← Chapters

ခိုးတဲ့သူက သူခိုးဖြစ်နေဖို့ မလိုဘူး

Vol. 2 Ch. 16

ခိုးတဲ့သူက သူခိုးဖြစ်နေဖို့ မလိုဘူး

Vol. 2 Ch. 16

“ ငါက …. ၊ ငါက အကြမ်းဖက်ရတာကို စွဲလမ်းတဲ့ စိတ်ရောဂါ ဖြစ်နေတယ် ဟုတ်လား … ဒေါက်တာချန် … မင်းငါ့ကို လာပြီး လျှောက်ပြောမနေနဲ့ …”

စစချင်းတုန်းကတော့ အစ်ကိုရွှီ ရှော့ခ်ရသွားခဲ့သည်။ ထို့နောက် ကျယ်လောင်စွာ ဟားတိုက် ရယ်မောမိသွားခဲ့၏။

“ ငါ ငယ်ငယ်တုန်းကတည်းက သဲအိတ်တွေကို လက်သီးထိုးခဲ့တာ မင်းကို ထုတ်ပြောပြလိုက်ရလို့ ဘာမှ ဖြစ်မသွားဘူး …”

“ သူများတွေပဲ ငါ့ကို အနိုင်ကျင့်ကြတာ … ဒါပေမယ့် ငါ ဘယ်တုန်းကမှ ပြန်ပြီး လက်တုံ့မပြန်ခဲ့ဖူးဘူး …”

အစ်ကိုရွှီမှာ ဗိုက်နာလာသည်အထိ အူတက်ရယ်မောနေခဲ့သည်။

ကိုယ့်ကိုယ်ကို ထိန်းချုပ်ရသည်အား စွဲလမ်းသည့် စိတ်ကစဉ့်ကလျား ရောဂါက မည်သည့်အရာလဲ သူမသိ။ သို့သော် အကြမ်းဖက်သည်ကတော့ သူနှင့် လားလားမျှ မသက်ဆိုင်ကြောင်းကိုတော့ သူ သေချာသည်။

“ ဟေ့ … စကားပြောခန်းထဲမှာ ဆရာကြီး တစ်ယောက်ယောက်များ ပါလား … အဲ့ဒီ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရတာ စွဲလမ်းတဲ့ ရောဂါက ဘာကြီးလဲ ရှင်းပြကြပါဦး …”

“ အဲ့တာက ကိုယ့်ကိုယ်ကို သတ်မှတ်ချက် ၊ ကန့်သတ်ချက်တွေနဲ့ အချိန်အကြာကြီး ထိန်းချုပ်ထားတာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါ လက္ခဏာပဲ … ကိုယ့်ကိုယ်ကို ညှင်းပန်းတာနဲ့တူတယ် … စိတ်လုံခြုံမှုနှင့် စိတ်ကျေနပ်မှုကို ရရှိဖို့ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်ရတာကို စွဲလမ်းတဲ့ ရောဂါလို့လည်း လူသိများတယ် … “

“ အဲ့တာ အစ်ကိုရွှီပဲမလား …”

“ ကွက်တိပဲ …”

“ အစ်ကိုရွှီရဲ့ မျက်နှာသုတ်ပုဝါဆို သုံးမရတော့တဲ့အထိကို စုတ်ပြတ်နေပြီ .. ဒါတောင် သူက အသစ်လဲဖို့ စိတ်ကူးမရှိသေးဘူး … သူ့ရဲ့ တစ်ခါသုံးဝါးတူဆိုလည်း မှိုတောင်တက်နေပြီ .. ဒါလည်း သုံးနေတုန်းပဲ … သူက နာကျင်ရတဲ့ အဲ့ဒီ ခံစားချက်အပေါ်မှာ သာယာတတ်တဲ့လူမှန်း ငါသိတယ်… ဒါပေမယ့် အဲ့တာက စိတ်ရောဂါပဲ …”

ကြည့်ရှုသူများမှာ ဝမ်းနည်းမှု အရိပ်အမြွက်များဖြင့် အစ်ကိုရွှီအား စနောက်နေခဲ့ကြသည်။

