အခန်း (၁၇၆၂-၁၇၆၄)
Vol. 118 Ch. 1762-1764
အခန်း(၁၇၆၂)
ယွီမိသားစု၏ခေါင်းဆောင် ယွီယွမ်ဟွာသည် သူ၏ မျက်လုံးများကို မှိတ်ကာ ကြောက်မက်ဖွယ်ရာကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်နေသည့် အပြာရောင် သလင်းကျောက်ကို သူ၏ ရှေ့တွင် ထား၍ လျှို့ဝှက်ခန်းတစ်ခုထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
ယွီယွမ်ဟွာက အပြာရောင်သလင်းကျောက်ထဲမှ စွမ်းအားများကို အရူးအမူး စုပ်ယူနေခဲ့၏။
သိပ်မကြာခင်မှာပင် အပြာရောင် သလင်းကျောက်သည် မျက်စိဖြင့် မြင်နိုင်သော အရွယ်အစားထိ တဖြည်းဖြည်း သေးငယ်သွားခဲ့သည်။
အပြာရောင် သလင်းကျောက်က လက်သီးဆုပ် အရွယ်ကနေ ကြက်ဥအရွယ်အစားထိ ပြောင်းလဲသွားပြီးနောက်တွင် ကြက်ဥ အရွယ်အစားကနေ လက်မခန့် အရွယ်အစားထိ ပြောင်းလဲသွားခဲ့ကာ အဆုံးသတ်တွင် ယွီယွမ်ဟွာ၏ ရှေ့ကနေ လုံး၀ ပျောက်ကွယ်သွားခဲ့သည်။
"ကုမင်ဟဲ ဆီကနေ ငါရရှိခဲ့တဲ့ ရေခဲဝိညာဉ် သလင်းကျောက်က ငါ့ရဲ့ ရေခဲဥပဒေသ မူလစွမ်းအားကို ၉၀ရာခိုင်နှုန်းထိ ရောက်ရှိစေခဲ့ပြီ"
အပြာရောင်သလင်းကျောက် ပျောက်ကွယ်သွားသည်နှင့် အမျှ ယွီယွမ်ဟွာသည် ချက်ချင်းဆိုသလိုပင် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မျက်၀န်းထဲတွင် အလွန်တရာ စိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူ၏ လက်ရှိအခြေအနေဖြင့်ဆိုလျှင် ၁၀နှစ်အတွင်း ရေခဲလမ်းစဉ် မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ ရောက်ရှိကာ ကောင်းကင်ကပ်ဘေးကို လှုံ့ဆော်နိုင်ပြီး ကောင်းကင်နတ်ဘုရားပဉ္စမ အဆင့်ကို ထိုးဖောက်နိုင်တော့မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူသည် နန်လီမြို့ တောင်ဘက်ရှိ အဓိက အင်အားစုကြီး ၃စုနှင့် ယှဉ်ပြိုင်နိုင်သော အင်အားကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်၏။
"ငါတံခါးပိတ် ကျင့်ကြံနေတာ အတော်တောင်ကြာသွားခဲ့ပြီ.. အပြင်ထွက်ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ သွားလိုက်ဦးမယ်.. ကုမင်ဟဲဆီမှာ ရေခဲလမ်းစဉ် ဥပဒေသရဲ့ မူလစွမ်းအားကို မြင့်တင်ပေးနိုင်တဲ့ တခြားရတနာတွေ ရှိဦးမယ် ထင်တယ်"
ယွီယွမ်ဟွာက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး နောက်တွင် ချက်ချင်းဆိုသလို ထရပ်ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။
"အဖေ"
အခန်းထဲမှ ထွက်လာသည်နှင့် သူ၏သား ယွီကျန့်က သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
ထိုအချင်းအရာကို မြင်လျှင် ယွီယွမ်ဟွာ၏ စိတ်သည် အနည်းငယ် လေးလံသွားခဲ့သည်။
"ကျန့်အာ.. ဒီမှာဘာလုပ်နေတာလဲ.. မိသားစုမှာ တစ်ခုခုဖြစ်ခဲ့လို့လား"
ယွီကျန့်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
"အဖေ.. ယွီမိသားစုမှာ ဘာမှမဖြစ်ပါဘူး.. ဖြစ်တာက ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာပါ"
ထိုစကားကိုကြားလျှင် ယွီယွမ်ဟာ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဘယ်သူ စော်ကားရဲတာလဲ"
ခွေးကိုရိုက်လျှင် ပိုင်ရှင်ကို ကြည့်ရမည် ဟူသော ဆိုရိုးစကားရှိသည်။
ယွီမိသားစုနဲ့ ရှေးဟောင်းနဂါးကုန်သည်အသင်းတို့ ကြားရှိ ဆက်ဆံရေးသည် မြို့တောင်ဘက်တွင် လျှို့ဝှက်ချက် မဟုတ်ပေ။
တစ်စုံတစ်ယောက်က ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဆန့်ကျင်၍ ပြဿနာရှာခြင်းသည် သူတို့ယွီမိသားစုကို ပြဿနာရှာခြင်းနဲ့ အတူတူပင် ဖြစ်သည်။
"စုန့်မိသားစုရဲ့လက်ချက်ပါ.. မကြာသေးခင်က စုန့်မိသားစုကရှေးဟောင်းနဂါး ကုန်သည်အသင်းကို မကူညီဖို့အတွက် ကျွန်တော့်ကို လူလွှတ်ပြီး သတိပေးခဲ့တယ်"
ယွီကျန့်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နေ့၀က်လောက်က ကုမင်ဟဲ ဆီက အကူအညီတောင်းခံတဲ့ သတင်းပို့ချက်ကို လက်ခံရရှိခဲ့ပေမဲ့ စုန့်မိသားကို ကြောက်ရွံ့တာကြောင့် ကုမင်ဟဲကို အကူအညီမပေးခဲ့မိဘူး"
"စုန့်မိသားစု ဟုတ်လား.. ရှေးဟောင်းနဂါး ကုန်သည်အသင်းက စုန့်မိသားစုကို ဘယ်တုန်းကစပြီး ပြဿနာရှာခဲ့မိတာလဲ"
ယွီယွမ်ဟွာ၏ မျက်နှာအနူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်၏။
"ကျန့်အာ မင်းလုပ်ရပ်မှန်တယ်.. ငါတို့ ယွီမိသားစုက စုန့်မိသားစုကို ရန်သူအဖြစ် ရင်ဆိုင်ဖို့ မသင့်တော်ဘူး.. ဒီကိစ္စမှာ စုန့်မိသားစု ပါ၀င်နေတာဆိုတော့ လက်လျှော့လိုက်တာ အကောင်းဆုံးပဲ "
ယွီယွမ်ဟွာ၏ မျက်၀န်းထဲတွင် ရှေးဟောင်းနဂါးကုန်သည်အသင်းသည် သူ့အတွက် အသုံး၀င်မှုတချို့သာရှိသည်။
