မျက်နှာလိုက်သည့် မိဘများ
Vol. 2 Ch. 17
အသိစိတ်ပြန်ကပ်လာသည့် အစ်ကိုရွှီမှာတော့ လက်ရှိ အခိုက်အတန့်တွင် ဖြစ်ပေါ်နေသည့် သူ၏ ခံစားချက်များကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ချေ။
အိမ်ရာဌာနဝန်ထမ်းက သူ့ကို ရှင်းလင်းသည့် အဖြေတစ်ခု ပေးခဲ့ပြီး ဖြစ်၏။
သူ့နာမည်အောက်တွင် ရှိထားသည့် အိမ်များအားလုံး ချေးငွေအဖြစ် အပေါင်အာမခံထားသည်။ ချေးငွေထုတ်ယူသည့် လုပ်ငန်းစဉ်များအားလုံးကိုလည်း တရားဝင် စည်းမျဉ်းစည်းကမ်းတို့ဖြင့် ပြုလုပ်ထားခဲ့၏။
ဤသည်က အစ်ကိုရွှီကို မယုံကြည်နိုင်စွာဖြင့် အသံထွက် အော်ဟစ်မိသည်အထိ ရှော့ခ်ရသွားစေခဲ့လေသည်။
စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီဆိုတာက ဘာကို ပြောချင်တာ…
အိမ်ပိုင်ရှင်ဖြစ်တဲ့ သူကိုယ်တိုင်ကတောင် အဲ့တာတွေ ဘာတစ်ခုမှ သိခဲ့ရတာ မဟုတ်ဘူးလေ …
“ မင်းမိဘတွေက မင်း သူတို့လက်ထဲမှာ အပ်ထားတဲ့ အိမ်ပိုင်ဆိုင်မှု စာချုပ်ကို ယူသွားပြီး အိမ်လေးခုလုံးကို အပေါင်အာမခံအနေနဲ့ ထားလိုက်တာ …”
“ အဲ့က ရလာတဲ့ ချေးငွေကိုတော့ …၊ သူတို့ မင်းရဲ့ ညီလေးဆီ အကုန်ပေးလိုက်ပြီ …”
ဘုန်း …
အစ်ကိုရွှီ၏ ဦးနှောက်မှာ ထင်မှတ်မထားသည့် သတင်းစကားများကြောင့် ပေါက်ကွဲထွက်လုမတတ် ခံစားနေရသည်။
သူ အကောင်းဆုံး ခြိုးခြံချွေတာ၍ သူ့မိသားစုအတွက် ပိုက်ဆံစုခဲ့သည်။ နောက်ဆုံး၌ ယွမ် သန်းအနည်းငယ် ရောက်သည်အထိ စုလာနိုင်ခဲ့ပြီး အိမ်လေးလုံးပင် ဝယ်နိုင်ခဲ့၏။
ယခု သူ့မိဘများက သူတို့ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သည့် အခါကျတော့မှ သူ့နောက်ကျောကို ဓားဖြင့် ရက်ရက်စက်စက် ထိုးနှက်သွားခဲ့သည်။
“ ဒါ ဘယ်လိုမိဘမျိုးတွေလဲဟ … အဲ့ဒီ ချေးငွေကို ပြန်ဆပ်ရမယ့်လူက မင်းညီလေး မဟုတ်ဘဲ မင်းကိုယ်တိုင်တော့ မဟုတ်ဘူးမလား …”
“ မိထွေးတို့ ဘာတို့ပဲ နှလုံးသား ရက်စက်တယ် ကြားဖူးတယ် … ဒါပေမယ့် ကိုယ့်မိဘအရင်းက ကိုယ့်အပေါ် ဒီလောက်ထိ ဆိုးဆိုးရွားရွားကြီး ဆက်ဆံတာကိုတော့ ဒါ ပထမဦးဆုံး အကြိမ် ကြားဖူးတာပဲ …”
