်သွားခဲ့ကာ စိတ်ပျက်သွားသည့် အကြည့်တစ်ခုက သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။
လူအိုကြီးမှာ ဤဆိုင်ငယ်လေးရှေ့မှ ဖြတ်မသွားမီတွင် သူ့စိတ်အခြေအနေမှာ တော်တော်ကြီး မသက်မသာ ဖြစ်နေခဲ့တာ ဖြစ်သည်။
သို့သော် ချန်ယွီ့၏ ဆိုင်ရှေ့မှ ဖြတ်သန်းသွားသည့် အချိန်၌ သူ့အား ရက်အတန်ကြာ စိတ်အနှောင့်အယှက် ပေးနေခဲ့သည့် တင်းမာမှုတို့က ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
ရှေ့သို့ လှမ်းအနည်းငယ် ဆက်လှမ်းပြီးနောက်တွင် စိတ်စိုးရိမ်ပူပန်မှုက တစ်ဖန်ပြန်ပြီး ဖြစ်ပေါ်လာသည်။
ချန်ယွီ့၏ ဆိုင်ဘက်သို့ ပြန်ရောက်လာသည့် အခါမှသာ သူ၏ စိတ်နှင့်ကိုယ်က သက်တောင့်သက်သာ ပြန်ဖြစ်သွားခဲ့တော့သည်။ ဤဆိုင်ထဲတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်ဟူ၍ အဘိုးကြီး ခန့်မှန်းလိုက်သည်။
ထင်မှတ်မထားစွာဖြင့် ဤသည်က ဆေးခန်းတစ်ခု ဖြစ်နေခဲ့လေသည်။
ပြောသမျှကို ခေါင်းတဆတ်ဆတ်ညိတ်၍ နားထောင်ရင်း ချန်ယွီ့ ပြုံးလိုက်သည်။ “ အဘိုး … ခင်များ မှန်တယ် … ဆိုကာမှတော့ ရောက်လက်စနဲ့ ကျွန်တော် ကူညီပေးလိုက်ရင်ရော ….”
“ ထားလိုက်တော့ … ငါ တခြားမှာပဲ သွားရှာလိုက်တော့မယ် …”
ပြောပြီးသည်နှင့် လူအိုကြီးမှာ နေရာကလှည့်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“ အဘိုး … ခင်များ အဲ့လူတွေကို ရှာတွေ့မှာ မဟုတ်ဘူး... သူတို့ နှစ်အနည်းငယ်အတွင်း ပြန်မလာနိုင်တော့မှာကိုတောင် ကျွန်တော် စိုးရိမ်မိတယ် …”
ဤသည်ကိုကြားတော့ ရှေ့သို့ လှမ်းနေသည့် အဘိုးကြီး၏ ခြေလှမ်များမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။
သူ ပြန်လှည့်လာခဲ့ပြီး ချန်ယွီ့အား ထူးဆန်းသည့် အမူအရာဖြင့် စူးစိုက်ကြည့်လာခဲ့၏။
“ လူလေး … ငါ ဘယ်သူ့ကို ရှာနေလဲ မင်း သိနေတယ်ပေါ့ ….”
“ ဒါပေါ့ ….”
ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း “ တာအိုမာစတာတွေနဲ့ ဗေဒင်ဆရာတွေ အကုန်လုံးက လွန်ခဲ့တဲ့ တစ်ပတ်တုန်းကပဲ အကျဉ်းဌာနကို အုပ်စုလိုက် ထွက်သွားခဲ့ကြတာပဲ ….”
“ သူတို့ အကုန်လုံးပေါ့ ….”