သူတို့၏ခွန်အားဖြင့် ဆိုလျှင် ရှေးဟောင်းနဂါးကုန်သည်အသင်းနှင့် မိတ်ပျက်ခဲ့လျှင်ပင် အခြားသော ကုန်သည်အသင်းကို အချိန်မရွေး အစားထိုးနိုင်ပေသည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်း အတွက်ဖြင့် မြို့တောင်ဘက်ရှိ အဓိက အင်အားစုကြီး ၃စုထဲမှ တစ်ခုဖြစ်သော စုန့်မိသားစုကို သူတို့က အဘယ်ကြောင့် ဆန့်ကျင်နိုင်ပါမည်နည်း။
ယွီယွမ်ဟွာ၏ စကားကိုကြားလျှင် ယွီကျန့်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"အဖေ.. စုန့်မိသားနဲ့ ကျွန်တော်တို့ ယွီမိသားစုရဲ့ ဆက်ဆံရေးက သိပ်ကောင်းတာ မဟုတ်ဘူး.. စုန့်မိသားရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ရှေးဟောင်းနဂါး ကုန်သည်အသင်း မဟုတ်မှာကို ကျွန်တော် စိုးရိမ်မိတယ်"
ထိုစကားကိုကြားလျှင် ယွီယွမ်ဟွာသည် အံ့အားသင့်သွားခဲ့သည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် ကုမင်ဟဲ ကဲ့သို့ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်တစ်ပါးသာ ရှိပြီး နန်လီမြို့တွင်လည်း ထင်ရှားသော အင်အားစု မဟုတ်ပေ။
စုန့်မိသားစုကမူ မြို့တောင်ဘက်ရှိ အဓိက မိသားစုကြီးာ၃စုထဲမှတစ်ခု ဖြစ်ပြီး ၎င်းတို့၏ ခွန်အားသည် ယွီမိသားစုထက်ပင် ပိုမို၍ အားကောင်းသည်။
သို့ဖြစ်ရာ ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် စုန့်မိသားစုကို မည်ကဲ့သို့ စတင် ပြဿနာရှာနိုင်ပါမည်နည်း။
စုန့်မိသားစု၏ လုပ်ရပ်သည် ရှေးဟောင်းနဂါး ကုန်သည်အသင်းမှတစ်ဆင့် သူတို့ ယွီမိသားစုကို သွေးတိုးစမ်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်လောက်၏။
"ဒီကိစ္စကို စုံစမ်းဖို့အတွက် ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ ချက်ချင်းလူလွှတ်လိုက်"
ယွီယွမ်ဟွာက သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ယွီကျန့်ကို လျင်မြန်စွာ ပြောလိုက်သည်။
စုန့်မိသားစု၏ လုပ်ရပ်သည် သူတို့ ယွီမိသားစုကို အမှန်တကယ်ဦးတည်နေသည်ဆိုလျှင် သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို စောစီးစွာ ပြုလုပ်ထားရလိမ့်မည် မဟုတ်ပါလော။
ယွီကျန့်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
"အဖေမစိုးရိမ်ပါနဲ့ စုံစမ်းဖို့အတွက် ကျွန်တော် လူလွှတ်ထားပြီးပါပြီ သိပ်မကြာခင်မှာ သတင်းရလာပါလိမ့်မယ်"
သူ၏ စကားဆုံးသည်နှင့်အမျှ ကောင်းကင်ယံမှ အလင်းတန်းတစ်ခုသည် အလွန်လျင်မြန်စွာပင် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအရာမှာ ယွီမိသားစု၏ သတင်းပို့စာလွှာပင်ဖြစ်၏။
ယွီကျန့်၏မျက်၀န်းက အနည်းငယ် တောက်ပသွားခဲ့ပြီး သတင်းပို့စာလွှာကို လျင်မြန်စွာ ဖမ်းယူလိုက်သည်။
ထို့နောက်တွင် စာထဲမှ အချက်အလက်များကို သိရှိလိုက်ရသောအခါ သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းဆိုသလိုပင် တောင့်တင်းသွားခဲ့သည်။
"ကျန့်အာ.. ဘာဖြစ်လို့လဲ "
ယွီယွမ်ဟွာက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင်လည်း မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။
"အ.. အဖေ.. ဒါက ရှေးဟောင်းနဂါးကုန်သည်အသင်းဆီက သတင်းပဲ "
ယွီကျန့်က အထိတ်တလန့် ဖြစ်ကာ အသံသည်လည်း တုန်ယင်နေခဲ့သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ ကျန်းချန်လို့ခေါ်တဲ့ လူငယ်ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့တယ်.. အဲဒီလူငယ်က ဟုန်ယဲ့အသင်းရဲ့ ခေါင်းဆောင် ဟုန်ချင်းဟော်အပြင် စုန့်မိသားစုရဲ့ တတိယအကြီးအကဲ စုန့်ကျုံးကိုပါ သတ်ပစ်လိုက်တယ်.. ဒါ့အပြင် သူက ကုမင်ဟဲကို လမ်းပြခိုင်းပြီး စုန့်မိသားစုဆီကို သွားခဲ့တယ်.. အဲ ဒီနောက်မှာတော့ စုန့်မိသားစုရဲ့ခေါင်းဆောင် စုန့်ယွီလုံနဲ့ ပထမအကြီးအကဲ စုန့်ချီနန်တို့က သူရဲ့လက်ထဲမှာ ကျရှုံးသွားခဲ့ပြီး စုန့်မိသားစုလည်း နန်လီမြို့ကနေ ညတွင်းချင်း ထွက်ခွာသွားခဲ့ရတယ် "
ထိုစကားကိုကြားသည်နှင့် ယွီမိသားစု၏ ခေါင်းဆောင် ယွီယွမ်ဟွာ၏ မျက်၀န်းများသည် မိုက်မှောင်သွားခဲ့သည်။
စုန့်မိသားစုသည် နန်လီမြို့တောင်ဘက်ရှိ အင်အားစုကြီး ၃စုထဲမှ တစ်စုဖြစ်သည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်းကမူ နန်လီမြို့ တောင်ဘက်တွင် သာမန်အင်အားစုလေး တစ်ခုမျှသာ ဖြစ်၏။
သို့သော်လည်း ယခုအခါတွင် ရှေးဟောင်းနဂါးကုန်သည်အသင်း၌ ရုတ်တရက်နတ်ဆိုးဆန်သော ပါရမီရှင်တစ်ဦးပေါ်ထွက်လာခဲ့ပြီး စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွီလုံကို သတ်ပစ်ကာ စုန့်မိသားစုကိုပင် နန်လီမြို့ကနေ ထွက်ပြေးစေခဲ့သည်။
