စိတ်ရောဂါ နှစ်ခု
Vol. 2 Ch. 15
“ လောကကြီးက မှန်းဆလို့ကို မရဘူးပဲ …”
“ အစ်ကိုရွှီ … မင်း ကိုယ့်ညီကိုယ် သတ်ရလောက်အောင် ဟိုက မင်းကို ဘာတွေများ ကလန်ကဆန် လုပ်ထားနေလို့…”
“ အချိုရည်တွေ ရမယ်... အာလူးကြော်တွေ ရမယ်... ဘယ်သူယူကြဦးမလဲ...”
“ ဘယ်လောက်တောင် ချစ်ချစ်ခင်ခင် ရှိတဲ့ မိသားစုလဲ …”
မနေ့က လိုက်စထွင်း ကြည့်ရှုထားသည့်လူများမှာ သူတို့၏ အတွေ့အကြုံများမှတစ်ဆင့် အနှစ်ချုပ်ကို သုံးသပ်ကောက်ချက်ချနေကြပြီ ဖြစ်သည်။
ချန်ယွီ့၏ အပြုံးမမည်သော အပြုံးဖြင့် စကားစပြောလာပြီဆိုပါက မကြာခင် အံ့ဩထိတ်လန့်တုန်လှုပ်ဖွယ်ရာ တစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ပြီး ပြပွဲကောင်းတစ်ခုကို ကြည့်ရှုကြရတော့မည်မှာ သေချာသည်။
အစ်ကိုရွှီ၏ လိုက်စထွင်းကို ကြည့်ရှုဖူးသည့် အင်တာနက် အသုံးပြုသူများကလည်း သူ၏ ပိုက်ဆံချွေတာသည့် နည်းလမ်းသေးသေးလေးများကို မကြာခဏ ကြားဖူးကြသည်။
သူက အဆင့်အတန်းမြင့် လူနေအိမ်ယာရပ်ကွက်များရှိ လူငယ်များ နေထိုင်သည့် တိုက်ခန်းအနီးနားဝန်းကျင် အမှိုက်ပုံများသို့ သွားရောက်၍ ပရိဘောဂပစ္စည်းများ ၊ အင်္ကျီ အဝတ်အစားများ သို့မဟုတ် ရှူးဖိနပ်များကို ရှာဖွေ ကောက်ယူလေ့ရှိသည်။
သူ၏ တစ်ကိုယ်ရေသုံး ပစ္စည်းများကိုလည်း သန့်ရှင်းရေး ပစ္စည်းများ ဝက်ဘ်ဆိုဒ်ရှိ စစ်တမ်းများကို ဖြည့်စွက်ပြီးမှ ရရှိထားခြင်းပင်။
အဝတ်အစားများကိုလည်း လုံးဝ မဖြစ်မနေ လိုအပ်တော့သည့် အခါမှသာ လျှော်ဖွပ်သည်။
အများသုံး ရေချိုးခန်းသို့ သွားသည့် အချိန်၌ သူ၏ ညစ်ပတ်စုတ်ပြတ်နေသည့် အဝတ်အစားများအားလုံးကို တစ်ပါတည်းယူဆောင်သွားပြီး ရေချိုးရင်း အတူ လျှော်ဖွပ်၏။
ထို့အပြင် ရေမီတာကို ချွေတာနိုင်သည့် နောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိသေး၏။ ယင်းက ဒန်အိုးဖြင့် ထမင်းစားခြင်းပင်။
ဤသည်က ဥပမာတစ်ချို့မျှသာ ရှိသေးပြီး အရာအားလုံးကို စာရင်းပြုစုက မဖြစ်နိုင်ပေ။
ကြည့်ရှုသူ ပရိသတ်များမှာ လေးစားမှုအပြည့်ဖြင့် သက်ပြင်းချမိလိုက်ကြသည်။ အစ်ကိုရွှီ၏ မိသားစုဝင်လေးဦးမှာ ယနေ့အချိန်ထိ အသက်ရှင်နေနိုင်သေးသည်ကပင် အတော်လေး အံ့ဖွယ်ဖြစ်နေပြီး ဖြစ်၏။