“ ဟင်း ... ဘယ်လိုပဲ ပြောပြော လူအိုကြီးတွေရဲ့ မျက်လုံးထဲမှာ အဲ့ဒီ အငယ်ဆုံးလေးတွေက အချစ်ခံလေးတွေပဲလေ …”
“ စောက် အဓိပ္ပာယ်မရှိတာပါကွာ … ဒါ သူ့မိဘတွေ မျက်နှာလိုက်နေတယ်ဆိုတာ အသိသာကြီးပဲ …”
“ ငါလည်း မိဘတွေက အငယ်ဆုံး သားသမီးတွေကို အလိုလိုက်တတ်ကြတာ ကြားဖူးပါတယ် … ဒါပေမယ့် ဒီလောက်ကြီး ဆိုးရွားတဲ့ထိတော့ မဟုတ်ပါဘူး …”
ကြည့်ရှုသူများအားလုံး စိတ်မကောင်းဖြစ်နေခဲ့ကြပြီး သူတို့ အကုန်လုံး အစ်ကိုရွှီဘက်က ရပ်တည်၍ ပြောဆိုပေးနေခဲ့ကြသည်။ အစ်ကိုရွှီ၏ မိဘများက နှလုံးသား မရှိသည့် မိဘများ ဖြစ်သည်ဟု တညီတညွှတ်တည်း ဆိုနေခဲ့ကြ၏။
“ လူနာ … မင်း အခု ဘယ်လိုခံစားနေရလဲ …”
“ ဒေါသထွက်တယ် … နာကျည်းတယ် … ပြီးတော့ ဝမ်းနည်းမိတယ် …”
အစ်ကိုရွှီ ခွန်းတုံ့ပြန်လိုက်ရင်း သူ၏ ခါးသက်နေသည့် အမူအရာကို ကောင်းမွန်စွာ မြင်တွေ့နိုင်လေသည်။
“ မင်းမှာ စိတ်ရောဂါ မရှိဘူးလို့ ထင်သေးလား …”
ချန်ယွီ့ အပြုံးလေးဖြင့် မေးလိုက်သည်။
အစ်ကိုရွှီ ခေါင်းညိတ်တော့မည့် အချိန်မှာပဲ သူ ခေါင်းခါရမ်းလိုက်သည်။
“ မင်းမိဘတွေ ပိုင်ရှင်ဖြစ်တဲ့ မင်းကို ကျော်ခွပြီး ဘာကြောင့် ချေးငွေထုတ်နိုင်လဲရော မင်း မသိချင်ဘူးလား …” ချန်ယွီ့ ပြုံးလျက် မေးသည်။
“ ငါ သိချင်တယ် …”
အစ်ကိုရွှီ တုံ့ဆိုင်းချင်းမရှိ ချက်ချင်း ပြန်ဖြေလိုက်သည်။
အစ်ကိုရွှီတစ်ယောက်တည်းသာလျှင် သိချင်သည်မဟုတ်။ ကြည့်ရှုသူများအားလုံးလည်း သိချင်နေခဲ့ကြ၏။
ဒေါသထွက်မိသည်က တစ်ကဏ္ဍ ၊ သို့သော် အစ်ကိုရွှီ၏ မိဘများက အစ်ကိုရွှီ မသိပါဘဲ မည်သို့မည်ပုံ ချေးငွေ ထုတ်ယူသွားနိုင်သည်ကို သူတို့အားလုံး သိချင်နေခဲ့ကြသည်။
“ မင်းညီလေးရဲ့ ဓာတ်ပုံကို အားလုံးမြင်အောင် ပြလိုက် … ပြီးရင် ငါမင်းကို အဖြေပေးမယ် …”
ဤသည်ကိုကြားတော့ အစ်ကိုရွှီသည် သူတို့ မိသားစုဓာတ်ပုံကို ကမန်းကတမ်း ရှာဖေဖွ၍ အသက် ၂၀ ကျော် အရွယ်ခန့် ရှိမည့် လူငယ်လေး တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။
“ အာ … ငါသိသွားပြီ ….”
“ ငါ အခု နားလည်သွားပြီ …”
“ ငါတို့အားလုံး အခု နားလည်သွားပြီ ….”
