ပြိုင်ကားမောင်းနေတဲ့ ဝတုတ်လေး
Vol. 2 Ch. 12
“ ကဲ အဘိုးကျန်း … ခင်များ ဒီဟာကို ပြန်ယူသွားပြီး အိမ်က နံရံမှာဖြစ်ဖြစ် ကပ်ထားလိုက် … ခင်များရဲ့ အိပ်မက်ဆိုးတွေ ထပ်ပေါ်မလာရဲစေရဘူးလို့ အာမခံတယ် … ပြီးရင် ခင်များရဲ့ အတွေးများပြီး စိုးရိတ်စိတ်လွန်ကဲတတ်တဲ့ ကစဉ့်ကလျား ရောဂါလည်း တစ်ခါတည်း ကုသပြီးသား ဖြစ်သွားလိမ့်မယ် …”
ကျန်းချင်ရှန်းသည် ချန်ယွီ့၏ စကားလုံးများကို မကြားနိုင်တော့ချေ။
သူ၏ မျက်လုံးတို့က ချန်ယွီ့လက်ထဲရှိ နှစ်သစ်ကူး ပန်းချီစာရွက်ကိုသာလျှင် အသည်းအသန် စိုက်ကြည့်လို့နေသည်။
ခေတ္တကြာပြီးနောက် ကျန်းချင်ရှန်း ထူးဆန်းသည့် အမူအရာဖြင့် မေးလာခဲ့၏။ “ ဒါက မင်းငါ့ကို ပေးမယ်ဆိုတဲ့ ကုသရေး ပစ္စည်းလား …”
“ အင်း ….”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
ချန်ယွီ့ထံက ရှင်းလင်းတိကျသည့် အဖြေကို ရရှိပြီးနောက် ကျန်းချင်ရှန်း၏ နှာခေါင်းမှာ ဒေါသကြောင့် ကွေးကောက်လုနီးပါး ဖြစ်သွားခဲ့၏။
ချန်ယွီ့က သာမန် နှစ်သစ်ကူးပန်းချီစာရွက်ကို ကိုင်ထားတာဖြစ်ကြောင်း လုံးဝ ယုံကြည်ချက် ရှီသည်။
ထုတ်လုပ်သည့် စက်ရုံနာမည်နှင့် ထုတ်လုပ်သည့် နေ့စွဲပင် အောက်ဘက်ထောင့်တွင် ပါရှိနေသေးသည်။
ပန်းချီကားထဲတွင် ပျော်ရွှင်ဝမ်းမြောက်နေသည့် ဝတုတ်လေး နှစ်ယောက် ရှိနေသည်။
ပြီးနောက် …
မြင်ကွင်းက ထူးဆန်းသွားခဲ့တော့၏။
ထိုဝတုတ်လေးနှစ်ဦးမှာ ပြိုင်ကားထဲတွင် ထိုင်နေပြီး သူတို့ထဲ တစ်ဦးက ကားမောင်းနေသည်။
၎င်းတို့နှစ်ဦးက အမိုးဖွင့်ထားသည့် နောက်ကျောဘက်ထဲတွင် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတို့ အပြည့်တင်၍ မောင်းနှင်နေကြခြင်း ဖြစ်၏။
ကျန်းချင်ရှန်း၏ ဖြူဖျော့နေသည့် မျက်နှာကို တစ်ချက်ကြည့်လိုက်ရင်း ထိုအဘိုးကြီး ဘာတွေ စဉ်းစားနေလဲဆိုတာကို ချန်ယွီ့ ချက်ချင်း သိလိုက်သည်။
“ အဘိုးကျန်း … ခင်များကတော့ သိမှာ မဟုတ်ဘူး ... ဒါပေမယ့် စိတ်ရောဂါကို ကုသပေးတဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေဆိုတာ အများကြီး ရှိတယ် …”
“ လူတွေ ထင်ထားသလို စက်တွေ၊ ကိရိယာတွေ မဟုတ်ဘူး …”
ချန်ယွီ့ သူ့အကြောင်းပြချက်ကို စတင်ရှင်းပြလိုက်တော့သည်။
