← Chapters

ပိုက်ဆံစုဖို့ နည်းလမ်း သေးသေးလေးများ

Vol. 2 Ch. 14

ပိုက်ဆံစုဖို့ နည်းလမ်း သေးသေးလေးများ

Vol. 2 Ch. 14

“ ဘုရားရေ … နေ အနောက်ရပ်ကနေ ထွက်လာတာများလားဟ …”

“ အစ်ကိုရွှီရဲ့ အကောင့် ခိုးခံထားရတာ ဖြစ်မယ် ဟုတ်တယ်မလား …”

“ အစ်ကိုရွှီ ပိုက်ဆံသုံးလိုက်တယ်ဆိုတာ မနက်ဖြန် ကမ္ဘာပျက်မှာထက်တောင် ပိုပြီး မယုံကြည်နိုင်စရာ ကောင်းသေးတယ် …”

ကြည့်ရှုသူများ၏ ကွန်းမန့်ကတစ်ဆင့် ဤ ‘ အစ်ကိုရွှီ ‘ ဆိုသော လူပုဂ္ဂိုလ်က မယုံကြည်နိုင်စရာကောင်းသည့် လူတစ်ယောက်ဖြစ်သည်ကို ချန်ယွီ့ အကြမ်းဖျင်း နားလည်လိုက်သည်။

[ရွှီကောက အိမ်ဘယ်လို ဝယ်ရမလဲ သင်ပေးနေတယ် ] စထွင်မာသည် ယခုနှစ်တွင် အသက် ၃၅နှစ် ရှိပြီ ဖြစ်၏။

လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဟူယွီ ပလတ်ဖောင်းပေါ်တွင် စထွင်မာအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

သူ အဓိက တင်ဆက်ပေးသည့်အရာများက ငွေကို ဘယ်လိုချွေတာစု‌ဆောင်း၍ အိမ်တစ်လုံးရအောင် ဝယ်ယူရမလဲ ဆိုသည့်အရာပင်။

စစချင်းတုန်းကတော့ ကြည့်ရှုသူများမှာ အိမ်ခြံမြေရောင်းဝယ်သည့် အေးဂျင့်တစ်ဦးက စထွင်မာအဖြစ် သရုပ်ဆောင်နေသည်ဟု အထင်မှားနေခဲ့ကြသေးသည်။

သို့သော် အစ်ကိုရွှီက သူ့မိသားစု နောက်ခံသည် သာမန်သာလျှင် ဖြစ်ကြောင်း လျင်မြန်စွာ သက်သေပြလာသည်။ သို့ပေမယ့်လည်း သူက ဆယ်နှစ်တာ ပိုက်ဆံစု၍ အိမ်နှစ်လုံးကို ဝယ်ယူနိုင်ခဲ့၏။

“ ဟယ်လို အစ်ကိုရွှီ … လက်ဆောင်ပေးလို့ ကျေးဇူးပါ …”

ချန်ယွီ့ သူ့အား ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။

“ ဒေါက်တာချန် … ငါတို့ ပူးပေါင်းတင်ဆက်ကြမလား …”

“ ဒါပေါ့ … ရတာပေါ့ … ဒါပေမယ့် ငါ့ကို တိုင်ပင်ဆွေးနွေးခတော့ မင်းပေးရမယ်နော်….”

ချန်ယွီ့ ဤအခွင့်အရေးကို အသုံးချ၍ စထွင်းပေါ်တွင် တစ်ကြိမ် ဆွေးနွေးခကို ယွမ် ၅,၀၀၀ ဟု သတ်မှတ်လိုက်သည်။

အကယ်၍ ကုသမှု လိုချင်သည်ဆိုပါက ပေးခဲ့ … နောက်ထပ် ၅,၀၀၀ …

မကြာမီ ကောင်းဆိုးလောကဓံ အပြောင်းအလဲ မျိုးစုံကို တွေ့ကြုံဖြတ်သန်းခဲ့ဖူးသည့် အမျိုးသားတစ်ဦး၏ မျက်နှာက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။

“ မင်းတို့ကောင်တွေ ဒါ အသက် ၃၅နှစ်အရွယ် ဆိုတာ သေချာလား … ငါတော့ ၅၃နှစ်လို့ ထင်တာပဲ …” ကြည့်ရှုသူ အသစ်က မေးလိုက်သည်။

“ တစ်ချက်ကြည့်လိုက်တာနဲ့ ငါ့လို အစ်ကိုရွှီရဲ့ ပရိသတ်မဟုတ်တဲ့သူတောင် အစ်ကိုရွှီရဲ့ မျက်နှာက သူ့ အတိတ်ကို ကိုယ်စားပြုနေတယ်ဆိုတာ ပြောနိုင်တယ် ….”

