မင်းတို့ရဲ့ သူငယ်ချင်းကောင်းတွေကို သတိထား
Vol. 2 Ch. 13
“ ဘုန်း …”
နောက်တစ်စက္ကန့်၌ နံရံတွင် ချိတ်ဆွဲထားသည့် နှစ်သစ်ကူး ပန်းချီကားချပ်က အလိုအလျောက် မီးစွဲလောင်လာသည်။
ဤသည်ကို မြင်တော့ အဘိုး၊သားနှင့် မြေးတို့ သုံးဦးလုံး ကြောက်လန့်မှုကြောင့် ဖြူလျော်သွားခဲ့ကြသည်။
“ မြန်မြန် မိန်းတွေချ ၊ မီးညိမ်းဖို့ ရေသွားယူလာခဲ့ကြ …” ကျန်းချင်ရှန်း အော်ဟစ်လိုက်၏။
သုံးဦးသားလုံး မီးဖိုချောင်ထဲသို့ ကမန်းကတမ်း ပြေးဝင်၍ ရေခပ်ရန် ရေချိုးခန်းထဲ ပြေးလာခဲ့ကြသည်။
“ ဝုန်း ….”
နောက်ထပ် ဖြစ်ပျက်လာသည့် အရာက ပို၍ပင် ထင်မှတ်မထားစရာကောင်းသေးသည်။ သူတို့သုံးဦးနှင့် အိမ်အကူတို့ မီးငြိမ်းသတ်ရန် ရေသွားယူနေစဉ် ဧည့်ခန်းအလယ်တွင် ချိတ်ဆွဲထားသည့် မီးဆိုင်းကြီးက ရုတ်တရက် အောက်သို့ ပြုတ်ကျလာခဲ့၏။
ဖန်နှင့် ပြုလုပ်ထားသည့် မီးသီးတို့က ကြမ်းပြင်နှင့် ထိတွေ့၍ အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားခဲ့သည်။
၎င်းနောက် ချက်ချင်းပဲ ပန်းချီကားချပ်က ပြာအဖြစ်သို့ ကူးပြောင်းသွားခဲ့၏။
ထူးဆန်းသည့် ဖြစ်ရပ်များနှင့် ဆက်တိုက်ကြုံတွေ့လိုက်ရသည့်အခါ၌ ဧည့်ခန်းထဲတွင် အပ်ကျသံကြားရလောက်သည်ထိအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။
“ မင်းတို့တွေ … မင်းတို့တွေ မြင်လိုက်ကြလား …”
အချိန်အတော်ကြာပြီးနောက် ကျန်းချင်ရှန်းက ဖြူလျော်သည့် မျက်နှာအမူအရာဖြင့် အသံထွက်လာသည်။
သူ့သား ၊ သူ့မြေးနှင့် အိမ်အကူတို့အားလုံး ရှုပ်ထွေးနေသည့် မျက်နှာအမူအရာများဖြင့် ခေါင်းညိတ်ပြလာကြသည်။
“ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မာစတာကို ကျေးဇူးတင်ပါတယ် … ကျုပ် အရိုအသေပေးပါရစေ …”
ကျန်းချင်ရှန်းသည် ရူးသွပ်သွားသည့်အလား မြေပြင်သို့ ဒူးထောက်ကာ နှစ်သစ်ကူး ပန်းချီကားချပ် ချိတ်ဆွဲထားခဲ့သည့် နေရာသို့ သုံးကြိမ်သုံးခါ အရိုအသေ ပေးလိုက်သည်။
အကယ်၍ နှစ်သစ်ကူး ပန်းချီက ရုတ်တရက် မီးထလောင်ကျွမ်းခြင်း မရှိခဲ့ဘူးဆိုပါက သူတို့သုံးဦးလုံးမှာ ဆက်လက် မတ်တပ်ရပ်၍ စကားပြောနေခဲ့ကြမည်မှာ အမှန်ပင်။