ကြည့်ရှုသူတစ်ဦး၏ ကွန်းမန့်ကို ဖတ်ရှုပြီးသည့်နောက် အကုန်လုံးလည်း ထပ်တူညီစွာ ခံစားနေကြရ၏။

အစ်ကိုရွှီက ကိုယ့်ကိုယ်ကို ထိန်းချုပ်ရင်း နာကျင်ရသည့် ဝေဒနာအပေါ် သာယာနေသည်မှာ အမှန်ပင်။

“ ခြိုးခြံချွေတာတယ်ဆိုတာ အလေ့အကျင့်ကောင်းကွ … ဘယ်နားက စိတ်ရောဂါ ဖြစ်ရမှာတုန်း …”

အစ်ကိုရွှီ ပြန်ပြီး ချေပလိုက်သည်။

“ မင်းပြောတာ မှန်တယ် ….” ချန်ယွီ့ ထောက်ခံလိုက်၏။ “ ခြိုးခြံချွေတာပြီး ပိုက်ဆံစုတာက လူတိုင်းလုပ်နေကြတဲ့ အလေ့အကျင့်တစ်ခုပဲ … ဒါပေမယ့် လွန်ကဲလွန်းသွားရင်တော့ စိတ်ရောဂါဖြစ်သွားပြီ …”

“ ပေါက်တတ်ကရတွေ …”

ချန်ယွီ့က သူ၏ ခြိုးခြံချွေတာသည့် အလေ့အကျင့်မှာ စိတ်ရောဂါဖြစ်သည်ဟု ပြောလာသည်ကို ကြားတော့ အစ်ကိုရွှီ မတတ်နိုင်ဘဲ အနည်းငယ် ဒေါသထွက်လာခဲ့ရသည်။

“ လူနာ … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ … မဟုတ်ရင် ငါတို့ ဆက်ပြီး စကားပြောဖို့ ခက်ခဲလိမ့်မယ် …”

အစ်ကိုရွှီက ဒေါသထွက်သည့် လက္ခဏာအရိပ်အမြွက်တို့ ပြသလာနေပြီ ဖြစ်ကြောင်းကို ချန်ယွီ့ ထောက်ပြလိုက်သည်။

“ ငါ ဒေါသမထွက်ဘူး …” အစ်ကိုရွှီ သူ၏ ဒေါသကို ဖိနှိပ်ထားပြီး ပြောလိုက်သည်။

“ မင်း ဘာထပ်ပြီး ပြောဦးမလဲ ငါကြားချင်သေးတယ် …”

“ မင်း တန်ဖိုးအထားဆုံး အရာပစ္စည်း ပျောက်သွားပြီဆိုတာ သိတဲ့အချိန်ကျရင် မင်းရဲ့ အကြမ်းဖက်မှုကို နှစ်ခြိုက်တဲ့ စွဲလမ်းတဲ့ စိတ်ရောဂါလည်း ထလာလိမ့်မယ် …” ချန်ယွီ့ ပြောလိုက်သည်။

“ ငါတန်ဖိုးထားဆုံး အရာ ….”

ထိုစကားကို ကြားပြီးသည့်နောက် ချန်ယွီ့ နားဝေတိမ်တောင် ဖြစ်သွားခဲ့ရသည်။

“ ယောက်ျားတစ်ယောက် တန်ဖိုးအထားဆုံး အရာဆိုမှတော့ ဒါပေါ့ … သူ့ လူပျိုရည်ပဲပေါ့ …”

“ အပေါ်ကညီကို … လက်ဆွဲနှုတ်ဆက်လိုက်ကြစို့ … ငါလည်း အမျိုးသားသီးသန့်ကျောင်းက ကျောင်းပြီးခဲ့တဲ့ကောင်ပဲ …”

“ အစ်ကိုရွှီ တန်ဖိုးထားဆုံးအရာက သူ့ပိုက်ဆံပဲ ဖြစ်ရမယ် … ဟုတ်တယ်ဟုတ် …”