လူအိုကြီးမှာ ထိုစကားကြောင့် ရှော့ခ်ရသွားခဲ့ရသည်။
သူ မြစ်လမ်းထဲတွင် ရှေ့ရောနောက်ပါ လျှောက်သွားရင်း ကံကြမ္မာမေးဖို့ ဗေဒင်ဆရာ ရှာမတွေ့သည်မှာ မထူးဆန်းတော့ချေ။
လက်စသတ်တော့ သူတို့အားလုံးက ဂျေးအောင်းလိုက်ကြရသည်ကိုး။
“ အယူသည်းတဲ့အရာတွေကို ယုံကြည်တာက ကောင်းတဲ့ အရာမဟုတ်ဘူးနော် အဘိုး .. သိပ္ပံပညာကို ယုံကြည်တာကမှ ခင်များရဲ့ ရောဂါကို အမှန်တကယ် ကုသနိုင်မှာ ….”
ခရီးသွား ဧည့်သည်များအပြင် မြစ်လမ်းထဲ၌ အမျိုးမျိုးသော ဘိုးတော်ယောင်ယောင်၊ ဆရာယောင်ယောင် ၊ အယောင်ဆောင် အများအပြားတို့လည်း ပြည့်နှက်နေကြသည်။
လာလည်သည့် ဧည့်သည်များ ဤနေရာတွင် လှည့်စားခံရသည်က ထူးဆန်းသည့်အရာတော့ မဟုတ်ပေ။
ထို့ကြောင့် သက်ဆိုင်ရာ ဌာနက ကြီးမားသည့် ကမ်ပိန်းကြီး တစ်ခု ပြုလုပ်ပြီး ထိုကဲ့သို့သော အရာများအပေါ် ထိထိရောက်ရောက်နှင့် ဖြုခွင်းနှိမ်နှင်းမှုတို့ ပြုလုပ်လာခဲ့တော့သည်။
ထို့ကြောင့်ပဲ ချန်ယွီ့က ငြင်းပယ်၍ သူ့ကိုယ်သူ ရုပ်လွန်ဒဿနိက ပညာရှင်အဖြစ်သာ ဝန်ခံခဲ့ခြင်းပင်။
အကယ်၍ ဝန်ခံလိုက်မည်ဆိုပါက သူသည်လည်း အကျဉ်းထောင်သို့ အတင်းအကြပ် အလည်အပတ်ရောက်သွားရပေလိမ့်မည်။
“ ဒါပေမယ့် ငါ့မှာမှ ရောဂါမရှိတာ …”
“ မဟုတ်ဘူး … ခင်များ ရှိတယ် …”
ချန်ယွီ့ သေချာသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
အဘိုးကြီးက စိုးရိမ်ဗျာများမှုကြောင့် ပြင်းထန်သည့် စိတ်ကစဉ့်ကလျားရောဂါ ဖြစ်နေသည်ဟု ထောက်ပြလိုက်သည်။
“ ငါက စိုးရိမ်ဗျာများနေတယ် ဟုတ်လား …”
ဤသည်ကို ကြားပြီးသည့်နောက် လူအိုကြီးမှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
သူ့သားက အလုပ်အကိုင် စီးပွားရေးတွင် အောင်မြင်ပြီး သူ့ မြေးလေးကလည်း ကျောင်းစာတွင် တော်သည်။
သူ့အိမ်ကလည်း ကြီးပြီး ခြံကလည်း ကျယ်ဝန်းသည်။ ဘဏ်အကောင့်ထဲတွင်လည်း စုငွေ သန်းနှင့်ချီ ရှိ၏။
သူ့ဇနီးက စောစောစီးစီး ထွက်သွားခဲ့ပြီ ဆိုပေမယ့် မနက်ခင်း လေ့ကျင့်ခန်း သွားလုပ်သည်နှင့် သူ့ဘေးနားတွင် အဘွားကြီး လန်းလန်းလေးများ ပျားလို ဝိုင်းအုံနေရလောက်သည်အထိကို ရုပ်ခံက စွမ်းသေးသည်။
သူ့နေ့ရက်များက အင်မတန် သက်တောင့်သက်သာ ဖြစ်လှ၏။ အဘယ်ကြောင့် စိတ်ပူပန် ဗျာပါဒများနေရမည်နည်း။
“ စိတ်ကျန်းမာရေး ဆရာဝန်တွေရဲ့ အလုပ်တစ်ခုက လူနာရဲ့ သူတို့ နှလုံးသား မသိစိတ်ထဲမှာ ပုန်းအောင်းနေတဲ့ ရောဂါကို ကူပြီး ရှာဖွေပေးဖို့ပဲ … ပြီးရင် အချိန်မီ ကိုက်ညီတဲ့ ဆေးကုသမှုကို ပေးရမယ် …” ချန်ယွီ့ အပြုံးလေးဖြင့် ဆိုလိုက်သည်။
“ အဘိုး ခင်များ စိတ်ရောဂါရနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုတော့ သိမှာမဟုတ်ဘူး … ဒါပေမယ့် ခင်များရဲ့ ရောဂါက အတော်တောင် ရင့်နေပြီ ….”