ခေါင်းအထက်ရှိ မီးဆိုင်းကြီး ပြုတ်ကြလာသည်နှင့် သူတို့သုံးဦးလုံး သက်သာလိမ့်မည်မဟုတ်ပေ။ အသက်မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။
“ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့လူတွေ တကယ်ပဲ ရှိနေတာများလား …”
ချန်ယွီ့ကို လူလိမ်ဟု စွပ်စွဲခဲ့သည့် ကျန်းကျန့်ရှစ်သည် သူ၏ လောကကြီးအပေါ် ရှုမြင်သည့် အမြင်သည်လည်း တစနှင့်တစ ကျေပျက်လာရတော့၏။
ကျောင်းတက်ဆဲဖြစ်ပြီး သိပ္ပံပညာကိုသာလျှင် ယုံကြည်သည့် ကျန်းရှောင်ပေ့လေးပင် ယခုအချိန်၌ ငူငူငိုင်ငိုင်ကြီး ဖြစ်နေမိခဲ့သည်။
ပန်းချီကားချပ်ထဲ၌ လျှပ်စီးပတ်လမ်းတို့လည်း မရှိ၊ ထို့ကြောင့် ရုတ်တရက်ကြီး မီးထလောင်ကျွမ်းဖို့ဆိုသည်မှာ မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။
သို့ပေမယ့်လည်း ထို မဖြစ်နိုင်သည့် အရာက သူတို့ မျက်စိရှေ့မှောက်တွင် အမှန်တကယ် ဖြစ်ပျက်သွားခဲ့သည်။
တစ်ချိန်တည်း၌ သူတို့အားလုံး၏ အသက်ကိုလည်း ကယ်တင်သွားခဲ့သည်။
“ ငါနားလည်ပြီ … ငါ အခု နားလည်သွားပြီ …”
ဒူးထောက် အရိုက်အသေပေးပြီးသည့်နောက် ကျန်းချင်ရှန်းသည် ရုတ်တရက် ထလာခဲ့ပြီး ရူးနှမ်းနေသည့် အမူအရာဖြင့် နံရံကို ငေးမောရင်း အားပါးတရ ရယ်မောနေခဲ့သည်။
“ ဖေဖေ … ဘိုးဘိုးက ရှော့ခ်ရလွန်းလို့ ရူးသွားပြီလားဟင် …” ကျန်းရှောင်ပေ့ သူ့မျက်ခုံးနှစ်ခုကြားသို့ နှိပ်နယ်မိလိုက်သည်။
“ ပေါက်ကရတွေ လျှောက်မပြောနဲ့ …”
ကျန်းကျန့်ရှစ်သည် သူ့သားခေါင်းကို ဖတ်ခနဲ ရိုက်လိုက်ပြီး သူ့အဖေကို သေချာလေး မေးမြန်းလိုက်၏။ “ အဖေ … အဖေက ဘာကို နားလည်သွားတာ ….”
“ ငါပြောလို့ မရဘူး … ငါပြောလို့ မရဘူး …”
“ မာစတာတစ်ယောက်က ဘယ်တော့မှ မပြောဘူး … ပြောတဲ့လူတွေကလည်း မာစတာ မဟုတ်ဘူး …”
ကျန်းချင်ရှန်းသည် သူ့ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်သည်အထိ စိတ်လှုပ်ရှားနေခဲ့၏။
ချန်ယွီ့၏ ဆိုင်ရှေ့သို့ ဖြတ်သွားတုန်းက သူ့ ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်သည်ဟု ခံစားခဲ့ရသည်မှာ မထူးဆန်းတော့ချေ။ မာစတာက ကျင့်ကြံမှု ပြုလုပ်နေခဲ့သည်မှာ သိသာသည်။