နှစ်သစ်ကူး ပန်းချီက ပျော်ရွှင်ခြင်း နှင့် ပွဲတော်ကျင်းပခြင်းကို ကိုယ်စားပြုသည်။
မကောင်းသည့် အတွေးတို့ကြောင့် ဖြစ်ပေါ်နေသည့် စိုးရိမ်လွန်ကဲမှုတို့ကို မောင်းထုတ်ပေး၏။
ထို့ကြောင့် နှစ်သစ်ကူး ပန်းချီကားချပ်ကို နေ့စဉ်ကြည့်ပေးခြင်းဖြင့် ဤစိတ်ရောဂါကို အကျိုးသက်ရောက်မှု ကောင်းကောင်းနှင့် ကုသပေးနိုင်သည်။
“ အဘိုးကြည့် … ဒီမှာ ဒီလိုကောင်းမွန်တဲ့ အဓိပ္ပာယ်တွေ ရှိတယ် …”
“ ဒီပန်းချီကားထဲမှာ ကားတစ်စင်းရှိတယ် ၊ ကလေးရှိတယ် ၊ ရတနာတွေ ရှိတယ် …”
နှစ်သစ်ကူး ပန်းချီကားကို လက်တစ်ဖက်က ကိုင်ထားရင်း ချန်ယွီ့ ကားမောင်းနေသည့် ဝတုတ်လေးကို အခြားလက်တစ်ဖက်ဖြင့် ညွှန်ပြလိုက်သည်။
“ နှစ်သစ်ကူး ပန်းချီကားချပ်နဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ကိုယ်စားပြုတဲ့ မကောင်းတဲ့ အတွေးတွေကို ကောင်းတဲ့ စွမ်းအင်တွေနဲ့ တိုက်ထုတ်ပေးမှာ .. အဲ့တာကို ခင်များက ခင်များရဲ့ ရောဂါ မပျောက်မှာကို ကြောက်နေသေးတာလား …”
“ အေးနော် … ဟုတ်သလိုတော့ ရှိသားကွ …”
ကျန်းချင်ရှန်းသည် မပျော်မရွှင် မဖြစ်တော့ပေ။ နှစ်သစ်ကူး ပန်းချီကားချပ်ကို သူ ကြည့်လေလေ၊ သူ့စိတ်ထဲ ပိုပြီး ကြည်နူးမိလာလေလေပင်။
ကားမောင်းနေသည့် ဝတုတ်လေးပင် သူ့မြေးလေး ငယ်ငယ်ကနှင့် တစ်မျိုးတစ်ဖုံ ဆင်တူနေသည်ဟု စိတ်ထဲ ခံစားလာရ၏။
ကျန်းချင်ရှန်း နှစ်သစ်ကူး ပန်းချီကားချပ်ကို ဂရုတစိုက်နှင့် သေချာလေး လိပ်သိမ်းလိုက်ပြီး သူ မေးလိုက်သည်။ “ လူလေး … ဘယ်လောက်ကျလဲ ….”
“ ဆေးကုသခနဲ့ ပစ္စည်းဖိုးဆိုရင် … ယွမ်ငါးထောင်ပဲ ပေးလိုက်ပါ အဘိုး …”
“ ဈေးကြီးလှပါလား ….”
ကျန်းချင်ရှန်း ရှော့ခ်ရသွားခဲ့ရပြန်သည်။
အတိတ်တွင်တုန်းက သူ ကံကြမ္မာစစ်ဆေးသည့် အချိန်၌ တာအိုဆရာများပင် ယွမ် ရာဂဏန်း အနည်းငယ်သာလျှင် တောင်းဆိုတတ်ကြသည်။
သို့သော် ချန်ယွီ့က ယွမ် ငါးထောင်တောင်းနေသည်။
“ ကျေးဇူးပြုပြီး အဲ့ဒီ ယွမ်ငါးထောင်လေးကို များတယ် မထင်လိုက်ပါနဲ့ အဘိုး … ခင်များရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီ ယွမ်ငါးထောင်ဆိုတာ အတော်ဈေးပေါနေပါပြီ …”
ချန်ယွီ့ ကျန်းချင်ရှန်းကို သေချာလေး စဉ်းစားဆုံးဖြတ်ရန် ပြောဆိုလိုက်သည်။