ချန်ယွီ့၏ ဖြောင်းဖြသည့် စကားလုံးများကို နားထောင်ပြီးနောက် လူအိုကြီး၏ ခိုင်မာမှုတို့ စတင်ယိမ်းယိုင်လာသည်။
“ အဘိုး … ခင်များရဲ့ နာမည်ကို ပြောပြပေးလို့ အဆင်ပြေနိုင်မလား …”
ယခင် တစ်ခေါက် ကျိုးခဲ့ရှင်းနှင့် ချယ်ရစ်သစ်ပင်ကို ကံအပြောင်းအလဲ ပြုလုပ်ပေးရမှာ ရရှိလာခဲ့သည့် ကုသိုလ် အမျှင်တန်း နှစ်ခုက ချန်ယွီ့ကို သာမန်လူ အခြေအနေမှတစ်ဆင့် အစောပိုင်း အရှိန်အဝါ သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားစေခဲ့သည်။
ယခု သူ့အရှေ့တွင် ရှိနေသည့် အဘိုးကြီး အနာဂတ်တွင် ကြုံတွေ့ရမည့် အရာကား သွေးထွက်သံယို အတော်လေး များလှ၏။
အသက်တစ်သက် ကယ်တင်သည်က စေတီခုနစ်ဆူတည်သည်ထက် သာ၍ ကောင်းသည်။ ထို့ပြင် ချန်ယွီ့ကလည်း စေတီ မတည်လိုသဖြင့် ဆုလဒ်အနေဖြင့် ရလာခဲ့သည့် ကမ္မကုသိုလ်တို့ဖြင့်သာ ကျေနပ်နှစ်သိမ့်လိုသည်။
မည်သို့ပင်ဆိုစေ အသက်တစ်သက်ကို ကယ်တင်ပေးရာမှ ရလာသည့် ကမ္မကုသိုလ်တို့က စေးနည်းနေမှာ မဟုတ်ချေ။
“ ငါ့နာမည် ကျန်းချင်ရှန်း …”
သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် လူအိုကြီးက ယုံချက်ချက် မရှိစွာဖြင့် မေးလာခဲ့သည်။ “ ငါ တကယ်ပဲ စိတ်ရောဂါ ရနေတာလား လူလေး …”
“ အဘိုး အရင်တုန်းက အဘိုးရဲ့သား အိမ်ထောင်မပြုနိုင်မှာကို စိတ်ပူနေခဲ့ရတယ်မလား ….”