အစ်ကိုရွှီက သူ့တစ်မိသားစုလုံးကို သတ်ဖြတ်မိလုနီးပါး ဖြစ်သွားခဲ့သည် ဟူသည့် စကားကိုကြားတော့ စကားပြောခန်းထဲရှိ လေထုအခြေအနေမှာ ပူနွေးတက်လာသည်။
“ မင်း အသက် ဆယ်နှစ်တုန်းက မင်းအမေ ပြား ၅၀ ပေးပြီး ကုန်စုံဆိုင်မှာ ဆားတစ်ထုပ် သွားဝယ်ခိုင်းခဲ့တယ် …”
“ ဒါပေမယ့် မင်း အမှိုက်ပုံးတစ်ခုနားက ဖြတ်လျှောက်သွားတဲ့အချိန် ပုံးထဲမှာ အဖြူရောင် အမှုန့်တွေ တစ်ဝက်လောက်ပြည့်နေတဲ့ ကြွပ်ကြွပ်အိတ်ကို မြင်တော့ …”
“ မင်း အဲ့ဒီ အဖြူရောင် အမှုန့်တွေကို အိမ်သုံးဆားနဲ့ အမှတ်မှားပြီး အိမ်က ဆားထည့်တဲ့ ဘူးထဲ လောင်းထည့်ထားလိုက်တယ် …”
“ မင်း တစ်မိသားစုလုံးကို အဆိပ်ခတ်မိလုနီးပါးပဲ … ကံကောင်းချင်တော့ လူတိုင်း ဆေးရုံကို အချိန်မီ ရောက်သွားပြီး မင်းရဲ့မိသားစု အသက်အန္တရာယ် မဖြစ်လိုက်တယ် …”
“ အဲ့ထဲ ကံဆိုးတဲ့လူက အငယ်ဆုံးလေးဖြစ်တဲ့ မင်းညီလေးပဲ …”
“ မင်းက မင်းညီ အာဟာရဖြစ်အောင်ဆိုပြီး အသီးဝယ်မယ် ရည်ရွယ်ချက်နဲ့ အသီးဆိုင်ကို သွားခဲ့တယ် …”
“ အဲ့မှာ မင်း ဆိုင်ပိုင်ရှင် လွင့်ပစ်ထားတဲ့ အနီရောင်ကြံကို ကောက်လာခဲ့တယ် … စားမိတဲ့ မင်းညီကလည်း အရေးပေါ်ခန်းကို နောက်တစ်ကြိမ် ပို့လိုက်ရပြန်ရော …”
ချန်ယွီ့ အစ်ကိုရွှီ၏ ဇာတ်လမ်းကို သူကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရသကဲ့သို့ တစ်ခုပြီး တစ်ခု ပြောဆိုနေခဲ့သည်။
“ ချီးတဲ့မှ … အစ်ကိုရွှီက ဆပ်ပြာမှုန့် နဲ့ ဆားကိုတောင် ခွဲခြားမပြောနိုင်တဲ့အထိကို ကပ်စေးနှဲတဲ့စိတ်က အဲ့လောက်ကန်းစေလားဟ …”
“ အနီရောင် ဖြစ်နေတဲ့ ကြံထဲမှာ အာရုံကြောထိခိုက်စေတဲ့ အဆိပ်အတောက်တွေ အများကြီးပါတယ် … စားလို့ မရဘူးဆိုတာ လူတိုင်းသိတဲ့ သာမန် ဗဟုသုတလေးပဲ …”
“ ဒိတ်လွန်နေတဲ့ ကြံက မြွေကိုက်တာထက်တောင် ပိုပြီး အသက်အန္တရာယ်များတယ် …”
“ အစ်ကိုရွှီ … ဆပ်ပြာမှုန့် အရသာ ဘယ်လိုနေလဲ …”
“ မင်း အမှိုက်ပုံထဲက ကောက်လာတဲ့ဟာတွေ စားရဲတယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူးကွာ... အစ်ကိုရွှီ … မင်းရဲ့ တစ်မိသားစုလုံးကို နောင်ဘဝပို့ဖို့ အဲ့လောက် အလျင်လိုနေလား …”
“ ငါသာ အစ်ကိုရွှီရဲ့ ညီလေးဆိုလို့ကတော့ အသက်ရှင်နေသေးတာ ကံကောင်းတယ်ဆိုပြီး အမြဲရေရွတ်နေမိမှာပဲ …”
