အခန်း (၁၇၅၉-၁၇၆၁)
Vol. 118 Ch. 1759-1761
အခန်း(၁၇၅၉)
စုန့်ချီနန်က တစ်ကိုယ်လုံးရှိ ခွန်အားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သို့သော်လည်း ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဆွဲငင်မှုရှေ့တွင် သူ၏ ခုခံမှုသည် လုံးဝအရာမရောက်ခဲ့ပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် စုန့်ချီနန်၏ ပုံရိပ်သည် ကျန်းချန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
"ကောင်စုတ်လေး ငါ့ကို လွှတ်ပေးစမ်း"
စုန့်ချီနန်က ကျန်းချန်ကို စိုက်ကြည့်ရင်း ဒေါသချောင်းချောင်း ထွက်နေခဲ့၏။
သူ၏ မျက်ဝန်းတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။
"ကောင်စုတ်လေး.. ငါက စုန့်မိသားစုရဲ့ ပထမ အကြီးအကဲပဲ မင်းငါ့ကိုသတ်ဝံ့ရင် ငါတို့ စုန့်မိသားစုက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး"
စုန့်မိသားစု၏ ပထမ အကြီးအကဲ ဖြစ်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် စုန့်ချီနန်သည် နန်လီမြို့၏ တောင်ဘက်တွင် အတော်လေး နာမည်ကျော်ကြားသူ ဖြစ်သည်။
သူက ဤမျှလောက် အရှက်ရမှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိုမြင်ကွင်းကိုမြင်လျှင် စုန့်ယွီလုံသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
စုန့်ချီနန်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ထိုကောင်လေးနှင့် အဆင့်တူ သို့မဟုတ် အနည်းငယ်ပင် ပို၍ မြင့်မားနေခဲ့သည်။
သို့သော်လည်း ထိုကောင်လေးသည် စုန့်ချီနန်ကို လုံးဝပင် ဖိနှိပ်ထားခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူများစွာထက်ပင် မနိမ့်ကျဟု သူခန့်မှန်းခဲ့သည်။
"ကောင်လေး မင်းက အရမ်းစွမ်းထက်ပေမဲ့ ငါတို့ စုန့်မိသားစုက မင်းအနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ မိသားစု မဟုတ်ဘူး"
စုန့်ယွီလုံက ကျန်းချန်ကို ခပ်တင်းတင်းစိုက်ကြည့်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။
"ငါတို့ စုန့်မိသားစုရဲ့ ပထမ အကြီးအကဲကို အမြန်လွှတ်ပေးပါ.. မဟုတ်ရင်တော့ ငါနဲ့ စုန့်မိသားစုနဲ့ မင်းနဲ့ကြားမှာရှိတဲ့ ရန်ငြိုးက ဘယ်တော့မှ ပြီးပြတ်နိုင်တော့မှာ မဟုတ်ဘူး"
"တကယ်လား အဲလိုဆိုရင်လည်း မပြီးပြတ်နိုင်အောင်ပဲ လုပ်ကြတာပေါ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် စုန့်ချီနန်၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားသော သူ၏ လက်ကို အသာအယာလှုပ်ရှားလိုက်သည်။
"ဝုန်း.."
ကျန်းချန်၏ လက်ဖဝါးကနေ ခမ်းနားသော ၇ရောင်ခြယ်မီးတောက်သည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး စုန့်ချီနန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့၏။
ထို့နောက်တွင် စုန့်ချီနန်သည် အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်နှင့် ဝိညာဥ်ပါမကျန် ၇ရောင်ခြယ် မီးတောက်၏ အောက်တွင် လောင်ကျွမ်းကာ ပျက်သုဥ်းသွားခဲ့သည်။
"ကောင်စုတ်လေး.. မင်း ငါ့ရဲ့ အကြီးအကဲကိုတောင် သတ်ပစ်ရဲတယ်လား"
ကျန်းချန်က စုန့်ချီနန်ကို သတ်ပစ်လိုက်သည်အား မြင်လျှင် စုန့်ယွီလုံသည် ရုတ်တရက် အလွန်အမင်း ဒေါသထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံးတွင် လူသတ်ချင်သော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့သည်။
ယင်းနောက်တွင် စုန့်ယွိလုံ၏ အရှိန်အဝါက ပေါက်ကွဲထွက်လာခဲ့ပြီး ကမ္ဘာ့စွမ်းအား ၅မျိုးသည် လေထုထဲတွင်ပေါင်းစည်းကာ ကြောက်မက်ဖွယ် အစွမ်းသတ္တိများ ကိန်းအောင်းနေသော ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"တောင်တန်းဓားသိုင်း"
စုန့်ယွိလုံက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ ဓားစွမ်းအားကို မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသော မီတာထောင်ချီ အရွယ်အစားရှိသည့် ဧရာမ တောင်တစ်လုံး အဖြစ်သို ပြောင်းလဲလိုက်ပြီး ကျန်းချန်ဆီသို့ သက်ရောက်စေခဲ့သည်။
"အကြီးအကဲကျန်း သတိထားပါ"
စုန့်ယွိလုံ၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုကိုမြင်လျှင် ကုမင်ဟဲ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုမျိုးကို သာမန်ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးပင် အလွယ်တကူ ခုခံနိုင်မည်မဟုတ်ဟု သူထင်ခဲ့၏။
"ဒီလောက်လေးက ငါ့အတွက် ကိစ္စမရှိပါဘူး"
ကျန်းချန်က သူ့ဆီသို့ သက်ရောက်လာသော မီတာထောင်ချီအရွယ်အစားရှိ ဧရာမတောင်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရင်း သူ၏ လက်ညှိုးကို အသာအယာ ဆန့်ထုတ်လိုက်သည်။
"ဝုန်း.."