“ ဒါပေါ့ကွ …”
ကျန်းချင်ရှန်း တုံ့ဆိုင်းခြင်း မရှိ ခွန်းတုံ့ပြန်လာခဲ့သည်။
“ အဘိုး အသက်လေးဆယ်လောက်တုန်းက အဘိုးရဲ့သား နောက်ဆုံးမှာ အိမ်ထောင်ကျပြီး ကလေးရှိလာတယ် .. နောက်ပိုင်းမှာ အိမ်တွင်းရေး ပြဿနာတစ်ချို့ကြောင့် သူတို့ ကွာရှင်းလိုက်ကြတယ် … အဲ့တုန်းကရော အဘိုး စိတ်မပူခဲ့ဘူးလား …”
“ အင်း … ငါ စိတ်ပူခဲ့တယ် …”
“ အခုတလော … အဘိုးရဲ့ မိသားစုတစ်ခုလုံး သေသွားပါတယ်ဆိုပြီး အိပ်မက်ဆိုးတယ် မက်နေတယ်မလား … အခုရော အဘိုး စိုးရိမ်နေသေးလား …”
“ ငါ … မင်း … မင်း ဘယ်လိုလုပ် ငါ့မိသားစုအကြောင်းကို ဒီလောက်သိနေတာလဲ …”
ကျန်းချင်ရှန်းမှာ သရဲသဘက် မြင်တွေ့လိုက်ရသည့်နှယ် မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့၏။
ချန်ယွီ့ အစောပိုင်းတုန်းက သူ့ကိုယ်သူ ဗေဒင်ဆရာပါဟု ဝန်မခံခဲ့ရာ ယခု သူက အရာအားလုံးကို အဘယ်ကြောင့် သိရှိနေသနည်း။
“ လူနာနဲ့ ပြောဆိုဆက်ဆံရင်း သူတို့ရဲ့ ပြောပုံဆိုပုံ အမူအရာတွေကနေတစ်ဆင့် လူနာရဲ့ အကျင့်စရိုက်နဲ့ မိသားစု အခြေအနေကို ကျွန်တော်တို့ ဆရာဝန်တွေက သွယ်ဝိုက်ပြီး ခန့်မှန်းလို့ရတယ် … ဒါက စိတ်ကျန်းမာရေးဆရာဝန်တွေ မဖြစ်မနေ တတ်မြောက်ထားရမယ့် အရည်အချင်း တစ်ခုပဲလေ ….”
ချန်ယွီ့ ချက်ကျလက်ကျဖြင့် ရှင်းပြလိုက်သည်။
“ ဒါပေမယ့် ငါက ငါ့နာမည်လေးပဲ ပြောမိတာပါဟ ….”
ကျန်းချင်ရှန်း မှာ အလွန်အမင်း စိတ်ရှုပ်ထွေးနေခဲ့သည်။
အနည်းဆုံးတော့ ကံကြမ္မာကြည့်ပေးသည့် ဗေဒင်ဆရာများသည်ပင် မွေးသက္ကရာဇ်၊ ဇာတာနှင့် လက်ဝါးဖြန့်ပေးရန် တောင်းဆိုတတ်ကြသေးသည်။
သို့သော် … စိတ်ကျန်းမာရေး ဆရာဝန်ဖြစ်သည့် ချန်ယွီ့ကတော့ သူ့နာမည်တစ်ခုပဲ လိုအပ်သည်တဲ့လော။
အဲ့နာမည်လေး တစ်ခုကနေ သူ ဘယ်လိုလုပ် ဒီလောက်အများကြီး သိသွားခဲ့တာလဲ။
အတန်ငယ်ကြာအောင် တွေးတောချင့်ချိန်နေပြီးနောက်တွင် ကျန်းချန်ရှန်းသည် တံခါးဝသို့ လှမ်းကြည့်လိုက်၏။
“ မင်းက ဖမ်းခံရမှာကြောက်တယ် … ဒါကြောင့်မို့ စိတ်ကျန်းမာရေး ဆရာဝန်ပုံစံဖမ်းပြီး လူတွေကို ဗေဒင်ကြည့်ပေးနေတာ ဟုတ်တယ်မလား …”
“ အဘိုးကျန်း … ကျွန်တော်က စိတ်ကျန်းမာရေးဆရာဝန်ဆိုတာ တကယ်ပါ … ကျွန်တော် စောနက ပြောလိုက်တဲ့အရာတွေ အကုန်လုံးကလည်း သိပ္ပံနည်းကျအပေါ် အခြေခံထားတဲ့ အရာတွေချည်းပါပဲ …”
ချန်ယွီ့ ဘယ်တော့မှ ဝန်မခံပဲ တူညီသည့် စာသားဖြင့် တုံ့ပြန် ဖြေဆိုလိုက်သည်။
“ ခင်များက ခင်များရဲ့သား အိမ်ထောင်မကျသေးခင်တုန်းက မျိုးဆက်ပြတ်မှာကို စိုးရိမ်ပူပန်တယ် … အခုကျတော့ ခင်များရဲ့သား ကွာရှင်းသွားလို့ စိုးရိမ်ပူပန်နေရတယ် …”
“ ခင်များရဲ့ မြေးလေး ဘာပဲ ဖြစ်ဖြစ် ခင်များက တစ်မိုင်လောက်ကိုတွေးပြီး စိတ်ပူပန်လာတယ် …”
“ အချိန်ကြာလာတော့ ခင်များရဲ့ စိုးရိမ်မှုတွေက နာတာရှည်ရောဂါလို ဖြစ်လာပြီး အဘိုးရဲ့ ခန္ဓာကိုယ်ကို နာမကျန်းဖြစ်စေတာပဲ …”
“ အဲ့ဒီရောဂါကြောင့်ပဲ ခင်များ အခုတလော အိပ်မက်ဆိုးတွေ ဆက်တိုက်မက်နေတာ ...”