အစ်ကိုရွှီကို မသိကြသည့် ကြည့်ရှုသူများအားလုံးက အစ်ကိုရွှီကို မကောင်းဆိုးဝါး ပြုစားထားသည်ဟု အတွေးတူနေခဲ့ကြ၏။
“ ငါက ဒီတိုင်း ပိုက်ဆံကို တတ်နိုင်သလောက် ချွေတာချင်ရုံလေးပဲ … ငါ့မိသားစုကို ဆေးရုံတင်ရလောက်တဲ့အထိ ဖြစ်သွားစေခဲ့ဖို့ မရည်ရွယ်ဘူး …”
“ ဆပ်ပြာမှုန့်ကတော့ … ငါ လျှာပေါ် နည်းနည်းလေး တင်ပြီး မြည်းကြည့်တဲ့အချိန် ငံကျိကျိအရသာလေးရတယ် …”
“ အဲ့တာနဲ့ ဒီတိုင်း လွင့်ပစ်ထားတဲ့ ဆားထင်ပြီး အိမ်ယူလာခဲ့လိုက်တာပဲ …”
အစ်ကိုရွှီ၏ မျက်နှာကြီးမှာ မျောက်ဖင်ကဲ့သို့ နီရဲနေလျက်ရှိသည်။
ပိုက်ဆံ ချွေတာနိုင်ရေးအတွက် သူ၏ မျက်နှာကို ထိုးဖောက်မရနိုင်သည်အထိ အရေထူအောင် လေ့ကျင့်ခဲ့သော်လည်းပဲ ထိုနေ့က အဖြစ်အပျက်ကို တွေးတောမြင်ယောင်မိသည့် အချိန်တိုင်း သူ မရှက်ရွံ့ဘဲ မနေနိုင်ချေ။
“ မင်း ခြိုးခြံချွေတာတဲ့ လမ်းကြောင်းကို လျှောက်ရင်း အမှားတွေ အများကြီး ကျူးလွန်ခဲ့ဖူးတယ် …” ချန်ယွီ့ အပြုံးလေးဖြင့် ဆိုလိုက်ပြီး “ ဒါပေမယ့် မင်းမှာ နောင်တရပြီး ပြင်ချင်တဲ့စိတ်တော့ မရှိခဲ့ဘူး …”
“ မင်းရဲ့ တင်းကြပ်တဲ့ စီမံခန့်ခွဲမှုအောက်မှာ မင်းတို့ တစ်မိသားစုလုံးရဲ့ တစ်လစာ အိမ်သုံးစရိတ်က ယွမ်လေးငါးရာပဲ …”
“ အဲ့ဒီအတွက် မင်းရဲ့ မိဘနဲ့ မင်းညီလေး မင်းကို အများကြီး စောဒကတက်တယ် … ဒါပေမယ့် မင်း ဆယ်နှစ်အတွင်း အိမ်နှစ်လုံး ဝယ်နိုင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ စောဒကတက်တဲ့ အသံတွေ ဖယ်ရှားခံလိုက်ရတယ် …”
“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်စပြီး မင်း လိုက်စထွင်းတွေ လွှင့်တယ် …”
“ ပိုက်ဆံချွေတာနိုင်မယ့် နည်းလမ်း အဖုံဖုံအပေါ် မှီခိုရင်း နှစ်ဝက်အတွင်းမှာ ပရိသတ်အရေအတွက် သန်းဂဏန်း ရောက်တဲ့အထိ မင်း ဆွဲဆောင်နိုင်ခဲ့တယ် …”
“ မနှစ်တုန်းက မင်း အိမ်အသစ် နှစ်လုံး ထပ်ဝယ်ခဲ့ပြီး လက်ထဲမှာလည်း စုငွေ သန်း အနည်းငယ် ရှိနေသေးတယ် …”
ဤသည်ကို ကြားပြီးနောက် အစ်ကိုရွှီ အံ့အားသင့်သွားခဲ့သည်။
ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန်လား … ဒါမှမဟုတ် ထောက်လှမ်းရေးလား ..