ကျန်းချန်၏ သာမန်ဟုသာ ထင်ရသော လက်ညှိုးသည် ရုတ်တရက် မီတာထောင်ချီ အရွယ်အစားရှိ တောင်ဆီသို့ ကျရောက်သွားခဲ့ပြီး ကြောက်မက်ဖွယ် ဓားစွမ်းအားများ ကိန်းအောင်းနေသော ထိုဧရာမတောင်ကို ပူဖောင်းကဲ့သို့ ပေါက်ကွဲသွားစေခဲ့ကာ ဓားစွမ်းအားများကို လေထဲတွင် ပြန့်ကျဲသွားစေခဲ့သည်။
သို့ရာတွင် ကျန်းချန်၏ လက်ညှိုးမှ စွမ်းအားသည် မီတာထောင်ချီအရွယ်အစားရှိ ဧရာမတောင်ကို ချိုးဖျက်ပြီးနောက်တွင် လုံးဝ ပျောက်ကွယ်မသွားသေးပေ။
ထိုစွမ်းအားက မိုးကြိုးကဲ့သို့ အရှိန်အဟုန်ဖြင့် စုန့်ယွိလုံ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။
စုန့်ယွိလုံက မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့ပြီး ခြေ၁၀လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။
သူ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်တိုင်းတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် မီတာ၁၀၀ အတွင်းရှိ ကျောက်သားကြမ်းခင်းပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ ပျံ့နှံ့သွားခဲ့၏။
သူတို့ရှေ့မှ အံ့သြထိတ်လန့်ဖွယ် မြင်ကွင်းကိုမြင်လျှင် ပရိသတ်အားလုံးသည် ငြိမ်သက် တိတ်ဆိတ်သွားခဲ့သည်။
အထူးသဖြင့် စုန့်ယွီလုံ၏ စုန့်မိသားစုဝင်များသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်နေကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။
သူတို့ စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွီလုံသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်က သူတို့၏ ခေါင်းဆောင်ကို အသာစီးရယူကာ နောက်ဆုတ်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့မည်သို့မှ မျှော်လင့်မထားခဲ့ပေ။
"အကြီးအကဲကျန်းက အရမ်းကို အစွမ်းထက်တာပဲ"
ကုမင်ဟဲသည် ထိုမြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။
သူက မှင်တက်ရာကနေ ပြန်လည်သတိဝင်လာရန် အချိန်အတော်ကြာယူခဲ့ရ၏။
ဤအချိန်တွင် ကုမင်ဟဲသည် သူက ကျန်းချန်ကို လျှော့တွက်မိနေဆဲ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
"ငါ ရှေးဟောင်းနဂါးကုန်းမြေကို မပြန်ဖြစ်တဲ့ အချိန်အတွင်းမှာ ရှေးဟောင်းနဂါးမျိုးနွယ်စုက ဒီလိုမျိုး နတ်ဆိုးဆန်တဲ့ ပါရမီရှင်ကို မွေးထုတ်နိုင်ခဲ့မယ်လို့ တကယ် မျှော်လင့်မထားမိဘူး"
ကုမင်ဟဲက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
"မင်း မင်းက အင်အားစုငယ်လေးကလူ လုံးဝမဖြစ်နိုင်ဘူး မင်း ဘယ်သူလဲ"
စုန့်ယွီလုံက သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာတစ်ခုသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ဖြင့် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ် ဖြစ်သည့် သူ့ကိုရင်ဆိုင်နေရသော်လည်း သူ့ထက်ပင် အနည်းငယ်သာလွန်နေခဲ့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်သည် မဟာမြေရိုင်းနယ်မြေမှာပင် အနည်းငယ်မျှသာ ရှိသည်။
ထိုကဲ့သို့သော ပါရမီရှင်သည် အင်အားစုငယ်လေးမှ ပါရမီရှင်တစ်ဦး မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
အခန်း(၁၇၅၉)ပြီး၏။
အခန်း(၁၇၆၀)
"ငါက နယ်မြေငယ်လေးက လာတော့ရော ဘာဖြစ်လဲ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ငါက ရှေးဟောင်းနဂါးကုန်းမြေက လာတဲ့ကျန်းချန်ပဲ.. ဘာပြဿနာရှိလို့လဲ"
စုန့်ယွီလုံက သူ့ကို နယ်မြေငယ်လေးမှ လာခြင်းမဖြစ်နိုင်ဟု အဘယ်ကြောင့် ကောက်ချက်ချရသည်ကို ကျန်းချန်သည် သဘာဝကျစွာပင် နားလည်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မဟာမြေရိုင်းနယ်မြေသည် အထွတ်အထိပ်နယ်မြေ ဖြစ်ပြီး ဤနေရာရှိ ကောင်းကင်ဥပဒေသများသည် တခြားသော နယ်မြေများထက် ပိုမို၍ ပြီးပြည့်စုံမှု ရှိသည်။
