← Chapters

အခန်း (၁၇၆၅-၁၇၆၇)

Vol. 118 Ch. 1765-1767

အခန်း (၁၇၆၅-၁၇၆၇)

Vol. 118 Ch. 1765-1767

အခန်း(၁၇၆၅)

ကျန်းချန်နှင့်ကုမင်ဟဲတို့က ဧည့်ခန်းမသို့ ရောက်လာသောအခါတွင် လူအများအပြားသည် ဧည့်ခန်းထဲတွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ကုမင်ဟဲက ခန်းမကို အနည်းငယ် ဝေ့ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့သည်။

ခန်းမထဲတွင် ကုမင်ဟော်နှင့် ရင်းနှီးဖူးသော ပုဂ္ဂိုလ်အများအပြား ရှိနေခဲ့သည်။

ကျိုးမိသားစု အကြီးအကဲ ကျိုးယွိရှန်နှင့် နင်မိသားစုခေါင်းဆောင် နင်ယွမ်ကျန့် အပါအဝင် နန်လီမြို့ တောင်ဘက်ရှိ ကျော်ကြားသော ပုဂ္ဂိုလ်အားလုံးသည် ရှေးဟောင်းနဂါးကုန်သည် အသင်းသို့ ရောက်လာခဲ့ကြသည်။

"ခေါင်းဆောင်ကု.. ကျိုးမိသားစုက ကျွန်တော် ကျိုးယွိရှန်က ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ အထူးတလည်လာရောက်တွေ့ဆုံတာပါ.. ဒါက ကျွန်တော်တို့ ကျိုးမိသားစုအနေနဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်း အတွက် တလေးတစားပြင်ဆင်လာတဲ့ လက်ဆောင်အနည်းငယ်ပါ.. နောင်အနာဂတ်မှာ ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ ကျွန်တော်တို့ကျိုးမိသားစုက ပူးပေါင်းဆောင်ရွက်ခွင့် ရချင်ပါတယ်"

ကျိုးမိသားစု၏ အကြီးအကဲက ကျန်းချန်တို့နှစ်ဦးကို မြင်လျှင် ပြုံးရွှင်စွာဖြင့် ကုမင်ဟဲ ထံသို့ ဦးစွာလျှောက်သွား၍ ပြောလိုက်သည်။

စကားပြောဆိုနေစဥ် သူ၏ လက်ဖဝါးပေါ်၌ သေသပ်ရိုးရှင်းသော အနီရောင် သေတ္တာတစ်လုံး ပေါ်လာခဲ့၏။

ထိုသေတ္တာထဲကနေ ပြင်းထန်သော ဆေးရနံ့သည် ခပ်‌ရေးရေးထွက်ပေါ်လာခဲ့သည်။

ကုမင်ဟဲက ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားသော်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ဗဟုသုတကြွယ်ဝသည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် သေတ္တာထဲမှ ဆေးလုံးသည် သတ္တမအဆင့် နတ်ဆေးလုံး သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်တွင် ရှိသော ဆေးလုံး ဖြစ်ကြောင်း သိလိုက်သည်။

သတ္တမအဆင့် နတ်ဆေးလုံးသည် ကျိုးမိသားစု ကဲ့သို့ အင်အားစုကြီးများမှာပင် အလွန်တရာ ရှားပါးသည်။

ကျိုးမိသားစုအနေဖြင့် သူတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် မဟာမိတ်ဖွဲ့နိုင်ရန် အတွက် ထိုကဲ့သို့ တန်ဖိုးကြီးမား‌သော ဆေးလုံးကိုပေးအပ်သည်မှာ ထင်ရှား၏။

"အကြီးအကဲကျိုးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"

ကုမင်ဟဲက သေတ္တာကို လှမ်းယူကာ ပြုံး၍ ပြောလိုက်သည်။

"ကျိုးမိသားစုနဲ့ နောင်လာမဲ့ အနာဂတ်တွေမှာ ပူးပေါင်းဆောင်ရွက်ခွင့်ရတာက ကျွန်တော့်အတွက်လည်း ဂုဏ်ယူစရာပါပဲ"

ထိုအချိန်မှာပင် ကျိုးယွိရှန်၏ အကြည့်သည် ကျန်းချန်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

"ဒီကမိတ်ဆွေက ကျန်းချန် ဖြစ်မယ်ထင်တယ်.. ဒီအဘိုးကြီးလေးစားပါတယ်"

သူ့အရှေ့မှ ကျန်းချန်ကိုကြည့်ရင်း ကျိုးယွိရှန်သည် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

သူက ရှေးဟောင်းနဂါးကုန်သည်အသင်းသို့ ရောက်မလာမီကပင် စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွီလုံသည် ထိုလူငယ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း ကြားသိခဲ့ရသည်။

ထို့ကြောင့် ထိုလူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်လောက်သည်ဟု သူခန့်မှန်းခဲ့၏။