ကျန်းကျန့်ရှစ်နှင့် ကျန်းရှောင်ပေ့တို့နှစ်ဦး တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြရင်း ကျန်းချင်ရှန်း သွယ်ဝိုက်ပြောဆိုနေသည့် စကား၏ အနက်ကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့ကြသည်။
“ ဘိုးဘိုး … စိတ်ကျန်းမာရေး ဆရာဝန်ဆိုတာ သူ့ကိုယ်သူ အယောင်ဆောင်ထားတာများ ဖြစ်နေလောက်မလား … သူ့ရဲ့ တကယ့်အထောက်အထား အမှန်က အနာဂတ်ကို ခန့်မှန်းပြီး မကောင်းတဲ့ ဝိဉာဏ်တွေကို ဖျက်စီးနိုင်တဲ့ သူတော်စင်တစ်ပါးလိုမျိုးများလား …”
အသိစိတ်ပြန်ဝင်လာပြီးနောက်တွင် ကျန်းရှောင်ပေ့က သူတွေးနေသည့်အရာကို အသံထွက်ပြီး ပြောဆိုလိုက်သည်။
“ စကားဆိုတာ လျှောက်မပြောရဘူး ငါ့မြေး …” ကျန်းချင်ရှန်းက တည်တင်းသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်ပြီး “ မာစတာက ဘယ်လိုပဲ ပြောပြော သူက စိတ်ကျန်းမာရေး ဆရာဝန်ပဲ …”
ဤသည်ကို ကြားတော့ ကျန်းရှောင်ပေ့နှင့် ကျန်းကျန့်ရှစ်တို့ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့ကြသည်။
ကျန်းချင်ရှန်းက ယခုလေးတင် ချန်ယွီ့ကို မာစတာဟု ကင်ပွန်းတပ်ပြီး သို့တိုင် စိတ်ကျန်းမာရေး ဆရာဝန်ဟု ခေါ်ဆိုနေသေး၏။
ဤသည်က ဝိရောဓိ ပြောဆိုသည်မဟုတ်တော့ဘဲ မြင်သာသည့် မီးတောက်ကို မီးခိုးငွေ့ဖြင့် ဖုံးကွယ်နေသကဲ့သို့ ဖြစ်နေသည်။
စိတ်ကျန်းမာရေး ဆရာဝန် အသွင်ဆောင်ထားသည့် သူတော်စင် မာစတာတစ်ပါး …
ထိုအရာကို မည်သူကရော ယုံကြည်နိုင်မည်နည်း။
ကျန်းချင်ရှန်း ကြိတ်ပြီး အားရကျေနပ်နေမိခဲ့သည်။ ချန်ယွီ့က သူတော်စင်တစ်ပါး ဖြစ်သည်ကို သူ့စိတ်ထဲ ရာနှုန်းပြည့်သေချာနေသည်။
သူတော်စင်လေး သူ့အထောက်အထားကို ဖော်ထုတ်ရန် ဆန္ဒမရှိခဲ့သည်က လူအများအပြား သူ့ထံသို့ ရောက်လာ၍ ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေမှာ စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ကျင့်ကြံသူများအားလုံးက ငြိမ်းချမ်းပြီး တိတ်ဆိတ်သောနေရာများတွင်သာ ပျော်မွေ့ကြလေသည်။
အကယ်၍ ချန်ယွီ့သည်သာ ကျန်းချင်ရှန်း၏ အတွေးများကို သိခဲ့မည်ဆိုပါက … စကားတစ်ခွန်းတည်းဖြင့်သာ တုံ့ပြန်ပေလိမ့်မည်။ “ အဘိုး ... ခင်များ အတွေးတွေ လွန်နေပြီ …”