“ ဂုဏ်ပြုပါတယ် … ဒီရဲ့ ညီကိုက ဒီလောက်သိသာနေတဲ့ အဖြေကို ဖြေဆိုနိုင်ခဲ့ပြီပဲ … “

“ ဖြစ်နိုင်တာ အစ်ကိုရွှီရဲ့ ပိုက်ဆံတွေ အခိုးခံရတော့မှာမို့လို့များလား …”

အစ်ကိုရွှီရဲ့ ပိုက်ဆံတွေ မည်သို့မည်ပုံ ပျောက်ဆုံးသွားမလဲဆိုတာကို ကြည့်ရှုသူများက အပူတပြင်း ဆန်းစစ် အဖြေရှာနေခဲ့ကြသည်။

“ ဒေါက်တာချန် … ဒီတစ်ခေါက်တော့ မင်းမှားသွားပြီ …”

အစ်ကိုရွှီ သူ၏ ကွန်ပျူတာရှေ့မှ ဂုဏ်ဆာမှု အပြည့်ဖြင့် ထွက်ခွာသွားခဲ့သည်။

သူ ပြန်ရောက်လာသည့် အချိန်၌ သူ့လက်ထဲတွင် ဘဏ်စာအုပ်တစ်အုပ် ပါလာသည်။

အစ်ကိုရွှီ စာအုပ်ကို လှန်လိုက်သည်နှင့် ကိန်းဂဏန်း အတန်းလိုက်ကြီးက လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

ယွမ် ငါးသန်း ငါးသိန်း ရှစ်သောင်းခုနစ်ထောင် ခြောက်ရာ့နှစ်ဆယ်ယွမ်။

ယမန် ၂ နှစ်တွင် ဖုန်းသူခိုးများနှင့် အွန်လိုင်း ကျားဖြန့်တို့က အတော်လေးကို ထကြွသောင်းကြမ်းခဲ့သည်။ ထို့ကြောင့် အစ်ကိုရွှီက ဖုန်းထဲတွင် ဘဏ်အကောင့် ဖွင့်မထားဘဲ ဘဏ်ကတ်ကိုလည်း ပြုလုပ်မထားခဲ့ချေ။

ထို့ကြောင့် သူ့တွင် အွန်လိုင်းအကောင့်လည်း မရှိ။ မည်သည့် လွယ်ကူလျင်မြန်သည့် ငွေထုတ်နည်းလမ်းကိုမျှ အစ်ကိုရွှီ မပြုလုပ်ထားခဲ့ချေ။

ပိုက်ဆံကို ထုတ်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ဘဏ်ကောင်တာသို့ သွား၍ ဘဏ်စာအုပ်နှင့် မှတ်ပုံတင်ပြပြီး ငွေထုတ်ယူရန်ပင်။

“ ဒေါက်တာချန် … ငါ မေးပါဦးမယ် … ဘယ်လို သူခိုး ကျားဖြန့်မျိုးက ငါ့ ပိုက်ဆံတွေကို လိမ်လည်သွားနိုင်မှာလဲ …”

အစ်ကိုရွှီ၏ မေးခွန်းကို ကြားတော့ ချန်ယွီ့ အလျင်လိုခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ခွန်းတုံ့ပြန်လိုက်သည်။ “ မြင်းဖြူစီးနေတဲ့လူက မင်းသားမဟုတ်ဘဲ ဘုန်းကြီးလည်း ဖြစ်နေနိုင်တာပဲလေ …”

“ မင်းရဲ့ ပိုက်ဆံတွေ လိမ်လည်သွားဖို့ သူတို့က သူခိုးတွေ ၊ ကျားဖြန့်တွေ ဖြစ်နေစရာမှ မလိုတာ …”

“ ဒါဆို ဘယ်သူကလဲ ….”

