အခန်း (၂၁၂)
Vol. 22 Ch. 212
လင်းရန်အနေဖြင့် ချန်ဖေးဖေး၏ စကားက ရိုးသားသည်ဖြစ်စေ၊ အတုအယောင် ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။
ချန်ဖေးဖေးကို စိတ်မပျော်မရွှင်ဖြစ်စေသရွေ့ သူမက ပျော်ရွှင်နေလိမ့်မည်။
သူမ၏ စိတ်ခံစားချက်ကို ဆိုးရွားစေသည့်လူများအပေါ် သူမသည်လည်း ဒုက္ခပေးချင်ခဲ့သည်။
ထို့ကြောင့် သူမက ဘေးကို လှည့်၍ သူမ၏ ဘေးတွင်ရှိနေသည့် စုန့်ရှီးယန်ကို တစ်ချက်ကြည့်လိုက်လေ၏။
လင်းရန်က စုန့်ရှီးယန်နှင့် သူမ၏ ဆက်ဆံရေးကို လုံးဝ ဖုံးကွယ်မထားခဲ့ပေ။ သူမက တစ်ဖက်လူကို တိုက်ရိုက် ပြောခဲ့သည်။
“ကျွန်မ ရေငတ်နေပြီ.. အထဲကိုသွားပြီး ကျွန်မ သောက်ဖို့ ရေတစ်ခွက် သွားခပ်လာခဲ့ပေးဦး.. ဖန်ခွက်ထဲကို ရေနွေး သုံးပုံနှစ်ပုံထဲပြီး ကျန်တဲ့တစ်ပုံကို ရေအေးထည့်ပေး.. ပြီးရင် သကြား လက်ဖက်ရည်ဇွန်းတစ်ဝက် လောက် ထည့်ခဲ့ပေး”
စုန့်ရှီးယန် အံ့အားသင့်သွားခဲ့သည်။
လင်းရန်က သူ့ကို မည်သည့်အတွက်ကြောင့် ရုတ်တရက် အလုပ်ခိုင်းစေလာသည်ကို သူ မသိသော်လည်း လင်းရန်ကသာ သူ့ကို အမိန့်ပေးလိုစိတ်ရှိနေသရွေ့ သူက ပျော်ရွှင်နေလိမ့်မည်။
အနည်းဆုံးတော့ ဤသည်က သူမ သူ့ကို လျစ်လျူရှုသည်ထက် ပိုကောင်းသည် မဟုတ်ပါလား။
ထို့ကြောင့် အမိန့်ပေးခိုင်းစေခံရသည့် စုန့်ရှီးယန်တစ်ယောက် ပျော်ရွှင်နေသည့်အမူအရာဖြင့် ချက်ချင်း ပြောလာခဲ့ခဲ့သည်။
“ကောင်းပါပြီ၊ အပြင်မှာ နေပူလွန်းတယ်.. မင်း အထဲကို ဝင်ပြီး ထိုင်နေလိုက်လေ..ကိုယ် ချက်ချင်း လာခဲ့မယ်”
ထိုသို့ ပြောပြီးနောက် စုန့်ရှီးယန်က တံခါးဝတွင်ရှိနေခဲ့သည့် ချန်ဖေးဖေးကို ဂရုမစိုက်စွာကျော်တက်သွားခဲ့ကာ မီးဖိုချောင်ဆီသို့ စိတ်မရှည်စွာ လျှောက်သွားခဲ့သည်။
နောက်ဘက်တွင် ကျန်ရစ်ခဲ့သော ချန်ဖေးဖေး: “???”
