အခန်း (၂၁၈)
Vol. 22 Ch. 218
လင်းရန်တစ်ယောက် သူမမြင်လိုက်ရသည်ကို မသေချာသည့်အတွက် နောက်တစ်ကြိမ် အလေးအနက် ကြည့်လိုက်လျှင် လမ်း၏ တစ်ဖက်ခြမ်း၌ စကားပြောနေသော လူနှစ်ယောက်မှာ အမှန်တကယ်ပင် စုန့်စစ်ယွီနှင့် ရှုကျစ်ဝမ်တို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရလေ၏။
မဟုတ်သေးဘူး။ ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအခြေအနေမျိုးကို ရောက်လာတာလဲ။
သူမ ကျောက်ရှီလဲ့ထံမှ ရှုကျစ်ဝမ်နှင့် စုန့်စစ်ယွီတို့ကြားမှ ကိစ္စက ယာယီ တိုးတက်မှု မရှိသေးကြောင်းကို ကြားခဲ့ရသည်။
သို့သော်လည်း အမေကျောက်အနေဖြင့် သူတို့ နှစ်ယောက်လမ်းအတူလျှောက်နေသည်ကို မကြာခဏ မြင်နေရဆဲဖြစ်ပြီး သူတို့၏ ဆက်ဆံရေးသည်လည်း ထိခိုက်မှုမရှိသေးဟု ထင်ရကြောင်း ကြားခဲ့ဖူးသည်။
သို့ဆိုပါက ဤမျှလောက် အချိန်တိုအတွင်း မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သည်လဲ။
လက်ရှိတွင်...
ရှုကျစ်ဝမ်က စုန့်စစ်ယွီကို ရပ်တန့်ရန် လှမ်းခေါ်နေပုံရသော်လည်း စုန့်စစ်ယွီကတော့ အလွန် စိတ်မရှည်ဖြစ်နေပုံရပြီး ရှုကျစ်ဝမ်နှင့် ဆက်လက်ရေထွေးချင်စိတ်မရှိသည့်ပုံရသည်။
ဆိုရလျှင် သူမကသာ ရှုကျစ်ဝမ်ကို မြှောက်ပင့်နေသင့်သူ မဟုတ်ပါလား
သူမ၏ နှလုံးသားထဲရှိ သံသယများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး လင်းရန်၏ ဖရဲသီးစားချင်စိတ်က ရုတ်တရက် ထိုးထွက်လာခဲ့သည်။
သူမက စုန့်စစ်ယွီနှင့် ရှုကျစ်ဝမ်တို့ဆီသို့ အလျင်အမြန်သွားပြီး တိုက်ရိုက် နားထောင်နိုင်ခြင်း မရှိခဲ့သည်ကအလွန်ပင် ဝမ်းနည်းစရာကောင်းလွန်းပေသည်။ သူမက လမ်းတစ်ဖက်ခြမ်းတွင် ရပ်နေခဲ့ကာ စုန့်စစ်ယွီနှင့် ရှုကျစ်ဝမ်တို့၏ အမူအရာများကို ကြည့်ပြီး သူတို့ ပြောနေသည့်စကားများကို ခန့်မှန်းရုံသာ လုပ်နိုင်ခဲ့သည်။
လမ်းတစ်ဖက်တွင်ရှိနေသော စုန့်စစ်ယွီကတော့ သူမကို မည်သို့ရှာတွေ့ခဲ့သည်ကိုမသိဘဲ ပေါ်ထွက်လာသော ရှုကျစ်ဝမ်နှင့် ရင်ဆိုင်နေရသည့်အတွက် အလွန်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်
သို့သော် သူမ၏စိတ်ပျက်နေခြင်းက အလွန်သိသာနေ၍မရပါချေ။ မည်သို့ပင်ဆိုစေ သူမနှင့် ဟောင်ပင်းတို့ကြားထဲရှိကိစ္စသည်က လုံးလုံးချားလျားမပြီးပြတ်သေးပေ။