ထို့ကြောင့် မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူ အားလုံးသည် တခြားသောနယ်မြေမှ ကျင့်ကြံသူများနှင့် အဆင့်တူ အတွင်းဆိုလျှင် ပိုမို သာလွန်ကြ၏။
ဥပမာအားဖြင့် သူ၏ရှေ့မှ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သော စုန့်ယွိလုံသည် သွေးလမင်းကုန်းမြေမှ ဆဋ္ဌမအဆင့်ဖြစ်သည့် သွေးအဆိပ်အဘိုးအိုနှင့် တိုက်ခိုက်ရေးစွမ်းရည် တူညီမှု ရှိသည်။
သို့ဖြစ်ရာ သာမန် နယ်မြေငယ်လေးမှ ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ပါရမီရှင်သည် ပုံမှန်အားဖြင့် စုန့်ယွီလုံ၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
ကျန်းချန်က နယ်မြေငယ်လေးမှ လာသည့်တိုင် သူ၏ နောက်ခံသည် သာမန်နယ်မြေမှ ပါရမီရှင်များနှင့် အလွန်တရာ ကွာခြားသည်။
သူက နတ်ဘုရင်အဆင့် ကျင့်စဥ်များကို ကျင့်ကြံထား၍ သူ၏ ခွန်အားက အဆင့်တူ ကျင့်ကြံသူ အများစုထက်ပင် သာလွန်မှု ရှိ၏။
ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ်ရှိ၍ အဆင့်တစ်ဆင့်ကို ထိုးဖောက်မှုတိုင်းတွင် စနစ်သည် သူ့ကို ကပ်ဘေးဒုက္ခမှ ကာကွယ်ပေးခဲ့သည်။
သို့ရာတွင် ထိုသို့ အဆင့်ထိုးဖောက်ရင်း ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာမှ တဆင့် အချက်အလက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းမှာ သူအဆင့် ထိုးဖောက်တိုင်းတွင် ရရှိသည့် ခွန်အားသည် မဟာမြေရိုင်းနယ်မြေတွင် ထိုးဖောက်သည့် ကျင့်ကြံသူများထက် မနိမ့်ကျခြင်းပင်။
ကျန်းချန်အတွက် အဆင့် ထိုးဖောက်ရာမှ ရရှိလာသော ခွန်အားသည် ကောင်းကင်ဥပဒေသ၏ အားနည်းမှုကြောင့် ထိခိုက်မှုမရှိခဲ့ပေ။
ဆိုရလျှင် သူ့အနေဖြင့် အထွတ်အထိပ် နယ်မြေတွင် အဆင့်ထိုးဖောက်သည်ဖြစ်စေ၊ နယ်မြေငယ်လေးတွင် အဆင့်ထိုးဖောက်သည်ဖြစ်စေ၊ ကွာခြားမှုမရှိပေ။
"ရှေးဟောင်းနဂါးကုန်းမြေကလား.. ဒီကောင်လေးက တကယ်ပဲ နယ်မြေငယ်လေးဆီကနေ လာတာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
စုန့်ယွိလုံ၏ မျက်ဝန်းများတွင် ရုတ်တရက် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤကောင်လေး၏ ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်သည် မဟာမြေရိုင်းနယ်မြေမှာပင် အလွန်တရာ ရှားပါး၏။
ယင်းအပြင် ထိုကောင်လေးပြောသော ရှေးဟောင်းနဂါးကုန်းမြေသည် သူတစ်ခါမှ မကြားဖူးသော နယ်မြေငယ်လေး တစ်ခု ဖြစ်ရာ ထိုကဲ့သို့ ပါရမီရှင်မျိုးကို မည်ကဲ့သို့ မွေးဖွားနိုင်ပါမည်နည်း။
သို့သော်လည်း ဤအချိန်တွင် စုန့်ယွီလုံသည် ကျန်းချန်ကို အထင်မသေးရဲတော့ပေ။
သူက အသက်ကို ခပ်ပြင်းပင်းရှူရှိုက်လိုက်ပြီး ကျန်းချန်ကိုကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ကျန်းချန် ငါတို့ ဒီမှာပဲ ရပ်လိုက်ရအောင်.. ငါတို့တွေ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့.. ဒီအတိုင်းပဲ နှစ်ဖက်စလုံး သူသေကိုယ်သေ တိုက်ခိုက်နေမယ်ဆိုရင် ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး"
ယခုအခါတွင် သူ့ထက် ပိုမို အစွမ်းထက်သော ကျန်းချန်နှင့် ရင်ဆိုင်နေရသည်ဖြစ်၍ စု့န့်ယွိလုံက သူ၏မာန်ကို ချ၍ ဆက်ဆံနေခဲ့ရသည်။
စုန့်မိသားစုသည် နန်လီမြို့တွင် နှစ်ပေါင်း ၅သန်းကြာ သမိုင်းကြောင်းရှိသော မိသားစု ဖြစ်သည်။
၎င်းတို့ မိသားစု၏ အစွမ်းကို အကုန်အစင် ထုတ်သုံးလိုက်လျှင် ကျန်းချန်ကို သတ်ဖြတ်နိုင်သည့် အခွင့်အရေးမရှိဟု မဆိုနိုင်ပေ။
သို့သော် ထိုသို့ လုပ်ဆောင်မည်ဆိုလျှင် စုန့်မိသားစုသည် ကြီးမားသောအဖိုးအခကို ပေးဆပ်ရမည်မှာ သေချာ၏။
လက်ရှိအချိန်တွင် စုန့်မိသားစု၏အကြီးအကဲ စုန့်ကျုံးနှင့် စုန့်ချီနန်တို့က ကျန်းချန်၏ လက်ထဲတွင် ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ စုန့်မိသားစု၏ အင်အားသည် အကြီးအကျယ် ထိခိုက်နေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်ကို သတ်ဖြတ်ရန် အတင်းအကျပ် ကြိုးစားနေမည် ဆိုလျှင် သူတို့ စုန့်မိသားစုသည် ဆက်လက်၍ နစ်နာမှုများကို ခံစားရမည်မှာ သေချာ၏။