အစ်ကိုရွှီ၏ လေသံမှာ ကြမ်းကြုတ်နေခဲ့သည်။

“ မင်းမိသားစု …”

“ မဖြစ်နိုင်ဘူး …”

“ ငါ့မိသားစုနဲ့ ငါ့ရဲ့ ဆက်ဆံရေးက ဒီလောက်ကောင်းတာ …” အစ်ကိုရွှီ ကျယ်လောင်စွာ ဆိုလိုက်ပြီး “ ငါ့မိဘတွေနဲ့ ငါ့ညီလေးက ငါ့စကားကို နားထောင်တယ် .. ငါ့ငွေတွေ ခိုးစရာ အကြောင်းမရှိဘူး …”

“ ပြီးတော့ … သူတို့ ခိုးချင်ရင်တောင် သူတို့မှာ အခွင့်အရေး မရှိဘူး ….”

ဤတစ်ကြိမ်တွင်တော့ အစ်ကိုရွှီ အမှန်တကယ် ဒေါသထွက်နေပြီ ဖြစ်သည်။

ချန်ယွီ့နှုတ်က စကားပြောလေလေ ၊ သူ့ဒေါသတို့ ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့လေလေ ဖြစ်၏။

သူ့မိသားစုက သူ့ပိုက်ဆံကို ခိုးမယ်လို့ သောက်ဆရာ၀န်ကောင်က ဘယ်လိုတောင် ပြောဝံ့နေတာ ..

ဒါ လုံးဝ ယုတ္တိမရှိတဲ့ အရာကြီးပဲ။

သူ့မိဘတွေက သူ့အပေါ်မှာ အမြဲတမ်း ဂုဏ်ယူတယ်။

သူ့ညီငယ်လေးက နည်းနည်းလေး ကလန်ကဆန် ရှိတယ်ဆိုပေမယ့် သူလည်း လိမ္မာတဲ့ ကလေးပဲ။

တခြားလူသာ သူ့ပိုက်ဆံကို ခိုးဖို့ကြံရင်ကြံမယ်။ ဒါပေမယ့် သူ့မိသားစုကတော့ လုံးဝ လုံးဝ မဖြစ်နိုင်ဘူး။

“ ငါ့ကောင်တို့ … ငါတော့ အစ်ကိုရွှီ မျက်နှာဖြတ်ရိုက်ခံရတော့မယ်လို့ အာရုံရနေတယ် …”

“ မမလေးကျိုးနဲ့ ညီကို ချယ်ရီပင်လည်း အစ်ကိုရွှီလို ယုံကြည်ချက် ခိုင်မာနေခဲ့တာကို ငါ မှတ်မိသေးတယ် …”

“ ဒါ မိသားစုတွင်း ဒရာမာ ဖြစ်သွားတော့မှာလား …”

“ ကောင်းလိုက်တဲ့ သုံးသပ်ချက် … ဟားဟားဟား …”

“ တော်စမ်းပါ … အစ်ကိုရွှီရဲ့ မိသားစုက အဲ့လိုလုပ်ရပ်မျိုး လုပ်မှာမို့လို့လား …”

“ ဒီနေ့ခေတ်မှာ ဆွေမျိုး အချင်းချင်း ငွေကြောင့် အချင်းချင်း ပြန်သတ်နေကြတာ ဆန်းတဲ့အရာမှ မဟုတ်တာ …”

အစ်ကိုရွှီမှာ စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုနေရန် အာရုံမရှိတော့ချေ။ ထိုအစား ချန်ယွီ့ကို လူသိရှင်ကြား တောင်းပန်စကားပြောဖို့သာ ခေါင်းမာနေခဲ့၏။

“ မင်းငါ့ကို မယုံဘူးဆို အခု အိမ်ရာဌာနကို ဖုန်းဆက်မေးကြည့်လိုက် …”

“ အိမ်ရာဌာနကို ဖုန်းဆက်မေးရမယ် ဟုတ်လား … ဘာမေးရမှာ …”

“ ဒါပေါ့ … မင်းရဲ့ နာမည်အောက်မှာ ရှိနေတဲ့ အိမ်တွေ ကိစ္စပေါ့ …”

ဤသည်ကိုကြားတော့ အစ်ကိုရွှီ နှာခေါင်းရှုတ်လိုက်သည်။

“ သူတို့ ငါ့အိမ်တွေကို အပေါင်အာမခံ ထားထားတယ်လို့ ပြောမှာတော့ မဟုတ်ဘူးမလား …”

အစ်ကိုရွှီ၏ ခန့်မှန်းချက်များ မှန်ကန်ကြောင်း ချန်ယွီ့ ခေါင်းညိတ် အတည်ပြုပေးလိုက်သည်။

“ ဟားဟား ….”

