ဘိုးဘေး ဒဏ်ရာပြင်းသလား။
Vol. 13 Ch. 157
သတ္တမတန်းဝင်္ကပါအစီရင်နှင့် ဓားအစီရင်တို့သည် ရှားပါးသော ပညာရပ်များ ဖြစ်သည်။ ခရမ်းရောင်နေမင်းနယ်ပယ်ဖြင့်ပင် နားမလည်နိုင်သော ပညာရပ်ဖြစ်၏။
မျက်စိဖြင့်သာ မမြင်ခဲ့သော် ဤမျှသောပါရမီရှင်တစ်ယောက် ဖူစုနိုင်ငံ၏ ကူမိသားစုတွင် ရှိနေသည်ကိုယုံမိမည် မဟုတ်ချေ။
“ နှမျောစရာပဲ ... ဒါက ဆဌမတန်း မီးတောက်ပါ။ ”
တစ်ဆက်တည်းမှာပင် ကြာနီမီးတောက်ကို သတိရသွားသည်။ ထိုကြာနီမီးတောက်ဟူသည် ချင်မိသားစု၏ အခြေခံအုတ်မြစ်ဖြစ်၏။
ယခုမူ အသက်ရှင်လျက် လွတ်မြောက်နိုင်စေရန် သုံးခဲ့ရုံမှတပါး အခြား မရှိတော့ချေ။
သူ့လက်ထက်တွင် ဘိုးဘေးများ အဆက်ဆက် လက်ဆင့်ကမ်းထားသော ရှားပါး ရတနာကို ဆုံးရှုံးရချေပြီ။ ဖူစုအတွက် ကံကြမ္မာဆိုးပေပင်။
ဤနှစ်များအတွင်း ၎င်းမီးတောက်ကို မသန့်စင်ခဲ့သည်မှာ ချင်မိသားစုအမွေ ဖြစ်သော ရေနက်ဓားနည်းစနစ်ကြောင့် ဖြစ်သည်။
ထိုစွမ်းအင် ကျင့်ကြံမှုနည်းစနစ်နှင့် လက်ရှိနယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်လေရာ မစွန့်လွှတ်လိုချေ။ ယင်းကြောင့် မီးတောက်ကို သန့်စင်ရန် တုန့်ဆိုင်းခဲ့ခြင်းပေပင်။
တစ်ချိန်တည်းမှာပင် သူ့ကျင့်ကြံမှုမှာ အတားအဆီးကို မမြင်နိုင်ဘဲ သက်တမ်းကုန်ဆုံး လာပြီဖြစ်သဖြင့် သန့်စင်သောမီးတောက်ကို သုံးပြီးအခွင့်အရေးရှာရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် နတ်ဆိုးတစ်ကောင်နှင့် တွေ့ဆုံပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိနေ သောကြောင့် မီးတောက်ကို သန့်စင်ခြင်းအပေါ် ရွေ့ဆိုင်းထားစဉ် ဤသို့ ဆုံးရှုံးခြင်း ကြုံလိုက်ရခြင်းဖြစ်သည်။
အဆိုးဆုံးမှာ ရန်သူသည် ငယ်ရွယ်ပြီး ဘီးလူးဆန်၏။ မဖယ်ရှားနိုင်သော် ချင်မိသားစု အတွက် ကြီးစွာသော ဒုက္ခပေပင်။ ရှက်စရာ ကောင်းချေပြီ။
“ အခုချိန်မှာ ... ဒီကောင်လေးကို လွှတ်ထားလိုက်ရင် နောင်မှာ ငါသူ့ကိုအနိုင်ယူဖို့ ခက်သွားလိမ့်မယ် ... လက်ရှိခွန်အားအရ ...