အစ်ကိုရွှီ၏ ညီဖြစ်သူ ဓာတ်ပုံကို မြင်ပြီးနောက်ပိုင်း ကြည့်ရှုသူများအားလုံး သူတို့ဘာသူတို့ အဖြေရသွားခဲ့ကြသည်။
အစ်ကိုရွှီနှင့် သူ့ညီက အမွှာညီကို မဟုတ်သော်ငြား သူတို့၏ ရုပ်သွင်ပြင်က ခွဲခြားရခက်အောင် ၈၀ ရာခိုင်နှုန်းခန့် တူညီနေသည်။
အကယ်၍ သူ့ညီလေးကသာ ဆံပင်စတိုင်ကို အနည်းငယ် ပြုပြင်လိုက်မည်ဆိုပါက သူတို့နှစ်ဦးကို ခွဲခြားနိုင်ဖို့က အတော်လေး ခက်ခဲသွားပြီဖြစ်၏။
“ ငါ့ညီက ငါ့အသွင်ဆောင်ပြီး ငါ့မိဘတွေနဲ့ အတူ အပေါင်အာမခံ လုပ်ခဲ့တာလား ….”
အစ်ကိုရွှီ၏ နှလုံးသားမှာ မီးလောင်ပြာကျနေခဲ့သည်။ သို့သော် သူ၏ ဦးနှောက်မှာတော့ ရှင်းရှင်းလင်းလင်း ရှိနေခဲ့သေး၏။
“ မင်းတို့ ညီကိုနှစ်ယောက်ရဲ့ သွင်ပြင်က အမွှာညီကိုတွေနဲ့ သိပ်မခြားဘူး … မင်းတို့ အိမ်နီးနားချင်းတွေတောင် ဘယ်သူက အကြီး ၊ ဘယ်သူက အငယ်ဆိုတာ ဝေခွဲရခက်နေတာ ဘဏ်ဝန်ထမ်းဆိုလို့ကတော့ ဘယ်ပြောကောင်းမလဲ ….”
ထိုနေရာတွင် စကားကို ယာယီခေတ္တရပ်တန့်လိုက်၏။ ထို့နောက် ချန်ယွီ့ ဆက်ပြောသည်။ “ မင်း အခု မင်းရဲ့ ညီလေးကို ရှာပြီး သူ့ကို အိမ်ပြန်ခေါ်လာဖို့ စဉ်းစားနေတာ ဟုတ်တယ်မလား …”
အစ်ကိုရွှီ အံတင်းတင်းကြိတ်ထားသည့် မျက်နှာအမူအရာဖြင့် “ ဟုတ်တယ် ဒေါက်တာချန် … ငါ့ပိုက်ဆံတွေ အကုန် ပြန်လိုချင်တယ် …”
သူ့ညီလေးက တက္ကသိုလ်ဘွဲ့ရပြီးသည်မှာ သုံးနှစ်ကျော်ကြာပြီး ဖြစ်သော်လည်း ယခုအချိန်ထိတိုင် မယ်မယ်ရရ အလုပ်တစ်ခုမျှ မရှိသေးချေ။
နေ့စဉ်နေ့တိုင်း သူ၏ လက်တွေ့မဆန်သည့် အိပ်မက်စိတ်ကူးများထဲ နစ်မြောနေဆဲဖြစ်၏။
အကယ်၍ အစ်ကိုရွှီဘက်မှ သူ၏ ဘဏ်ချေးငွေကို အလျင်အမြန် ပြန်မယူဘူးဆိုပါက သူ့ညီ အကုန်ပြောင်အောင် ဖြုန်းပစ်လိုက်မည်မှာ ကျိန်းသေသည်။
ချန်ယွီ့ လက်ပိုက်ပြီး ပခုံးတွန့်လိုက်သည်။ “ လုပ်မနေနဲ့တော့ … ဘဏ်ချေးငွေတွေ သူ သုံးလို့ ကုန်ပြီ … အကုန်လုံးပဲ …”
“ အကုန်လုံး ဟုတ်လား …”
အစ်ကိုရွှီ သွေးဆောင့်တက်လာပြီး သူ့မျက်လုံးတို့ ရဲရဲနီသွားခဲ့သည်။
“ ဒါပေမယ့် အဲ့ အိမ်လေးလုံးကို ဘဏ်မှာ အပေါင်အာမခံအနေနဲ့ ထားထားတာလေ … ယွမ် ၂သန်း ၃ သန်းလောက်ရှိတဲ့ ပိုက်ဆံအများကြီးကို ဒီလောက် အမြန်ကြီး သုံးလိုက်နိုင်တယ်ဆိုတော့ အစ်ကိုရွှီရဲ့ ညီက တကယ့်ကို မခေဘူးပဲ …”
“ အစ်ကိုနဲ့ညီကတော့ တကယ့်ဆန့်ကျင်ဘက်ပဲ … အစ်ကိုက ကိုယ့်ကိုယ့်ကို အငတ်ခံပြီး ပိုက်ဆံစုရတာ ကြိုက်တယ် … ညီကတော့ လက်ဖွာရတာကြိုက်တယ် … ဝေါင်း … လိုက်ဖက်ညီချက် …”
“ ငါ ရုတ်တရက်ကြီး ညီအစ်ကိုရှိတာက ဘာမှ မကောင်းဘူးလို့ ခံစားလာရသလိုပဲ ….”