သူမနှင့် ဟောင်ပင်းတို့က ယခုအချိန်တွင် “သူငယ်ချင်းများ” သာဖြစ်နေသေးသည်။ သူမဘက်မှ ရှုကျစ်ဝမ်နှင့် ပြတ်စဲရန်အတွက် ဤမျှအလျင်စလိုလုပ်၍ မရနိုင်ပေ။
“ကျစ်ဝမ်.. ကျွန်မဆီမှာ တကယ်ကို အလုပ်ကိစ္စတစ်ခုရှိနေသေးတယ်၊ ကျန်တာတွေကို နောက်မှ ဆွေးနွေးလို့ရမလား”
ရှုကျစ်ဝမ်က စုန့်စစ်ယွီကို အာရုံစိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူမကို တိုက်ရိုက်မေးလိုက်တော့သည်။
“စစ်ယွီ.. မင်း ဒီရက်ပိုင်း ကိုယ့်ကိုရှောင်နေတာလား.. ကိုယ် မင်းအိမ်ကို အကြိမ်ကြိမ်သွားရှာပေမဲ့
မင်းရဲ့အန်တီက မင်းမရှိဘူးလို့ပဲ ပြောနေတယ်၊
မင်းရဲ့အဖေကို သွားမေးတော့လည်း မင်းအလုပ်များနေတယ်လို့ပဲ ပြောတယ်၊ ဒါပေမယ့် မင်းက..”
မင်းမှာ အလုပ်မရှိဘဲနဲ့ အလုပ်များနေတယ်ဆိုတော့ မင်းဘာတွေများ လုပ်နေလို့လဲ?
သို့သော်လည်း ရှုကျစ်ဝမ်အနေဖြင့် ဤစကားလုံးများက စုန့်စစ်ယွီ၏နှလုံးသားကို သေချာပေါက်ထိုးနှက်သွားလိမ့်မည်ကို သိနေခဲ့သည်။
၎င်းသည်က စုန့်စစ်ယွီ၏ဒဏ်ရာများပေါ်တွင် ဆားလောင်းသကဲ့သို့ဖြစ်နေပေသည်။ ထို့ကြောင့် သူက စကားကို အမြန်ပြောင်းလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် စစ်ယွမ်.. “
“ကိုယ်တို့တွေ အပြင်သွားပြီး ချိန်းတွေ့ဖို့မလုပ်တာ အချိန်အရမ်းကြာနေပြီ.. မင်း တကယ်ပဲ အလုပ်များနေတယ်ဆိုရင်တောင် ကိုယ် မင်းကို ကူညီပေးနိုင်ပါတယ်
ချစ်သူတစ်ယောက်ရှိနေတာက ဘာအတွက်လဲ.. မင်းဘာလုပ်ချင်နေတာလဲဆိုတာ ကိုယ့်ကိုပြောလေ၊ ကိုယ် မင်းကို ကူညီပေးမယ်”
စုန့်စစ်ယွီနှင့် အတူရှိနေပြီးနောက် စုန့်စစ်ယွီ၏ ရည်ရွယ်ချက်ရှိရှိ “သွေးဆောင်မှု” အောက်တွင် ရှုကျစ်ဝမ်၏နှလုံးသားက စုန့်စစ်ယွီအပေါ်၌သာ လုံးလုံးတွယ်ကပ်နေခဲ့ပေပြီ။
သူ့အနေဖြင့် သူမကို အချိန်ကြာမြင့်စွာ မတွေ့မြင်နိုင်ရခြင်းအပေါ် မည်သို့ခံနိုင်ရည်ရှိမည်နည်း။
ထို့အပြင် သူ၏မိခင်ကလည်း စုန့်စစ်ယွီနှင့် လူငယ်တစ်ဦးတို့ အတူတူလမ်းလျှောက်နေသည်ကို လွန်ခဲ့သည့်နေ့က မြင်ခဲ့ရသည်ဟု သူ့ကိုပြောခဲ့သည်။
သူတို့နှစ်ယောက်က စကားပြောဆိုပြီး ရယ်မောနေခဲ့ကြသည်။ အဓိကအချက်မှာ စုန့်စစ်ယွီသည်က ပန်းပွင့်လေးကဲ့သို့ ပြုံးနေခြင်းပင်။ သူမကို မသိသူများက သူတို့နှစ်ယောက်ကို ချစ်ကြိုက်နေကြသည်ဟုပင် ထင်နေခဲ့ကြသည်။