သူ့ စိတ်အခြေအနေ ဆိုးရွားလာသည်နှင့် ဤလူအိုကြီး ဆေးရုံတက်ရမည်က မလွဲမသွေပင်။ ထိုအချိန်၌ ကျသင့်မည့် ဆေးဖိုးဝါးခကို မဆိုထားနှင့်။ သူ့သားနှင့် သူ့မြေးပင် ၎င်းတို့ အလုပ်အပေါ် သေချာအာရုံစိုက်နိုင်မှာ မဟုတ်တော့ချေ။
“ အေးပါ အေးပါ အေးပါ … ငါ ခုချက်ချင်း မင်းဆီ ပိုက်ဆံလွှဲလိုက်မယ် …”
ကျန်းချင်ရှန်းမှာ အမြဲတစေ နှလုံးသား နူးညံ့သိမ်မွေ့သူပင်။
သေချာလေး စဉ်းစားပြီးသည့်နောက်တွင် ချန်ယွီ့၏ တွေးခေါ်ပုံက သူ့အတွက် အကောင်းဆုံး စဉ်းစားပေးနေသည်ဟု ခံစားလိုက်ရသည်။
ယွမ်ငါးထောင်ကို ချန်ယွီ့၏ ကျူအာကုတ်အား စကန်ဖတ်၍ လွှဲပေးလိုက်လေသည်။
“ အဘိုး … ခင်များက တော်တော်လေး ခေတ်မီတဲ့ လူပဲဗျ …”
ကျန်းချင်ရှန်း၏ ဖုန်းက နောက်ဆုံးပေါ် iPhone ဖြစ်ပြီး ငွေပေးချေသည့် အပ်က်ကို ရှာနေစဉ် ချန်ယွီ့ သူ့ဖုန်းထဲ၌ ဆိုရှယ် မီဒီယာနှင့် လိုက်စထွင်းကြည့်သည့် အက်ပ်တော်တော်များများကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသည်။
“ လူလေး .. ငါ အိမ်ပြန်ပြီ …”
“ ဟုတ်ကဲ့ … ဖြည်းဖြည်းသွားပါ “
ထိုမျှ အရည်အသွေးကောင်းမွန်သည့် ကတ်စတန်မာ တစ်ယောက် ဖြစ်ရာ after-sales service ကလည်း လုံးဝ လိုအပ်လေသည်။
ချန်ယွီ့ ယဉ်ကျေးစွာဖြင့် လူအိုကြီးကို လမ်းပေါ်ရောက်သည်အထိ လိုက်ပို့ပေးလိုက်သည်။
ကျန်းချင်ရှန်းကို လက်ပြနှုတ်ဆက်ဖို့လည်း သူ မမေ့လျော့ခဲ့ချေ။
ဆိုင်ထဲသို့ ပြန်ဝင်လာပြီးသည့်နောက်တွင် ချန်ယွီ့ အကြံဉာဏ်တစ်ခု ရလာသည်။
လောကကြီးထဲတွင် ကံမကောင်းသည့် ဖြစ်ရပ်တို့မှာ ရေတွက်မကုန်နိုင်အောင် ရှိနေပြီး ၎င်းတို့ထဲက တစ်ချို့သော ပြဿနာများကို အနည်းငယ် ထောက်ပြပေးခြင်းဖြင့် ချန်ယွီ့ ဖြေရှင်းပေးနိုင်သည်။ သို့သော် အချို့သော ဖြစ်ရပ်များတွင်တော့ မှော်ပစ္စည်းများ သို့မဟုတ် ဆေးဝါးများ လိုအပ်လိမ့်မည်။
သိပ္ပံပညာကို ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနှင့် ထိုကဲ့သို့သော မှော်ပစ္စည်း အသုံးအဆောင်များကို သူ၏ တိုင်ပင်ဆွေးနွေးခန်းထဲ ထွက်ပေါ်လာခွင့် ပြုနိုင်လိမ့်မည်နည်း။
ထို့နောက် ချန်ယွီ့သည် စတိုခန်းထဲတွင် ခေါက်စင်လေး တစ်ခု ရှာတွေ့သွားခဲ့ပြီး နာရီဝက်ခန့် အချိန်ပေး၍ သေချာတပ်ဆင်ကာ ပထမထပ်ထဲသို့ ပြန်ပြီး သယ်ဆောင်လာခဲ့သည်။