သို့သော် တကယ်တမ်း ကျန်းချန်ကို မြင်ရသောအခါတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သာ ရှိသေးကြောင်း အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။

ကျင့်ကြံခြင်း အဆင့်သက်သက် ဖြစ်သာဆိုလျှင် ကျန်းချန်သည် သူ့ထက်ပင် များစွာ အားနည်းနေခဲ့၏။

သို့သော်လည်း ထိုကောင်‌လေးသည် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့်ဖြင့်ပင် ပဉ္စမအဆင့်အထွတ်အထိပ် ကျင့်ကြံသူကို အလွယ်တကူနှိမ်နင်းနိုင်ပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင်မျိုးသည် သာမန်ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများစွာထက် ပိုမို ကြောက်မက်ဖွယ်ရာကောင်းမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"ဒီကောင်လေးရဲ့ပါရမီက နန်လီမျိုးနွယ်စုက လူတွေထက် မနိမ့်လောက်ဘူး"

ကျိုးယွိရှန်က စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်သည်။

ယခုအခါတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ကျန်းချန် ရှိနေပြီဖြစ်သောကြောင့် နန်လီမြို့တွင် ထိပ်တန်းကောင်းကင်နတ်ဘုရားအင်အားစု ဖြစ်လာမည်မှာ အချိန်တစ်ခုသာလျှင် လိုအပ်ပေတော့မည်။

"ဟုတ်ပါတယ်.. ကျွန်တော်က ကျန်းချန်ပါ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

ကျိုးယွိရှန်သည် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့် ထိုကဲ့သို့သောအဆင့်သည် မှုလောက်စရာ မဟုတ်လောက်ပေ။

"ခေါင်းဆောင်ကု.. နင်မိသားစုက နင်ယွမ်ကျန့်ကလည်း ခေါင်းဆောင်ကုကို လာရောက်တွေ့ဆုံပါတယ်.. နောင်အနာဂတ်မှာ ခေါင်းဆောင်ကုရဲ့ ဂရုစိုက်မှုကို တောင်းဆိုပါရစေ"

ထိုအချိန်တွင် နင်မိသားစု၏ ခေါင်းဆောင် နင်ယွမ်ကျန့်သည် ရှေ့တက်လာခဲ့ပြီး သေသပ်လှပသော ရွှေရောင်သေတ္တာတစ်လုံးကို ကုမင်ဟဲထံ ပေးအပ်ခဲ့သည်။

သေတ္တာ၏ ပုံသဏ္ဌာန်သည် ကျိုးယွိရှန်၏ အနီရောင်သေတ္တာထက် မနိမ့်ကျပေ။

ယင်းကြောင့် နင်မိသားစုမှ ပေးအပ်သော ပစ္စည်းသည်လည်း အလွန်တန်ဖိုးရှိသော ပစ္စည်း ဖြစ်သည်မှာ ထင်ရှား၏။

ကျိုးမိသားစုနှင့် နင်မိသားစုတို့ လက်ဆောင်များ ပေးအပ်ပြီးနောက်တွင် နန်လီမြို့တောင်ဘက်ရှိ အင်အားစု များစွာမှ ကိုယ်စားလှယ် များစွာသည် ရှေတက်လာခဲ့ကြပြီး သူတို့၏ စိတ်ရင်းကို ပြသနိုင်ရန်အတွက် လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဆိုရလျှင် မြို့တောင်ဘက်ရှိ အင်အားစုများ၏ ၃ပုံ၂ပုံကျော်သည် ရှေးဟောင်းနဂါး ကုန်သည်အသင်းသို့ လူများစေလွှတ်ခဲ့ကြသည်။

မည်သို့ပင် ဖြစ်စေကာမူ ရှေးဟောင်းနဂါးကုန်သည်အသင်းမှ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်သော စုန့်မိသားစုခေါင်းဆောင် စုန့်ယွီလုံကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သော အင်အားရှိသူဖြစ်သည်။

ဆိုရလျှင် ထိုလူငယ်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်နှင့်ပင် ယှဥ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဤအချိန်မှစ၍ များမကြာမီမှာပင် ရှေးဟောင်းနဂါးကုန်သည်အသင်းသည် နန်လီမြို့တောင်ဘက်ရှိ တစ်ခုတည်းသော ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အင်အားစု ဖြစ်လာပေတော့မည်။

သို့ဖြစ်ရာ သူတို့ အင်အားစုများက မြို့တောင်ဘက်တွင် ဆက်လက် အသက်ရှင်နေထိုင်လိုခဲ့လျှင် ရှေးဟောင်းနဂါးကုန်သည်အသင်းနှင့် ကောင်းမွန်သော ဆက်ဆံ‌ရေးကို ထိန်းသိမ်းထားရလိမ့်မည် မဟုတ်ပါလား။