“ သနားဖို့ကောင်းလိုက်တဲ့ အစ်ကိုရွှီ … သူ့ခမျာ ဆယ်နှစ်ကျော်တောင် ကြိုးစားပြီး ပိုက်ဆံစုခဲ့ရတာ အခု တစ်ပြားမှ မကျန်တော့ဘူး …”
“ ဒီလို မိဘမျိုး ၊ ဒီလို ညီငယ်မျိုးနဲ့ ရေစက်လာပါရအောင် အစ်ကိုရွှီ သူ့ အရင် ဘဝတုန်းက မကောင်းမှုတွေ ဘယ်လောက်များ လုပ်ခဲ့လို့ပါလိမ့် …”
“ အစ်ကိုရွှီ … မင်းစိတ်ကို ငြိမ်ငြိမ်ထားနော် … ရူးမိုက်တာတွေ လျှောက်မလုပ်နဲ့ …”
“ ပိုက်ဆံက ဆုံးရှုံးသွားရင်တောင် ပြန်ရှာလို့ရသေးတယ် … မင်းကိုယ်မင်း တွင်းနက်ကြီးထဲ ခုန်မဆင်းမိစေနဲ့ ….”
စနောက်သည်က စနောက်သည် တစ်ကဏ္ဍ။ သို့သော် ကြည့်ရှုသူများက အစ်ကိုရွှီ ရူးမိုက်သည့် အရာများ လျှောက်လုပ်မိမှာကို အမှန်တကယ် စိုးရိမ်နေခဲ့ကြသည်။
သူတို့အားလုံး အစ်ကိုရွှီကို အမျိုးမျိုး ပြောပြရင်း ဖြောင်းဖြပေးနေကြပြီး ဒုတိယစိတ်ရောဂါအကြောင်းကိုလည်း သတိပေးနေခဲ့ကြသည်။
သူတို့ စောင့်ကြည့်လေလေ ၊ ပိုပြီး ရှော့ခ်ရလာလေလေဖြစ်၏။
စိတ်ရောဂါများထဲတွင် အကြမ်းဖက်ရသည်ကို ရူးသွပ်သည့် ရောဂါက အကြမ်းတမ်းဆုံးသော စိတ်ရောဂါ တစ်မျိုးဖြစ်ပြီး တစ်ချက် လှုံ့ဆော်ခံလိုက်ရသည်နှင့် ချက်ချင်း ဟုန်းခနဲ ကြွလာနိုင်သည်။ ထိုအခါ လူနာသည်လည်း ဖြစ်ပျက်လာမည့် အကျိုးဆက်တို့အား မတွေးတောတော့ဘဲ မဆင်မခြင် ပြုမူတော့၏။
“ ဒီကောင် သူ့ ပိုက်ဆံတွေကို လောင်းကစားလုပ်လိုက်တာလား …”
“ မင်းညီက လောင်းကစား မလုပ်ဘူး … သူ့စီးပွားရေးလုပ်ငန်းထဲ ထည့်လိုက်တာ …”
“ ဘန်း …”
ချန်ယွီ့ စကားဆုံးသည်နှင့် ကျယ်လောင်သည့် စားပွဲရိုက်သံကြီး ထွက်ပေါ်လာခဲ့ပြီး အစ်ကိုရွှီ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။
“ အဲ့ဒီ မျိုးမစစ် …”
“ ရှေ့တစ်လတုန်းကလည်း သူ ငါ့ဆီကနေ ပိုက်ဆံချေးပြီး စီးပွားရေး လုပ်ငန်း အသစ် စချင်တယ် လာပြောနေလို့ ဆဲထားပေးပြီးပြီ …”
“ ဒါ သူ့ကို ပိုက်ဆံ မချေးပေးလို့ ငါပိုင်တဲ့ အိမ်တွေကို မျက်စောင်းထိုးလိုက်တာပဲ ဖြစ်ရမယ် …”
“ အဖေနဲ့ အမေကလည်း ဘာတွေ ဖြစ်နေတာ … အငယ်ကောင်က ပိုက်ဆံလိုချင်တာနဲ့ပဲ ကိုယ့်သားအကြီးဆုံးရဲ့ အိမ်တွေကို ပေါင်နှံပေးလိုက်ရောတဲ့လား …”