ကျန်းချန်ကို သတ်ဖြတ်နိုင်လျှင်ပင် သူတို့စုန့်မိသားစုသည် နန်လီမြို့ တောင်ဘက်ရှိ အင်အားကြီး မိသားစုသုံးစုထဲကနေ ဖယ်ရှားခံရလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့်လည်း စုန့်ယွိလုံသည် မာန်ကိုချ၍ သည်းခံခြင်းကိုသာ ရွေးချယ်ခဲ့သည်။
နောက်ပိုင်းမှသာ ဟွမ်ဖူမိသားစုနှင့် ပူးပေါင်း၍ ကျန်းချန်နှင့်ရှေးဟောင်းနဂါး ကုန်သည်အသင်းကို တစ်ပြိုင်နက် ဖျက်ဆီးပစ်မည်ဟု သူ တွေးထားခဲ့သည်။
"ရတယ်လေ ဒါဆိုရင် မင်းတို့တွေ ငါအလိုရှိတဲ့ အရာတစ်ခုကို လွှဲပေးရင် မင်းတို့ စုန့်မိသားစုကို ငါ ဒီနေ့လွှတ်ပေးလိုက်မယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် စုန့်ယွီလုံ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့သော်လည်း ဟန်လုပ်၍ ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ.. မင်းလိုချင်တာ စုန့်မိသားစုမှာ ရှိနေသရွေ့ မင်းကို ပေးမယ်လို့ ငါကတိပေးတယ်"
"ခေါင်းဆောင်စုန့်က တကယ်ကို ရက်ရောတာပဲ"
ကျန်းချန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
"ငါလိုချင်တာက မင်းတို့ စုန့်မိသားစု ငါတို့ ရှေးဟောင်းနဂါးကုန်သည်အသင်းမှာ လာရှာတဲ့အရာပဲ"
"ဘာ"
ကျန်းချန်၏ စကားကိုကြားလျှင် စုန့်ယွီလုံ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ဤတစ်ကြိမ် စုန့်မိသားစုထံ လာရောက်ခြင်းသည် စုန့်မိသားစုကို ဒုက္ခပေးရန်မဟုတ်ဘဲ အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သည့် အမွေအနှစ်မြေပုံ၏ ကျန်ရှိသော အပိုင်များကို စုန့်မိသားစုမှ တစ်ဆင့် ရယူရန် ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။
[ဒီကောင်လေးက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို လိုချင်နေတာကိုး]
"စိတ်မကောင်းပါဘူး ငါတို့စုန့်မိသားစုမှာ မင်းလိုချင်တဲ့ အရာမရှိဘူး"
စုန့်ယွီလုံက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ခေါင်းခါရမ်းကာ ပြောလိုက်သည်။
စင်စစ် စုန့်ယွီလုံသည် ကျန်းချန်ကို မလှည့်ဖြားခဲ့ပေ။
အမှန်တကယ်လည်း သူတို့ စုန့်မိသားစုတွင် အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံ မရှိခဲ့ချေ။
"မင်းတို့ စုန့်မိသားစုမှာ မရှိရင်တောင် အဲဒီအရာက ဘယ်မှာရှိနေလဲဆိုတာ မင်းတို့ စုန့်မိသားစု သိမယ်လို့ ထင်ပါတယ်.. ဘယ်နေရာမှာရှိလဲ ဆိုတာ ငါ့ကို ပြောပြပေးရင် လုံလောက်ပါပြီ"
စုန့်ယွီလုံက မျက်မှောင်ကြုတ်သွားခဲ့သည်။
"ငါတို့ စုန့်မိသားစုက မင်းရဲ့ တောင်းဆိုချက်ကို လိုက်လျောနိုင်မှာမဟုတ်ဘူး"
ဤကိစ္စတွင် နန်လီမြို့မြောက်ဘက်ရှိ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် အင်အားစု ဖြစ်သည့် ဟွမ်ဖူမိသားစု ပါဝင်ပတ်သက်နေခဲ့သည်။
သူသာ ဤအကြောင်းကို ကျန်းချန်ထံ ပေါက်ကြားစေခဲ့လျှင် ဟွမ်ဖူမိသားစုကို ဒေါသထွက်စေပြီး နန်လီမြို့တော်တွင် စုန့်မိသားစုအတွက် နေစရာနေရာ ရှိတော့မည် မဟုတ်ပေ။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ငါလည်း ဘာမှပြောစရာ မရှိတော့ဘူး"
"ကျန်းချန် ဒီကိစ္စက ငါတို့ စုန့်မိသားစုရဲ့ အမှားဆိုတာ ဝန်ခံပါတယ်.. ဒီအတွက် စုန့်မိသားစုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို နစ်နာကြေးတချို့ ပေးဖို့ ဆန္ဒရှိပါတယ်"
ထိုစကားကို ပြောနေစဥ် စုန့်ယွီလုံ၏ မျက်နှာသည် အနည်းငယ် မှောင်မိုက်သွားခဲ့သည်။
"မင်းအနေနဲ့ ငါတို့ စုန့်မိသားစုရဲ့ ရန်သူမဖြစ်ချင်ပါနဲ့.. ဒါက မင်းအတွက် ကောင်းမှာ မဟုတ်ဘူး"
"ဟားဟား ငါက မင်းတို့စုန့်မိသားစုရဲ့ ရန်သူဖြစ်တော့ရော မင်းငါ့ကို ဘာလုပ်နိုင်မှာမို့လဲ.. စုန့်မိသားစုဆိုတာ ငါ့ရဲ့ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်သာသာပဲ.. ကောင်းပြီလေ မင်းငါ့ကို ဖွင့်မပြောဘူး ဆိုမှတော့ မင်းပါးစပ်ကနေ ထုတ်ပြောတဲ့အထိ တိုက်ရတော့မှာပေါ့"