ထိုသို့ မဟုတ်လျှင် စုန့်မိသားစုသည် သူတို့အတွက် ကြီးမားသော သင်ခန်းစာတစ်ရပ်ပင် ဖြစ်သည်။

နန်လီမြို့တောင်ဘက်ရှိ အင်အားစုများစွာက ကုမင်ဟဲကို ၎င်းတို့၏ စိတ်ရင်းအား ပြသရန်အတွက် အပြေးအလွှား လာရောက်နေကြသည်ကို မြင်လျှင် ခန်းမ၏ ထောင့်တစ်နေရာတွင် ရပ်နေသော ယွီမိသားစု ခေါင်းဆောင် ယွီယွမ်ဟွာသည် သွေးအန်ချင်‌လောက်အောင်ပင် စိတ်ဓာတ်ကျနေခဲ့သည်။

မူလက ယွီမိသားစုနှင့်‌ ရှေးဟောင်းနဂါး ကုန်သည်အသင်းတို့ကြားရှိ ဆက်ဆံရေးတို့ကြောင့် ယွီမိသားစုသာ စုန့်မိသားစု၏ ဖိအားကို တွန်းလှန်ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းကို စွန့်ပစ်ခဲ့ခြင်း မပြုခဲ့လျှင် ယခုအခါ၌ ယွီမိသားစု၏ဂုဏ်သတင်းသည် နန်လီမြို့တောင်ဘက်တွင် သေချာပေါက် တိုးမြှင့်လာပေလိမ့်မည်။

ထို့အပြင် ကျိုးမိသားစုနှင့် နင်မိသားစုတို့ပင် သူတို့ကို ယဥ်ကျေးစွာ ဆက်ဆံလာရလိမ့်မည် ဖြစ်၏။

သို့သော်လည်း ဤအရာအားလုံးကို သူတို့ ကိုယ်တိုင်ပင် ဖျက်ဆီးမိခဲ့သည်။

ယခုအခါတွင် ဆန့်ကျင်ဘက်အနေဖြင့် ရှေးဟောင်းနဂါးကုန်သည်အသင်း၏ မုန်းတီးခြင်းကိုပါ ခံရနိုင်ခြေ ရှိနေခဲ့၏။

ရှေးဟောင်းနဂါး ကုန်သည်အသင်းကသာ ယွီမိသားစုအပေါ် အနည်းငယ် မကျေမနပ်မှုကို ပြသလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းနဂါးကုန်သည် အသင်းကပင် ကိုယ်တိုင် အရေးယူစရာ မလိုအပ်ဘဲ ရှေးဟောင်းနဂါးကုန်သည်အသင်းကို စိတ်ကျေနပ်စေလိုသော အင်အားစုများစွားသည် ယွီမိသားစု၏ တက်လမ်းကို ပိတ်ဆို့ထားလိမ့်မည်ဖြစ်သည်။

ထိုအကြောင်းကို စဥ်းစားမိပြီးနောက်တွင် ယွီယွမ်ဟွာသည် ခေါင်းကို ခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ကုမင်ဟဲ ဆီသို့ လျှောက်လာခဲ့သည်။

"ခေါင်းဆောင်ကု စိတ်မကောင်းပါဘူး.. ငါက ဒီရက်ပိုင်းမှာ တံခါးပိတ် ကျင့်ကြံနေမိခဲ့တယ်.. တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတော့မှ ငါ့ရဲ့သား ယွီကျန့်ဆီကနေ ကိစ္စအားလုံးကို သိခဲ့ရတယ်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲပတ်သက်ပြီး တောင်းပန်ဖို့ ရောက်လာခဲ့တာပါ"

ထိုစကားကိုပြောရင်း ယွီယွမ်ဟွာက သူပြင်ဆင်လာသောလက်ဆောင်ကို ကုမင်ဟဲထံ အလျင်အမြန် ပေးအပ်လိုက်သည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ခန်းမထဲရှိလူများသည် ယွီယွမ်ဟွာကို နှာခေါင်းရှုံ့ခဲ့ကြ၏။

သူတို့က ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ယွီမိသားစုကြားရှိ ဆက်ဆံရေးကို ကောင်းစွာ သိထားခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ယွီမိသားစုသည် ရှေးဟောင်းနဂါးကုန်သည်အသင်းကြောင့် ကောင်းကင်ပေါ်သို့ တက်လှမ်းရန် အခွင့်အရေးရခဲ့သော်လည်း သေရေးရှင်ရေး အခြေအနေတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို စွန့်ပစ်ခဲ့ကြသည်။

သို့ရာတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၌ ကျန်းချန်ကဲ့သို့ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။

ထိုလူငယ်က ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့ရုံသာမက နန်လီမြို့ တောင်ဘက်ရှိ အင်အားစုကြီး သုံးစုထဲမှ တစ်စုဖြစ်သော စုန့်မိသားစုကိုပင် အလွယ်တကူ နှိမ်နင်းခဲ့သည်။