ရှုကျစ်ဝမ်အနေဖြင့် သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးနေသော စုန့်စစ်ယွီက သူ့ကိုကျောခိုင်းပြီး တခြားသောအမျိုးသားတစ်ဦးနှင့်အတူ ရှိနေလိမ့်မည်ကို သေချာပေါက်မယုံကြည်ခဲ့ပေ။
စုန့်စစ်ယွီက သူ့နှင့်အတူရှိနေချိန်တွင် သူမ ကြိုက်နှစ်သက်သောလူက သူတစ်ယောက်တည်းသာဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်။
သို့သော် ရှုကျစ်ဝမ်အနေဖြင့် စုန့်စစ်ယွီကို မည်မျှပင် ယုံကြည်သည်ဖြစ်စေ သူမကိုအကြိမ်ပေါင်းများစွာ သွားသွားသော်လည်း မတွေ့နိုင်ခဲ့ချိန်တွင်တော့ စိတ်မပူပန်ဘဲမနေနိုင်တော့ပေ။
သူ၏အမြင်တွင် သူနှင့် စုန့်စစ်ယွီတို့မှာ တစ်ယောက်၏မိဘများကို တစ်ယောက်တွေ့ဆုံပြီးဖြစ်သောကြောင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေခဲ့ကြပြီးဖြစ်သည်။
သူတို့အနေဖြင့် လက်ထပ်လက်မှတ်နှင့် ပွဲအနည်းငယ်ကိုသာ မလုပ်ရသေးသည်မဟုတ်ပါလား။
အဓိကအချက်မှာ သူ့ပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများက သူ့ထံတွင် စုန့်စစ်ယွီဟုခေါ်သော ချစ်သူတစ်ဦးရှိကြောင်းကို ရှင်းလင်းစွာ သိထားခဲ့သည်။
ဤအခြေအနေတွင် စုန့်စစ်ယွီသာ နောက်ထပ်အမျိုးသားများနှင့် အမှန်တကယ် ရှုပ်ထွေးမှုများရှိနေခဲ့မည်ဆိုပါက သူ့အနေဖြင့် တခြားလူများ၏လှောင်ပြောင်ရယ်မောစရာဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
ဤသို့သော အကြောင်းများကြောင့် သူ့ကိုယ်သူ တခြားလူများ၏လှောင်ပြောင်စရာဖြစ်လာမည်ကို တွေးတောလိုက်ချိန်တွင် ရှုကျစ်ဝမ်တစ်ယောက် လုံးဝလက်မခံနိုင်ခဲ့ချေ။
ထို့ကြောင့် ဤနေ့မနက်အစောပိုင်းတွင် ရှုကျစ်ဝမ်တစ်ယောက် အလုပ်မှတစ်ရက်ခွင့်ယူပြီး စုန့်မိသားစုအိမ်တံခါးသို့ အစောကြီးသွားရောက်ပြီး စောင့်နေခဲ့သည်။
သူ့အတေဖြင့် စုန့်စစ်ယွီတ်ယောက် ဤကာလအတွင်း မည်သည့်ကိစ္စများနှင့် အလုပ်များနေသည်ကို မြင်တွေ့ချင်ခဲ့ပြီး သူမနှင့်လည်း စကားပြောဆိုချင်ခဲ့သည်။
အလုပ်ရှိသောလူများအားလုံး အလုပ်သို့သွားရန် စောင့်ဆိုင်းပြီးနောက် စုန့်စစ်ယွီလည်း အိမ်ထဲမှဖြည်းဖြည်းချင်းထွက်လာသည်ကို တွေ့မြင်ခဲ့ရလေ၏။