ကျန်းချန်က စကားဆုံးသည်နှင့် ထိုက်စုအထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်ကို လှုံ့ဆော်လိုက်ရာ သိုင်းစွမ်းအားပုံရိပ်သည် သူ၏ ဦးခေါင်းအထက်တွင် ထွက်ပေါ်လာခဲ့သည်။
သိုင်းစွမ်းအားပုံရိပ်ကနေ ထွက်ပေါ်လာသော စွမ်းအင်သည် ကောင်းကင်ဘုံကိုးပါးကနေ ကျဆင်းလာသကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
စုန့်ယွီလုံက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ ခွန်အားများကို အစွမ်းကုန် ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖန်တီးလိုက်သည်။
သို့သော်လည်း သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာက တစ်ဝက်သာ ဖန်တီးရသေးသော အချိန်မှာပင် သိုင်းစွမ်းအားပုံရိပ်၏ စွမ်းအားသည် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို ချက်ချင်းဆိုသလို ပျက်စီးသွားစေခဲ့၏။
ထို့နောက်တွင် စုန့်ယွီလုံ၏ တစ်ကိုယ်လုံးသည် သိုင်းစွမ်းအားပုံရိပ်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားအောက်တွင် ချက်ချင်းဆိုသလို နစ်မြုပ်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်မှာပင် စုန့်ယွိလုံ၏ ခန္ဓာကိုယ်သည် ဦးခေါင်းကနေ စတင်၍ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ပြီး အဆုံးသတ်တွင် သွေးမှုန်များ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကာ စုန့်မိသားစုတံခါးဝ အပြင်ဘက်ရှိ ကျောက်သားကြမ်းပြင်ကို ဆေးဆိုးသလိုပင် ဖြစ်သွားခဲ့သည်။
စုန့်ယွိလုံ၏ ခွန်အားသည် သွေးလမင်းကုန်းမြေမှ သွေးအဆိပ်အဘိုးအိုနှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။
ယခင်က ကျန်းချန်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်သို့ ရောက်ရှိကာစတွင် သွေးအဆိပ်အဘိုးအိုကို သတ်ဖြတ်နိုင်လုနီးပါး စွမ်းရည် ရှိခဲ့သည်။
ယခုအခါတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် အဆင့်တစ်ဆင့် တိုးမြှင့်လာရုံသာမက ခွန်အားသည်လည်း ဘက်ပေါင်းစုံကနေ တိုးတက်လာ၍ အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ စုန့်ယွီလုံကဲ့သို့ ကျင့်ကြံသူကို သတ်ဖြတ်ရန်မှာ အလွန်တရာပင် လွယ်ကူနေခဲ့၏။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် စုန့်မိသားစုဝင် အများအပြားသည် မှင်တက်သွားခဲ့ကြပြီး သူတို့ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
သူတို့ စုန့်မိသားစု၏ ခေါင်းဆောင်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ မလှုပ်ရှားသရွေ့ သူတို့၏ ခေါင်းဆောင်သည် ဤနန်လီမြို့တွင် ပြိုင်ဘက်မရှိသလောက်ပင်။
ယင်းကဲ့သို့ အင်အားကြီးမားသော ကျင့်ကြံသူကိုပင် ကျန်းချန်သာ အသာအယာပင် သတ်ဖြတ်ပစ်လိုက်သည်။
ဤအချိန်တွင် စုန့်မိသားစုမှ ကျင့်ကြံသူများစွာ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်များတွင် ထိတ်လန့်မှုနှင့် အားငယ်မှုများ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။
သူတို့၏ ခေါင်းဆောင်ပင်လျှင် ထိုကောင်လေး၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဖြစ်ရာ သူတို့စုန့်မိသားစုတွင် ထိုကောင်လေး၏ ပြိုင်ဘက် မည်သူ ရှိနိုင်ဦးမည်နည်း။
ယင်းအခြေအနေအတိုင်းသာ ဆိုလျှင် သူတို့ စုန့်မိသားစုသည် ဤတစ်ခေါက်တွင် လုံးဝ ပြိုလဲသွားပြီဟုပင် ဆိုရပေတော့မည် မဟုတ်ပါလား။
အခန်း(၁၇၆၁)
နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသော ကျန်းချန်ကို ကြည့်ရင်း စုန့်မိသားစု၏ ဒုတိယ အကြီးအကဲ စုန့်ချန် ဦးဆောင်သော ကျင့်ကြံသူများသည် ကြောက်ရွံ့ တုန်လှုပ်နေခဲ့ကြသည်။
"သခင်လေး အသက်ချမ်းသာပေးပါ"
စုန့်ချန်က ကျန်းချန်၏ ရှေ့တွင် ရပ်ကာ အသနားခံလိုက်သည်။