"ကျန့်အာ မင်းရဲ့သတင်းအချက်အလက်က မှန်ကန်ရဲ့လား.. ရှေးဟောင်းနဂါး ကုန်သည်အသင်းက အခြားနယ်မြေငယ်လေးကနေ မဟာမြေရိုင်းနယ်မြေမှာ တည်ထောင်ထားတဲ့ ဌာနခွဲလေးတစ်ခုပဲ.. သူ့ရဲ့နောက်ကွယ်က အင်အားစုမှာတောင် ဒီလိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး မရှိနိုင်လောက်ဘူး ထင်တယ်"
မှင်တက်ရာကနေ သတိပြန်၀င်လာပြီးနောက်တွင် ယွီယွမ်ဟွာ၏ မျက်၀န်းထဲ၌မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
"အဖေ ဒီသတင်းက အမှန်ပဲ.. သတင်းစုံစမ်းတဲ့သူက ပြန်လာနေပါပြီ.. အဖေ မယုံရင် သူ့ကို ကိုယ်တိုင် မေးမြန်းနိုင်ပါတယ်.. သူက စာထဲမှာ ဒီကိစ္စက နန်လီမြို့ပေါ်မှာ ပျံ့နှံ့နေပြီလို့ဆိုထားတယ်.. ဒီအတိုင်းဆိုရင် သိပ်မကြာခင် အချိန်အတွင်း နန်လီမြို့လုံးမှာ ကျန်းချန်ဆိုတဲ့ နာမည်က ကျော်ကြားလာတော့မယ် ထင်တယ် "
ယွီကျန့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"အဖေ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ ယွီမိသားစု ဒုက္ခရောက်ပြီထင်တယ်"
ထိုစကားကိုကြားလျှင် ယွီယွမ်ဟွာသည်အလွန်ပင် မျက်စိမျက်နှာ ပျက်သားခဲ့သည်။
ကုမင်ဟဲသည် ရေခဲဝိညာဉ်သလင်းကျောက် ဆယ်ခုကို သူ့ထံသို့ လက်ဆောင် အဖြစ် ယူလာကာ မဟာမိတ်ဖွဲ့ရန် တောင်းခံခဲ့သည်။
သလင်းကျောက်အတွက်ဖြင့် သူက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အကာအကွယ်ပေးမည်ဟု ကတိပြုခဲ့သည်။
သို့သော် ဤတစ်ကြိမ် စုန့်မိသားစုက ရှေးဟောင်းနဂါးကုန်သည်အသင်းဆီ အရေးယူခဲ့ရာတွင် သူတို့ ယွီမိသားစုသည် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အကူအညီ လုံး၀မပေးခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ရှေးဟောင်းနဂါး ကုန်သည်အသင်းအတွက်ဖြင့် သူတို့ ယွီမိသားစုထက် ပိုမို အင်အားကောင်းသည့် စုန့်မိသားစုကို ပစ်မှားခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှုမဟုတ်သည်မှာ သေချာ၏။
သို့ရာတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၌ ကျန်းချန်ဟုခေါ်သည့် ပါရမီရှင်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး စုန့်မိသားစုကို ညတွင်းချင်း ထွက်ပြေးရလောက်သည်အထိ လုပ်ဆောင်ပစ်လိမ့်မည်ဟု သူလုံး၀ မမျှော်လင့်ထားခဲ့ပေ။
ကျန်းချန်ဟုခေါ်သည့် ထိုကောင်လေးသာ သူတို့ ယွီမိသားစုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဥပေက္ခာပြုခဲ့ကြောင်းသိရှိသွားခဲ့လျှင် သူတို့သည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထိုကောင်လေးက တစ်ကိုယ်တော် အစွမ်းဖြင့်ပင် စုန့်မိသားစုကို အရေးနိမ့်အောင် လုပ်ဆောင်ပစ်ခဲ့ရာ သူတို့ ယွီမိသားစုကို ဖျက်ဆီးခြင်းမှာ အလွယ်လေးပင် မဟုတ်ပါလော။
ထိုသို့ စဉ်းစားမိသည်နှင့်အမျှ ယွီယွမ်ဟွာသည် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။
အခန်း(၁၇၆၃)
"ယွီကျန့်.. လက်ဆောင်ခပ်ကြီးကြီး အမြန်ဆုံး ပြင်ဆင်လိုက် .. ငါတို့ ရှေးဟောင်းနဂါးကုန်သည်အသင်းကို အခုချက်ချင်းသွားကြမယ်"
ယွီယွမ်ဟွာက သတိပြန်ဝင်လာပြီးနောက်တွင် သားဖြစ်သူ ယွီကျန့်ကို ခပ်သွက်သွက်ပြောလိုက်သည်။
ယွီမိသားစုနှင့် ရှေးဟောင်းနဂါးကုန်သည်အသင်းတို့ အကြားရှိ ဆက်ဆံရေးကြောင့် ဤတစ်ကြိမ်တွင် ရှေးဟောင်းနဂါးကုန်သည်အသင်းကိုသာ မစွန့်ပစ်ခဲ့လျှင် သူတို့ယွီမိသားစုသည် အကျိုးကျေးဇူးကြီးမားစွာ ရရှိမည်မှာ သေချာသည်။
သို့သော်လည်း သူတို့က စုန့်မိသားစုကို ကြောက်ရွံ့ခဲ့သောကြောင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ပြတ်ပြတ်သားသားပင် စွန့်လွှတ်ခဲ့ကြသည်။
သို့ရာတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၌ ရုတ်တရက် နတ်ဆိုးဆန်သောပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး နန်လီမြို့တောင်ဘက်ရှိ အဓိက အင်အားစုကြီးသုံးစုထဲမှ တစ်စုဖြစ်သော စုန့်မိသားစုကိုပင် အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
ယခုအခါတွင် သူတို့ ယွီမိသားစုသည် အကျိုးကျေးဇူးတစ်စုံတစ်ရာကို မရရှိနိုင်ရုံသာမက ရှေးဟောင်းနဂါးကုန်သည်အသင်း၏ အမျက်ဒေါသကိုပါ ခံရနိုင်ခြေ ရှိ၏။
ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ လက်ရှိစွမ်းရည်ဖြင့် သူတို့ယွီမိသားစုကို အမှန်တကယ် ကိုင်တွယ်ချင်လျှင် သူတို့ယွီမိသားစုသည် ခုခံနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။
ယခုအချိန်တွင် တစ်ခုတည်းသော နည်းလမ်းမှာ အမှားကို အချိန်မီပြုပြင်ရန်ပင် ဖြစ်သည်။
