← Chapters

ငါ့မှာ ရောဂါရှိနေတယ် ၊ ပြီးတော့ မသေးဘူး။

Vol. 2 Ch. 19

ငါ့မှာ ရောဂါရှိနေတယ် ၊ ပြီးတော့ မသေးဘူး။

Vol. 2 Ch. 19

" လုံ့လရှိရှိနဲ့ ခြိုးခြံချွေတာတတ်ဖို့ လေ့ကျင့်တာက ကောင်းတဲ့ အကျင့်ပဲ... ဒါပေမယ့် အရာရာတိုင်းမှာ အကန့်အသတ်တော့ ရှိရတယ် ... အစွန်းမရောက်သင့်ဘူး... "

" အစွန်းရောက်ရင် ဘာဖြစ်လဲ... ပြုတ်ကျတတ်တယ်... အကန့်အသတ်ကို ကျော်လွန်လာတဲ့အခါ အရာပစ္စည်းတွေက တင်းမာသွားလိမ့်မယ်... "

" မင်းမိဘတွေက မင်းညီနဲ့ ပူးပေါင်းပြီး မင်းကို မပြောဘဲ အိမ်တွေကို အပေါင်ထားလိုက်တာက ဘယ်လိုပဲ ကြည့်ကြည့် သူတို့ရဲ့ အမှားပဲ... "

" ဒါပေမယ့် ... သူတို့ ဘာလို့ အဲ့လိုလုပ်ရလဲ မင်းမသိချင်ဘူးလား .... "

ချန်ယွီ့၏ မေးခွန်းက အစ်ကိုရွှီ၏ စိတဝိဉာဏ်သို့တိုင် ပဲ့တင်ထပ်သွားခဲ့ပြီး သူ့အား ဂရုတစိုက်နှင့် တွေးတောဆင်ခြင်သွားစေခဲ့သည်။

အစ်ကိုရွှီ၏ မိဘများက သူ့စကားကို အမြဲနားထောင်ပြီး သူ့ကို ဂုဏ်ယူဖွယ်ရာ သားကောင်းတစ်ယောက်အဖြစ် သဘောထားခဲ့ကြသည်။

အဘယ်ကြောင့် ထိုမျှ ပုံမှန်မဟုတ်စွာ ပြုမူလာခဲ့ကြသနည်း။

ချက်ချင်းဆိုသလို လိုက်စထွင်းထဲရှိ ကွန်းမန့်များလည်း ရပ်တန့်သွားခဲ့ကြသည်။

ကြည့်ရှုသူများကလည်း အစ်ကိုရွှီ၏ မိဘများက မျက်နှာလိုက်သောကြောင့်လော ၊ သို့မဟုတ် အကြောင်းအရင်း တစ်စုံတစ်ရာကြောင့်လော ဆိုတာကို သိချင်နေခဲ့ကြသည်။

အစ်ကိုရွှီ ယာယီ ခေတ္တ အတွေးနက်သွားခဲ့ပြီး မရေရာသည့် လေသံဖြင့် ပြောဆိုလာခဲ့၏။ " ငါ့ညီက သူ့စကားလုံးတွေနဲ့ သူတို့ကို ဖြောင်းဖျလိုက်လို့ မဟုတ်ဘူးလား.... "

" မဟုတ်ဘူး.... "

ချန်ယွီ့ ခေါင်းခါလိုက်သည်။

" ဒေါက်တာချန် ... ငါ အခု တကယ်ပဲ မစဉ်းစားတတ်တော့ဘူး... ဦးနှောက်ထဲမှာ အဲ့ကိစ္စ စဉ်းစားနိုင်တဲ့ နေရာလည်း မရှိတော့ဘူး... အဖြေကို တိုက်ရိုက်သာ ပြောလိုက်ပါတော့ .... "

" ကောင်းပြီလေ .... သေချာနားထောင် .... "

“ ငါမင်းကို အစောတုန်းကတည်းက အဖြေပေးခဲ့ပြီးသား …” ချန်ယွီ့ စကားကို တစ်လုံးချင်းစီ သေချာရှင်းလင်းစွာ ပြောလိုက်သည်။

“ သူ ငါ့ကို အဖြေပေးခဲ့ပြီးသား ….”