တခြားသော စုန့်မိသားစုမှ ကျင့်ကြံသူ များစွာသည်လည်း မျက်နှာများ ဖြူဖျော့စွာဖြင့် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ခေါင်းဆောင် စုန့်ယွိလုံကိုပင် ကြက်သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်သော ကျင့်ကြံသူ ဖြစ်၏။
သူတို့သာ ခုခံခဲ့လျှင် စုန့်မိသားစုသည် ယနေ့တွင် အမှန်တကယ် ပျက်စီးသွားပေလိမ့်မည် မဟုတ်ပါလော။
"မင်းတို့ရဲ့အသက်ကို ချမ်းသာပေးရမယ်လား.. ရတယ်လေ.. ငါလိုချင်တာကို ထုတ်ပေးလိုက်"
ကျန်းချန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"သခင်လေး.. ကျွန်တော်တို့ စုန့်မိသားစုမှ သခင်လေး လိုချင်တဲ့အရာ တကယ်မရှိတာပါ"
စုန့်ချင်က အလျင်အမြန်ပင် ပြောလိုက်သည်။
"ကျွန်တော်တို့က နန်လီမြို့ရဲ့ မြောက်ဘက်က ဟွမ်ဖူ မိသားစုရဲ့ညွှန်ကြားချက်အရ မြေပုံကို သိမ်းပိုက်ဖို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ လူလွှတ်ခဲ့တာပါ"
ဟွမ်ဖူမိသားစုက သတင်း မပေါက်ကြားစေရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သော်လည်း ဤအချိန်တွင် စုန့်ချန်သည် ဟွမ်ဖူမိသားစုကို ဂရုစိုက်နေရန် မဖြစ်နိုင်တော့ပေ။
သူသာ အမှန်အတိုင်း မပြောခဲ့လျှင် ဟွမ်ဖူမိသားစု အရေးမယူခင် သူတို့ စုန့်မိသားစုသည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"နန်လီမြို့မြောက်ဘက်က ဟွမ်ဖူ မိသားစုလား"
ကုမင်ဟဲ ထံကနေ ကျန်းချန်သည် နန်လီမြို့၏ အခြေအနေကို အကြမ်းဖျင်း သဘောပေါက်ထားခဲ့သည်။
နန်လီမြို့တွင် နယ်မြေနတ်ဘုရား အင်အားစုဖြစ်သည့် နန်လီမျိုးနွယ်စု အပြင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများ ဦးဆောင်သော အင်အားစုကြီး သုံးစု ရှိသည်။
နန်လီမြို့မြောက်ဘက်ရှိ ဟွမ်ဖူမိသားစုသည် ထိုမိသားစု သုံးစုထဲမှ တစ်စု ဖြစ်သည်။
"ဟုတ်ပါတယ် သခင်လေး"
စုန့်ချန်က အနည်းငယ်မျှပင် ဖုံးကွယ် မထားရဲဘဲ ဖြစ်ပျက်ခဲ့သမျှကို ကျန်းချန်အား လျင်မြန်စွာပင် ပြောပြလိုက်သည်။
"လက်စသတ်တော့ စုန့်မိသားစုက ဟွမ်ဖူမိသားစုရဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်နေတာကိုး.. ကြည့်ရတာ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်မြေပုံ တစ်စိတ်တစ်ပိုင်းက ဟွမ်ဖူမိသားစုမှာ ရှိနေမယ် ထင်တယ်"
ကျန်းချန်၏ မျက်ဝန်းတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက စုန့်ချန်တို့ လူစုကို ဂရုမစိုက်တော့ဘဲ ကုမင်ဟဲကို ခေါ်ဆောင်ကာ စုန့်မိသားစု ထံကနေ ပျောက်ကွယ်သွားခဲ့သည်။
"အကြီးအကဲ ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
ကျန်းချန် ထွက်ခွာသွားပြီးနောက်တွင် ကျန်ရှိသော စုန့်မိသားစုမှ ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲသုံးပါးသည် ရုတ်တရက် သက်ပြင်းချလိုက်ကြပြီး စုန့်ချန်ကို ကြည့်ကာ မေးလိုက်ကြသည်။
သူတို့ စုန့်မိသားစုတွင် မိသားစုခေါင်းဆောင် ဖြစ်သည့် စုန့်ယွီလုံအပြင် ပထမအကြီးအကဲ စုန့်ချီနန်နှင့် တတိယအကြီးအကဲ စုန့်ကျုံးတို့သည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီဖြစ်ရာ သူတို့ စုန့်မိသားစုအင်အားသည် များစွာ ထိခိုက်သွားသည်ဟု ဆို၍ ရ၏။
ယခုအခါတွင် ဒုတိယအကြီးအကဲ ဖြစ်သည့် စု့န်ချန်သာ ကျန်ရှိတော့ရာ စုန့်မိသားစု၏ နောင်လာမည့် နေ့ရက်များသည် အနည်းငယ် ခက်ခဲတော့မည်မှာ သေချာသလောက်ပင်။
စုန့်ချင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
"အခုချက်ချင်းပဲ စုန့်မိသားစုဝင် အားလုံးကို ပစ္စည်းတွေ ထုပ်ပိုးခိုင်းလိုက်တော့.. ငါတို့တွေ နန်လီမြို့ကနေ ထွက်သွားကြမယ်"
"နန်လီမြို့ကနေ ထွက်သွားမယ်.. ဟုတ်လား"
ထိုစကားကိုကြားလျှင် အကြီးအကဲ တစ်ဦးက အံ့သြတုန်လှုပ်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ဒုတိယအကြီးအကဲ.. ဒီတစ်ခေါက် ကျွန်တာ်တို့ စုန့်မိသားစုရဲ့အင်အားက ဆိုးဆိုးရွားရွား ထိခိုက်သွားတယ် ဆိုပေမဲ့ နန်လီမြို့ကနေ ထွက်ခွာဖို့လောက် အထိတော့ မလိုအပ်သေးဘူး ထင်တယ်"