သူ့မိသားစု အတွင်းရေး ကိစ္စတွေကို ဘယ်လိုလုပ်ပြီး အဲ့လောက်ထိတောင် သိနေရတာလဲတဲ့ …
သူ၏ ပိုက်ဆံ ချွေတာလိုစိတ်ကြောင့် ကျူးလွန်ခဲ့မိသည့် အမှားများ ၊ ဒါမှမဟုတ် အိမ်အနည်းငယ် ဝယ်ယူပြီးနောက် ကျန်ရှိသေးသည့် ပိုက်ဆံ ပမာဏကို အစ်ကိုရွှီ သူ၏ ကြည့်ရှုသူများထံ တစ်ခါမျှ ဝေမျှခဲ့ဖူးခြင်း မရှိချေ။
“ တခြား စထွင်မာတွေက အသင်းတွေ ငှားပြီး သူတို့ရဲ့ အပြင်ပန်းကို ထိန်းသိမ်းကြတယ် .. ဒါပေမယ့် အစ်ကိုရွှီတို့ရဲ့ စေးနှဲမှုက အရိုးထဲတောင် စွဲနေပြီ … ဒါ အွန်လိုင်းပဲ ဖြစ်ဖြစ် ၊ တကယ့်လက်တွေ့ဘဝမှာပဲ ဖြစ်ဖြစ် သူ့ရဲ့ အကျင့်စရိုက် အမှန်ပဲ …”
“ စထွင်မာတွေ အကုန်လုံး ဒီလောက် ချမ်းသာကြလားဟ … အိမ်ဝယ်ပြီးတာတောင် သူတို့ လက်ထဲမှာ စုငွေက သန်းဂဏန်း ကျန်နေသေးတယ် …”
“ ငါ မနာလိုဘူး… အဲ့တော့ဘာဖြစ်လဲ … ငါယောက်ျား … ငါ့မှာ ဝန်ခံရဲတဲ့ သတ္တိရှိတယ် …”
“ ကောင်းကင်ဘုံ … မိသားစုရဲ့ တစ်လစာ အသုံးစားရိတ်က ယွမ်လေးငါးရာ … ဒါကြီးက ရယ်ချင်စရာ မကောင်းလွန်းဘူးလား …”
သူ့အား လေးစားသည့် မှတ်ချက်များကို မြင်တော့ အစ်ကိုရွှီ သူ့ကိုယ်သူ ဂုဏ်ယူနေမိခဲ့၏။
“ ငါ့ရဲ့ညီကိုတွေလည်း အိမ်ဝယ်ချင်တယ်ဆိုရင် ငါ့ရဲ့ လိုက်စထွင်းထဲ လာခဲ့ဖို့ ဖိတ်ခေါ်တယ်နော်….”
“ ငါကိုယ်တိုင် မရေမတွက်နိုင်တဲ့ ပိုက်ဆံချွေတာနည်းတွေကို လက်တွေ့ကျင့်သုံးခဲ့ဖူးတယ် … ငါ့နည်းလမ်းတွေနဲ့ဆို မင်းတို့ နှစ်နည်းနည်းလေးနဲ့ အိမ်တစ်လုံးဝယ်နိုင်ဖို့က လုံးဝ ကျိန်းသေပေါက်ပဲ …”
ကြည့်ရှုနေကြသူများမှာ အစ်ကိုရွှီ၏ စကားလုံးကြောင့် ဆွံ့အနေမိခဲ့ကြသည်။ ယခုလို အချိန်မျိုး၌ပင် သူ၏ လိုက်စထွင်းကို ပရိုမိုးရှင်းလုပ်ဖို့ သတိရနေသေး၏။
အစ်ကိုရွှီကတော့ ဒီလိုက်စထွင်းပြီးရင် ဖန်အသစ်တွေ သောင်းနဲ့ချီ ထပ်ရလာတော့မှာပဲ…
ယွမ်သုံးထောင်တန် ကာနီဗယ်လက်ဆောင်လေး တစ်ခုပေးပြီး ဖန်အသစ်တွေ သောင်းနဲ့ချီရလာတယ်ဆိုတော့ … ဒီ အလဲအလှယ်က လုံးဝ တန်ချက်ပဲ …
အစ်ကိုရွှီက သူ၏ ကြည့်ရှုသူများအား ဆက်လက် ဖြားယောင်းသိမ်းသွင်းနေသည်ကို ကြည့်ရင်း ချန်ယွီ့ ဒေါသထွက်ခြင်းလည်း မရှိသလို မည်သည့် ကန့်ကွက်မှုကိုမျှ မပြသခဲ့ချေ။