သို့သော် စုန့်စစ်ယွီက အဝတ်အစားအသစ်များကို ဝတ်ဆင်ထားပြီး မိတ်ကပ်မျာ့ပါ လိမ်းခြယ်ထားသည်ကို မြင်လိုက်ရလျှင် သူ၏သံသယနှင့် စိုးရိမ်ပူပန်မှုတို့က ပို၍နက်ရှိုင်းလာခဲ့သည်။
သူမက ဒီလောက်တောင်လှလှပပပြင်ဆင်ထားပြီးတော့ ဘယ်နေရာကိုသွားမှာလဲ။
သူ၏အမေ ပြောခဲ့သကဲ့သို့ ဤကာလအတွင်း သူမက အပြင်ဘက်တွင် တခြားအရှုပ်အထွေးတစ်ခုရှိနေခဲ့သည်လား။
ဤအကြောင်းကိုတွေးမိပြီးနောက်တွင် ရှုကျစ်ဝမ်က အရှေ့သို့ထွက်ပြီး စုန့်စစ်ယွီကို လှမ်းခေါ်မည့်အတွေးကို ပယ်ဖျက်လိုက်သည်။
သူက နံရံဘေးတွင်ပုန်းအောင်းနေခဲ့ပြီး စုန့်စစ်ယွီ သူ့ကိုသတိမထားမိကြောင်း သေချာသည်အထိ စောင့်ဆိုင်းခဲ့သည်။ ထို့နောက်မှသာ နေရာမှ အမြန်ထွက်လာပြီး စုန့်စစ်ယွီ၏ နောက်သို့ လိုက်လာခဲ့လေသည်။
သို့သော်လည်း စုန့်စစ်ယွီ၏ နောက်သို့လိုက်လာခဲ့ပြီး ခဏအကြာတွင် သူမ သွားနေသည့်နေရာက မြို့လယ်ခေါင်သို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
လမ်းတစ်လျှောက်လုံးတွင် သူမက အခြားအမျိုးသားများနှင့် စကားပြောဆိုနေသည်ကို မမြင်ခဲ့ရသကဲ့သို့ သူ၏မိခင်ပြောခဲ့သကဲ့သို့ တစ်စုံတစ်ဦးနှင့်တွေ့ရန် သွားခဲ့သည်ကိုလည်း မမြင်ခဲ့ရပေ။
ရှုကျစ်ဝမ်၏ စိတ်ပူပန်နေသောနှလုံးသားက နောက်ဆုံးတွင် မြေပြင်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။ စုန့်စစ်ယွီက သူအလုပ်လုပ်သည့်နေရာသို့ ဦးတည်သွားနေသည်ကို မြင်လျှင် စုန့်စစ်ယွီက ယနေ့ သူ့ကို လာတွေ့ခြင်းဖြစ်ကြောင်း ပို၍ပင်သေချာသွားခဲ့သည်။
ထို့ကြောင့် သူ ပုန်းအောင်းခြင်းကိုရပ်တန့်လိုက်ပြီး စုန့်စစ်ယွီကိုတွေ့ရန်အတွက် သူမ၏ရှေ့သို့ ထွက်လာခဲ့လေသည်။
သို့သော် သူ မသိခဲ့သည်မှာ စုန့်စစ်ယွီသည် အစပိုင်းတွင် ရှုကျစ်ဝမ် သူမ၏နောက်သို့ လိုက်နေသည်ကို သတိမထားမိခဲ့သော်လည်း တစ်ဖက်လူ၏ ခြေရာခံစွမ်းရည်မှာ အလွန်ပင် ညံ့ဖျင်းခဲ့လေ၏။
သူမ စက်ရုံမိသားစုဧရိယာထဲမှ ထွက်လာပြီး မကြာမီတွင် သူမ၏ နောက်မှ ခိုးကြောင်ခိုးဝှက်လိုက်လာသော ရှုကျစ်ဝမ်ကို သတိထားမိခဲ့သည်။
သူမ၏နှလုံးသားထဲတွင် အေးစက်မှုကိုခံစားလိုက်ရပြီးနောက် သူမ၏ခြေလှမ်းကို ပြောင်းလိုက်ကာ ရှုကျစ်ဝမ်အလုပ်လုပ်နေသော မြို့လယ်ခေါင်ဘက်သို့ ဦးတည်သွားခဲ့သည်။