စုန့်မိသားစုမှ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် စုန့်ယွိလုံ ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ စုန့်မိသားစုသည် နန်လီမြို့တောင်ဘက်ရှိ အဓိက အင်အားစု သုံးစု စာရင်းကနေ ဖယ်ရှားခံရမည်မှာ သေချာသော်လည်း သူတို့ စုန့်မိသားစုတွင် ကောင်းကင်နတ်ဘုရား လေးငါးပါး ကျန်ရှိနေပါသေးသည်။
ဤကဲ့သို့ အင်အားမျိုးဖြင့်ဆိုလျှင် နန်လီမြို့တောင်ဘက်တွင် အသက်ရှင်နေထိုင်ရန် ပြဿနာများစွာ ရှိမည် မဟုတ်လောက်ချေ။
"မင်းတို့ရဲ့အတွေးက အရမ်းကို ရိုးရှင်းလွန်းတာပဲ.. ငါတို့စုန့်မိသားစုက နန်လီမြို့တောင်ဘက်ရဲ့ အဓိကအင်အားစု သုံးစုထဲက တစ်ခု ဖြစ်ခဲ့တဲ့အချိန်မှာ လူများစွာကို အပြစ်လုပ်ခဲ့ဖူးတယ်.. ဥပမာပြောရရင် စုန့်မိသားစုကို အမြဲတစေ စောင့်ကြည့်နေတဲ့ ယွီမိသားစုပဲ.. ငါတို့တွေ အင်အားနည်းတဲ့အချိန်မှာ သူတို့က ငါတို့ကို အလွှတ်ပေးမယ်လို့ မင်းတို့ ထင်လား.. ဒါ့အပြင် ငါတို့ ဒီနေ့ အသက်ရှင်သန်ဖို့ အတွက် ဟွမ်ဖူမိသားစုကို ရောင်းစားမိလိုက်ပြီ.. ဟွမ်ဖူမိသားစုက ငါတို့ကို လုံးဝအလွှတ်ပေးမှာ မဟုတ်လောက်ဘူး"
စုန့်ချန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့တွေ အသက်ရှင်ချင်သေးတယ်ဆိုရင် ငါညွှန်ကြားတဲ့အတိုင်းပဲ ချက်ချင်း လုပ်ဆောင်ကြတော့"
စုန့်ချင်၏ စကားကို ကြားပြီးနောက်တွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ မျက်နှာ အမူအရာများသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ကြသည်။
သူတို့က နောက်ထပ် မတွေဝေကြတော့ဘဲ စုန့်မိသားစုမှ တပည့်များကို နန်လီမြို့ကနေ ချက်ချင်း ထွက်ခွာရန်အတွက် စီစဥ်ရန် အလျင်အမြန်ပင် အကြောင်းကြားခဲ့သည်။
စုန့်မိသားစု၏ အခြေအနေက ဆိုးရွားစော အခြေအနေတွင် ရှိနေသည်ကို သိရှိသောကြောင့် စုန့်ချန်သည် ပြတ်သားစွာပင် ဆုံးဖြတ်ခဲ့သည်။
နေ့တစ်ဝက်ပင် မကြာလိုက်ဘဲ စုန့်ချင်သည် စုန့်မိသားစုနှင့် ပတ်သက်သည့် အရာအားလုံးကို ဖြေရှင်းခဲ့ပြီး စုန့်မိသားစုမှ တပည့်များကို ဦးဆောင်ကာ နန်လီမြို့ကနေ ထွက်ခွာသွားခဲ့သည်။
စုန့်မိသားစု၏ အပြုအမူသည် နန်လီမြို့ မြောက်ဘက်ရှိ လူများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။
"စုန့်မိသားစုက လူတွေက ဘာလို့ အပြင်ကို ဒီလောက် အများကြီး ထွက်လာရတာလဲ.. ဒီလောက်လူတွေ အများကြီးနဲ့ သူတို့ဘာလုပ်မလို့လဲ မသိဘူး"
"............"
နန်လီမြို့တောင်ဘက်ရှိ ကျင့်ကြံသူ အများအပြားသည် ထိုမြင်ကွင်းကိုမြင်လျှင် စိတ်ဝင်တစားဖြစ်ကာ မှန်းဆနေခဲ့ကြသည်။
"မင်းတို့တွေ မသိသေးဘူးလား.. လွန်ခဲ့တဲ့ နေ့ဝက်လောက်က စုန့်မိသားစုမှာ သိပ်ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး စုန့်မိသားစုခေါင်းဆောင် စုန့်ယွိလုံတောင် ကျဆုံးသွားခဲ့တယ်.. အခုအခြေအနေ ကြည့်ရတာ စုန့်မိသားစုက ထွက်ပြေးနေကြတဲ့ပုံပဲ"
ပါးစပ်စုတ်ချွန်းချွန်းနှင့် မျောက်ကဲ့သို့ မျက်နှာအသွင်အပြင် ရှိသည့် ပိန်ပါးပါး ကျင့်ကြံသူ တစ်ဦးက သူသိထားသမျှကို ပြောပြလိုက်သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ပိန်ပါးပါးကျင့်ကြံသူ၏ စကားကိုကြားလျှင် လူတိုင်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
စုန့်မိသားစုသည် နန်လီမြို့တောင်ဘက်ရှိ အင်အားကြီး မိသားစုသုံးစုထဲမှ တစ်စု ဖြစ်သည်။
ခေါင်းဆောင် ဖြစ်သည့် စုန့်ယွိလုံသည် ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်၏။
ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား မရှိသော နန်လီမြို့တောင်ဘက်တွင် စုန့်ယွိလုံသည် အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦးဟုပင် ဆို၍ရသည်။
ထိုကဲ့သို့သော အစွမ်းထက် ကျင့်ကြံသူသည် ရုတ်တရက် မည်ကဲ့သို့ ကျဆုံးနိုင်ပါအံ့နည်း။