ထို့ကြောင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို စွန့်ပစ်ခဲ့သော ယွီမိသားစုသည် အခြေအနေဆိုး ထဲသို့ အလိုအလျောက် ကျရောက်သွားခဲ့သည်။

ယွီမိသားစုသည် တိုးတက်ရန် အခွင့်အ‌ရေးကို ဆုံးရှုံးခဲ့ရရုံသာမက ရှေးဟောင်းနဂါး ကုန်သည်အသင်းက အနည်းငယ် မကျေမနပ် ရှိသည်နှင့် တစ်ပြိုင်နက် နန်လီမြို့ကနေ ပျောက်ကွယ်သွားနိုင်ခြေပင် ရှိနေခဲ့သည်။

"ဟားဟား ခေါင်းဆောင်ယွီ.. ဒီလောက်အထိ မလိုအပ်ပါဘူး.. ငါတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းငယ်လေးက ခေါင်းဆောင်ယွီရဲ့ လက်ဆောင်ကို လက်ခံဖို့ မဝံ့ရဲပါဘူး"

ကုမင်ဟဲက အေးစက်စက် လှောင်ပြောင်လိုက်သည်။

"ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ ယွီမိသားစုကြားမှာ ဘာပတ်သက်မှုမှ မရှိတဲ့အတွက် ခေါင်းဆောင်ယွီ ပြန်လို့ရပါပြီ"

ယွီယွမ်ဟွာနှင့် ယွီမိသားစု အပေါ်တွင် ကုမင်ဟဲသည် အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။

သူက ယွီမိသားစုတွင် ခိုလှုံရန်အတွက် သူ ခက်ခက်ခဲခဲ ရရှိထားသော ရေခဲဝိညာဥ် သလင်းကျောက် ၁၀တုံးကို ယွီယွမ်ဟွာအား ပေးအပ်ခဲ့သည့်အပြင် လက်ဆောင်အများအပြားကိုပါ ယွီမိသားစုထံ ပေးအပ်ခဲ့သည်။

သို့သော်လည်း တကယ်တမ်း ရှေးဟောင်းနဂါးကုန်သည်အသင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရသောအခါတွင် ယွီမိသားစုသည် ပတ်သက်မှုကို အနည်းငယ်မျှပင် မထောက်ထားပဲ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ပြတ်ပြတ်သားသား စွန့်ပစ်ခဲ့သည်။

ယွီယွမ်ဟွာက တံခါးပိတ် ကျင့်ကြံနေ၍ ဘာမှမသိဟု ပြောနေခြင်းမှာ အကြောင်းပြချက် သက်သာသာလျှင် ဖြစ်သည်။

ကျန်းချန်သာ ရှေးဟောင်းနဂါး ကုန်သည်အသင်းထံ အချိန်မီ ရောက်မလာခဲ့လျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် ယခုအချိန်တွင် ရှိနေတော့မည် မဟုတ်ပေ။

ယွီမိသားစုက သူ့အပေါ်တွင် ဦးစွာ မေတ္တာပျက်သောကြောင့် သူ့အနေဖြင့် ယွီမိသားစုကို ညှာတာ စဥ်းစားနေမည် မဟုတ်ချေ။

ဤတစ်ခေါက် လုပ်ရပ်အတွက် ကြီးလေးသော အဖိုးအခကို ယွီမိသားစုက ပေးဆပ်ရမည်ဟု သူဆုံးဖြတ်ထားခဲ့သည်။

အခန်း(၁၇၆၆)

ကုမင်ဟဲက နှင်ထုတ်လိုက်သောကြောင့် ယွီယွမ်ဟွာ၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ခေါင်းဆောင်ကု.. ငါ.."

"ထပ်ပြောစရာမလိုတော့ဘူး"

ကုမင်ဟဲက သူ၏လက်ကို ဝှေ့ယမ်းကာ ယွီယွမ်ဟွာ၏ စကားစကို ဖြတ်တောက်လိုက်သည်။

သူက ယွီယွမ်ဟွာကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်၏။

"အခုကစပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းနဲ့ ယွီမိသားစုကြားမှာ ဘယ်လိုဆက်ဆံရေးမှ ရှိတော့မှာမဟုတ်ဘူး"

"ခေါင်းဆောင်ကု ဒီကိစ္စမှာ ငါတို့ ယွီမိသားစုဘက်က မှားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်.. ငါတို့ရဲ့ခင်မင်မှုကို ထောက်ထားပြီး ပြန်စဥ်းစားပေးလို့ရမလား"

ယွီယွမ်ဟွာက အောက်ကျို့ကာ တောင်းပန်သော အမူအရာဖြင့်ပြောလိုက်သည်။

"ဒီမှာ ခေါင်းဆောင်ယွီ.. အခုအချိန်မှာ ရှေးဟောင်းနဂါးကုန်သည်အသင်းက ခင်ဗျားတို့ ယွီမိသားစုကို နန်လီမြို့ကနေ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်"