မူလက သူမအနေဖြင့် ယနေ့တွင် ဟောင်ပင်းနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သည်။
ထိုသို့တွေ့ဆုံရန်အတွက် သူမက ဟောင်ပင်း ကြိုက်နှစ်သက်သောစာအုပ်များကိုပင် အထူးတလည်ပြင်ဆင်ခဲ့ပြီး ထိုသူ နှစ်သက်သည့် မိတ်ကပ်ခပ်ပါးပါးပုံစံကိုပင် လိမ်းခဲ့သည်။
သူမက ကိစ္စများစွာကို အကောင်းဆုံးပြင်ဆင်ထားခဲ့သည်။
ဤတွေ့ဆုံမှုကြောင့် ဟောင်ပင်းကို ပျော်ရွှင်စေပြီး သူမကို ပို၍အထင်ကြီးစေကာ ပို၍လေးစားသဘောကျလာစေရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခဲ့သည်။
သူမ အဆင်သင့်ဖြစ်နေချိန်တွင် ဤငတုံးကောင်က မမျှော်လင့်ဘဲ လမ်းတစ်ဝက်တွင် ထွက်လာခဲ့သည်။
သို့သော် သူမက ရှုကျစ်ဝမ်နှင့် အတိအလင်းပြတ်စဲရန် မစီစဉ်ထားသေးသောကြောင့် သူ့ကို တည်ငြိမ်သွားစေရန် ဆင်ခြေတစ်ခုကိုသာ ရှာနိုင်ခဲ့သည်။
ရှုကျစ်ဝမ်က သူမကိုကူညီချင်ကြောင်း ပြောလာခဲ့ချိန်တွင် စုန့်စစ်ယွီက ချက်ချင်းပင် နှလုံးသားထဲတွင် ထိမိသွားသောပုံစံကိုပြသခဲ့သော်လည်း ငြင်းပယ်ခဲ့လေသည်။
“ရပါတယ် ကျစ်ဝမ်.. ကျွန်မရဲ့ကိစ္စတွေက အသေးအဖွဲ့လေးတွေပါပဲ..
ကျွန်မ ကိုယ်တိုင်ကိုင်တွယ်နိုင်ပါတယ်..
ဒါပေမဲ့ ရှင်က.. ရှင် ဒီနေ့ အလုပ်သွားရမှာ မဟုတ်ဘူးလား၊ ဘာလို့ ဒီကိုရောက်လာတာလဲ”
စုန့်စစ်ယွီက စကားဝိုင်းခေါင်းစဉ်ကို သူ့ဘက်သို့ပြန်လှည့်လိုက်ချိန်တွင် ရှုကျစ်ဝမ်အနေဖြင့် စုန့်စစ်ယွီက သူ့ကို အဘယ်ကြောင့်လျစ်လျူရှုထားသည်ကို စုံစမ်းရှာဖွေရန်အတွက် အထူးတလည်ခွင့်ယူခဲ့ကြောင်းကို မပြောနိုင်ခဲ့ပါချေ။
ထိုစကားက သူ့ကိုယ်သူ ယုံကြည်မှုမရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်ဟု ဝန်ခံလိုက်သကဲ့သို့ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
“အိုး.. ကိုယ် ဒီနေ့ သိပ်ပြီး အလုပ်မများဘူး၊ ဒါကြောင့် ထွက်လာခဲ့တာလေ”
ရှုကျစ်ဝမ်အနေဖြင့် စုန့်စစ်ယွီက သူမ၏ကိစ္စက အသေးအဖွဲသာဖြစ်ကြောင်း ပြောခဲ့သည်ကို ပြန်လည်းသတိရသွားသောကြောင့် သူမ၏ကိစ္စက အရေးမကြီးလောက်ဟုတွေးလိုက်ပြီး စုန့်စစ်ယွီကို ဖိတ်ခေါ်လိုက်သည်။
“ကိုယ့်မှာ ရုပ်ရှင်လက်မှတ်နှစ်စောင်ရှိတယ်၊ ကိုယ်တို့တွေ ရုပ်ရှင်အတူမကြည့်ဖြစ်တာ အတော်ကြာပြီလေ.. အခု ကိုယ်တို့မှာ လုပ်စရာလည်း
မရှိဘူးဆိုတော့ အတူသွားကြည့်ရအောင်”