... သူ ငါ့ကို ထိန်းချုပ်ဖို့ ခက်ခဲနေမှာ သေချာတယ် ပြိုင်ဘက်ကင်း ဝိညာဉ် အစီရင်နဲ့ လမ်းကြောင်းရှစ်သွယ် ပိတ်ဆို့ခြင်းအစီရင်ကို အသုံးမပြုရင် သူ ခံနိုင်မှာ မဟုတ်ဘူး။ ”
ခရမ်းရောင်နေမင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်သည် ကြီးမားသော ခြားနားချက် တစ်ခုရှိ၏။ အစီရင်များနှင့် ဓားအစီရင်သည် တစ်ဖက်လူ၏ ဝှက်ဖဲပေပင်။
၎င်းဓားအစီရင်ကို ရှေးမစွတည်းက အသုံးမချခြင်းသည် သူ့ခွန်အားကို စမ်းသပ်ခြင်း၊ ဝှက်ဖဲများ စစ်ဆေးလိုခြင်းကြောင့် ဖြစ်၏။
“ ဒီကောင်လေးက နတ်ဆိုးဝိညာဉ် မဟုတ်ဘူး ... နောက်တစ်ခါ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေကို ခေါ်လာရမယ် ... ။ ”
တစ်ဖက်လူ၏ ဝှက်ဖဲများကို သိရှိပြီး ဖြစ် သောကြောင့် နောက်တစ်ကြိမ်တိုက်ခိုက်ရာတွင် ပို၍လွယ်ကူလာပေမည်။ ခွဲခြမ်းစိတ်ဖြာမှုအပြီး ပြန်၍ငြိမ်သက်သွားတော့၏။
ယနေ့ ရှုံးနိမ့်ရခြင်းသည် မှားယွင်းသော သတင်းအချက်အလက်များကြောင့် ဖြစ်သည်။ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာသော် သေချာပေါက် သတ်ပစ်နိုင်မည်။
ဤကာလအတွင်း ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများကို စေလွှတ်ခြင်းသည် အသုံး မဝင်နိုင်ချေ။ သူပင် ရှုံးနိမ့်ထားရာ ထိုသူများကို လွှတ်ခဲ့သော် သေရန်ပေးပို့ခြင်းသာဖြစ်မည်။
ထို့ကြောင့် သူ့ဒဏ်ရာများ ပျောက်ကင်းချိန်အထိ စောင့်ဆိုင်းရမည်။ အနည်းဆုံးတော့ သုံးလကြာနိုင်ချေ၏။
ထိုအချိန်တွင် ကူချန်၏ ဝှက်ဖဲများအပေါ် ဤတိုက်ပွဲ၌ မြင်ထားပြီးဖြစ်ရာ ခွန်အားအကုန် သုံးခြင်းဖြင့် တစ်ဖက်လူကို သတ်နိုင်ပေမည်။
“ ဟား ဟား ဟား ... ကောင်လေး ငါပြန်လာမယ် မင်းလိုထက်မြက်တဲ့ ပါရမီရှင် တစ်ယောက်ကို သတ်ရတာ ... ငါ့ကျင့်ကြံမှု အတားအဆီးကို မပြေလျော့ဘူးလို့ ဘယ်သူပြောလဲ။ ”
အတွေးများဖြင့် ချင်းအေတစ်ယောက် ကျေနပ်သွားပြီး အင်ပါယာမြို့တော်သို့ ချက်ချင်း ပျံသန်းသွားတော့၏။
***
အင်ပါယာမြို့တော်၊ အင်ပါယာတရားရုံး။
ချင်အေသည် သူ့ နေအိမ်သို့ ပြန်ရောက်သည်နှင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အရေးကြီးသော ကိစ္စမဟုတ်ပါက မည်သူမျှ အနှောက်အယှက်မပေးရန် အမိန့်ထုတ်၏။