ကုမင်ဟဲက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်ယွီ ရှေးဟောင်းနဂါးကုန်သည်အသင်းက ခင်ဗျားကို မကြိုဆိုဘူး.. ခင်ဗျား ကိုယ့်သာသာကိုယ် ထွက်သွားမလား ဒါမှမဟုတ် ကျုပ်လူတွေကို ဆွဲထုတ်ခိုင်းရမလား"

ထိုစကားကိုကြားလျှင် ယွီယွမ်ဟွာ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။

သူ၏မျက်နှာက ချက်ချင်းပင် အိုဇာသလို ဖြစ်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့ ယွီမိသားစုသည် ရှေးဟောင်းနဂါးကုန်သည်အသင်းကို အကြီးအကျယ် စော်ကားမိခဲ့သည်။

ရှေးဟောင်းနဂါး ကုန်သည်အသင်းက ယွီမိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်ကာ တိုက်ရိုက် အရေးမယူသည်ကပင် အတော်လေး ညှာတာထားသည်ဟု ဆို၍ရနေပြီ ဖြစ်၏။

ယခုအခါတွင် နန်လီမြို့တောင်ဘက်ရှိ ရှေးဟောင်းနဂါးကုန်သည်အသင်း၏ အနေအထားသည် ယခင်က နန်လီမြို့တောင်ဘက်ကို အုပ်စိုးခဲ့သည့် အင်အားကြီး မိသားစုသုံးစုထက်ပင် ကျော်လွန်သွားခဲ့ချေပြီ။

ကျိုးမိသားစုနှင့် နင်မိသားစုပင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ရှေ့တွင် ခေါင်းငုံ့ခဲ့ကြရသည်။

ရှေးဟောင်းနဂါး ကုန်သည်အသင်းက ယွီမိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းသည် နန်လီမြို့ တောင်ဘက်ရှိ အင်အားစုများစွာကို ယွီမိသားစုနှင့် ဝေးဝေးနေရန် လှုံ့ဆော်လိုက်သည်နှင့် မခြားပေ။

ထို့အပြင် ထိုအင်အားစုများစွာသည် ရှေးဟောင်းနဂါးကုန်သည်အသင်းကို မျက်နှာလုပ်လို၍ ယွီမိသားစုကို တိုက်ခိုက်လာခြင်းပင် ဖြစ်လာနိုင်၏။

ဆိုရလျှင် ယခုအချိန်မှစ၍ နန်လီမြို့ တောင်ဘက်တွင် ယွီမိသားစုအတွက် နေရာမရှိတော့ပေ။

ယွီယွမ်ဟွာက ဘာစကားမှ ထပ်မပြောနိုင်တော့ဘဲ လူအများ၏ အကြည့်အောက်မှာပင် ညှိုးငယ်သော မျက်နှာထားဖြင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းကနေ ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့သည်။

ရှေးဟောင်းနဂါး ကုန်သည်အသင်းက ယွီမိသားစုနှင့် ဆက်နွှယ်မှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်လိုက်ပြီ ဖြစ်ရာ သူ့အနေဖြင့် ဤနေရာတွင် ဆက်နေရန်မှာ အဓိပ္ပါယ်မရှိတော့ပေ။

လက်ရှိအချိန်တွင် ယွီမိသားစုကို ဆက်လက် ရှင်သန်ချင်လျှင် စုန့်မိသားစုကို အတုယူကာ နန်လီမြို့ကနေ ထွက်ခွာသွားရန်သာ ရှိတော့သည် မဟုတ်ပါလော။

ယွီယွမ်ဟွာ ထွက်ခွာသွားပြီးနောက်တွင် ကုမင်ဟဲသည် ခန်းမထဲရှိ လူတိုင်းကို နွေးထွေးစွာဆက်ဆံခဲ့သည်။

ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် လက်ရှိအချိန်တွင် ကျန်းချန်၏ ဦးဆောင်မှုဖြင့် လူအများ၏ ကြောက်ရွံ့လေးစားမှုကို ရရှိနေသော်လည်း ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ခွန်အားကမူ အင်အားစု တော်တော်များများထက် အားနည်းနေဆဲပင်။

ရှေးဟောင်းနဂါး ကုန်သည်အသင်းဖြင့် အလျင်အမြန် တိုးတက်ချင်သည် ဆိုလျှင် မြို့တောင်ဘက်ရှိ အင်အားစုများကို သဘာဝကျစွာပင် မှီခို အားထားရလိမ့်မည် မဟုတ်ပါလော။

"ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ကုမင်ဟဲက ဘယ်သူလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြလို့ရမလား"