သူ အစ်ကိုရွှီကို တိတ်တိတ်လေးသာ စောင့်ကြည့်နေခဲ့၏။ ထိုအတိုင်းလေးပဲ သူ ကြည့်နေခဲ့သည်။
ခုနစ်ခါ၊ ရှစ်ခါလောက် ကိုယ့်ကိုယ်ကို ပရိုမိုးရှင်း ဆင်းပြီးနောက်တွင် အစ်ကိုရွှီ နောက်ဆုံး၌ ရပ်တန့်သွားခဲ့၏။
“ ဒေါက်တာချန် … မင်းမှာ အရည်အချင်း တစ်ချို့ ရှိတယ်ဆိုတာ ငါဝန်ခံတယ် … မင်း ပြောသွားခဲ့တာတွေ အကုန်လုံး သွေးထွက်အောင် မှန်တယ် …”
“ ဒါပေမယ့် ငါ့မှာ ရောဂါမရှိဘူး …”
သူလိုချင်သည့်အရာကို ရရှိသွားခဲ့ပြီးနောက် အစ်ကိုရွှီက ချန်ယွီ့လိုက်စထွင်းထဲရှိ ကြည့်ရှုသူများကို လက်ဝှေ့ယမ်း နှုတ်ဆက်၍ ထွက်ခွာရန် ဟန်ပြင်နေသည်။ သူ အခန်းထဲက ထွက်သပြီးသည်နှင့် ငွေချွေတာရေး သင်တန်းကို ဆက်ပြီး ပို့ချရဦးမည်။
“ မဟုတ်ဘူး … မင်းမှာ စိတ်ရောဂါ ရှိနေရုံတင် မကသေးဘူး … နောက် ဒုတိယ ရောဂါတစ်ခုလည်း မကြာခင် အစပျိုးတော့မယ် …” ချန်ယွီ့ ပြောလိုက်သည်။
ထိုစကားလုံးများ ပြောပြီးသည်နှင့်တစ်ပြိုင်နက် စကားပြောခန်းထဲတွင် ကွန့်မန်းများက လျှပ်စီးလို အမြန်နှုန်းဖြင့် စတင်ထွက်ပေါ်လာသည်။
“ တစ်ချိန်တည်းမှာ ပန်းနှစ်ခုပွင့်လန်းတာက တော်တော် အံ့ဩစရာကြီးပဲ …”
“ ဒေါက်တာချန် … ငါတို့ရဲ့ သိချင်စိတ်ကို ဆက်ဆွမနေနဲ့တော့ … လူတိုင်း အပျင်းပြေရအောင် … အဲလေ စိတ်ပူရအောင် အစ်ကိုရွှီ ဘာရောဂါ ဖြစ်နေတာလဲ တန်းပြောလိုက် …”
“ အစ်ကိုရွှီတော့ အန္တရာယ် ရှိနေပြီ …”
“ မမလေးကျိုးနဲ့ ချယ်ရီသစ်ပင်ရဲ့ စိတ်ကျရောဂါကတင် တော်တော်လေး သနားဖို့ကောင်းနေပြီကို အခု အစ်ကိုရွှီက လိုက်စထွင်းထဲမှာ စံချိန်အသစ်များ တင်သွားဦးမလား …”
“ အစ်ကိုရွှီ … မင်း ငါအကြံပေးတာကို နားထောင်... မြန်မြန်ထွက်သွားလိုက်တော့ … တုံ့ဆိုင်းမနေနဲ့ …”
“ ငါ့လူတို့ … ဒီရဲ့ သစ္စာဖောက်ကောင်ကို ဆွဲထုတ်သွားကြစမ်း …”
“ ကြည့်ရှုသူတွေက ပြောလာနေပြီ ဆိုမှတော့ …” အစ်ကိုရွှီ ခါးသီးသည့် အပြုံးလေးဖြင့် ဆိုလျက် “ ဒေါက်တာချန် … မင်းငါ့ကိုပြော … ငါ ဘယ်လို စိတ်ရောဂါနှစ်ခု ဖြစ်နေတာလဲ …”
စထွင်မာများအဖို့ သူတို့၏ ကြည့်ရှုသူများက အင်အားအကောင်းဆုံးသော အထောက်အပံ့များဖြစ်ပြီး သူတို့ကို ‘ ပိုက်ဆံထောက်ပံ့ပေးနေသည့် မိဘများ ‘ပင်။