ချင်မိသားစုမှ ကျင့်ကြံသူများ အားလုံး အံ့ဩကုန်သည်။ တိုက်ပွဲသတင်းကို အသေးစိတ် သိချင်သော်လည်း မနှောက်ယှက်ဝံ့ချေ။
မည်သို့ပင်ဆိုစေကာမူ ဘိုးဘေး အသက်ရှင်လျက်ပြန်လာနိုင်သဖြင့် အနည်းငယ် သက်သာရာရကုန်သည်။
တစ်ဖက်တွင် ကိစ္စမရှိချေ။ တော်ဝင် မိသားစု၏ သတင်းထောက်လှမ်းမှုများသည် အစွမ်းထက်၏။ များမကြာခင် ဤတိုက်ပွဲ သတင်းကို ရယူနိုင်ပေမည်။
နန်းတော်ထဲတွင် ဧကရာဇ်ချင်ထိုက်သည် ကုလားထိုင်လက်ရန်းကို ပုတ်လျက် မှိန်းနေ၏။ သူ့အမြင်အာရုံအတွင်း တိုက်ပွဲမြင်ကွင်းကို ပုံဖော်နေသည်။
ရွှေရောင် ဝိညာဉ်မီးလျှံများသည် ကောင်းကင်အပြည့် တောက်လောင်နေချိန်တွင် အဖိုးအိုတစ်ဦးသည် ရေဘောလုံးကြီးကဲ့သို့ ထွက်ပြေးနေ၏။
တာအိုဝတ်စုံနှင့် လူငယ်မှ သူ့နောက် လိုက်ပါလာခဲ့သော်လည်း မအောင်မြင်နိုင်ချေ။ သို့မဟုတ် မီးပင်လယ်သည် မိုင်ပေါင်းများစွာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လွန်းနေသောကြောင့် တာအိုလူငယ်မှ လိုက်မလာခြင်းဖြစ်၏။
ရုတ်တရက် ချင်ထိုက်တစ်ယောက် မျက်ဝန်းများဖွင့်လျက် ချက်ချင်းထရပ်လိုက်ပြီး ဦးတည်ရာတစ်ရပ်ထံ ကြည့်လိုက်တော့သည်။
“ ငါတို့ဘိုးဘေး ဒဏ်ရာပြင်းသလား။ ”
***
အင်ပါယာရုံးတော်၊ လောကျန့်တောင်။
တောင်ထိပ်ပေါ်ရှိ ခြံဝင်းအပြင်ဘက်၌ ဧကရာဇ်ချင်ထိုက် ရပ်နေ၏။ အသွင်အပြင်မှာ ခန့်ညားပြီး ပြတ်သားနေသည်။
မည်သူသည် ဧကရာဇ်ချင်ထိုက်ကို ရုပ်သေးဘုရင်ဟု ပြောဝံ့သနည်း။ မည်သူသည် ချင်ထိုက် အမိန့်ကို မနာခံဝံ့သနည်း။
“ ဘိုးဘေ ... ဒီဂျူနီယာချင်ထိုက်က တွေ့ဖို့တောင်းဆိုပါတယ်။ ”
တိုးညှင်းသော်လည်း တစ်ဖက်လူမှ ကြားသိရန်လုံလောက်၏။ မျက်ဝန်းများသည် တလက်လက်တောက်ပလျက် တံခါးဝထံ စိုက်ကြည့်နေသည်။
“ ကျွီ ... ။ ”
ခြံတံခါးနှင့် နေအိမ်ကြား ခြေလှမ်းနှစ်ဆယ်ခန့်သာ နေရာလွတ်ရှိသည်။ ထိုစဉ် နေအိမ်တံခါး ပွင့်လာ၏။
အခန်းထဲရှိ ကုတင်ပေါ်တွင် ဘိုးဘေးချင်အေသည် တင်ပျဉ်ခွေထိုင်လျက် သူ့ထံကြည့်နေသည်။
နောက်ကျောနံရံပေါ်တွင် ရွှေရောင်ချပ်ဝတ်ဖြင့် လူတစ်ယောက်ပုံတူ ချိတ်ဆွဲထားသည်။ သူ့ဘေးတွင် ရေနက်ဓား ကိုးစင်း လွင့်မျောနေ၏။