ကုမင်ဟဲက လူတိုင်းကို နှုတ်ဆက်နေစဥ်မှာပင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ တံခါးဝကနေ အဘိုးအိုတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် အံ့အားသင့်သွားကြ၏။

ထို့နောက်တွင် လူတိုင်းက တံခါးဝဆီသို့ လှမ်းကြည့်လိုက်ရာ စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

"သူက ဘယ်လိုလုပ်‌ ရောက်လာတာလဲ"

စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုကိုမြင်လျှင် ကျိုးမိသားစု အကြီးအကဲက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

ထိုအချင်းအရာကို မြင်လျှင် နင်ယွမ်ကျန့်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"ညီနောင်ကျိုးက ဒီအဘိုးအိုကို သိနေပုံပဲ"

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တစ်ကြိမ် ဆုံဖူးပါတယ်"

အကြီးအကဲကျိုးက တီးတိုး ပြောလိုက်သည်။

"ဒီအဘိုးအိုက ဟွမ်ဖူမိသားစုက ဟွမ်ဖူစုန့်ပဲ.. သူက ဟွမ်ဖူမိသားစုရဲ့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးထဲက တစ်ဦးပဲ.. သူဒီကိုရောက်လာမယ်လို့ မထင်ခဲ့မိဘူး"

နင်ယွမ်ကျန့်က ထိုစကားကိုကြားလျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

နင်မိသားစုခေါင်းဆောင် အနေဖြင့် နင်ယွမ်ကျန့်သည် နန်လီမြို့မြောက်ဘက်ရှိ ဟွမ်ဖူမိသားစု၏ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဟွမ်ဖူစုန့် အကြောင်းကို ကြားဖူးခဲ့သည်။

သို့ရာတွင် နင်ယွမ်ကျန့်သည် ဟွမ်ဖူစုန့်က ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် ဤအချိန်၌ ပေါ်လာခဲ့မည်ဟု မမျှော်လင့်ခဲ့ပေ။

"စုန့်မိသားစုက ဟွမ်ဖူမိသားစုနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတယ်လို့ ပြောကြတယ်.. ကြည့်ရတာ ဟွမ်ဖူစုန့်က စုန့်မိသားစုအတွက် လာတာများလား"

နင်ယွမ်ကျန့်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး စိတ်ထဲကနေ စဥ်းစားနေခဲ့သည်။

အကယ်၍ ဟွမ်ဖူမိသားစုသာ စုန့်မိသားစုအတွက် လှုပ်ရှားမည်ဆိုလျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ပေ၏။

ရုတ်တရက် ထွက်ပေါ်လာသော အဘိုးအိုကိုမြင်လျှင် ကုမင်ဟဲ၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

သူက ရှေ့တက်၍ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ကျန်းချန်၏ အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"သတိထားပါ ခေါင်းဆောင်ကု.. ဒီအဘိုးကြီးက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပဲ"

ကျန်းချန်ထံမှ သတိပေးစကားကို ကြားလျှင် ကုမင်ဟဲသည် တုန်လှုပ်သွားခဲ့သည်။

သူ၏ရှေ့မှ စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့၏။

[စုန့်မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ဟွမ်ဖူ မိသားစုက သိသွားလောက်ပြီထင်တယ်.. ဒီလူက ဟွမ်ဖူမိသားစုက‌ စေလွှတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်]

ကုမင်ဟဲ၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ စိမ်းပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို ဂါဝရပြု၍ ပြောလိုက်သည်။

"ကျွန်တော်က ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ကုမင်ဟဲပါ.. ဘာအတွက်ကြောင့် ကျွန်တော့်ဆီ ရောက်လာရလဲဆိုတာ ပြောပြလို့ရမလား"

စိမ်းပြာရောင် ဝတ်စုံဝတ်အဘိုးအိုက စကားပလ္လင်ခံမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဒီအဘိုးကြီးနာမည်က ဟွမ်ဖူစုန့်ပါ.. ဒီအဘိုးကြီးမှာ ခေါင်းဆောင်ကုနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတချို့ရှိပါတယ် ခေါင်း‌ဆောင်ကု ဒီအဘိုးကြီးနဲ့ သီးသန့်ဆွေးနွေးဖို့ ဆန္ဒရှိပါရဲ့လား"

"ခေါင်းဆောင်ကု.. အကြီးအကဲဟွမ်ဖူနဲ့ ကိစ္စရှိနေတယ်ဆိုတော့ ကျွန်တော်တို့ အနှောင့်အယှက်မပေးတော့ဘူး.. နောက်ရက်တွေမှပဲ ထပ်လာခဲ့ပါ့မယ်"

နင်ယွမ်ကျန့် နှင့် အခြားသောသူများသည် ကုမင်ဟဲကို နှုတ်ဆက်ကာ ရှေးဟောင်းနဂါး ကုန်သည်အသင်းကနေ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