ချန်ယွီ့၏ စကားလုံးများကို ခေါင်းထဲပြန်ခေါ်ရင်း အစ်ကိုရွှီ ရုတ်တရက်ဆိုသလို ကျယ်လောင်စွာ ပြောဆိုလာခဲ့၏။ “ အဲ့တာက ငါ့ရဲ့ ချွေတာတဲ့စရိုက်နဲ့ ဆက်စပ်နေမလား …”

“ အင်း … ဆက်စပ်နေတယ် ….”

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

“ အသက်ကြီးတဲ့ လူတိုင်းက ချွေတာပြီး နေရတာကို ကြိုက်ကြတဲ့လူတွေ မဟုတ်ဘူး …”

“ မင်း မိဘတွေက အိုပြီ … ဒါပေမယ့် အိုတာနဲ့ပဲ ပိုကောင်းတဲ့ ဘဝမှာ နေချင်တယ်လို့ မဆိုလိုဘူး … “

“ သူတို့က မင်းရဲ့ အဲ့ဒီ ချွေတာပြီး နေတဲ့ ဘဝပုံစံကိုတောင် အတွန့်မတက်ခဲ့ကြဘူး … ဘာလို့ဆို မင်းမိဘတွေ ဖြစ်နေခဲ့လို့ပဲ …”

ချန်ယွီ့ စတင်၍ အစ်ကိုရွှီ၏ အမူအကျင့်များအား တစ်ခုစီ စာရင်းပြုစုပြလိုက်သည်။

အစ်ကိုရွှီက ဤနှစ်များ တစ်လျှောက်လုံးတွင် သူ့မိသားစုကို ချွေတာပြီး နေခိုင်းခဲ့၏။

ပိုက်ဆံချွေတာနိုင်ရေးအတွက် အစ်ကိုရွှီတို့ မိသားစု စားသည့် ဆန်များမှာ ဒိတ်လွန်တော့မည့် ဆန်များပင်။

အရသာက ပြောမကောင်းအောင် ဆိုးရွားလှပြီး တစ်ခါတစ်ရံ စိုထိုင်းပြီး ညှင်းသိုးသိုးအနံ့ပါ ထွက်နေတတ်သည်။

စားသည့် ဆန်အပြင် ဟင်းသီးဟင်းရွက်နှင့် အသားငါး အရည်အသွေးတို့က ပို၍ပင် ဆိုးရွားသေး၏။ အကုန်လုံးက အစ်ကိုရွှီ ဈေးက ကောက်လာခဲ့သည့် ပုတ်သိုးနေသည့် အရာများပင်။

“ အဲ့လိုမျိုးကြီး ဆယ်နှစ်ကျော်လောက် နေလာခဲ့ရတော့ မင်းမိဘတွေ မင်းကို ဘယ်လောက်ပဲ ချစ်တယ်ပြောပြော သူတို့ ကြောက်တယ် …”

“ ကိုယ့်သားတွေအကြောင်း ကိုယ်ကလွဲပြီး ဘယ်သူကမှ ပိုမသိဘူးဆိုတဲ့အတိုင်းပဲ မင်း ချွေတာနေတာက မင်းရဲ့ အကျင့်စရိုက်ကြောင့်ဆိုတာ သူတို့ သိတယ် ..”