နောက်တစ်နေ့ နံနက်ခင်း ၁၁ နာရီတွင် ချန်ယွီ့သည် မနေ့ညက သူအော်ဒါမှာထားသည့် ဒီလီပစ္စည်းကို လက်ခံရရှိလိုက်၏။
“ ဟုတ်တယ် … ဒီလိုမှပဲ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခန်းနဲ့ တူသွားတော့တယ် …”
ဆယ်မိနစ်ကြာပြီးသည့်နောက် ချန်ယွီ့ ပထမထပ်ရှိ နံရံနှစ်ခုကို ကြည့်ရင်း အားရနှစ်ခြိုက်နေမိသည်။
နံရံပေါ်တွင် စိတ်ပညာ ကျွမ်းကျင်သူ ဆယ်ဦး၏ ပုံတူကားချပ်များ ချိတ်ဆွဲထားပြီး အောက်ဘက်တွင် ၎င်းတို့၏ အောင်မြင်မှု မှတ်တမ်းများ ပါရှိသည်။
သူ အဆင်သင့် ဖြစ်သည်နှင့် ချန်ယွီ့ တိုက်ရိုက်ထုတ်လွှင့်သည့် အက်ပ်ကို ကျင်လည်စွာဖြင့် ဖွင့်ပြီး သူ၏ ချာနယ်ထဲသို့ ဝင်ရောက်လာခဲ့၏။
လိုက်စထွင်း စတင်သည်နှင့် ချက်ချင်းဆိုသလို ကြည့်ရှုသူ အရေအတွက်က တစ်သောင်းသို့ ရောက်ရှိသွားခဲ့သည်။
ထိုမျှများပြားလှသည့် ကြည့်ရှုသူ အရေအတွက်ကြောင့် ချန်ယွီ့ ရှုပ်ထွေးသွားခဲ့ပြီး ဤလူများ မအိပ်မစားဘဲနှင့် ဟူယွီပလတ်ဖောင်းတွင် နေထိုင်ကြလေသလောဟုတောင် ထင်ယောင်ထင်မှား တွေးမိသွားခဲ့၏။
“ ညီကိုတို့ … ပျောက်သွားတဲ့ စထွင်မာ ပြန်ပေါ်လာပြီဟေ့ … ချီတက်ကြ ….”
“ လောင်းကြေးတွေ တင်မယ် လောင်းကြေးတွေ တင်မယ် … ဒီနေ့ ဒီစထွင်မာကြောင့် လူဘယ်နှစ်ယောက်ယောက် စိတ်ဓာတ်ကျသွားမလဲ လောင်းမယ် ….”
“ အနည်းဆုံး တစ်ယောက် ၊ ပုံမှန် နှစ်ယောက် ၊ သုံးယောက်လောက်တော့ ဖြစ်လိမ့်မယ် …”
“ စကားကို အဲ့လိုပြောရမယ်လို့ မင်းကို ဘယ်ကောင် သင်ပေးလိုက်တာ …”
“ ကျွန်တော်က လူသစ်လေးပါ အစ်ကိုတို့ .. စထွင်မာက စိတ်ကျန်းမာရေး ဆရာဝန်လား ဗေဒင်ဆရာလားဗျ …”
ဝင်ရောက်လာသည့် ကြည့်ရှုသူ သောင်းဂဏန်းကျော်ထဲ၌ ထောင်ဂဏန်း အနည်းငယ်ကသာလျှင် ယမန်နေ့က လိုက်စထွင်းကို ကြည့်ရှုခဲ့ကြသူများပင်။
ယနေ့ရောက်လာရခြင်း အကြောင်းအရင်းကတော့ ရေပန်းစားသည့် ခေါင်းစီးများကို သတိပြုမိသွား၍ ယနေ့ ချန်ယွီ့၏ လိုက်စထွင်းခန်းထဲသို့ အထူးတလှယ် လာရောက်စောင့်ဆိုင်းနေကြခြင်းပင်။
ယမန်နေ့ ညသန်းခေါင်ယံ၌ ဟူယွီ၏ ရေပန်းစား ရှာဖွေမှုတို့ အသစ်ပြောင်းလဲသွားခဲ့ပြီး ထိပ်ဆုံး လေးခုတို့မှာ ...