ကျန်းချန်ရှန်းမှာ ကြက်သေသေသွားခဲ့ရသည်။
ထိုစကားတို့က အနည်းငယ် လွဲချော်နေပုံရသော်လည်းပဲ ချန်ယွီ့၏ အကြောင်းပြချက်ကလည်း လျော်ညီနေပြန်သည်။
သူ့မှာ ငြင်းပယ်ရန် စကားပင် ရှာမရတော့ချေ။
“ ငါ ကုသလို့မီသေးလား …”
ကျန်းချင်ရှန်း ဂရုတစိုက်နှင့် မေးမြန်းလိုက်၏။
“ မပူနဲ့ … ဒီလို အတွေးများပြီး စိုးရိတ်စိတ်ကြီးတဲ့ ရောဂါကို ကုသတယ်ဆိုတာ စိတ်ကျန်းမာရေးဆရာဝန်တွေအတွက် အလွယ်လေးပဲ …”
“ ကျွန်တော့်ဘက်က ကုသနည်း နှစ်နည်း ကမ်းလှမ်းလို့ရတယ် … ဆေးပညာနဲ့ ကုသချင်လား … ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ကုသချင်လား ….”
“ ဘာတွေကွာလဲ …” ကျန်းချင်ရှန်း မေးမြန်းလိုက်သည်။
“ နာမည်အတိုင်းပဲ … ဆေးပညာနဲ့ ကုမယ်ဆို ဆေးသောက်ရမယ် …”
“ ရုပ်ပိုင်းဆိုင်ရာ ကုသမှု နည်းလမ်းကတော့ ကျွန်တော့်ဘက်က ကုသပေးမယ့် ပစ္စည်းတစ်ခုခုကို ညွှန်ကြားပေးလို့ရတယ် ….”
“ ကျွန်တော် ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး အိမ်ကို ယူသွား … မဟုတ်လည်း ကိုယ်ပေါ်မှာ ဆောင်ထားပေါ့ …”
“ အချိန်ကြာလာတာနဲ့ ရောဂါက သူ့ဘာသူ သက်သာသွားလိမ့်မယ် ….”