“ မင်းညီကလည်း မင်းပြောသလို ဘာအသုံးမှ မကျတဲ့ကောင် မဟုတ်ဘူးဆိုတာလည်း သူတို့သိတယ် …”

“ ပြီးတော့ … မင်းညီက သူ့ပထမတစ်သုတ် ငွေရလာပြီးရင် ဒီနေရာကနေ အတူထွက်သွားကြမယ်လို့ ကတိပေးခဲ့တယ် … ဒါက မင်းမိဘတွေကို မင်းသူတို့လက်ထဲအပ်ထားတဲ့ အိမ်စာချုပ်တွေကို ပေါင်နှံဖို့ စိတ်အားထက်သန်လာစေခဲ့တာပဲ …”

ချန်ယွီ့ အရှက်ရနေသည့် အစ်ကိုရွှီကို တစ်ချက်ကြည့်လိုက်သည်။

“ ချွေတာပြီး နေထိုင်တတ်တဲ့ မင်းစရိုက်က အရိုးထိအောင် စွဲနေပြီ … မင်းက ငွေကို စုဆောင်းသင့်တဲ့ အရာလို့ပဲ ထင်ပြီး သုံးစွဲသင့်တဲ့အရာလို့ အရာမဟုတ်ဘူးလို့ ယုံကြည်တယ် …”

“ ဒါက မင်းရဲ့ ဘဝနေနည်းပုံစံ …. မင်းရဲ့ အကျင့်စရိုက်ဆိုပြီး ဘယ်လိုပဲပြောပြော ….. “

“ မင်း …. မင်းရဲ့ မိသားစုကို မင်းအတိုင်းလိုက်လုပ်ခိုင်းပြီး သူတို့ကို အမှိုက်သရိုက်တွေ စားခိုင်းတဲ့အချိန် မင်းသူတို့ရဲ့ ခံစားချက်ကို ထည့်စဉ်းစားခဲ့ဖူးလား …”

ထိုစကားလုံးများ ပြောလိုက်ပြီးသည်နှင့် ကြည့်ရှုသူများမှာ အစ်ကိုရွှီ၏ ညီလေးနှင့် သူ့မိဘများကို ကိုယ်ချင်းစာမိသွားခဲ့ကြသည်။

ချန်ယွီ့ ပြောတာ မှန်သည်။

လူတိုင်းတွင် သူတို့ နေထိုင်ချင်သည့်ပုံစံကို ရွေးချယ်ခွင့်ရှိကြသည်။

မည်သူကမျှ သူတို့နှင့် တူညီသည့် ဘဝအတိုင်း လိုက်နေထိုင်ခိုင်းဖို့ အခွင့်အရေးမရှိပေ။

“ အဲ့တာ ဘယ်လို ဘဝမျိုးလဲကြီးကွ … ငါ့အိမ်က မွေးထားတဲ့ကြောင်တောင် သူတို့ထက်ပိုပြီး ဇိမ်ကျသေးတယ် …”

“ ငါသာ အစ်ကိုရွှီရဲ့ မိဘတွေဆိုလို့ကတော့ မွေးပြီး ပထမနေ့မှာတင် ကောက်ပစ်ခဲ့ပြီးပြီ ….”

“ ငါကတော့ မင်းအစ်ကိုရွှီကို အခွင့်ကောင်းယူပြီး သူ့မိဘဖြစ်ချင်နေတယ်လို့ပဲ သံသယရှိတယ် …”

“ ငါရုတ်တရက်ကြီး အစ်ကိုရွှီရဲ့ မိဘတွေ ဘာကြောင့်အဲ့လိုလုပ်ခဲ့လဲဆိုတာ နားလည်လာသလိုပဲ …”

“ အစ်ကိုရွှီရဲ့ မိဘပဲ ဖြစ်ဖြစ် ၊ သူ့ညီလေးပဲ ဖြစ်ဖြစ် ၊ ဒါမဟုတ် အစ်ကိုရွှီကိုယ်တိုင်ကတောင် သူတို့ ကမ္ဘာနဲ့သူတို့ မှန်နေကြတယ် .... ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် သူတို့အကုန်လုံး မှားနေခဲ့ကြတာပဲ …”

“ အပေါ်ကလူပြောတာ မှန်တယ် …”