“ မင်းတို့ရဲ့ အကောင်းဆုံး သူငယ်ချင်းကို သတိထား “
“ အမျိုးသားတစ်ယောက်နှင့် ချစ်ကြိုက်မိခြင်း “
“ ရုပ်လွန် ဒဿနိကလား သိပ္ပံပညာလား … “ ပြီးနောက်
“ စိတ်ကျန်းမာရေး ဆရာဝန် “ ဟူ၍ပင်။
ယင်း ရေပန်းစားသည့် ရှာဖွေမှုလေးခုနှင့် ဆက်စပ်နေသူကတော့ …
ချန်ယွီ့ဆိုသည့် စိတ်ကျန်းမာရေးဆရာဝန်ပင်။
ရလဒ်အနေဖြင့် တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးသည့် အဖြစ်အပျက်ကြီး တစ်ခုက ဟူယွီ စထွင်းမင်း ပလတ်ဖောင်းထဲ ဖြစ်ပေါ်လာခဲ့သည်။
စထွင်မာ မရှိသည့် လိုက်စထွင်းအခန်းတစ်ခုထဲတွင် သောင်းနှင့်ချီသည့် ကြည့်ရှုသူတို့ ဝင်ရောက် စောင့်ဆိုင်းနေခဲ့ကြသည်။
ချန်ယွီ့ ချာနယ်ကို စောင့်ကြည့်နေကြသည့် ကြည့်ရှုသူ အရေအတွက်ကလည်း တစ်ညတည်းနှင့် သန်းဂဏန်းကို ကျော်လွန်သွားခဲ့၏။ ယင်းက စထွင်တော်တော်များများကို မနာလိုရှုစိမ့်မှုကြောင့် မျက်လုံးကြီးများ နီမြန်းသွားစေခဲ့လေသည်။
“ မမလေးကျိုး ဝင်လာပြီ … သူ လာပြီး ကျေးဇူးတင်တာပဲ ဖြစ်ရမယ် ..”
တစ်ချို့သော အမြင်စူးရှသူတို့က ချန်ယွီ့၏ လိုက်စထွင်းခန်းထဲသို့ ကျိုးခဲ့ရှင်း ဝင်ရောက်လာသည်ကို သတိပြုမိသွားခဲ့ကြသည်။
ချန်ယွီ့ စခရင်ကို တစ်ချက်ကြည့်၍ သူ နှုတ်ခွန်းဆက်တော့မည့် အချိန်မှာပဲ ကာနီဗယ် လက်ဆောင်ဆယ်ခုက သူ့မျက်လုံးထဲသို့ ခုန်ဝင်လာသည်။
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
“ ရှင် အချိန်မီ သတိပေးလို့သာ မဟုတ်ရင် ကျွန်မ သိပ်မကြာခင် ရူးနှမ်းသွားမှာကိုတောင် ကြောက်မိတယ် …”
ကျိုးခဲ့ရှင်းက ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုကို ပို့လာခဲ့သည်။
“ မလိုပါဘူး … ရပါတယ် … သူများတွေကို ကူညီပေးတာက ငါတို့ စိတ်ကျန်းမာရေး ဆရာဝန်တွေရဲ့ တာဝန်ပဲလေ …”
ချန်ယွီ့ ညင်သာစွာပြုံးရင်း ခွန်းတုံ့ပြန်လိုက်သည်။
ဤကိစ္စအား စိတ်ထဲထားမနေဖို့ ကျိုးခဲ့ရှင်းအား နှစ်သိမ့်စကား ဆိုလိုက်၏။
“ အကျင့်ယုတ်တဲ့ ခွေးမကို စိတ်ဓာတ်လေးသိရအောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
“ မမလေးကျိုးရဲ့ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … “
“ ဒေါက်တာချန် … ငါ့ရဲ့ စာတမ်းလေးကို ကယ်တင်ပေးလို့ ကျေးဇူးပါ … ဒီရဲ့ကြင်နာမှုကို ငါ ဒီတစ်သက် မမေ့ပါဘူး …”
စိတ်ဝင်စားဖို့ကောင်းသည့် မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
ကျိုးခဲ့ရှင်း၏ အထူးကွန်းမန့် အချိန်ကုန်ဆုံးသွားခဲ့သည်နှင့် လိုက်စထွင်းထဲတွင် ကာနီဗယ်လက်ဆောင်များ ပို၍ ပို၍ ထွက်ပေါ်လာသည်။
ကွန်းမန့်များကလည်း ရွှတ်နောက်ကျီစယ်သည့် ကွန်းမန့်များမှတစ်ဆင့် စိတ်ရင်းအမှန်နှင့် ကျေးဇူးတင်မှုသို့ ကူးပြောင်းသွားခဲ့သည်။
ချန်ယွီ့က ကျိုးခဲ့ရှင်း၏ အကောင်းဆုံးသူငယ်ချင်း သူမကို ဆေးခပ်နေသည့် ဖြစ်ရပ်ကို ဖော်ထုတ်ပြီးသည့် အချိန်မှစ ...