နန်လီမြို့တောင်ဘက်ရှိ အင်အားစုများသည် ဤကိစ္စတွင်ပါဝင်ပတ်သက်လိုခြင်း မရှိသည်ကို သိသောကြောင့် ကုမင်ဟဲသည် ဆက်လက်နေထိုင်ရန် ပြောဆိုခြင်းမရှိခဲ့ပေ။

သူက နင်ယွမ်ကျန့်နှင့် တခြားသူများ ထွက်ခွာသွားသည်ကို တစ်ချက် ကြည့်လိုက်သည်။

ထို့‌နောက်တွင် သူက ဟွမ်ဖူစုန့်ကို ကြည့်ကာ ပြောလိုက်၏။

"အကြီးအကဲဟွမ်ဖူ.. ရှေးဟောင်းနဂါး ကုန်သည်အသင်း လာရတဲ့ အကြောင်းအရင်းကို အခု ပြောပြလို့ရပြီလာူ"

"မကွယ်မဝှက်တမ်း ပြောရရင် ဒီအဘိုးကြီးက ခေါင်းဆောင်ကု မကြာသေးခင်က ရရှိခဲ့တဲ့ မြေပုံတစ်စိတ်တစ်ပိုင်း အတွက် လာခဲ့တာပါ"

ဟွမ်ဖူစုန့်က ပြုံး၍ ပြောလိုက်သည်။

"ခေါင်းဆောင်ကု အနေနဲ့ အဲဒီမြေပုံကို ကျွန်တော်တို့ ဟွမ်ဖူအိမ်တော်ဆီ ရောင်းပေးနိုင်မလား"

ထိုစကားကိုကြားလျှင် ကုမင်ဟဲက အံ့အားသင့်သွားခဲ့သည်။

ဟွမ်ဖူစုန့်သည် အမှန်တကယ်ပင် အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံအတွက် လာရောက်ခဲ့ခြင်းဖြစ်သည်။

ကုမင်ဟဲက ခေါင်းငဲ့ကာ နံဘေးတွင် ရှိသောကျန်းချန်ကို ကြည့်လိုက်သည်။

ဤကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ရန် ကျန်းချန်ကသာ ဆုံးဖြတ်ရလိမ့်မည် မဟုတ်ပါလား။

"ဒီက မိတ်ဆွေလေးက စုန့်မိသားစုခေါင်းဆောင် စုန့်ယွီလုံကို ရှင်းပစ်ခဲ့တဲ့ မိတ်ဆွေလေးကျန်းချန် ထင်တယ်"

ဟွမ်ဖူစုန့်က ပြုံး၍ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"မိတ်ဆွေလေး ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် အထွတ်အထိပ်ဖြစ်တဲ့ စုန့်ယွီလုံကို သတ်ဖြတ်နိုင်ခဲ့တယ်.. ဒီလို ပါရမီရှင်မျိုးက ကမ္ဘာပေါ်မှာ မရှိသလောက် ရှားပါးတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

"အကြီးအကဲဟွမ်ဖူက ချီးကျူးလွန်းနေပါပြီ"

"မိတ်ဆွေလေးကျန်းချန်.. ခင်ဗျားတို့ ရှေးဟောင်းနဂါးကုန်သည်အသင်းက ရရှိခဲ့တဲ့မြေပုံက ကျွန်‌တော်တို့ ဟွမ်ဖူမိသားစုအတွက် အရမ်းကို အရေးကြီးတယ်.. ဖြစ်နိုင်ရင် ဒီမြေပုံကို ကျွန်တော်တို့ ဟွမ်ဖူမိသားစုဆီ ပြန်ရောင်းပေးလို့ရမလား"

ဟွမ်ဖူစုန့်က ပွင့်ပွင်းလင်းလင်းပင် ပြောဆိုလိုက်သည်။

"ဟွမ်ဖူမိသားစုက မြေပုံရဲ့တန်ကြေးကို တတ်နိုင်သရွေ့ ကျွန်တော့်အနေနဲ့ မြေပုံကို ရောင်းချပေးဖို့ ပြဿနာမရှိပါဘူး"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်နဲ့ ပတ်သက်တဲ့ မြေပုံအတွက် ဟွမ်ဖူမိသားစု အနေနဲ့ ဘယ်လိုအဖိုးအခနဲ့ အရောင်းအဝယ်လုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ သိချင်ပါတယ်"

အခန်း(၁၇၆၇)

ကျန်းချန်၏ စကားကိုကြားလျှင် ဟွမ်ဖူစုန့်သည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်နှင့် ရှေးဟောင်းနဂါး ကုန်သည်အသင်းတို့က မြေပုံ၏ ဇစ်မြစ်နှင့် ပတ်သက်၍ သိလိမ့်မည် မဟုတ်ဟု သူထင်ခဲ့သည်။

သို့သော်လည်း တစ်ဖက်မှ ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် မြေပုံ၏ ဇစ်မြစ်နှင့် ပတ်သက်၍ သိရှိနေခဲ့၏။