ဤနည်းလမ်းဖြင့်သာ သူတို့ ယွီမိသားစုသည် အသက်ရှင်ရန် အခွင့်အရေး တစ်စွန်းတစ်စကို ရရှိနိုင်မည် မဟုတ်ပါလား။
"ဟုတ်ကဲ့အဖေ"
ဤကိစ္စက ယွီမိသားစု အတွက် အလွန်တရာပင် အရေးကြီးသည်ကို သိရှိသောကြောင့် ယွီကျန့်သည် ပြင်ဆင်ရန်အတွက် အလျင်အမြန်ပင် လှည့်ထွက်သွားခဲ့သည်။
ယွီမိသားစုက ကျန်းချန်နှင့် ပတ်သက်၍ ထိတ်လန့် တုန်လှုပ်နေချိန်တွင် နန်လီမြို့ရှိ အင်အားစု များစွာသည်လည်း ထိုထိတ်လန့်ဖွယ်ကောင်းသော သတင်းကို လက်ခံရရှိခဲ့ကြသည်။
ဤသတင်းက နန်လီမြို့ တောင်ဘက်ရှိ တခြား အင်အားစုကြီးနှစ်စု အပါအဝင် အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ စုန့်မိသားစုသည် နန်လီမြို့တောင်ဘက်တွင် နာမည်ကျော်ကြားသော မိသားစု ဖြစ်ပြီး မိသားစုခေါင်းဆောင် စုန့်ယွိလုံသည် ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည်။
မိသားစုကြီးသုံးစုသည် နန်လီမြို့ တောင်ဘက်တွင် နှစ်သန်းပေါင်းများစွာ ရပ်တည်ခဲ့သော အင်အားစုများ ဖြစ်ကြသည်။
သို့သော်လည်း ကျန်းချန်ဟူသော လူငယ်တစ်ဦးသည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် အလွယ်တကူပင် စုန့်မိသားစုကို နှိမ်နင်းလိုက်၏။
ယင်းအဓိပ္ပါယ်မှာ ထိုလူငယ်သည် ကျန်ရှိသော မိသားစုကြီးနှစ်စုကိုပါ အလွယ်တကူ နှိမ်နင်းနိုင်သည့် ကြောက်မက်ဖွယ်ရာအင်အားကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုရာ ရောက်နေခဲ့သည်။
နန်လီမြို့တောင်ဘက်ရှိ အင်အားစုကြီးသုံးစုတွင် ကျိုးမိသားစုသည် ပထမနေရာ၌ ရှိသော ကောင်းကင်နတ်ဘုရားအင်အားစု ဖြစ်သည်။
ထိုသတင်းကို လက်ခံရရှိပြီးနောက်တွင် ကျိုးမိသားစု၏ ခေါင်းဆောင် ကျိုးထျန်းချန်းသည် အစည်းအဝေးခန်းမတွင်ဆွေးနွေးရန်အတွက် ကျိုးမိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဒါဇင်ခန့်ကို ချက်ချင်းဆိုသလို ခေါ်ယူတွေ့ဆုံခဲ့သည်။
"အားလုံးပဲ.. စုန့်မိသားစုအကြောင်းကို သိပြီးကြပြီလို့ ထင်ပါတယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အထင်အမြင်တွေ ရှိကြလဲ"
ကျိုးထျန်းချန်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက်တွင် ခန်းမထဲမှလူများကို အနည်းငယ် ဝေ့ကြည့်လိုက်ကာ ခန်းမ၏ တိတ်ဆိတ်မှုကို တိုက်ရိုက်ပင် ဖြိုခွင်းလိုက်သည်။
"ခေါင်းဆောင် ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ ဒီလိုလူငယ်ပါရမီရှင် တစ်ယောက် ရှိနေမှတော့ သူတို့တွေ နန်လီမြို့မှာ နေရာရလာမှာကို တားဆီးလို့ရမှာမဟုတ်ဘူး.. ကျွန်တော်တို့ ကျိုးမိသားစု အနေနဲ့ သူတို့နဲ့ရန်သူ မဖြစ်သင့်ဘူးထင်တယ်"
ကျိုးမိသားစုဝင် အကြီးအကဲတစ်ဦးက လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
ထိုအကြီးအကဲ၏ စကားကို ကျိုးမိသားစုဝင် အများအပြားက အလျင်အမြန်ပင် သဘောတူ ထောက်ခံခဲ့ကြသည်။
ကျိုးထျန်းချန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
"အားလုံး သဘောတူမှတော့ ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ မိတ်ဆွေဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီ"
ကျိုးထျန်းချန်း၏ စိတ်နှလုံးတွင်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ရန်သူ မဖြစ်ချင်ခဲ့ပေ။
ကျိုးမိသားစု၏ ခေါင်းဆောင် အနေဖြင့် ကျိုးထျန်းချန်းသည် စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွီလုံကို ပြိုင်ဘက်ကောင်းတစ်ဦး အနေဖြင့် ကောင်းစွာ သိရှိထားခဲ့သည်။
သို့ရာတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်းမှ ကျန်းချန်ဟုခေါ်သော လူငယ်ပါရမီရှင်သည် စုန့်ယွီလုံကို အလွယ်တကူပင် သတ်ဖြတ်ခဲ့သည်။
သူ့အထင် ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သည့် ကြောက်မက်ဖွယ်ရာခွန်အားကို သေချာပေါက် ပိုင်ဆိုင်ထားပုံရ၏။
ကျိုးမိသားစုသည် နန်လီမြို့တောင်ဘက်ရှိ မိသားစုကြီးသုံးစုတွင် ပထမနေရာ၌ရှိပြီး သူတို့မိသားစု၏ခွန်အားသည် စုန့်မိသားစုထက် များစွာနက်ရှိုင်းသည်။
သို့ရာတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူလောက် အစွမ်းရှိသည့် ပါရမီရှင်နှင့် အလွယ်တကူ ရန်သူမဖြစ်ချင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် နန်လီမြို့ တောင်ဘက်ရှိ အဓိက အင်အားစုကြီး သုံးစုထဲတွင် တစ်စု ဖြစ်သော နင်မိသားစုအပါအဝင် တခြားသော အင်အားစုများစွာသည်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် မိတ်ဆွေဖွဲ့ရန်အတွက် လူများစွာကို အလျင်အမြန် စေလွှတ်ခဲ့ကြသည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်းမှ ကျန်းချန်၏စွမ်းရည်သည် သူတို့တားဆီးနိုင်သည့် အရာမဟုတ်ဟု လူတိုင်းသည် ရှင်းရှင်းလင်းလင်း သိထားခဲ့ကြ၏။