ကိုယ့်ရဲ့ သူငယ်ချင်းကောင်းတွေကို သတိထားပါ ဟူသော ခေါင်းစဉ်က ရေပန်းစားလာချိန် …
အမျိုးသမီး ကြည့်ရှုသူ တော်တော်များများက ၎င်းတို့ သူငယ်ချင်းကောင်းများ၏ ထူးဆန်းပြီး ပုံမှန်မဟုတ်သည့် အမူအကျင့် တော်တော်များများကို အမှတ်ရသွားခဲ့ကြပြီး သေချာလေး စုံစမ်းကြည့်လိုက်သည်တွင်
တစ်ချို့က သူတို့၏ သူငယ်ချင်းကောင်းများမှာ မိမိ၏ ကောင်လေးနှင့် ဖောက်ပြန်နေသည်ကို ဖမ်းမိသွားခဲ့ကြသည်။
၎င်းတို့ထဲတွင် ကိုယ်ပထမဆုံး တင်ရန် ပြုလုပ်ထားသည့် စာတမ်းကို သူငယ်ချင်းကောင်းတစ်ယောက်က ခိုးယူတင်ရန် ကြိုးစားနေသည်ကို ရှာတွေ့သွားခဲ့သူတစ်ဦးလည်း ရှိနေခဲ့၏။
“ 6666666 … စောက်ရမ်းမိုက်တယ် … ဒေါက်တာချန်ကတော့ မိန်းကလေး သူငယ်ချင်းကောင်းတွေရဲ့ ရန်သူ ဖြစ်လာတော့မှာပဲ …”
“ ဟားဟားဟား … ‘ အချစ်ဆုံးညီအစ်မ’ တွေဆိုတာ တကယ်တော့ အခေါ်အဝေါ် အသုံးနှုန်း သပ်သပ်ပါကွာ …”
“ ဂုဏ်ပြုပါတယ် ဒေါက်တာချန် .. မင်းမှာ အခု အမျိုးသမီး anti-fan တွေ အများကြီး ရှိသွားပြီ …”
ကွန်းမန့်များကို လိုက်ဖတ်ရင်း ချန်ယွီ့ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်နေမိတော့သည်။
သူ့ လိုက်စထွင်းလေး တစ်ခုကြောင့် သူငယ်ချင်းသံယောဇဉ် တော်တော်များများ ပျက်စီးသွားလိမ့်မည်ဟု သူပင် မျှော်လင့်မထားခဲ့ချေ။
မိနစ် နှစ်ဆယ်ခန့်ကြာပြီးနောက် ဆက်တိုက် ထွက်ပေါ်လာနေသည့် ကာနီဗယ်လက်ဆောင်များလည်း အဆုံးတွင် ရပ်တန့်သွားခဲ့တော့၏။
“ လက်ဆောင်တွေ ပေးကြတဲ့အတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ် .. ဒီနေ့လည်း ငါ့ရဲ့ လိုက်စထွင်းကနေတစ်ဆင့် လူနာတွေကို ဆက်ပြီး ကုပေးကြတာပေါ့ ….”
[ရွှီကောက အိမ်ဘယ်လို ဝယ်ရမလဲ သင်ပေးနေတယ် ]သည် သင့်ကို ကာနီဗယ်လက်ဆောင်တစ်ခု ပေးပို့လာပါသည်။
Subscriber တစ်သန်းကျော်ရှိသည့် စထွင်မာတစ်ဦးက အဆိုပါ လက်ဆောင်ပေးသည့် အသိပေးချက် တစ်ခုနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ရောက်လာလေသည်။