“ မင်း အတိတ်တုန်းက အဆင်မပြေခဲ့ဘူး … အဲ့ဒါကြောင့်မို့ တခြား‌ ရွေးချယ်စရာမရှိဘဲ ချွေတာပြီး နေထိုင်စားသောက်ခဲ့ရတယ် … အဲ့အထိက အဆင်ပြေ‌သေးတယ် … ဒါပေမယ့် မင်း အခု အဆင်ပြေလာတဲ့အချိန်မှာတောင် ပိုက်ဆံ ချွေတာဖို့အတွက်နဲ့ ကိုယ့်မိသားစုရဲ့ ပျော်ရွှင်မှုကို စတေးပစ်ဖို့ မလိုဘူးလေ …”

“ မင်းမိဘတွေနဲ့ မင်းညီလေးကို ခွင့်လွှတ်ပေးလိုက်ပါလား အစ်ကိုရွှီရာ … ပျော်ရွှင်ရတဲ့ မိသားစုထက် ကောင်းတဲ့အရာ မရှိပါဘူး ..”

ကြည့်ရှုသူများမှာ လမ်းဘေးက အန်တီကြီးများ ဖြစ်သွားခဲ့ကြသည်။

တစ်ယောက်ပြီးတစ်ယောက် ဆိုသလို အစ်ကိုရွှီကို သူ့မိဘနှင့် သူ့ညီလေးအား ခွင့်လွှတ်ပေးရန် ဖြောင်းဖျနေခဲ့ကြ၏။

ချန်ယွီ့ ရှင်းပြသည်ကို နားထောင်ပြီးနောက် လူတိုင်း အစ်ကိုရွှီ၏ မိဘများက သူတို့ အငယ်ဆုံးလေးကို မျက်နှာလိုက်တာ မဟုတ်ကြောင်း နားလည်သွားခဲ့ကြသည်။

သူတို့က ထိုကဲ့သို့ အမှိုက်သရိုက်များ စားသောက်နေရသည့် ဘဝတွင် ကြာကြာ ထပ်မနေလိုတော့ခြင်းပင်။

သူတို့ အငယ်ဆုံးသားလေး ပိုက်ဆံရှိလာသည်နှင့် သူတို့ကို ပိုမိုကောင်းမွန်သည့် ဘဝတစ်ခု၌ ထောက်ပံ့ပေးမည် ဖြစ်ကြောင်းကို သူတို့ ယုံကြည်ကြသည်။

“ လူနာ … ငါ ကုသပေးတဲ့ နည်းလမ်းကို မင်းလက်ခံဖို့ ဆန္ဒရှိလား ….”

“ ငါ လက်ခံတယ် …”

“ မင်းပြောတာမှန်တယ် ဒေါက်တာချန် …” အစ်ကိုရွှီ စိတ်ပိုင်းဖြတ်ပြီးသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ငါ တကယ် စိတ်ရောဂါ ရှိနေတာပဲ … ပြီးတော့ အသေးအမွှားလေးလည်း မဟုတ်ဘူး …”

“ ငါက ငါ့ကိုယ်ငါပဲ အမြဲမှန်နေတယ် ထင်ပြီး ငါ့မိဘနဲ့ ငါ့ညီလေးရဲ့ ခံစားချက်တွေကို ဘယ်တုန်းကမှ ထည့်မစဉ်းစားပေးခဲ့ဖူးဘူး …”

“ တကယ်လို့များ ငါသာ ဒီနေ့ မင်းရဲ့ လိုက်စထွင်းထဲ မလာဖြစ်ခဲ့ဘူးဆိုရင် ငါစိုးရိမ်မိ …. မဟုတ်ဘူး … ငါ့မိသားစု ပျက်စီးသွားမယ်ဆိုတာ ကျိန်းသေပေါက် သေချာတယ် …”

အစ်ကိုရွှီ မျက်ရည်လည်ရွဲနှင့် မတ်တပ်ရပ်လိုက်သည်။

ထို့နောက် ခံစားချက်တို့ ပြည့်နှက်နေသည့် နှလုံးသားတစ်စုံနှင့်အတူ စခရင်သို့ ဦးညွှတ်လိုက်၏။