နန်လီမြို့၏ တောင်ဘက်ရှိ နှစ်သန်းပေါင်းများစွာ အပြောင်းအလဲ မရှိခဲ့သော အခြေအနေသည် ဤအချိန်မှစ၍ အပြောင်းအလဲ ဖြစ်လာတော့မည်ဟု ထင်ရသည်။
မြို့တောင်ဘက်ရှိ အင်အားစုအားလုံးက ကျန်းချန်ကြောင့် တုန်လှုပ်ချောက်ချားနေသောအချိန်တွင် ကျန်းချန်သည် ကုမင်ဟဲနှင့်အတူ ရှေးဟောင်းနဂါးကုန်သည်အသင်းဆီ ပြန်လာခဲ့သည်။
"ခေါင်းဆောင်ကု.. နန်လီမြို့မြောက်ဘက်က ဟွမ်ဖူမိသားစုနဲ့ ပတ်သက်ပြီး ခင်ဗျားဘယ်လောက်အထိ သိထားလဲ"
ရှေးဟောင်းနဂါး ကုန်သည်အသင်းသို့ ပြန်ရောက်သည်နှင့် ကျန်းချန်သည် ကုမင်ဟဲကို ဟွမ်ဖူမိသားစုနှင့် ပတ်သက်သည့်အကြောင်းများကို မေးမြန်းခဲ့သည်။
စုန့်မိသားစုက ထုတ်ဖော်ပြောဆိုခဲ့သော အချက်အလက်အရ အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံ တစ်စိတ်တစ်ပိုင်းသည် ဟွမ်ဖူ မိသားစု၏ လက်ထဲတွင် ရှိနိုင်ဖွယ် အများဆုံး ဖြစ်သည်။
ဖြစ်နိုင်ပါက ကျန်းချန်သည် မြေပုံ၏ ကျန်ရှိသည့် အပိုင်းကို ရယူရန်အတွက် ဟွမ်ဖူမိသားစု ထံသို့ သွားရောက်မည် ဖြစ်၏။
"အကြီးအကဲကျန်း ဟွမ်ဖူမိသားစုက အတော်လေးအင်အားကောင်းတဲ့မိသားစုပဲ"
ကုမင်ဟဲက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
"မြေပုံရဲ့နောက်တစ်ပိုင်းက ဟွမ်ဖူ မိသားစုရဲ့ လက်ထဲမှာသာဆိုရင် ကျွန်တော်တို့ ရယူဖို့ အခွင့်အရေးမရှိတော့ဘူး ထင်တယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ဟွမ်ဖူမိသားစုနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြပါဦး"
ဟွမ်ဖူမိသားစုသည် စုန့်မိသားစုကို မြေပုံနှင့်ပတ်သက်၍ ရှာဖွေခိုင်းခဲ့သည်။
ထို့ကြောင့် ဤတစ်ကြိမ်စုန့်မိသားစုက အောင်မြင်မှု မရရှိခဲ့သည်ဖြစ်ရာ ဟွမ်ဖူ မိသားစုသည် မကြာမီအချိန်အတွင်း ထိုသတင်းကို ရရှိပြီး သူတို့ရှေးဟောင်းနဂါး ကုန်သည်အသင်းကို လာရောက် ရှာဖွေနိုင်လောက်၏။
သူတို့က အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံကို မပေးအပ်ခဲ့လျှင် ဟွမ်ဖူမိသားစုနှင့်ရင်ဆိုင်ရမည်မှာ မြေကြီး လက်ခတ်မလွဲသေချာနေခဲ့သည်။
"ဟွမ်ဖူမိသားစုက နန်လီမျိုးနွယ်စုက လွဲရင် နန်လီမြို့တော်မှာ အကြီးမားဆုံး အင်အားစုပဲ.. နန်လီမြို့တော်မှ ဟွမ်ဖူမိသားစုရဲ့အုတ်မြစ်က အတော်လေး ခိုင်ခံ့တယ်.. ဟွမ်ဖူမိသားစုရဲ့ဘိုးဘေးက တစ်ချိန်က နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ခဲ့တယ်.
ဟွမ်ဖူမိသားစုဘိုးဘေး ကျဆုံးသွားပြီးတဲ့နောက်မှာ ဟွမ်ဖူမိသားစုက နယ်မြေနတ်ဘုရားအသစ်ကို မမွေးထုတ်နိုင်တော့ဘူး.. ဒါကြောင့် ဟွမ်ဖူမိသားစုကို နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် အင်အားစုလို့လည်း ခေါ်ကြတယ်"
ကုမင်ဟဲက လေးနက်စွာ ပြောလိုက်သည်။
"ပိန်လှီတဲ့ ကုလားအုတ်က မြင်းထက်ပိုကြီးတယ် ဆိုတဲ့ ဆိုရိုစကားလိုပဲ.. ဟွမ်ဖူမိသားစုက နယ်မြေနတ်ဘုရားတစ်ပိုင်း အဆင့် အင်အားစုဖြစ်ပြီး နယ်မြေနတ်ဘုရားမရှိဘူး ဆိုပေမဲ့ သာမန် နယ်မြေနတ်ဘုရား အင်အားစုတွေထက် ပိုမိုအားကောင်းတယ်.. ဟွမ်ဖူမိသားစုမှာ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ဦးထက်မက ရှိတယ်လို့ သိရတယ်"
"ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ဦးထက်မက ရှိတယ်ဆိုတော့ ဟွမ်ဖူမိသားစုရဲ့ ခွန်အားက တကယ်ကို အားမနည်းဘူးပဲ"
ကုမင်ဟဲ၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
သူ၏လက်ရှိခွန်အားဖြင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူကို တစ်ဦးချင်း ရင်ဆိုင်ရမည်ဆိုလျှင် ပြဿနာများစွာရှိမည်မဟုတ်ပေ။
သို့သော်လည်း နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရမည်ဆိုလျှင် သူ့အနေဖြင့် အသက်ရှင်နိုင်မည် မဟုတ်ချေ။
ကုမင်ဟဲက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်စွာပြောလိုက်၏။
"အကြီးအကဲကျန်း.. အကြီးအကဲက သန်မာတယ်ဆိုတာ ကျွန်တော် သိပေမဲ့ ဟွမ်ဖူမိသားစုနဲ့ ရန်သူမဖြစ်တာ ပိုကောင်းမယ်လို့ ထင်တယ်"
ကျန်းချန်က စုန့်ယွီလုံကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့၍ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားနှင့် ယှဥ်နိုင်သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်သည်။