နောက်တစ်စက္ကန့်၌ လိုက်စထွင်းထဲရှိ ကြည့်ရှုသူများအားလုံး အစ်ကိုရွှီ၏ အရိုင်းဆန်သည့် ကျယ်လောင်စွာ ရယ်မောသံကို ကြားလိုက်ကြရသည်။

“ ဟေ့ကောင်တွေ … ငါတို့ အစ်ကိုရွှီကတော့ ရူးသွားပြီ ထင်တယ် …”

“ ဟုတ်လောက်မယ် … မဟုတ်ရင် ဒီလိုမျိုး ရယ်နေစရာ အကြောင်းမရှိဘူး …”

“ မင်းတို့ကမှ တကယ့်သောက်ရူး … ငါသာ အစ်ကိုရွှီဆိုရင် ငါလည်း အဲ့လိုမျိုး ရယ်မှာပဲ …”

“ ဘာလို့ …”

“ လက်ရှိ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် အိမ်ခြံမြေတွေ အပေါင်အာမခံအနေနဲ့ ထားဖို့ဆို ပိုင်ရှင်ကိုယ်တိုင် ပါဖို့လိုတယ် … မဟုတ်ရင် ချေးငွေထုတ်ပေးဖို့ မဖြစ်နိုင်ဘူး …”

“ အပေါ်က ကွန်းမန့်ပိုင်ရှင်မှာ အကြွေးတွေ ဘယ်လောက်များနေလဲ … ပြန်ဆပ်ဖို့ရော ခက်လား …”

“ ခက်တာပေါ့ကွ … ဒါ‌ နောက်စရာ မဟုတ်ဘူး မြေနိုးလေး…”

အစ်ကိုရွှီ၏ မိသားစုက သူ့ပိုက်ဆံကို ခိုးယူထားသည်ဟု ဆိုသည့် အချိန်၌ ကြည့်ရှုသူများမှာ အနည်းနှင့် အများတော့ ယုံကြည်ပေးခဲ့ကြသေးသည်။

ဤတစ်ကြိမ်တွင်တော့ မည်သူကမျှ မယုံကြည်ကြတော့ချေ။

ထိုကဲ့သို့သော ပိုင်ဆိုင်မှုများကို အပေါင်အာမခံပြုလုပ်ထားသည့် ကွန်းမန့်ပိုင်ရှင် အများအပြားက ရှေ့ထွက် ရှင်းပြလာသည့်အပြင် တော်တော်များများကလည်း အင်တာနက်ပေါ်၌ ထိုကိစ္စနှင့် ပတ်သက်သည့် ဗဟုသုတများကို ရှာဖွေနေကြပြီ ဖြစ်သည်။

ရလဒ်က ပထမကွန်းမန့်ပိုင်ရှင် ပြောသည့်စကားနှင့် အတူတူပင်။

ပိုင်ဆိုင်သည့် အိမ်ခြံမြေအား ရောင်းချသည်ဖြစ်စေ၊ သို့မဟုတ် အပေါင်အာမခံ ပစ္စည်းအဖြစ် အသုံးပြုသည်ဖြစ်စေ ၊ ပိုင်ရှင်ကိုယ်တိုင် ရှိနေဖို့ လိုအပ်သည်။

ဤသည်က အမာခံ စည်းမျဉ်းပင်။

“ လူနာ … ငါ မင်းကို လိမ်နေတာ ဟုတ်မဟုတ် မင်းဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ သိနေပြီပဲ မဟုတ်လား …”

ချန်ယွီ့ မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိဘဲ တူညီသည့် စကားကို ပြောဆိုလိုက်သည်။