“ မင်းငါ့ရောဂါကို ကုသပေးပြီး ငါ့မိသားစုကို ကယ်တင်ပေးခဲ့တယ် …”

“ ငါ ဆက်ပြီး ချွေတာနေဦးမယ် … ဒါပေမယ့် ငါ့မိသားစုရဲ့ ဘဝနေထိုင်မှုအပေါ်ကိုတော့ မသက်ရောက်စေရဘူး …”

ကျေးဇူးတင်မှု အပြင် ၊ အစ်ကိုရွှီ ကြောက်ရွံ့မှုကိုလည်း ခံစားနေခဲ့ရသည်။

အကယ်၍ သူသာ နာမည်ကြီးလိုစိတ်ဖြင့် အစ်ကိုရွှီ၏ လိုက်စထွင်းခန်းထဲသို့ ရောက်မလာခဲ့ဘူးဆိုပါက …

အနာဂတ်တွင် ဖြစ်လာမည့် အရာများကို သူ တွေးပင် မတွေးဝံ့ချေ။

“ ငွေချွေတာတယ်ဆိုတာ မလိုအပ်တဲ့ အရာတွေအပေါ် မဖြုန်းမိအောင်လို့ပဲ … ဒိတ်လွန်ပြီးတဲ့ စားစရာတွေ ၊ စုတ်ပြဲနေတဲ့ အဝတ်တွေ ဝတ်ဖို့ မဟုတ်ဘူ …”

“ ကိုယ့်အခြေအနေကိုယ် ပြန်မကြည့်ဘဲ ချွေတာပြီးနေတာက မြင်းရှေ့ လှည်းရောက်နေတာနဲ့ တူတယ် …”

ချန်ယွီ့ အပြုံးတစ်ခုကို လှစ်ဟာပြလာခဲ့သည်။ မိသားစုတစ်ခု ပျက်စီးသွားတော့မည့် အရေးမှ ကယ်တင်ပေးလိုက်သည့် ကမ္မကုသိုလ်တို့မှာ သေချာပေါက် နည်းပါးနေမှာ မဟုတ်ချေ။

“ ဒေါက်တာချန် … မင်းပြောတာမှန်တယ် … မင်း ဒီနေ့ ပြောခဲ့တာတွေကို ငါ့အုတ်ဂူထဲ ရောက်တဲ့အထိ မှတ်သားသွားမယ် …”

သူ့ကိုယ်သူ ပြောင်းလဲနိုင်ဖို့အတွက် အစ်ကိုရွှီသည် ကျေးဇူးတင်တတ်ခြင်းမှ စတင်ဖို့ လိုသည်။

ထို့နောက် အစ်ကိုရွှီ သူ့တစ်သက်လုံး တစ်ခါမျှ မပြုခဲ့ဖူးသည့် အရာတစ်ခုအား ပြုလုပ်လာခဲ့၏။ သူ ချန်ယွီ့ကို တစ်ချီတည်းနှင့် ကာနီဗယ် လက်ဆောင် ၁၀ ခု ချီးမြင့်လိုက်သည်။

“ အစ်ကိုရွှီက တကယ်ပဲ ပြောင်းလဲသွားပြီပဲ … ဒေါက်တာချန်ကို ကျေးဇူးတင်ဖို့အတွက်နဲ့ သူ ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးလာမယ်လို့ ထင်တောင် ထင်မထားဘူး …”

“ ငါသာဆိုလို့ကတော့ ကာနီဗယ် အခု ၂၀ လောက် ပေးမှာ …”

“ ဒေါက်တာချန်က အစ်ကိုရွှီရဲ့ မိသားစုကို ကယ်တင်ပေးခဲ့တာကွ … အသက်သခင် ကျေးဇူးရှင်လို့ ပြောလို့ရတယ် … ရှေးတုန်းကသာဆို သူ့ကို ကျေးဇူးတင်ဖို့ ဘိုးဘေးတွေ ကန်တော့တဲ့ အခန်းထဲမှာတောင် ကဗ္ဗည်းကျောက်တိုင် ထူထားလောက်တယ် …”