“ အစ်ကိုရွှီ ဘာလို့ ဆယ်နှစ်အတွင်း အိမ်နှစ်လုံး ဝယ်နိုင်လဲ မင်းတို့ သိချင်လား … သိချင်ရင် ကျန်တာ မမေးနဲ့ … သူ့မျက်နှာကိုပဲ တစ်ချက်ကြည့်လိုက် …”

“ ကျေးဇူးပြုပြီး အစ်ကိုရီ ဘယ်လိုဝတ်စားထားလဲဆိုတာလည်း ကြည့်လိုက်ကြပါ …”

“ အစ်ကိုရွှီက ငါသိသမျှထဲ ခြိုးခြံချွေတာဆုံးပဲ …”

ချန်ယွီ့ကြောင့်နှင့် ဟူယွီပလတ်ဖောင်းကို လောလောလတ်လတ် သုံးစွဲကြသူတို့မှာ အစ်ကိုရွှီ ပရိသတ်များ၏ စကားကြောင့် အစ်ကိုရွှီ၏ ဝတ်စားဆင်ယင်ပုံကို သေချာလေး တစ်ချက် ကြည့်မိသွားခဲ့ကြသည်။

အစ်ကိုရွှီ၏ မျက်နှာက မည်းညစ်၍ အရေးအကြောင်းအပြည့်ဖြစ်နေသည်။

သူ့ ကိုယ်ပေါ် ကပ်ထားသည့် အဝတ်ကလည်း ဖာရာဗလပွနှင့် သူတောင်းစားပင် သူ့ထက် ခန့်ခန့်ညားညား ရှိလိမ့်ဦးမည်ဟု ထင်မှတ်ရက်စရာကြီးပင်။

ဖိနပ်ကိုလည်း ရှောင်လင်ကွန်ဖူး ဘောလုံးအသင်းသား စတီဗင်ချောင်၏ ဖိနပ်ထက်ပင် ဆိုးရွားစုတ်ပြတ်သပ်နေခဲ့၏။

Subscriber တစ်သန်းကျော်နှင့် စထွင်မာဟူသည့် သူ၏ အထောက်အထားကိုသာ လျစ်လျူရှုထားမည်ဆိုပါက အစ်ကိုရွှီ၏ သွင်ပြင်မှာ လမ်းဘေးဝဲယာ အမှိုက်ပုံများတွင် စားစရာများ လိုက်လံလှန်လောရှာဖွေသူနှင့် ပိုပြီး တူညီနေခဲ့သည်။

“ ဒေါက်တာချန် … မင်းမှာ အိမ်တွေ ဘာတွေ ဝယ်ဖို့ အစီအစဉ်ရှိလား ….”

“ ရှိတယ်ဆို ငါ့ လိုက်စထွင်းကို ရဲရဲကြီး ဖော်လိုထားလိုက်နော်…”

“ မင်းကြိုက်တဲ့ အိမ်ကို မြန်မြန် ဝယ်နိုင်အောင် ကူညီပေးလို့ရတယ် …”

အစ်ကိုရွှီက လက်ပြ၍ ချန်ယွီ့ကို နှုတ်ဆက်ရင်း သူ့ကိုယ်သူ ကြော်ငြာဖို့လည်း မမေ့လျော့ခဲ့ချေ။

အိမ်ဝယ်လိုသူရှိက အစ်ကိုရွှီကို လာရှာ ၊ အစ်ကိုရွှီရဲ့ နည်းလမ်းအတိုင်း ပိုက်ဆံစုမယ်ဆို အိမ်ဝယ်နိုင်ဖို့က အိပ်မက်သပ်သပ် မဟုတ်တော့ဘူး။