ဤသည်မှာ ဖူစုနိုင်ငံ တည်ထောင်သူ ဘိုးဘေးချင်ကျန့်ဖြစ်သည်။ ထိုစဉ် ချင်အေက ဒေါသထွက်နေသော အကြည့်များဖြင့်၊
“ အရေးကြီးကိစ္စ မရှိရင် မင်းငါ့ကို မနှောင့်ယှက်သင့်ဘူး ... ။ ”
-ဟု သတိပေးလိုက်သည်။ ထိုစကားကြောင့် ချင်ထိုက်ခမျာ ခေါင်းညိတ်ပြလျက် လေးနက်သွား၏။
“ အရေးကြီးတဲ့ သတင်းတစ်ခုရှိပါတယ်။ ”
“ ပြော ... ။ ”
“ ဒါက အရမ်းအရေးကြီးတာမို့ စိတ်ပူမိတယ် ... ။ ”
ချင်ထိုက်က ခိုးကြောင်ခိုးဝှက် အသွင်အပြင်ဖြင့် သတိကြီးကြီးထားလိုက်ကာ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်၏။ ထိုအသွင်ကြောင့် ချင်အေမှ ခဏမျှစဉ်းစားပြီး၊
“ အထဲဝင်ခဲ့ ... ။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
ချင်ထိုက် မျက်ဝန်းထဲ အပြုံးတစ်ပွင့် ပေါ်လာပြီးနောက် ချက်ချင်း လှမ်းဝင်လိုက်၏။ တစ်ဖက်တွင် ချင်အေသည် သတိရလာပြီး ခြံအပြင်သို့ လှမ်းကြည့်လိုက်သည်။
“ အစောင့် ဘယ်ရောက်သွားလဲ။ ”
ခြံအပြင်တွင် မည်သူမျှ ရှိမနေချေ။ အတွေးများဖြင့် ထိတ်လန့်လျက် ချင်ထိုက်ကို မော့ကြည့်မိသည်။
“ ဒါ ... ။ ”
ကုသခြင်း မစတင်မီ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ယောက် အမြဲစောင့်ကြပ်ပေးရန် မှာကြားထားသည်။
“ သေလိုက်တော့ ... ။ ”
ထို့ကြောင့် တွန့်ဆုတ်ခြင်းမရှိတော့ဘဲ ချင်ထိုက်ထံ လက်ဖဝါးတစ်ချက် ရိုက်ချပစ်၏။ အနက်ရောင်နဂါးများကဲ့သို့ ရေကြိုး(၉)ချောင်း ပြေးထွက်သွားသည်။
သို့သော် ချင်ထိုက်သည် ရေကြိုးများ မထိမှန်ခင်ကပင် ရုတ်တရက် သူ့ခန္ဓာကိုယ် ပျော့ခွေလျက် ညွှတ်ကျသွား၏။
“ ဝုန်း ... ။ ”
အရိုးများ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ကြမ်းပြင်ပေါ်ပြိုကျသွားပြီး အနက်ရောင် အရိပ် တစ်ရိပ်သည် ကုတင်ထံပြေးဝင်လာ၏။
“ အရိပ်နတ်ဆိုး ... ။ ”
ချင်အေသည် ထိတ်လန့်တုန်လှုပ်ကာ ချက်ချင်းခုန်ထခဲ့သော်လည်း နောက်ကျသွား၏။ ကြမ်းပြင်ပေါ်မှ ရွေ့လျားလာထိုအရိပ်သည် သူ့အရိပ်နှင့် ပေါင်းစပ်သွားတော့သည်။
ချင်းအေခမျာ အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ရုန်းကန်လေ၏။
“ ထွက်သွားစမ်း ... ။ ”
***