"ဒီကိစ္စက အမှန်ပဲ လွန်ခဲ့တဲ့နေ့ဝက်လောက်က စုန့်မိသားစုမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတယ်"
ပိန်ပါးပါး ကျင့်ကြံသူက အခိုင်အမာပင် ပြောဆိုလိုက်သည်။
"မယုံရင် စုန့်မိသားစုကို သွားကြည့်လို့ရတယ်.. အခုလောက်ဆိုရင် စုန့်မိသားစုမှာ ဘယ်သူမှ မရှိလောက်တော့ဘူး"
"ဒါက တကယ့် သတင်းထူးပဲဟေ့.. ငါတို့တွေ စုန့်မိသားစု အတူတူ သွားကြည့်ကြစို့"
ကျင့်ကြံသူများစွာက ထိုကိစ္စကို စိတ်ဝင်စားလာကြပြီး အခြေအနေမှန်ကို သိရှိလိုကြသဖြင့် စုန့်မိသားစု၏ အိမ်တော်သို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
ပိန်ပါးပါးကျင့်ကြံသူ ပြောသလိုသာ အမှန်တကယ်ဆိုလျှင် စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွိလုံ သေဆုံးသွားခဲ့ပြီး စုန့်မိသားစုက နန်လီမြို့ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ နန်လီမြို့တောင်ဘက်ရှိ အင်အားစုများသည် နောက်တစ်ကြိမ် အပြောင်းအလဲ ဖြစ်လာပေတော့မည်။
ဤအတိုင်းဆိုလျှင် နန်လီမြို့တောင်ဘက်၏ အခြေအနေသည် ပို၍ပင် ရှုပ်ထွေးလာဖွယ် ရှိ၏။
သိပ်မကြာခင်မှာပင် လူအုပ်စု တစ်စုသည် စုန့်မိသားစု၏ အိမ်တော် အပြင်ဘက်သို့ ရောက်ရှိလာခဲ့ရာ စုန့်မိသားစု၏ တံခါးဝက ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။
မြေပြင်တစ်လျှောက်တွင် သွေးများက စွန်းထင်းနေခဲ့ပြီး အလွန်ပင် ထိတ်လန့်စရာ ကောင်းနေခဲ့၏။
အားလုံးကိုခြုံ၍ ပြောရလျှင် ဤနေရာတွင် သိပ်မကြာခင်က အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ထင်ရှား၏။
"စုန့်မိသားစု ခေါင်းဆောင် စုန့်ယွီလုံက ကျဆုံးသွားပြီး စုန့်မိသားစုက နန်လီမြို့ကနေ ထွက်ခွာသွားတာ အမှန်တကယ်ဖြစ်ပုံပဲ"
လူတိုင်းက သူတို့ ရှေ့မှ အခြေအနေကို မြင်လျှင် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။
"ဒါ ဘယ်သူ့လက်ချက်လဲတော့ မသိဘူး.. နန်လီမြို့ တောင်ဘက်က အင်အားကြီးမိသားစု နှစ်စု တိုက်ခိုက်ရင်တောင် ဒီလောက် အချိန်တိုအတွင်း စုန့်မိသားစုကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး"
ထိုသို့ စဥ်းစားမိလျှင် လူတိုင်း၏ အကြည့်သည် ပိန်ပါးပါးလူငယ်ထံသို့ အလိုလို ရောက်ရှိသွားခဲ့သည်။
"ဒီလူက သူ့ကိုယ်သူ ကျန်းချန်လို့ မိတ်ဆက်ခဲ့ပြီး ရှေးဟောင်းနဂါးကုန်သည်အသင်းကလို့ ပြောခဲ့တယ်.. သူက စုန့်မိသားစုရဲ့ခေါင်းဆောင် စုန့်ယွီလုံနဲ့ ပထမအကြီးအကဲ စုန့်ချီနန် တို့ကို သတ်ဖြတ်ခဲ့တယ်.. အဲဒီနောက်မှာတော့ ကျန်ရှိတဲ့ စုန့်မိသားစုက ကျင့်ကြံသူတွေ အားလုံးကို သူ့ကို ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုခဲ့ကြတယ်"
ထိုစကားကိုပြောနေစဥ် ပိန်ပါးပါးလူငယ်၏ မျက်ဝန်းထဲတွင် လေးစားကြည်ညိုသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ပိန်ပါးပါးလူငယ်၏ စကားကိုကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားကြသည်။
ထိုလူငယ်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူ ဦးဆောင်သည့် မိသားစုတစ်စုလုံးကို တစ်ကိုယ်တော်စွမ်းအားဖြင့် နှိမ်နင်းလိုက်သည်။
ယင်းမှာ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
နန်လီနယ်မြေတွင် နံပါတ်(၁)ပါရမီရှင် အဖြစ် လူသိများသောနန်လီမျိုးနွယ်စုမှ ကျင့်ကြံသူ ပင်လျှင် ထိုလူငယ်ကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ဟု ထင်ရသည်။
ထို့နောက်တွင် ကျင့်ကြံသူများစွာသည် စုန့်မိသားစုတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သက်ဆိုင်ရာ အင်အားစုများထံ သတင်းပေးပို့လိုက်ကြသည်။
တစ်ခဏအတွင်း ကျန်းချန်ဟူသော နာမည်သည် နန်လီမြို့တွင် လေပြင်းမုန်တိုင်း ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး နန်လီမြို့တော် တစ်ခုလုံးကိုပင် ချက်ချင်းဆိုသလို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။