သို့သော်လည်း တစ်ကိုယ်တော်စွမ်းရည်ဖြင့် ဟွမ်ဖူမိသားစုကဲ့သို့ မိသားစုကြီးကို ယှဥ်ပြိုင်ရန်မှာ ခက်ခဲလိမ့်မည်ဟု ကုမင်ဟဲ ထင်ခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မလိုအပ်ဘဲ ငါဟွမ်ဖူမိသားစုနဲ့ ရန်သူ မလုပ်ပါဘူး"
ယခုအခါတွင် သူတို့သည် အရှင်ဟော်ယွင်၏ မြေပုံတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသောကြောင့် ဟွမ်ဖူမိသားစုသည် သူတို့ဆီသို့ လာရောက်မည်မှာသေချာသည်။
ဟွမ်ဖူမိသားစုသာ သူနှင့် ပူးပေါင်းဆောင်ရွက်ပြီး အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ခွဲဝေယူရန် ဆန္ဒရှိနေသရွေ့ ကျန်းချန်သည် ဟွမ်ဖူမိသားစု၏ ရန်သူဖြစ်ရန် ရွေးချယ်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ သူသည် ဟွမ်ဖူမိသားစု ကဲ့သို့ အင်အားစုကြီးများနှင့် ပတ်သက်ဆက်ဆံရန် အမှန်တကယ်ပင် စိတ်လေးနေမိသည်။
သို့သော်လည်း ဟွမ်ဖူမိသားစုက သူတို့၏လက်ထဲမှ မြေပုံကို အတင်းအကျပ် တောင်းဆိုခဲ့လျှင်မူ သူက လက်ထဲရှိမြေပုံကို လုံးဝ ပေးမည်မဟုတ်ပေ။
ဟွမ်ဖူမိသားစုက အားကောင်းသည့်တိုင် ကျန်းချန်သည် မည်သူမဆို အနိုင်ကျင့်၍ရသော သူမျိုးမဟုတ်ချေ။
ဟွမ်ဖူမိသားစုသာ အတင်းအကျပ် လုပ်ဆောင်မည်ဆိုလျှင် ကြီးလေးသော အဖိုးအခကို သေချာပေါက်ပေးဆပ်ရပေလိမ့်မည်မဟုတ်ပါလော။
အခန်း(၁၇၆၄)
နန်လီမြို့၏ မြောက်ဘက်ရှိ ခမ်းနားထည်ဝါပြီး ကြီးမားသော စံအိမ်တော်ကြီးတစ်လုံး၏ တံခါးရှေ့တွင် ရွှေရောင်ဆိုင်းဘုတ်တစ်ခု ရှိသည်။
ထိုဆိုင်းဘိုင်ပေါ်တွင် ရေးထွင်းထားသော "ဟွမ်ဖူ"ဟူသော စာလုံးနှစ်လုံးသည် လူအများကို စေ့စေ့ပင် မကြည့်ဝံ့စေသည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
ဤနေရာက နန်လီမြို့တွင် ဂုဏ်သတင်းကြီးမားသော ဟွမ်ဖူအိမ်တော်ဖြစ်ပြီး နန်လီမြို့ရှိ ထိပ်တန်းကောင်းကင်နတ်ဘုရားအင်အားစုလည်းဖြစ်သည်။
ယခုအချိန်တွင် ဟွမ်ဖူအိမ်တော်၏လှပသောခြံဝန်းလေးတစ်ခုထဲ၌ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသောအမျိုးသားတစ်ဦးသည် စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးနှင့် ခြံဝန်းအလယ်ရှိ ကျောက်စားပွဲတွင် မျက်နှာချင်းဆိုင်ကာ ထိုင်နေခဲ့သည်။
သူတို့ရှေ့ရှိ စားပွဲပေါ်တွင် အဖြူရောင်နှင့်အနက်ရောင် နယ်ရုပ်များဖြင့် ပြည့်နှက်နေသော စစ်တုရင်ခုံတစ်ခုလည်း ရှိ၏။
ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားက အနက်ရောင်နယ်ရုပ်ကို ရွှေ့လိုက်ပြီးနောက်တွင် စိမ်းပြာရောင်ဝတ်ရုံဝတ် အဘိုးအိုအားပြုံး၍ ပြောလိုက်သည်။
"လောင်စုန့် ခင်ဗျား ဒီတစ်ပွဲရှုံးသွားပြီ"
စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ပြုံး၍ တုံ့ပြန်ပြောဆိုလိုက်သည်။
"ခေါင်းဆောင်ရဲ့ အကွက်ရွှေ့ပုံက လှပပေမဲ့လည်း ဒီအချိန်မှာတော့ အနိုင်အရှုံးကို ပြောဖို့ စောပါသေးတယ်"
ယင်းနောက်တွင် ချက်ချင်းဆိုသလိုပင် အဖြူရောင်နယ်ရုပ်ကို ရွှေ့လိုက်သည်။
"ခေါင်းဆောင် မြင်တဲ့အတိုင်းပဲ.. ကစားပွဲဆိုတာ ဘဝနဲ့တူတယ်.. နောက်ဆုံးခြေလှမ်း မတိုင်မီအထိ လုံးဝ အားသာချက်ရှိနေရင်တောင် ပေါ့ပေါ့ဆဆနေလို့ မဖြစ်ဘူး"
စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အမျိုးသား၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"လောင်စုန့်က မြို့တောင်ဘက်က ကိစ္စမှာ အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာလား.. ဒါက မဖြစ်နိုင်ဘူးထင်တယ်"
သူက မြေပုံ၏ လက်ကျန် တစ်စိတ်တစ်ပိုင်းကို စုဆောင်းရန်အတွက် မြို့တောင်ဘက်ရှိ အဓိက အင်အားစု သုံးစုထဲမှ တစ်စုဖြစ်သော စုန့်မိသားစုကို တာဝန်ပေးထားခဲ့သည်။
စုန့်မိသားစု၏ ခွန်အားဖြင့်သာ ဆိုလျှင် မည်ကဲ့သို့ အပြောင်းအလဲ ဖြစ်လာနိုင်ပါမည်နည်း။
"ဘယ်ကိစ္စကိုမှ ကြိုတင်တွက်ဆထားလို့တော့ မရဘူး.. ဘာပဲဖြစ်ဖြစ် အပြောင်းအလဲမရှိဖို့အတွက် မျှော်လင့်ပါတယ်"
စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းခါရမ်းလိုက်ကာ မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"လောင်စုန့်ပြောတာမှန်တယ်.. မြေပုံကို မရမချင်း ပေါ့ပေါ့တန်တန် နေလို့မဖြစ်ဘူး"
ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူက အစီအစဥ် တချို့ကို ပြုလုပ်တော့မည့် ဆဲဆဲမှာပင် အနက်ရောင် အရိပ်တစ်ခုသည် ခြံဝန်းအပြင်ဘက်ကနေ အလျင်အမြန် ပြေးဝင်လာခဲ့သည်။
"ခေါင်းဆောင်ကို သတင်းပို့ပါတယ်.. မြို့တောင်ဘက်မှာ အပြောင်းအလဲ ဖြစ်သွားခဲ့ပြီ"
သတင်းလာပို့သည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားကို ဂါဝရပြု၍ ခပ်သွက်သွက်လျှောက်တင်လိုက်သည်။
"ဘာ.."