ဤကဲ့သို့သော အချိန်အခါမျိုးတွင် လိုက်စထွင်းထဲက ထွက်သွားသည်က ကိုယ့်မိဘများကို မလေးစားရာရောက်၏။
ထိုသို့ ပြုလုပ်လိုက်မည်ဆိုပါက ပရိသတ်အများအပြားကို ဆုံးရှုံးရုံမျှမက သူအစောပိုင်း ရရှိထားသည့် ပရိသတ်များပင် အခြားသူ၏ လိုက်စထွင်းခန်းထဲသို့ ရောက်ရှိသွားပေလိမ့်မည်။
“ ကောင်းပြီလေ …” ချန်ယွီ့ တည်ငြိမ်စွာ ခွန်းတုံ့ပြန်လိုက်သည်။
“ ဒါဆို ငါတို့ စပြီး ကုသလိုက်ကြတာပေါ့ …”
ဤသည်ကို ကြားတော့ အစ်ကိုရွှီ နေရခက်ခဲသွားခဲ့၏။
ကာနီဗယ်လက်ဆောင်တစ်ခုပေးရန် ယွမ်သုံးထောင် အသုံးပြုလိုက်သည်ကပင် အစ်ကိုရွှီကို ညအိပ်မပျော်အောင် ဖြစ်စေဖို့ လုံလောက်နေပြီး ဖြစ်၏။
ကုသခ ယွမ် ငါးထောင် ပေးရမည်ဆိုလျှင်တော့...
မညာတမ်း ဝန်ခံရမည်ဆိုပါက သူ့အသားကို လှီးဖြတ်ပေးဖို့ တောင်းဆိုနေသည်နှင့် မခြားပေ။
“ ငါ ယွမ်ငါးထောင် စိုက်ပေးမယ် ဒေါက်တာချန် … မင်းရဲ့ ကုသမှုကို လုပ်လိုက်တော့ …”
ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုက ထိုအချိန် ထွက်ပေါ်လာခဲ့သည်။
“ အစ်ကိုရွှီ၏ နံပါတ်ဝမ်းဖန် “ ဟူသော အမည်က ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး ကွန်းမန့်ပေးလာခဲ့၏။
“ အိုး ငါ့ရဲ့ နံပါတ်ဝမ်းဖန်လေး … ကျေးဇူးတင်ပါတယ်ကွာ …”
အစ်ကိုရွှီမှာ ပျော်ရွှင်လွန်းလို့ သူ၏ ပရိသတ်ကို ရှိခိုးဦးချလုမတတ် ကျေးဇူးတင်နေမိတော့သည်။
“ ကောင်းပြီလေ ...” ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး “ မင်းမှာ နဂိုကတည်းက ရှိနေခဲ့တဲ့ စိတ်ရောဂါအခံက မင်းရဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရတာကို စွဲလမ်းလွန်းတဲ့ စိတ်ကစဉ့်ကလျား ရောဂါပဲ …”
“ အဲ့တာက ဘယ်လိုရောဂါမျိုးလဲ …”
အစ်ကိုရွှီ မသိစိတ်အလျောက် နှုတ်က မေးမြန်းလိုက်မိ၏။
“ ငါ ခဏကျ ရှင်းပြပေးမယ် …”
အစ်ကိုရွှီရဲ့ မေးခွန်းကို ချန်ယွီ့ မဖြေဘဲ နေလိုက်သည်။
ထို့နောက် အစ်ကိုရွှီ ဒုတိယ ဖြစ်ပွားနေသည့် စိတ်ရောဂါကို ကြေညာလိုက်၏။
ယင်းသည်လည်း စွဲလမ်းမှု _ _ _
သို့သော် အန္တရာယ် အများဆုံး ရောဂါလက္ခဏာဖြစ်သည့် --- အကြမ်းဖက်ရသည်ကို နှစ်ခြိုက်သည့် စွဲလမ်းရူးသွပ်မှုပင်။