ဟူယွီ၏ နံပါတ်ဝမ်း ကပ်စေးနှဲဆုံး စထွင်မာက ပထမဆုံး အကြိမ်အဖြစ် ကာနီဗယ် လက်ဆောင် ၁၀ ခုပေးလိုက်ခြင်း။

လိုက်စထွင်းမှာ ထိုမျှအထိ တစ်ခါမျှ အရူးအမူး မဖြစ်ခဲ့ဖူးချေ။

သို့သော်လည်းပဲ အစ်ကိုရွှီ၏ ကြော်ငြာပေးမှုနှင့် ကြည့်ရှုသူများ၏ ထောက်ခံပေးမှုတို့ကြောင့် လိုက်စထွင်း ကြည့်ရှုသူ အရေအတွက်မှာ နှစ်သိန်းနီးပါးသို့ နီးကပ်လာသည်။

ထို့ပြင် ကြည့်ရှုသူအရေအတွက်ကလည်း ဆက်တိုက် တိုးလာနေဆဲဖြစ်၏။

“ ဒေါက်တာချန် … ငါ အခု လိုင်းဆင်းသွားတော့မယ် .. နောက်မှ စကားဆက်ပြောကြတာပေါ့ …”

မထွက်ခွာမီ ၊ အစ်ကိုရွှီက သူ၏ ကုသမှုအတွက် ယွမ် ငါးထောင်ပေးခဲ့ရန်လည်း မမေ့လျော့ခဲ့ချေ။

အစ်ကိုရွှီ ထွက်သွားခဲ့ပြီးနောက် ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးရင်း “ အပေါ်တက်လာချင်တဲ့လူ ရှိသေးရင် ငါ့ဘက်က ကြိုဆိုတယ်နော်…”

သူ့စကားဆုံးသည်နှင့် ရောင်စုံကာလာ အထူးအက်ဖက်တို့က လိုက်စထွင်းခန်းထဲ ပြည့်နှက်သွားခဲ့သည်။

တစ်စုံတစ်ယောက်က ချန်ယွီ့ကို ကာနီဗယ် လက်ဆောင် အများအပြား ပေးလိုက်ခြင်းပင်။

ထို့ပြင် တစ်ချီတည်းနှင့် အခု ၁၀၀ ဖြစ်၏။

“ အစ်ကိုရွှီ ထွက်သွားခဲ့ပြီ မဟုတ်ဘူးလား … ကာနီဗယ် လက်ဆောင်တွေက ဘာလို့ ပေါ်လာနေသေးတာလဲ …”

“ ဒီလောက် လက်ဆောင်အများကြီးကို တစ်ခါတည်းပေးလိုက်တာက အစ်ကိုရွှီနဲ့ မကိုက်ဘူး …”

“ အစ်ကိုရွှီ မဟုတ်တာ သေချာတယ်… ကာနီဗယ် လက်ဆောင် အခု ၁၀၀ က မင်းကြီးတော် ယွမ် သုံးသိန်းဟ …”

“ ငွေရေးကြေးရေး ခြေသလုံးမွှေးဆိုတဲ့ သူဌေးသားလေးများလား …”

ကြည့်ရှုသူများက ထိုမျှ များပြားလှသည့် ပိုက်ဆံပမာဏကို သုံးဖြုန်းနိုင်သည့်လူက မည်သူမည်ဝါ ဖြစ်ကြောင်း အချင်းချင်း စကားစစ်ထိုးနေကြစဉ် လူတစ်ယောက်က ချန်ယွီ့ လိုက်စထွင်း စတိတ်ခုံသို့ ထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာသည့် လူကို မြင်တော့ နှစ်သိန်းကျော်သည့် ကြည့်ရှုသူများအားလုံး တူညီသည့် တုံ့ပြန်ချက်တစ်ခုတည်းကို သံပြိုင် မြည်တမ်းမိသွားခဲ့ကြသည်။

ဖက်ခ် …

ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာတုန်းဟ …

All Chapters