အကြောင်းအရာက အစ်ကိုရွှီ၏ မိဘများသို့ ပြန်လည်ကျရောက်သွားခဲ့သည်။
ကြည့်ရှုသူများက အစ်ကိုရွှီ၏ မိဘများမှာ အသက်ကြီးလာသောကြောင့် ဖြစ်မည်ဟု ပြောဆိုနေခဲ့ကြ၏။ သူတို့၏ သားထွေးလေးက စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ချင်သည်။ ထို့ကြောင့် နှစ်ယောက်က ပူးပေါင်းပါဝင်ပေးပြီး အစ်ကိုရွှီ၏ အိမ်ကို အပိုစကားတစ်ခွန်းမဆိုပါဘဲ ပေါင်နှံပေးလိုက်ကြ၏။
အစ်ကိုရွှီ၏ မိဘများက အမြင်ကန်းသည်ဆိုပေမယ့် … သူ့ ညီငယ်က ပိုတောင် ဆိုးသေးသည်။
ထိုမျှ များပြားသည့် ပိုက်ဆံကို တစ်ခဏလေးအတွင်း ကုန်အောင် သုံးပစ်လိုက်၏။
အစ်ကိုရွှီ ဒေါသကြောင့် မျက်လုံးတို့ နီရဲနေသည်ကို ထူးဆန်းသည်လို့ မဆိုသာပေ။ အကယ်၍ သူတို့သာ ဖြစ်ခဲ့မည်ဆိုပါက မီးဖိုချောင်ထဲ သွား၍ ဓားမဆွဲပြီး အခြေအနေအား ရင်ဆိုင်မိလောက်သည်။
အနှီ မိုက်ကန်းသည့် ညီငယ်ကို မသတ်လျှင်ပင် အနည်းဆုံးတော့ ဆေးရုံရောက်အောင် ပို့ပေးလိုက်မည်။
“ မင်း အိမ်တွေကို မင်းပြန်ရနိုင်မယ့် အခွင့်အရေး ရှိသေးတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ငါ အဲ့လို ပြောရင် မင်းယုံမှာလား …”
“ ယုံတယ် .. ငါ ယုံတယ် …”
“ ငါ့အိမ်တွေကို ပြန်ရနိုင်မယ်ဆိုရင် ဒေါက်တာချန် … မင်းက ငါ့ နတ်ဘုရားပဲ .. မင်းနာမည်ကို ကဗ္ဗည်းကျောက်တိုင်စိုက်ပြီး ငါနေ့တိုင်း အမွှေးတိုင် ပူဇော်မယ် …”
သူ့အိမ်များ ပြန်ရနိုင်ချေ ရှိသေးသည်ဟု ချန်ယွီ့ပြောလာသည်ကို ကြားလိုက်ရတော့ အစ်ကိုရွှီမှာ အသက်ကို ကယ်တင်ပေးနိုင်မယ့် နောက်ဆုံးသော ကောက်ရိုးမျှင်လေး တစ်ချောင်းကို မြင်တွေ့လိုက်ရသည့်နှယ် အားတက်သရော ဖြစ်လာသည်။
“ စိတ်ကို အေးအေးထားပါ လူနာ … နတ်ဘုရားတွေ ၊ အထိမ်းအမှတ်ကျောက်တိုင်တွေဆိုတာ အယူသည်းတဲ့ အရာတွေပဲ …”
“ ငါက သိပ္ပံရှုထောင့်အပေါ်မှာ အခြေခံပြီး မင်းကို ညွှန်ပြပေးမှာ …”
‘သိပ္ပံ’ ဟူသည့် စကားလုံးနေရာ၌ ချန်ယွီ့ လေသံသေချာဖိပြီး အလေးအနက် ပြောလိုက်သည်။
“ မင်းရဲ့ အိမ်ကို ပြန်ရချင်ရင် လွယ်ပါတယ် … တရားရုံးသွားပြီး မင်းရဲ့ ညီကို တရားစွဲလိုက် …”