“ အစ်ကိုရွှီဆိုတဲ့ အတိုင်းပါပဲ … တစ်ပြားတစ်ချပ်တိုင်းကို အဆုံးရှုံးမခံဘဲ ထိရောက်မှုရှိရှိ အသုံးချတတ်တယ် …”

“ ငါက အနောက်ရပ်ကနေ နေထွက်ပြီ မှတ်တယ် .. လက်စသတ်တော့ အစ်ကိုရွှီက သူ့ကိုယ်သူ ကြော်ငြာဖို့ ပိုက်ဆံသုံးနေတာကိုး …”

“ အစ်ကိုရွှီကလွဲလို့ သူများလိုက်စထွင်းထဲ သူတို့ကိုယ်သူတို့ ကြော်ငြာဝံ့တဲ့ စထွင်မာ နောက်တစ်ယောက် မရှိနိုင်လောက်တော့ဘူး ….”

သူ့ဖန်များ စနောက်နေသည်ကို အစ်ကိုရွှီ စိတ်ထဲမထားချေ။

ပိုက်ဆံစုဆောင်းသည်က သူ့ ဘဝနေထိုင်နည်းဖြစ်ပြီး ၊ ယင်းက သူ့အောင်မြင်ကျော်ကြားမှု၏ ကြော်ငြာသင်ပုန်းပင်။

“ ငါ့မှာ လောလောဆယ် အိမ်ဝယ်ဖို့ အစီအစဉ် မရှိပါဘူး …” ချန်ယွီ့ အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် ……. “

“ လာပြီ လာပြီ …. နောက်ဆုံးတော့ ရောက်လာပြီ …”

“ အစ်ကိုရွှီ … မင်း အခုချိန် ပြေးရင် ပြေးထား နောက်မကျသေးဘူးနော်….”

“ ဒေါက်တာချန် ရောဂါစစ်ပေးရင် မင်းမှာ ရောဂါ မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ စိတ်ဓာတ်ကျသွားလိမ့်မယ် …”

“ အစ်ကိုရွှီ … မြန်မြန်ပြေးတော့ … အခုချိန် မပြေးရင် မမီတော့ဘူး … မင်းတော့ အဆုံးသတ်ပြီ …”

“ ပထမဆုံး နစ်နာသူ ပေါ်လာပါပြီ ….”

“ ဘာနစ်နာသူလဲ … သူက တိုင်ပင်ဆွေးနွေးဖို့ ရောက်လာတဲ့ လူနာဆိုတာ အသိသာကြီးကိုပဲ …”

ကြည့်ရှုသူများက အစ်ကိုရွှီကို သတိပေးလိုက် ၊ နောက်ပြောင်လိုက် လုပ်နေသော်ငြားလည်း သူတို့ အကုန်လုံးက ပြပွဲကောင်းတစ်ခုကို ကြည့်ဖို့ မစောင့်နိုင်ကြတော့ချေ။

“ ဒေါက်တာချန် … ငါ့မှာ စိတ်ရောဂါရှိနေတယ်လို့တော့ မင်းပြောမှာ မဟုတ်ဘူးမလား …” အစ်ကိုရွှီက အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။

“ ငါ့ကိုယ်ငါ ပြဿနာ မရှိဘူးဆိုတာ အသေအချာကြီး ပြောနိုင်တယ် … ငါ အခု အမြဲ ပျော်ပျော်ရွှင်ရွှင်ပဲ …”

“ ကိုယ့်ကိုယ်ကို ပျော်နေတယ်ဆိုတိုင်းလည်း ကိုယ့်မှာ စိတ်ရောဂါ မရှိဘူးလို့ ဆိုလို့မရဘူးလေ …” ချန်ယွီ့ ပြောဆိုလိုက်၏။

“ ငါ မယုံဘူး …”

အစ်ကိုရွှီကို စေးနှဲသူဟု သိကြသည့် သူ၏ ကြည့်ရှုသူများက ယွမ် ၃,၀၀၀ လက်ဆောင်ပေးလိုက်သည့်အပေါ် စနောက်နေကြသော်လည်းပဲ အစ်ကိုရွှီက ချန်ယွီ့၏ လိုက်စထွင်းထဲ၌ သူ၏ ရေပန်းစားမှုအတွက် လာရောက် ရင်းနှီးသည်ကို ကောင်းကောင်းကြီး သိကြသည်။