သူ၏ သွားရည်စာမုန့်များ၊ အဆင်တန်ဆာပစ္စည်းများ၊ အရုပ်များနှင့် အခြားသော အသုံးအဆောင် ပစ္စည်းများကို ၎င်းစင်ပေါ်တွင် တင်ထားလိုက်၏။
“ စိတ်ရောဂါအတွက် အထူးဆေးဝါးများ …”
“ စိတ်ရောဂါအတွက် အထူးကုသရေး ပစ္စည်းများ .. “
စင်တွင် ကပ်ထားသည့် စာရွက်အပိုင်းအစ နှစ်ခုကို ကြည့်ရင်း ချန်ယွီ့ သူ့ နဖူးထက်ရှိ ချွေးများအား သုတ်ကာ စိတ်ထဲ အားရကျေနပ်သွားခဲ့သည်။
စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်းထဲ ဆေးဝါးများနှင့် ကုသရေးပစ္စည်းများ ရောင်းချသည်က မထူးဆန်းပေ။
သို့ပေမယ့်လည်း … မှန်၏။ ဤပစ္စည်းနှစ်ခုက ပုံမှန် ဆေးဝါးများ၊ ဆေးကုသရေးပစ္စည်းများနှင့် အနည်းငယ်တော့ ကွဲပြားနေလျက် ရှိသည်။
ဥပမာအနေဖြင့် ချန်ယွီ့က ပစ္စည်းတစ်ခုချင်းစီတိုင်းတွင် သူ၏ ဝိဉာဏ်စွမ်းအင်ကို ထည့်သွင်းထားပြီး ၎င်းပစ္စည်းများအား ကောင်းချီးပေးထားသည်နှင့် တူညီသည်။
ခေတ္တ အနားယူပြီးနောက်တွင် ချန်ယွီ့ သူ့ဖုန်းကို ဖွင့်၍ အွန်လိုင်းစတိုးထဲသို့ ဝင်ရောက်လိုက်သည်။
သူ့မြို့ထဲရှိ ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားခဲ့ပြီး အော်ဒါတစ်ခု တင်လိုက်၏။
ထိုအချိန်တွင် ကျန်းချင်ရှန်းကတော့ နှစ်သစ်ကူး ပန်းချီကားချပ်ကို ရင်၀ယ်ပိုက်လျက် ပျော်ရွှင်ကြည်နူးစွာဖြင့် အိမ်သို့ ပြန်ရောက်လာသည်။
ခဏကြာ စဉ်းစားပြီးနောက်တွင် နှစ်သစ်ကူး ပန်းချီကားချပ်ကို တီဗွီအထက်၌ ချိတ်ထားဖို့ရာ ဆုံးဖြတ်လိုက်သည်။
ဤနည်းလမ်းဖြင့် သူ နေ့စဉ်နေ့တိုင်း တီဗွီကြည့်သည့် အခါတိုင်း နှစ်သစ်ကူးပန်းချီကားချပ်ကို မြင်တွေ့နိုင်ပေမည်။ ယင်းက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။
“ ဘိုးဘိုး … ဟိုဟာက ဘာကြီးလဲ …”
တစ်နာရီ ကြာပြီးနောက် သူ့သား ကျန်းကျန့်ရှစ်နှင့် မြေးလေး ကျန်းရှောင်ပေ့တို့ အိမ်ပြန်ရောက်လာခဲ့ကြသည်။
သားအဖနှစ်ဦး ဧည့်ခန်းထဲသို့ ဝင်လာသည်နှင့် တီဗွီအထက်ရှိ နှစ်သစ်ကူး ပန်းချီကားချပ်ကို ရှုပ်ထွေးသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်မိကြသည်။
“ ဒါ ဘိုးဘိုးကြီး ဝယ်ခဲ့တဲ့ ကုသရေး ပစ္စည်းလေ ငါ့မြေးရဲ့ …”
“ အဖေ … တစ်ခုခုဖြစ်လို့လား…..”