သူမ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်လာခဲ့သည်။
မဟုတ်သေးဘူး။
လင်းရန်က ဘာလို့ စုန့်ရှီးယန်ကို အခုလိုမျိုးတွေခိုင်းစေနေရတာလဲ။
သူမ လက်မခံနိုင်ဆုံးအရာက စုန့်ရှီးယန်အနေနဲ့ ခိုင်းစေခံရတာကိုတောင် အဲဒီလောက် ပျော်ရွှင်နေတာကိုပဲ။
သူတို့ နှစ်ယောက်က ဘာတွေ ဖြစ်နေတာလဲ။
မကောင်းသည့်နိမိတ်များက သူမ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့သော်လည်း ချန်ဖေးဖေးအနေဖြင့် ၎င်းကို ယုံကြည်ချင်သည့် ဆန္ဒမရှိနေသေးပါချေ။
စုန့်ရှီးယန်က လင်းရန်၏ စကားကို နားထောင်ရခြင်းမှာ လင်းမိသားစုတစ်ခုလုံးက သူ့ကို “အနိုင်ကျင့်”နေသည့်အတွက်ကြောင့်သာ ဖြစ်သည်ဟူသောအချက်ကိုသာ သူမက ပို၍ ယုံကြည်ရန် ဆန္ဒရှိခဲ့သည်။
“ရဲဘော်ချန်၊ ရှင်က ကျွန်မရဲ့ အစ်ကိုကြီးနဲ့ စုန့်ရှီးယန်တို့ရဲ့ ဒဏ်ရာတွေကို ဂရုစိုက်ဖို့အတွက် လာခဲ့တာဆို.. သူတို့ရဲ့ မိသားစုဝင်အနေနဲ့ ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာပဲ..
ဒါပေမဲ့ ရှင်က ရုတ်တရက် ရောက်လာတာဆိုတော့ ကျွန်မတို့တွေ ဘာကိုမှ မပြင်ဆင်နိုင်ခဲ့ဘူး.. ရှင် စိတ်မရှိပါနဲ့နော်”
ချန်ဖေးဖေး၏ စိတ်ထဲရှိ ခန့်မှန်းချက်မှာ လင်းရန်၏ “သူတို့ရဲ့ မိသားစုဝင်တစ်ယောက် အနေနှင့်” ဟူသော စကားကို ကြားလိုက်ရသောအခိုက်တွင် ပို၍ ရှင်းလင်းလာခဲ့ရသည်။
သူမအနေဖြင့် ထိုမှန်းဆချက်ကြောင့် နှလုံးသားထဲတွင် နာကျင်စူးရှလာခဲ့ရသည်။
သူမ အကြိမ်ကြိမ် သည်းခံခဲ့သော်လည်း အဆုံးတွင်တော့ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ လက်ကို တင်းကြပ်စွာ ဆုတ်လိုက်ပြီး လင်းရန်ကို တိုက်ရိုက် မေးမြန်းခဲ့သည်။
“ရဲဘော်လင်းရန်၊ ရှင် ခုနတုန်းက ပြောလိုက်တဲ့ စကားက ဘာကို ဆိုလိုတာလဲ.. အစ်ကို့စုန့်ရဲ့ မိသားစုက ကွမ်ကျိုးမှာ ရှိနေပါသေးတယ်.. သူ ဒီကို ခဏလောက်ပဲ နားဖို့ ရောက်လာတာလေ.. ရှင်က ဘယ်လိုလုပ် သူ့ရဲ့ မိသားစုဝင် ဖြစ်သွားရတာလဲ”
ထိုသို့ ပြောပြီးနောက် သူမ၏ လေသံက သိပ်ပြီး ယဥ်ကျေးမှုမရှိကြောင်းကို လင်းရန် ပြောလာမည်ကို စိုးရိမ်ခဲ့ပြမ်သည်။ ထို့ကြောင့် သူမက လျင်မြန်စွာပင် အပြုံးတစ်ခုကိုဖန်တီး၍ ရှင်းပြခဲ့သည်-။
“ကျွန်မ ဆိုလိုတာက အစ်ကိုစုန့်နဲ့ ရှင်တို့ရဲ့ အစ်ကိုကြီး လင်းကွမ်ချင်းတို့က ဆက်ဆံရေး အရမ်းကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်.. ဒါပေမဲ့ တချို့ ဆက်ဆံရေးတွေကိုတော့ ရှုပ်ထွေးလို့ မရသေးဘူးလေ
ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ.. ရဲဘော် လင်းရန်.. ရှင်လည်း မိန်းကလေးတစ်ယောက်ကဲလေ.. ခုနက စကားမျိုးကို အပြင်လူတွေ ကြားသွားမယ်ဆိုရင် ရှင့်ရဲ့ ဂုဏ်သတင်းအတွက် ကောင်းမှာ မဟုတ်ဘူး”
လင်းရန်ကတော့ ဤစကားကို ကြားလိုက်ရချိန်တွင် တိုက်ရိုက်ပင် ရယ်မောခဲ့သည်။
သူမ ပြောခဲ့သည့် စကားလုံးများက အတော်လေး ကောင်းမွန်ပြီး သူမ(လင်းရန်)အပေါ်ကို စဉ်းစားတွေးတောပေးနေသည့်လေသံမျိုးနှင့်လည်း ပြောခဲ့သေးသည်။
“ရဲဘော်ချန်၊ ရှင့်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်မနဲ့ စုန့်ရှီးယန်ရဲ့ ဆက်ဆံရေးအကြောင်းနှင့် ပတ်သက်ရင် ကျွန်မ ခုနက ပြောခဲ့တဲ့ စကားတွေက ပြဿနာ လုံးဝ မရှိပါဘူး.. ရှင့်အနေနဲ့ ကျွန်မအတွက် စိတ်ပူစရာ မလိုပါဘူး”
“ရှင်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးက .. ဘာလဲ”
ချန်ဖေးဖေးတစ်ယောက် နောက်ဆုံးတွင်တော့ အောင့်အီးနိုင်ခြင်းမရှိတော့ဘဲ တိုက်ရိုက် မေးချင်လာခဲ့သည်။
လင်းရန်က သူမ၏ရှေ့သို့ လျှောက်လာခဲ့ပြီး နက်ရှိုင်းသည့် အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။
“ကျွန်မတို့ရဲ့ ဆက်ဆံရေးက ဘာလဲဆိုတော့.. အင်း... ရှင် ထင်ထားသလိုပါပဲ”
ချန်ဖေးဖေးအနေဖြင့် “ကျွန်မ ဘာတွေတွေးနေလဲဆိုတာ ရှင် ဘယ်လိုလုပ် သိမှာာလဲ” ဟု ခေါင်းမာစွာ ပြောချင်နေခဲ့သေးသော်လည်း လင်းရန်၏ မျက်နှာပေါ်ရှိ ရှင်းလင်းလှသော အမူအရာကို မြင်လိုက်ရသည့်အခိုက်တွင် သူမအနေဖြင့် ရုတ်တရက် ထိုစကားကို ပြောနိုင်စွမ်း မရှိတော့ပေ။
လင်းရန်ာ သူမ ရောက်လာရခြင်း၏ ရည်ရွယ်ချက်နှင့် စုန့်ရှီးယန်အပေါ်တွင် ရှိနေသော သူမ၏ အတွေးများကို ကြိုတင်သိထားခဲ့သည်!
စုန့်ရှီးယန်မှာ လင်းရန်နှင့် အတူရှိနေပြီးဖြစ်ပေသည်။
သူမ မတိုင်ခင်က လင်းရန်၏ ရှေ့တွင် ပြောခဲ့သည့် စကားများကို ပြန်တွေးလိုက်မိချိန်တွင် ချန်ဖေးဖေးတစ်ယောက် အလွန်ပင် စိတ်မသက်မသာ ခံစားခဲ့ရပြီး သူမ၏ မျက်လုံးများမှာလည်း နီမြန်းလာခဲ့သည်။
“ရှင်က အစ်ကိုစုန့်နဲ့ အတူရှိနေတယ်ဆိုရုံလောက်နဲ့ စုန့်မိသားစုထဲကို လက်ထပ်ပြီးဝင်နိုင်မယ်လို့ မထင်လိုက်နဲ့
ကျွန်မ ပြောလိုက်မယ်.. စုန့်မိသားစုက ရှင့်လို သေးငယ်တဲ့ နေရာက မိန်းကလေးတစ်ယောက် လက်လှမ်းမမီနိုင်တဲ့ နေရာပဲ!
အစ်ကိုစုန့်ရဲ့ မိဘတွေက ဘယ်သူတွေလဲဆိုတာတောင် ရှင် သိလောက်မှာမဟုတ်ဘူး.. သူတို့ရဲ့ အဆင့်အတန်းနဲ့ဆိုရ်် သူတို့တွေက ရှင့်ကို အစ်ကိုစုန့်နဲ့ အတူရှိနေခွင့် ပေးမှာ မဟုတ်ဘူး
ရှင့်ရဲ့ မာနကြီးတဲ့အပြုအမူတွေကလည်း ကြာကြာ ခံမှာ မဟုတ်ဘူး!”