“ ရတယ်လေ … ဒါဆိုလည်း စကားပြောကြတာပေါ့ …”

“ မင်းက ငါ့ကို လက်ဆောင်ပေးထားတယ်ဆိုတော့ ဒီရဲ့ ရောဂါကို အလကားကုပေးလိုက်ပါမယ် …”

“ ကောင်းပြီလေ …”

အလကားရမည်ဆိုလျှင် အစ်ကိုရွှီတို့က ဘာပဲရရ အကုန်လက်ခံသည်။

“ မင်းရဲ့ မိဘတွေ နှစ်ဦးလုံးက ကိုယ်စီ အလုပ်ထွက်လုပ်ကြတယ် …” ချန်ယွီ့ တည်ငြိမ်စွာဖြင့် စတင်စကားပြောသည်။ “ မင်းတို့ မိသားစုက ဝင်ငွေကောင်းတဲ့လူတွေနဲ့စာရင် ချမ်းသာတယ်လို့ မဆိုနိုင်ပေမယ့် ဝင်ငွေက လုံလောက်တာထက်တောင် ပိုတယ် …”

“ သူတို့ရဲ့ အလုပ်ကိစ္စတွေကြောင့် မအားတာနဲ့ မင်းမိဘတွေက မင်းကို ရွာပို့ထားပြီး အဘိုးအဘွားတွေနဲ့ ကြီးပြင်းခိုင်းတယ် …”

“ မင်းကို ဒီလိုမျိုး ခြစ်ကုပ်ခြိုးခြံချွေတာတဲ့လူတစ်ယောက် ဖြစ်လာအောင် မင်းရဲ့ အဘိုးအဘွားတွေလည်း တော်တော်လေး ခက်ခက်ခဲခဲ သွန်သင်ခဲ့ရမှာပဲ …”

“ မင်းရဲ့ ဘိုးဘွားတွေက ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ဖူးတော့ မင်းကို ဘဝမှာ ချွေတာစုဆောင်းတတ်ဖို့ သင်ပေးတယ် …”

“ အဲ့ဒီအချိန်ကစပြီး ခြစ်ကုပ်ခြိုးခြံချွေတာတယ်ဆိုတဲ့ အယူအဆက မင်းရဲ့ အရိုးအသားတွေထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေပြီ …”

“ မင်း အသက် ၁၉ နှစ်လောက်ရောက်တော့ မင်းအဖေရဲ့ အလုပ်ကို နေရာဆက်ခံပြီး စက်ရုံ အလုပ်သမား တစ်ယောက် ဖြစ်လာတယ် …”

“ ငွေကို ခြိုးခြံချွေတာ စုဆောင်းပြီးတော့ ဆယ်နှစ်အတွင်း မင်းတို့ ဒေသခံ မြို့လေးထဲမှာ အိမ်နှစ်လုံး ဝယ်နိုင်ခဲ့တယ် …”

စစချင်းတုန်းကတော့ အစ်ကိုရွှီမှာ စိတ်ဝင်တစား သေချာ ဂရုတစိုက်နှင့် နားထောင်နေခဲ့သေးသည်။ သို့သော် နောက်ဆုံးပိုင်းရောက်တော့ သူ ကျယ်လောင်စွာ အော်ရယ်မိသွားခဲ့၏။

“ ဟားဟားဟား … ဒေါက်တာချန်ကလည်း ငါ့ကို ဒီလောက်ထိ အာရုံစိုက်ထားလိမ့်မယ်လို့ ထင်မထားဘူး … ငါ့ လိုက်စထွင်းကို ပုံမှန်ကြည့်တာပဲလား …”

မကြာခဏဆိုသလို အစ်ကိုရွှီက သူ့ဇာတ်လမ်းကို သူ၏ ကြည့်ရှုသူများထံ ဝေမျှလေ့ရှိသည်။ ပုံမှန်အားဖြင့် သူကဲ့သို့သော စထွင်မာအကြီးစား၏ လိုက်စထွင်းကို မှတ်တမ်းယူထားသည်တို့ တစ်ယောက်စ ၊ နှစ်ယောက်စ ရှိတတ်ကြ၏။