ချန်ယွီ့ ရှင်းပြလိုက်သည်။
“ ဒါဆိုငါ ဒုတိယနည်းနဲ့ ကုသချင်တယ် …”
ကျန်းချင်ရှန်း ဆေးသောက်ရမှာ အင်မတန်ကြောက်သည်။ ထို့ကြောင့် ဒုတိယနည်းလမ်းကို တွေဝေချင်းမရှိ ရွေးချယ်လိုက်၏။
“ အိုကေ .. ခဏလေးစောင့်ပေး … ပစ္စည်းသွားယူလိုက်ဦးမယ် …”
ချန်ယွီ့ သူ့သော့ကို ထုတ်၍ ပထမထပ်ရှိ စတိုခန်းတံခါးကို ဖွင့်လိုက်သည်။
အခန်းထဲတွင် ဖုန်းတက်နေသည့် အရာပစ္စည်းတို့ဖြင့် ပြည့်နှက်နေလေသည်။
သူ့ အဘိုးဦးလေးက ရှေးဟောင်းပစ္စည်းဆိုင်ကို လက်လွှဲပေးသွားသည်ဟု ဆိုပေမယ့်လည်း လက်လွှဲယူပြီးသည့် အခါမှသာ ဤနေရာတွင် မည်သည့် ကြည့်စရာ ရှေးဟောင်းပစ္စည်းတစ်ခုမျှ ရှိမနေသည်ကို မြင်တွေ့လိုက်ရသည်။
စတိုခန်းထဲကို မည်သူကများ တိုလီမုတ်စ ပစ္စည်းများ ထားသည့်နေရာအဖြစ် ပြောင်းလဲလိုက်သလဲ ချန်ယွီ့ မသိ။
အစားအသောက်၊ ဖန်စီပစ္စည်း၊ နှစ်သစ်ကူး ပန်းချီ၊ အရုပ်၊ သော့ချိတ် ၊ …. စသဖြင့် အမျိုးအစား စုံလင်နေအောင် ရှိနေသည်။
“ ဒီဟာပဲ….”
လိုက်လံရှာဖွေပြီးသည့်နောက် ချန်ယွီ့သည် နှစ်သစ်ကူး ပန်းချီစာရွက်တစ်ရွက်အား ရွေးချယ်လိုက်သည်။
သူ့ ညာဘက်လက် နှစ်ချောင်းကို ဆန့်တန်းလိုက်ရာ ဝိဉာဏ်အလင်းတန်းမျှင်က နှစ်သစ်ကူး ပန်းချီစာရွက်ထဲသို့ ကူးပြောင်းသွားခဲ့လေသည်။
နောက်တစ်စက္ကန့်မှာပဲ နှစ်သစ်ကူး ပန်းချီစာရွက်က လေပေါ်ပျံတက်လာခဲ့တော့၏။
“ မကောင်းတာတွေ အကုန်ပပျောက်စမ်း …”
ချန်ယွီ့ ပန်းချီကို လက်ညှိုးညွှန်ပြီး သူ့ညာဘက်လက်ကို ရွေ့လျားလိုက်သည်။
စုန်းမနှင့် မှော်ဆရာတို့ အဆောင်ရေးဆွဲသည့်အခါ၌ မှော်စုတ်တံ၊ ပူဇော်ပစ္စည်း၊ ရိုးရာအကများ စသည်တို့ကို မှန်ကန်သည့် အချိန်တွင် အသုံးချဖို့ လိုသည်။
သို့သော် အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ထားပြီး အရှိန်အဝါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှိထားပြီး ဖြစ်သည့် ချန်ယွီ့မှာ ထိုကဲ့သို့သော အလုပ်ရှုပ်သည့် လုပ်ငန်းစဉ်များအား ကျော်လိုက်၍ ရသည်။
သူ့ အဆောင်၏ အကျိုးသက်ရောက်မှုနှင့် အစွမ်းကတော့ ..
သာမန် အဆောင်တို့ထက် ‘ အနည်းငယ် နည်းနည်လေး ‘ သာလျှင် ပိုစွမ်းသည်။
ခေတ္တကြာပြီးနောက် ချန်ယွီ့သည် ဝိဉာဏ်စွမ်းအင် ထည့်သွင်းပေးထားသည့် နှစ်သစ်ကူး ပန်းချီနှင့်အတူ စတိုခန်းထဲက ထွက်လာခဲ့လေသည်။
တစ်ချက်လှမ်းကြည့်လိုက်ရာ ကျန်းချင်ရှန်းမှာ အံ့အားတကြီး ဖြစ်သွားခဲ့ရသည်။
သူ့ နှစ်ခြောက်ဆယ်ကြာ သက်တမ်းတွင် ကျန်းချင်ရှန်းသည် ယခုကဲ့သို့ ကုသရေးပစ္စည်းအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ကြောင်း ကျိန်ဆိုဝံ့လေသည်။