ချန်ဖေးဖေးတစ်ယောက် အလွန်ပင်ဒေါသထွက်သွားခဲ့ကာ စိတ်လှုပ်ရှားစွာဖြင့် လင်းရန်ကို အော်ဟစ် ပြောဆိုခဲ့သည်။
လင်းရန်ကဆော့ ချန်ဖေးဖေးဆိုသည့်အမျိုးသမီး ဤမျှ ရယ်ချင်စဖွယ်ကောင်းလောက်အောင် ပျော့ညံ့နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
စကားအနည်းငယ်လောက်သာ ပြောလိုက်ပြီးနောက်တွင်ပင် သူမ၏ ခံနိုင်ရည်က ပြိုလဲသွားခဲ့ပြီး ထပ်မံ ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။
လင်းရန် သူမ၏တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားခဲ့သော်လည်း သူမ မတုံ့ပြန်နိုင်မီပင် ဘေးဘက်မှ အသံများ ထွက်ပေါ်လာခဲ့သည်။
“ရဲဘော်ချန်၊ မင်း ဘာလုပ်နေတာလဲ။ ငါ့ရဲ့ ရန်ရန်ကို အနိုင်ကျင့်နေတာလား”
ဤသည်မှာ ဒေါသထွက်နေသော အဘွားလင်း၏အသံ ဖြစ်ပေသည်။
“ဘာလဲ? ရန်ရန်.. မင်းနဲ့ ရှောင်စုန့်တို့က တွဲနေကြတာလား”
ဤသည်မှာ အံ့အားသင့်နေသော အကြီးဆုံးဦးလေး၏အသံ ဖြစ်ပေသည်။
“ရန်ရန်! အစ်ကိုစုန့် ! သူ တကယ်ပဲ... တကယ်ပဲ မင်းကို မြူဆွယ်ခဲ့တာလား!”
ဤသည်မှာတော့ နောင်တများဖြင့် ပြည့်နှက်နေသော လင်းကွမ်ချင်း၏ စကားသံ ဖြစ်ပေသည်။
“ဟေး.. ငါတို့ ရန်ရန်နဲ့ ရှောင်စုန့်တို့ လက်ထပ်တော့မှာလား”
ဤသည်ကတော့ စိတ်လှုပ်ရှားနေသော တတိယချွေးမယင်းဖန် ဖြစ်ပေသည်။
ယင်ဖန်၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့် မိသားစုတစ်ခုလုံးက ချက်ချင်းပင် မျက်လုံးလှန်လိုက်ကြသည်။
“မင်း ဘာတွေ ပြောနေတာလဲ.. ရန်ရန်က အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်.. လက်ထပ်တော့မယ်တဲ့လား!”
အဘွားလင်းက လင်းရန်၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ စည်းလွတ်ဘောင်လွတ် ပြောနေသော ယင်းဖန်ကို တိုက်ရိုက် လိမ်ဆွဲခဲ့လေသည်။
ယင်းဖန်တစ်ယောက် နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့သော်လည်း နောက်ထပ် အဓိပ္ပာယ်မရှိသော စကားများကို ပြောရန် မဝံ့ရဲတော့ပေ။
သို့သော်လည်း သူမသည်က ပါးစပ်ဖြင့် မပြောတော့သော်လည်း နှလုံးသားထဲတွင်တော့ နာကျင်စွာဖြင့် တိုးတိုးလေး ရေရွတ်နေဆဲ ဖြစ်သည်။
အဲဒီစကားတွေက ရဲဘော်ချန်ဖေးဖေး ပြောခဲ့တာ မဟုတ်ဘူးလား။
သူမက အဲဒီတစ်ယောက် ပြောခဲ့တာကို အနှစ်ချုပ်လိုက်ရုံပဲလေ။
အဓိပ္ပာယ်မရှိတာတွေ ပြောဖို့ ရည်ရွယ်ခဲ့တာမှ မဟုတ်တာ။
လင်းရန်တစ်ယောက် သူမ၏ မိသားစုဝင်များ အားလုံးက အပြင်သို့ ထွက်လာပြီး သူမနှင့် စုန့်ရှီးယန်နှင့် ဆက်ဆံရေးအကြောင်းကို သိရှိသွားသည်ကို မြင်လိုက်ရသောကြောင့် နေရာ၌ပင် ကျောက်ရုပ် ဖြစ်သွားခဲ့သည်။
ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်လာရတာလဲ......
နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီ။
သူမ အဆင်သင့်မရှိသေး၊ မပြင်ဆင်ရသေးတဲ့ အခြေအနေမှာပဲ စုန့်ရှီးယန်နှင့် သူမရဲ့ ဆက်ဆံရေးက နောက်တစ်ခေါက် ပေါ်ပေါက်သွားခဲ့ပြန်ပြီ!
ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်ရတာလဲ!
သို့သော်လည်း ဤအချိန်၌ စုန့်ရှီးယန်မှာ မီးဖိုချောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး လင်းရန် သောက်ချင်သည့် ရေကို ပြင်ဆင်နေခဲ့သည်။
ထို့နောက်တွင် သူက ရေခွက်ကိုကိုင်က် လင်းရန်ထံသို့ အလျင်အမြန် ယူလာခဲ့သည်။
“ရန်ရန်၊ မင်း တောင်းတဲ့ ရေ အဆင်သင့် ဖြစ်ပြီ.. မြန်မြန်လေး...” သောက်လိုက်ဦး။
စုန့်ရှီးယန်၏ စကားသံက ခြံဝန်းထဲ၌ တန်းစီ၍ ရပ်နေသော လင်းမိသားစုကို မြင်လိုက်ရသောကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
သူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ရောက်ရှိနေသည့်နေရာတွင် ရပ်ကာ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို သူ့၏ မျက်လုံးများနှင့် လင်းရန်အား မေးမြန်းလိုက်သည်။
လင်းရန်: “......”
သူမ၏ မျက်လုံးများကတော့ ညှိုင်းမှိုင်းနေခဲ့သည်။
သူမလည်း မသိတော့ဘူး!
ဤနေရာတွင် နောင်တအရဆုံးသူကတော့ ချန်ဖေးဖေးသာ ဖြစ်ပေလိမ့်မည်။
သူမအနေဖြင့် လင်းမိသားစု၏ တုံ့ပြန်မှုများကို မြင်လိုက်ရချိမ်တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့က သူတို့၏ ကိစ္စများကို မိသားစုဆီသို့ မပြောရသေးကြောင်းကို ရုတ်တရက် နားလည်ခဲ့သည်။
ထို့ကြောင့် သူမ ရုတ်တရက် အော်ဟစ်လိုက်ခြင်းက သူတို့နှစ်ဦးကို လမ်းဖောက်ရန်အတွက် ကူညီပေးရာရောက်သွားပေလိမ့်မည်!
ဤအချက်ကို သဘောပေါက်သွားချိန်တွင်တော့ ချန်ဖေးဖေးတစ်ယောက် သူမ၏ မတိုင်ခင်က အပြုအမူအတွက် ဒေါသထွက်လွန်းပြီး သေလုနီးပါး ဖြစ်သွားခဲ့ရသည်။
လူအုပ်စုကြီးက ခြံဝန်းထဲတွင် ရပ်တန့်နေခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကြည့်နေခဲ့ကြသည်။
နောက်ဆုံးတွင်တော့ လင်းကျန်းအန်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ သက်ပြင်းချကာ ထွက်လာခဲ့လေသည်။
“တော်လောက်ပြီ၊ ဧည့်ခန်းမထဲကို လာခဲ့ကြ၊ အထဲကို ဝင်လာပြီးမှ စကားပြောကြရအောင်”
အခြေအနေများက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် ၎င်းကို ဆက်လက် ဖုံးကွယ်ထားဖို့အတွက်က လက်တွေ့မကျတော့ပေ။
ထို့ကြောင့် ကိစ္စရပ်များ ရှင်းလင်းအောင် ပြုလုပ်ခြင်းက ပိုကောင်းပေလိမ့်မည်။