ထိုဗွီဒီယိုများကို တစ်ချက် ကြည့်ရုံမျှနှင့်တင် အစ်ကိုရွှီ၏ အတိတ်ဖြစ်ရပ်များကို သိရှိနိုင်သည်။

“ ငါ ပြောလို့ မပြီးသေးဘူး …”

ချန်ယွီ့ တည်ငြိမ်စွာဖြင့် စကားဆက်သည်။ “ ပိုက်ဆံပိုပြီး ခြွေတာနိုင်အောင်လို့ မင်းနေ့တိုင်းနေ့ အလုပ်ဆင်းတာနဲ့ အမှိုက်ပုံတွေထဲ သွားလှန်လောပြီး လူတွေ ပစ္စည်းထည့်၊ ဘာထည့် မလိုတော့လို့ စွန့်ပစ်ထားတဲ့ ကြွပ်ကြွပ်အိတ်တွေကို မင်း ယူတယ် …”

“ အများသုံးရေချိုးခန်းထဲက အလကားရတဲ့ရေကို သုံးပြီး မင်း အဲ့တာတွေကို ဆေးကြောတယ် ၊ သန့်စင်တယ် ၊ ပြီးရင် အဲ့တာတွေကို သုံးဖို့ မင်းအိမ်ပြန်ယူသွားတယ် …”

“ မတော်လို့ အဲ့ဒီ ပလတ်စတစ်အိတ်တွေ စုတ်ပြဲသွားခဲ့ရင် မင်း အပ်နဲ့ချုပ် ၊ ဖာထေးပြီး အဲ့တာတွေကို ပြန်ဆက်သုံးတယ် …”

ဤသည်ကို ကြားပြီးသည့်နောက် အစ်ကိုရွှီမှာ အကြီးအကျယ် ရှော့ခ်ရသွားခဲ့၏။

ချန်ယွီ့ မှန်သည်။ သူ အရင်က တကယ်ပဲ အဲ့လို လုပ်ခဲ့ဖူး၏။

“ စောက်ကျိုးနည်း … ဒါ ခြိုးခြုံချွေတာသာ မဟုတ်တော့ဘူး … ဒါ ရူးနှမ်းနေတာပဲ …”

“ လူတွေ အင်္ကျီတို့၊ ခြေအိတ်တို့ စုတ်ပြဲလို့ ဖာထေးပြီး ပြန်ဝတ်တာကို ငါနားလည်ပေးလို့ရတယ် … ဒါပေမယ့် ကြွပ်ကြွပ်အိတ်ကို အပ်နဲ့ချုပ်ပြီး ပြန်သုံးတဲ့လူကိုတော့ ပထမဆုံး မြင်ဖူးတာပဲ …”

“ ဆယ်နှစ်တည်းနဲ့ သူ အိမ်နှစ်လုံးဝယ်နိုင်တာ မဆန်းတော့ပါဘူး …”

“ ငါအခု လိုက်စထွင်းကို အတန်းထဲမှာ ခိုးကြည့်နေတာ … အသံထွက်မရယ်မိအောင် အနိုင်နိုင်ထိန်းနေရတယ်..."

“ အစ်ကိုရွှီ … ငါ မင်းကို ဆယ်ယွမ် မုန့်ဖိုးပေးမယ် … အဲ့ဒီ ချုပ်ထားတဲ့ ပလတ်စတစ်အိတ်လေး ငါ လေးစားလို့ရအောင် ပို့ပေးပါလား ….”

“ ဘာလို့တိပ်နဲ့ မကပ်ဘဲ အပ်နဲ့ချုပ်တာ …”

“ ဟေ့ကောင် … မြင်သာနေတဲ့အရာတွေကို ဒီမှာ လာမမေးစမ်းနဲ့ …”

အစ်ကိုရွှီကို လောလောလတ်လတ် စပြီးသိကြသူများအဖို့တော့ တကယ့်ကို မျက်စိပွင့်၊ နားပွင့်ပင်။

ပလတ်စတစ်အိတ်များကို အမှိုက်အိတ်များအဖြစ် ပြန်လည် အသုံးချသည်က သာမန်ပင်။ သို့သော် အကုန်လုံးက သူတို့အိမ်မှာရှိသည့် အိတ်များဖြင့်သာ အသုံးပြုကြသည်။