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားသည် ရုတ်တရက် မတ်တတ်ပင် ထရပ်လိုက်သည်။
သူက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောအမျိုးသားကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်ကာ မေးလိုက်၏။
"ဘာတွေဖြစ်ပျက်ခဲ့တာလည်း ဆိုတာ အမြန်ပြောစမ်းပါ"
သူတို့ ဟွမ်ဖူမိသားစုသည် နန်လီမြို့၏ ထိပ်တန်းအင်အားစုဖြစ်၍ သူတို့၏ လှုပ်ရှားမှုတိုင်းသည် အခြားသောအင်အားစုများ၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။
ဟွမ်ဖူမိသားစုကသာ အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံကို ရှာဖွေရန်အတွက် နန်လီမြို့၏ တောင်ဘက်သို့ ဟွမ်ဖူမိသားစုမှ လူများကိုသာ စေလွှတ်ခဲ့လျှင် နန်လီမြို့ရှိ အင်အားစုများကိုသာ သေချာပေါက် သတိထားမိစေနိုင်မည် ဖြစ်ပြီး နန်လီမျိုးနွယ်စုများပင် ထိုကိစ္စအပေါ် အာရုံစိုက်လာနိုင်၏။
ထို့ကြောင့် အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံနှင့် ပတ်သက်၍ သတင်းပေါက်ကြားခြင်းမှ ကာကွယ်ရန် အတွက် ဟွမ်ဖူမိသားစုသည် မြို့တောင်ဘက်ရှိ စုန့်မိသားစုကို လျှို့ဝှက်စွာ ဆက်သွယ်ကာ စုန့်မိသားစု၏ အင်အားကို အသုံးပြု၍ မြေပုံကို ရှာဖွေလိုခဲ့သည်။
ဟွမ်ဖူမိသားစု၏ ခေါင်းဆောင် ဖြစ်သည့် ဟွမ်ဖူလင်သည် သူ၏ အစီအစဥ်က လုံးဝကို ပြီးပြည့်စုံသည်ဟု အမြဲတစေ ခံစားခဲ့ရသည်။
သူ၏ ပြီးပြည့်စုံသော အစီအစဥ်က အပြောင်းအလဲ ဖြစ်နိုင်ဖွယ် မရှိကြောင်း သူ့စိတ်ထဲကနေ ခံစားမိခဲ့၏။
သို့ရာတွင် တစ်စုံတစ်ရာ ချွတ်ချော်မှုများ မဖြစ်လာစေရန် အစီအစဥ်များ ထပ်မံ ပြုလုပ်ရန် စီစဥ်ခဲ့၏။
သို့သော် အစီအစဥ်များကို မစီစဥ်မီမှာပင် မြို့တောင်ဘက်ရှိကိစ္စတွင် အပြောင်းအလဲ ဖြစ်သွားခဲ့မည်ဟု ဟွမ်ဖူလင် မမျှော်လင့်ခဲ့ပေ။
"ကျွန်တော်တို့ ခြေရာခံနေတဲ့ အရှင်ဟော်ယွင်ရဲ့ မြေပုံတစ်စိတ်တစ်ပိုင်းက မြို့တောင်ဘက်မှာ ရှိတဲ့ ရှေးဟောင်းနဂါးကုန်သည်အသင်းလို့ ခေါ်တဲ့ အင်အားစုလက်ထဲကို ရောက်သွားခဲ့တယ်.. စုန့်မိသားစုက မြေပုံကို သိမ်းယူဖို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီကို သွားခဲ့ပေမဲ့ အောင်မြင်မှု မရရှိခဲ့ဘူး.. ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ ကျန်းချန်လို့ ခေါ်တဲ့ လူငယ်ပါရမီရှင် တစ်ဦးက ရုတ်တရက် ထွက်ပေါ်လာခဲ့လို့ပဲ.. သူက စုန့်မိသားစုကို တစ်ကိုယ်တော် သွားရောက်ခဲ့ပြီး ခေါင်းဆောင် စုန့်ယွီလုံကို သတ်ပစ်လိုက်တယ်.. အခုဆိုရင် စုန့်မိသားစုက ထိတ်လန့်တကြားနဲ့ နန်လီမြို့ကနေတောင် ထွက်ပြေးသွားခဲ့ပြီ"
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက မြို့တောင်ဘက်မှ အခြေအနေနှင့် ပတ်သက်၍ အလျင်အမြန်ပင် ပြောပြလိုက်သည်။
ထိုစကားကိုပြောနေစဥ် သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားကိုကြားပြီးနောက်တွင် ဟွမ်ဖူလင်တို့ နှစ်ဦး၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
စုန့်မိသားစုသည် နန်လီမြို့တောင်ဘက်ရှိ အင်အားစုကြီးသုံးစုထဲမှ တစ်စုဖြစ်သည်။
စုန့်မိသားစုထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ၁၀ဦးထက်မနည်းရှိပြီး ခေါင်းဆောင်ဖြစ်သည့် စုန့်ယွီလုံသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူများထဲမှာပင် အသန်မာဆုံး ဖြစ်သည်။
ဤမျှတိုတောင်းသော အချိန်အတွင်း စုန့်မိသားစုကို ဒုက္ခပေးနိုင်သူသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကျင့်ကြံသူ ဖြစ်နိုင်လောက်၏။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ ပတ်သက်ပြီး မင်းဘယ်လောက်အထိ စုံစမ်းပြီးပြီလဲ"
ဟွမ်ဖူလင်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏စိတ်နှလုံးထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ကာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို အလေးအနက် မေးလိုက်သည်။
ဟွမ်ဖူမိသားစု၏ ခေါင်းဆောင် အနေဖြင့် ဟွမ်ဖူလင်သည် နန်လီမြို့ရှိ အင်အားစုအားလုံး၏အခြေအနေကို ကောင်းစွာသိရှိထားခဲ့သည်။
သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားထဲမှ ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ပတ်သက်၍ ဟွမ်ဖူလင်သည် လုံးဝ မသိခဲ့ပေ။
ယင်းကဲ့သို့ နာမည်မသိသော အညတရ အင်အားစုလေးသည် စုန့်မိသားစုကို နှိမ်နင်းနိုင်လောက်သည့် ကြောက်မက်ဖွယ်ခွန်အားကို မည်ကဲ့သို့ ပိုင်ဆိုင်နိုင်သည်ကို ဟွမ်ဖူလင် အမှန်တကယ် နားမလည်နိုင်တော့ပေ။