‘ ကုသရေးပစ္စည်း’ ဆိုသည့် စကားကိုကြားတော့ ကျန်းကျန့်ရှစ်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ ဟင်း …”
ကျန်ချင်ရှန်း သက်ပြင်းချပြီး သူ့သားကို သူ၏ စိတ်ရောဂါအကြောင်း ပြောပြလိုက်သည်။
“ ဘိုးဘိုး .. ဘိုးဘိုးတော့ လူလိမ်ခံလိုက်ရပြီ …”
အလယ်တန်း တတိယနှစ်တက်နေသည့် သူ့မြေး ကျန်းရှောင်ပေ့က စကားကို တည့်တိုးပဲ ပြောလိုက်၏။
ရှင်းပြသည်ကို နားထောင်ပြီးနောက် သူ့အဘိုးက လူလိမ်တစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်ကို ကျန်းရှောင်ပေ့ တပ်အပ်သိလိုက်သည်။
ကြုံရာကျပန်း နှစ်သစ်ကူး ပန်းချီကားလေး တစ်ချပ်က ယွမ် ၅၀၀၀ ပေးရသည်တဲ့လော။
ထိုလူလိမ်က သူ့အဘိုးကို အကုန်ပြောင်အောင် ဓားပြမတိုက်သွားသည်ကပဲ ကံကောင်းသည်ဟု ပြောရလိမ့်မည်။
“ အဖေ … ရှောင်ပေ့လေး ပြောတာမှန်တယ် … အဖေတော့ လူလိမ်ခံလိုက်ရပြီ …”
ကျန်းကျန့်ရှန်း ဘာမျှ သိပ်မပြောချင်သော်ငြား စိတ်ထဲတွင်တော့ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။
သူ့အဖေ ကျန်းချင်ရှန်းက လွယ်လင့်တကူ ဖြောင်းဖြသိမ်းသွင်းရ လွယ်သည်ကလွဲ၍ အကုန်ကောင်းမွန်သည့်လူပင်။
အခြားလူပြောသမျှကို ယုံလွယ်ပြီး တုံ့ဆိုင်းခြင်း မရှိ ပိုက်ဆံသုံးတတ်၏။ ကျန်းမိသားစုက ထိုမျှလောက်သော ပိုက်ဆံကို ဂရုမစိုက်သော်ငြားလည်း သူ့အဖေက ပိုက်ဆံကို ဤသို့ လျှောက်သုံးနေ၍ ရသည်ဟု မဆိုလိုပေ။
အခြားသူများကို မဆိုထားသေးနှင့်။ မနက်ခင်း ပန်းခြံထဲ လေ့ကျင့်ခန်း အတူလုပ်ကြသည့် အဘွားကြီးများပင် ကျန်းချင်ရှန်းက အယုံသွင်းရ လွယ်ကူပြီး ပိုက်ဆံလည်း ရက်ရောသည်ကို သိကြသည်။ ၎င်းတို့အားလုံးက သူ့အဖေကို 'ကျန်းကောကော' ဟု ချိုမြိန်ချစ်စနိုးဖြင့် ခေါ်လေ့ ရှိကြပြီး ထိုသည်ကပင် သူ့အဖေကို သူမတို့အားလုံး၏ လေ့ကျင့်ခန်း ကုန်ကျစရိတ်များအားလုံး စိုက်ပေးရန် ချွေးသိပ်ဖို့ လုံလောက်သည်။
“ မင်း ပေါက်ကရတွေ လျှောက်မပြောနဲ့ … ဆရာဝန်လေးက လူလိမ်မဟုတ်ဘူး …”
ကျန်းချင်ရှန်း ပြန်လည်ချေပလိုက်သည်။
“ သူပြောတာ မှန်သမျှ အကုန် ကွက်တိမှန်တယ် …”
“ အဲ့ဒီဆရာဝန်လေးက မင်း လက်ထပ်ပြီး ကွာရှင်းလိုက်တာကိုတောင် မှန်အောင် ပြောနိုင်တယ် … “
ကျန်းကျန့်ရှစ်မှာ သွေးတစ်လုတ်အန်လုနီးပါး ဖြစ်သွားခဲ့ရ၏။
သူက တက္ကသိုလ်တစ်ခု၏ ဒုဥက္ကဌဖြစ်ပြီး ဒေသတွင်း ပညာရေး ကဏ္ဍတွင်လည်း နာမည်ကျော်ကြားသူ တစ်ဦးပင်။ သူ့နာမည်ကို သိသည့်လူတိုင်း ဤမျှလောက်ကိုတော့ အင်တာနက်တွင် ခဏလောက် အချိန်ပေး ရှာဖွေရုံမျှလောက်နှင့် သိရှိနိုင်လေသည်။