အစ်ကိုရွှီကတော့ နောက်လယ်ဗယ်တစ်ခုကို ရောက်နေပြီးဖြစ်၏။ အမှိုက်ပုံများထဲမှ စွန့်ပစ်ထားသည့် ကြွပ်ကြွပ်အိတ်များကို ယူ၍ စုတ်ပြဲသွားသည့်အခါ၌ပင် အပ်နှင့်ချုပ်၍ ပြန်အသုံးချသည်ဆိုပင်။

သူ၏ နည်းလမ်းက ဩချရလောက်၏။

အဆိုပါ ကွန်းမန့်များအား အစ်ကိုရွှီ ပြတ်သားစွာ တုံ့ပြန်လိုက်၏။ “ လူကို လာလှောင်ရယ်မနေနဲ့ … အလကားရတဲ့ ပလတ်စတစ်အိတ်တွေကို သုံးတာကလည်း ငွေချွေတာနည်း တစ်မျိုးပဲ …. “

သူ့စကားကို ကြားတော့ ကြည့်ရှုသူများမှာ ခွန်းတုံ့ပြန်ရန် စကားရှာမရတော့သည်အထိ ဆွံ့အသွားခဲ့ကြ၏။

“ ဒါက မင်းရဲ့ ငွေချွေတာတဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်သေးဘူး …” ချန်ယွီ့ စကားကို မနှေးမမြန်ပြော၍ ဆက်သည်။ “ ရေမီတာဖိုး ချွေတာနိုင်ဖို့ဆိုပြီး မင်းရဲ့ သန့်စင်ခန်းထဲမှာ ကရားကြီး တစ်ခု ထည့်ထားတယ် … မင်း အပေါ့သွားတဲ့ အချိန်တိုင်း အဲ့ဒီ ကရားထဲ သွားတယ် …”

“ ကရားပြည့်လာတဲ့ အခါကျရင် မင်းတင်ပါးဆေးဖို့နဲ့ ရေချဖို့ ပြန်သုံးတယ် …”

ဘုန်း ...

ထိုသည်ကို ကြားတော့ ကြည့်ရှုသူများမှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားခဲ့ကြသည်။

“ ပလတ်စတစ်အိတ်ကို ပြန်ဖာထေးပြီး သုံးတာကတင် ရူးလောက်စရာ မှတ်တယ် ဟင်း … ငါ တော်တော်ငယ်သေးပါလား ….”

“ ကြည့်ရတာ အစ်ကိုရွှီရဲ့ ကျောက်ကပ်က တော်တော်လေး ကောင်းတယ်နဲ့တူတယ်…”

“ မင်းတို့ကောင်တွေ ဆက်ပြောကြ … ငါ အိမ်သာထဲ သွားအန်လိုက်ဦးမယ် …”

“ အိမ်း … မလေးစားဘဲ မနေနိုင်ဘူးကွာ … ခန္ဓာကိုယ်က ထွက်တဲ့ အရာမှန်သမျှကိုတောင် အကျိုးရှိရှိ ပြန်ပြီး အသုံးချနိုင်တယ် …”

" ဒီလောက်ဆို အစ်ကိုရွှီ ဂရင်းနစ်စံချိန် တင်လို့ရနေပြီ... "

အစ်ကိုရွှီ ဘယ်လာက်ပဲ မျက်နှာအရေထူတယ်ပြောပြော ယခုအချိန်တွင်တော့ အတော်လေး အရှက်ရနေမိ၏။

“ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကလည်း မင်း တစ်မိသားစုလုံးကို သေတွင်းထဲအရောက် ပို့လုနီးပါး ဖြစ်ခဲ့သေးတယ် …”

“ မင်းဆေးရုံမှာ နေတုန်းကလည်း မင်းရဲ့ အစ်ကိုက မင်းကြောင့်နဲ့ သေဖို့ လက်တစ်ထောက်စာလောက်ပဲ လိုတော့တယ် …”

အပြုံးတစ်ခုဖြင့် ချန်ယွီ့သည် နောက်ထပ် ဧရာမ ပေါက်ကွဲဗုံးကြီးတစ်ခုလုံးကို သာမန်လျှံကာ ဖော်ထုတ်လိုက်ပြန်သည်။

All Chapters