"ရှေးဟောင်းနဂါးကုန်သည်အသင်းက အခြားနယ်မြေငယ်လေးတစ်ခုကနေ မဟာမြေရိုင်းနယ်မြေမှာ တည်ထောင်ထားတဲ့ ဌာနခွဲတစ်ခုပါ.. သူတို့က မြို့တောင်ဘက်မှာရှိတဲ့ အင်အားစုငယ်လေးတစ်ခုပါပဲ.. ခေါင်းဆောင်လုပ်သူက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကျင့်ကြံသူလို့ သိရတယ်.. ရှေးဟောင်းနဂါးကုန်သည်အသင်းတစ်ခုလုံးမှာ ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ဆိုလို့ အဲဒီခေါင်းဆောင်တစ်ဦးပဲ ရှိတယ်.. ကျန်းချန်အမည်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူကတော့ လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာသလိုမျိုး ရှေးဟောင်းနဂါးကုန်သည်အသင်းမှာ ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့တယ်"
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက သူသိထားသမျှ အချက်အလက် အားလုံးကို လျင်မြန်စွာပင် ပြောပြလိုက်သည်။
ဟွမ်ဖူလင်က မျက်မှောင်ကို ခပ်တင်းတင်းကြုတ်၍ စဥ်းစားခန်းဝင်နေခဲ့၏။
ခဏအကြာတွင် သူက သူ့ရှေ့မှ စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
"လောင်စုန့်.. ခင်ဗျား စိုးရိမ်ခဲ့တဲ့အရာက တကယ်ပဲဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး"
စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံသူက စုန့်မိသားစုကို အလွယ်တကူ နှိမ်နင်းနိုင်တာကြောင့် အနည်းဆုံး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်လောက်တယ်.. ဒီလိုအားကောင်းတဲ့ကျင့်ကြံသူမျိုးကို ကျွန်တော်တို့ ဟွမ်ဖူမိသားစုက အလွယ်တကူ ရန်သူလုပ်လို့ မဖြစ်ဘူး.. မြေပုံတစ်စိတ်တစ်ပိုင်းကို လိုချင်ရင်တော့ သေချာစဥ်းစားရလိမ့်မယ် ထင်တယ်"
ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"ဒီပုံအတိုင်းဆိုရင် ထင်သလောက် မလွယ်တော့ဘူးထင်တယ်"
စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုက အနည်းငယ်စဥ်းစားလိုက်ပြီးမှ ဟွမ်ဖူလင်ကို ပြောလိုက်သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းက သာမန်အင်အားစုငယ်လေးပဲဆိုတော့ မြေပုံရဲ့ဇစ်မြစ်ကို သိချင်မှပဲ သိပါလိမ့်မယ်.. ငါကိုယ်တိုင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို သွားပြီး မြေပုံကို အရောင်းအဝယ်လုပ်ဖို့ ညှိနှိုင်းကြည့်မယ်"
"လောင်စုန့် ကိုယ်တိုင်သွားမှာဆိုတော့ ငါစိတ်ချပြီ"
ဟွမ်ဖူလင်၏ မျက်လုံးများက ထက်ရှသော အလင်းတန်းများဖြင့် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
"အကယ်၍ ရှေးဟောင်းနဂါး ကုန်သည်အသင်းကသာ အရှင်ဟော်ယွင်ရဲ့အမွေအနှစ် အကြောင်းကို သိရှိထားတယ်ဆိုရင် ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ ပူးပေါင်းလိုက်ပါ.. ဘာလို့လည်းဆိုတော့ ဒီကိစ္စက အချိန်ဆွဲလေလေ အခြေအနေက ပိုပြီးတော့ ခက်ခဲလာနိုင်လေလေ မို့လို့ပဲ"
"ငါနားလည်ပါတယ်"
စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
နယ်မြေနတ်ဘုရား တစ်ပါး၏ အမွေအနှစ်သည် နန်လီမြို့၏ အရှင်သခင် ဖြစ်သော နန်လီမျိုးနွယ်စုကိုပင် တပ်မက်စေနိုင်စွမ်း ရှိသည်။
အချိန်ဆွဲနေလျှင် ထိုသတင်းသည် ပေါက်ကြားနိုင်ဖွယ် အလွန်အမင်း မြင့်မား၏။
နန်လီမျိုးနွယ်စုက ပါဝင်ပတ်သက်လာမည် ဆိုလျှင် အရှင်ဟော်ယွင်၏ အမွေအနှစ် ကိစ္စတွင် သူတို့ အတွက် ဘာမှရရှိတော့မည် မဟုတ်ပေ။
ကျန်းချန်က ကုမင်ဟဲနှင့်အတူ ဟွမ်ဖူအိမ်တော်နှင့် ပတ်သက်၍ ဆွေးနွေးနေစဥ်မှာပင် ရှေးဟောင်းနဂါးကုန်သည်အသင်းမှ အဖွဲ့ဝင်တစ်ဦးသည် ကျန်းချန်တို့ဆီသို့ အလျင်အမြန်ပင် ပြေးဝင်လာခဲ့သည်။
"အကြီးအကဲကျန်း.. ဧည့်ခန်းမမှာ လူတွေအများကြီး ရောက်နေပြီ အကြီးအကဲကျန်းနဲ့ တွေ့ဆုံချင်တယ်လို့ ပြောနေတယ်"
ထိုစကားကိုကြားလျှင် ကုမင်ဟဲသည် ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက် သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ခေါက်တွင် ကျန်းချန်သည် စုန့်မိသားစုကို နှိမ်နင်းကာ စုန့်မိသားစု၏ ခေါင်းဆောင်စုန့်ယွီလုံကို သတ်ဖြတ်လိုက်ပြီး စုန့်မိသားစုကို နန်လီမြို့ကနေ နှင်ထုတ်နိုင်ခဲ့သည်။
ထိုကိစ္စသည် နန်လီမြို့မှ အင်အားစုတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။
ထို့ကြောင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းသို့ ရောက်ရှိလာသူများသည် အကြီးအကဲကျန်း၏ ကြောက်မက်ဖွယ်ခွန်အားကို ထိတ်လန့်သွားကြပြီး သူတို့ ရှေးဟောင်းနဂါးကုန်သည်အသင်းနှင့် မိတ်ဆွေဖွဲ့ရန် အတွက် ရောက်လာကြခြင်း ဖြစ်မည်မှာ တွေးနေစရာပင်မလိုပေ။
ဤတစ်ကြိမ်တွင် သူတို့ ရှေးဟောင်းနဂါးကုန်သည်အသင်းသည် နန်လီမြို့၌ မထင်မရှား ရှိနေရာကနေ အဆုံးသတ်၌ တိုးတက်လာပေတော့မည်။