ဤအိုင်ဒီယာကို ကြားတော့ ကြည့်ရှုနေကြသူများအားလုံး အားပေးလိုက်ကြသည်။
အစ်ကိုရွှီ၏ ညီငယ်က အစ်ကိုဖြစ်သူ၏ အလိုဆန္ဒမပါဝင်ဘဲ ပိုင်ဆိုင်သည့် ပစ္စည်းများကို ပေါင်နှံထားသည်က တရားမဝင်ပေ။
ခိုးမှုက တရားမဝင်သည့်အတွက် ချေးငွေသည်လည်း တရားဝင်ခြင်း မရှိပေ။
ဘဏ်ချေးငွေ အတွက်ကတော့ … အစ်ကိုရွှီ၏ ညီငယ်က ပြန်ဆပ်ဖို့ကို သူကိုယ်တိုင်ပဲ တာဝန်ယူရမည်ဖြစ်၏။
စိတ်လှုပ်ရှားနေသည့် ကြည့်ရှုသူများနှင့် မတူညီပါဘဲ အစ်ကိုရွှီမှာ ချီတုံချတုံ ဖြစ်နေမိသည်။
သူ့ညီ တရားရုံးတင်ခံလိုက်ရရင် သူ့ မိဘတွေကရော စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိပါ့မလား …
ပြီးတော့ … ထိုအရာက ယွမ် သန်းအနည်းငယ် ဖြစ်၏။ သူ့ညီ တစ်သက်လုံး ဆပ်၍ မဆုံးနိုင်သည့် ပမာဏပင်။
“ ငါ … ငါ့ညီကို တရားစွဲလိုက်ရင် … အဲ့နောက်ပိုင်း သူ ဘာဖြစ်သွားလောက်မလဲ …”
အစ်ကိုရွှီသည် စခရင်တစ်ဖက်ခြမ်းမှနေ၍ ချန်ယွီ့အား ပူပန်ကြောင့်ကြစွာဖြင့် မေးမြန်းလာခဲ့သည်။
“ မင်းညီက သူ့အကြွေးကို ပြန်ဆပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး … နှစ်လနေရင် မြစ်ထဲ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားလိမ့်မယ် …”
ချန်ယွီ့ ဖြည်းညင်းစွာ ပြောသည်။
“ မင်းမိဘတွေလည်း အဲ့ဒီစိတ်နဲ့ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားမယ် …”
“ ဒါ ငါ့မိသားစုကို ဖျက်စီးလိုက်တာပဲ မဟုတ်ဘူးလား …”
ချန်ယွီ့ စကားကို နားထောင်ပြီးနောက် အစ်ကိုရွှီ၏ နှလုံးမှာ လည်ချောင်းဝမှ ခုန်ထွက်လာလုမတတ် ဖြစ်လာခဲ့သည်။
“ မင်းမိသားစု ဖျက်စီးခံလိုက်ရမှာ မှန်တယ် … ဒါပေမယ့် မင်းရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ရလာမယ်လေ…”
ချန်ယွီ့ အစ်ကိုရွှီကို ပြုံးတုံ့တုံ့ ကြည့်နေခဲ့သည်။
“ တရားစွဲတာအပြင် အိမ်ကို ဆက်ပြီး ထိမ်းထားနိုင်မယ့် နောက်တစ်နည်းရှိသေးလား …”
အစ်ကိုရွှီ တစ်ဖန်ထပ်ပြီး မေးမြန်းလာခဲ့၏။
“ အင်း … ရှိတယ် …”
“ မင်း အခု ဘဏ်မှာ စုထားတဲ့ငွေနဲ့ မင်းညီလေးရဲ့ ဘဏ်ကြွေးတွေကို ချေပေးလိုက် …” ချန်ယွီ့ လိုတိုရှင်း ကျစ်လျစ်စွာ ဖြေပေးလိုက်သည်။