အစ်ကိုရွှီက သူ့ကို ကျယ်လောင်စွာ မေးခွန်းထုတ်နေသော်ငြားလည်း ချန်ယွီ့၏ မျက်နှာထက်တွင် ပူပန်ကြောင့်ကြသည့် မည်သည့်အမူအရာကိုမျှ မြင်တွေ့မနေရချေ။

“ ရတယ်လေ … ငါခေါ်လိုက်မယ် …”

သူနှင့် သူ့မိသားစုတို့ ရင်းနှီးသစ္စာမဖောက်သည့် ဆက်ဆံရေးမျိုး ရှိထားသည်ကို သက်သေပြရန်အတွက် အစ်ကိုရွှီ အိမ်ရာမြေဌာနသို့ ဖုန်းခေါ်လိုက်သည်။

“ ဘာပြောတယ် …”

မကြာမီ ကျယ်လောင်သည့် အာမေဋိတ်သံကြီးက လိုက်စထွင်းထဲ၌ ထွက်ပေါ်လာခဲ့သည်။

“ လခွမ်း … မင်းငါ့ကို သေအောင်လုပ်နေတာပဲ … ဒီမှာ နားတောင်ကန်းတော့မယ် …”

“ ငါ အခု ဟင်းရွက်လှီးရင်း ကြည့်နေတာ အစ်ကိုရွှီ ထအော်လို့ ငါ လက်ရှသွားပြီ …”

“ ဒေါက်တာချန် ထပ်ပြီး မှန်သွားတာများလား ….”

“ ဇာတ်ရှိန်ကတော့ ကောင်းနေပြီ … ဒီနေ့ညနေ အတန်းတော့ တာ့တာပဲ …”

“ ငါလည်း ဖျားတယ်ဆိုပြီး ခွင့်တိုင်ထားတယ် … အလုပ်သွားစရာ မလိုတော့ဘူး …”

“ ကျောက်ထျယ်ကျူး … နင့်နာမည် ပြောင်းထားရင်တောင် နင့်ကို မမှတ်မိဘူး မထင်နဲ့ … ငါ နင့်ရဲ့ HR မန်နေဂျာပဲ … မနက်ဖြန် ဘဏ္ဍာရေးဌာနမှာ နင့်လစာထုတ်ပြီး ဂျောင်းလိုက်တော့ …”

“ ဟားဟား … တစ်ယောက်ယောက်ကတော့ အလုပ်လစ်ပြီး ကွိုင်တွေတက်ကုန်ပြီ …”

“ ဒေါက်တာချန် … မင်းက တကယ့်ကို ဂြိုလ်ဆိုးပဲ …”

“ နင် ဘာတွေလာပြောနေတာ … ဘာကို ဂြိုလ်ဆိုးလဲ … အစ်ကိုရွှီက ဒေါက်တာချန် အကြံပေးတာကို နားမထောင်ဘဲ ကိုယ့်ကိုယ်ကို ညှင်းပန်းဖို့ ခေါင်းမာနေခဲ့တာလေ …”

“ အိမ်တွေက အစ်ကိုရွှီမပါဘဲ ဘယ်လိုဖြစ်ပြီး အပေါ်အာမခံ ထားခံလိုက်ရလဲဆိုတာ မင်းတို့ကောင်တွေ မသိချင်ကြဘူးလား …”

စကားပြောခန်းမှာ ချက်ချင်းပဲ ရပ်တန့်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် ကြည့်ရှုသူများအားလုံး၏ သိချင်စိတ်က အထိတ်အထိပ်သို့တိုင် ရောက်ရှိနေကြလေပြီ။

အစ်ကိုရွှီ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည့်အတွက်ကြောင့် အဖြေက ရှင်းနေပြီ ဖြစ်၏။

အိမ်ကို အပေါင်အာမခံအဖြစ် အသုံးချခံထားရသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသည်။ သို့သော် ပြဿနာက … ယုတ္တိမဲ့နေခြင်းပင်။

All Chapters