“ ဘိုးဘိုး သူ့ရဲ့ စီးပွားရေး ခွင့်ပြုမိန့်နဲ့ ဆရာဝန်လိုင်စင်ရော မြင်ခဲ့လို့လား …”
ကျန်းရှောင်ပေ့က အရေးကြီးသည့် အချက်ကို မေးမြန်းလိုက်သည်။
“ အေး … အဲ့တာတော့ အဘိုးမမြင်ခဲ့မိဘူး …”
ကျန်းချင်ရှန်း ခေါင်းခါလိုက်၏။ ကျန်းကျန့်ရှစ်တို့ သားအဖနှစ်ဦးလုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။
ဤလူအိုကြီး လူလိမ်ခံလိုက်ရသည်ကို သူတို့ သေချာသွားခဲ့လေပြီ။
သူတို့ ထိုလူကို လူလိမ်ဟု ခေါ်သည်ကပင် အတော်လေး သဘောကောင်းလှပြီ ဖြစ်၏။ ထိုလူက ကျန်းချင်ရှန်းကို ယွမ်ငါးထောင် လိမ်ရိုက်သွားရုံမျှမက ကြုံရာကျပန်း ဘယ်ဂျောင်ဂလောင်က ဆွဲထုတ်လာခဲ့မှန်း မသိသည့် ပန်းချီကားချပ်တစ်ခုကိုသာ အလဲအလှယ်နှင့် ပေးလာခဲ့သည်။
ပန်းချီကားကလည်း ဝတုတ်လေးတစ်ဦး ရတနာများကို ပြိုင်ကားနှင့်သယ်၍ မောင်းနှင်နေသည့်ပုံပင်။
လူလိမ်က ဤသို့သော ပစ္စည်းမျာကို ကြံကြံဖန်ဖန် ထုတ်ပေးလိုက်မည်ဟူ၍ သူတို့ဖြင့် ယုံတောင် မယုံကြည်နိုင်ကြ။
ထို့နောက် သားအဖ နှစ်ဦးလုံး ကျန်းချင်ရှန်းအား တစ်ယောက်တစ်လှည့်စီ ရှင်းပြကြတော့သည်။ မကြာမီ ကျန်းချင်ရှန်း၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းလာလေသည်။
ကျန်းချင်ရှန်းက အယုံသွင်းရလွယ်ကူသည်။ သို့ပေမယ့် ယင်းက သူ့ကို ဦးနှောက်မရှိသူဟု မဆိုလိုပေ။
သေချာ ဂရုတစိုက်နှင့် စဉ်းစားကြည့်လိုက်သည့်အခါ၌ သူတို့ပြောခဲ့သည့် စကားဝိုင်းထဲတွင် ထူးဆန်းသည့် အချက်တို့ များစွာ ပါဝင်နေသည်ကို သွားပြီး သတိထားမိခဲ့သည်။
“ ဘိုးဘိုး … မနက်ဖြန် သားပါ လိုက်ပြီး အဲ့ဒီလူလိမ်ကို ကူစာရင်းရှင်းပေးမယ် …”
ကျန်းရှောင်ပေ့က သူ့ဖုန်းကို ထုတ်၍ သူ၏ အတန်းဖော်သူငယ်ချင်း အနည်းငယ်ထံ ဆက်သွယ်ရန် ဟန်ပြင်လိုက်၏။
သူတို့အားလုံး အတူစုစည်းပြီး ချန်ယွီ့ထံ ပြဿနာ သွားရှာကြမည်။
“ မင်းလျှောက်မလုပ်နဲ့ … အဖေ ဒီကိစ္စ ကိုင်တွယ်လိုက်မယ် …”
ကျန်းကျန့်ရှစ် သူ့ဖုန်းကို ထုတ်၍ သက်ဆိုင်ရာ ဌာနထံ ဖုန်းဆက်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပဲ သာမန်မျက်လုံးနှင့် မြင်တွေ့ရ ခဲယဉ်းသည့် အနက်ရောင် အမျှင်တန်းတစ်ခုက ကျန်းချင်ရှန်း၏ ဦးခေါင်းထက်၌ ထွက်ပေါ်လာသည်။
အဆိုပါ အနက်ရောင် အမျှင်တန်းက မျဉ်းကြောင်းတစ်ခုအသွင် ဖွဲ့စည်းပြီး ကျန်းချင်ရှန်းတို့ မြေးအဘိုး၊ သားအဖ သုံးယောက်အပေါ်ရှိ မီးဆိုင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားခဲ့၏။