ငတုံး မဟုတ်သရွေ့ လူတိုင်းသည် နယ်မြေနတ်ဘုရား တစ်ပါး ချန်ထားခဲ့သော မြေပုံ၏ တန်ဖိုးကို ကောင်းစွာ သိထားကြသည်။

ဆိုရလျှင် မြေပုံ၏တန်ဖိုးသည် ဟွမ်ဖူမိသားစု ပင်လျှင် ပေးချေနိုင်မည် မဟုတ်သည့် တန်ဖိုးမျိုး ဖြစ်သည်။

"မိတ်ဆွေလေးကျန်းချန်.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ် မြေပုံတန်ဖိုးကို ကျွန်တော်တကယ် မခန့်မှန်းနိုင်ပါဘူး.. မိတ်ဆွေလေးကျန်းချန်ပဲ စျေးနှုန်းကို သတ်မှတ်လိုက်ပါ"

ဟွမ်ဖူစုန့်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ အကဲစမ်းသည့် သဘောဖြင့် မေးလိုက်သည်။

ကျန်းချန်တို့က မြေပုံ၏ ဇစ်မြစ်ကို သိရှိနေပြီ ဖြစ်သောကြောင့် မြေပုံကို ဝယ်ယူ၍ ရတော့မည် မဟုတ်မှန်း ဟွမ်ဖူစုန့် ကောင်းစွာ သိထားခဲ့သည်။

ကျန်းချန်က မျက်ခုံးကို အနည်းငယ်ပင့်ကာ ပြောလိုက်၏။

"ကျွန်တော်က မရောင်းချင်ဘူး ဆိုရင်ရော"

"မိတ်ဆွေလေး ကျန်းချန် မရောင်းချဘူး ဆိုရင်လည်း ငါတို့ ဟွမ်ဖူမိသားစုက အတင်းအကျပ် မလုပ်ပါဘူး"

ထိုစကားကို ပြောပြီးနောက်တွင် ဟွမ်ဖူစုန့်က အနည်းငယ် စဥ်းစားကာ ပြောလိုက်သည်။

"ဒါပေမဲ့ မိတ်ဆွေလေး လက်ထဲမှာ ရှိနေတဲ့ မြေပုံက ပြီးပြည့်စုံတဲ့မြေပုံတစ်ခု မဟုတ်တဲ့အတွက် လက်ထဲမှာ ရှိနေလို့လည်း ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူး.. မိတ်‌ဆွေလေးသာ ဆန္ဒရှိမယ်ဆိုရင် ငါတို့ ဟွမ်ဖူမိသားစု မိတ်ဆွေ‌လေးနဲ့ ပူးပေါင်းဖို့ဆန္ဒရှိပါတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟွမ်ဖူမိသားစုက ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ စီစဥ်ထားလဲဆိုတာ သိပါရစေ"

ဟွမ်ဖူမိသားစုသည် တစ်ချိန်က နယ်မြေနတ်ဘုရား တစ်ပါး ရှိခဲ့ဖူးသည့် နယ်မြေနတ်ဘုရား တစ်ပိုင်းအင်အားစု ဖြစ်သည်။

၎င်းတို့၏ ခွန်အားနှင့် သမိုင်းကြောင်းသည် သာမန်နယ်မြေနတ်ဘုရား အင်အားစုများပင် နှိုင်းယှဥ်၍ မရပေ။

သူ၏ လက်ရှိခွန်အားဖြင့်ပင် ဟွမ်ဖူမိသားစုနှင့် တိုက်ခိုက်မည်ဆိုပါက အားသာချက်ရလိမ့်မည် မဟုတ်ချေ။

ဤကဲ့သို့သော အခြေအနေတွင် ဟွမ်ဖူမိသားစုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းမွန်ဆုံးရွေးချယ်မှုပင် မဟုတ်ပါလော။

"ငါတို့ဟွမ်ဖူမိသားစုကို ယုံကြည်တယ်ဆိုရင် မင်းတို့လက်ထဲက မြေပုံကို ပေးအပ်ထားနိုင်ပါတယ်.. ဟွမ်ဖူမိသားစုက မြေပုံကနေတစ်ဆင့် အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်နယ်မြေ တည်ရှိတဲ့နေရာကို ရှာတွေ့ရင် မင်းတို့ဆီ အကြောင်းကြားဖို့ လူတစ်ဦးကို စေလွှတ်လိုက်ပါမယ်.. အဲဒီအချိန်ကျရင် အတူတူရှာဖွေစူးစမ်းပြီး ရရှိလာတဲ့ အရာတွေကို တစ်ဝက်စီ ခွဲဝေယူကြတာပေါ့"

ဟွမ်ဖူစုန့်က ခဏကြာ စဥ်းစားလိုက်ပြီးမှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ ဟွမ်ဖူမိသားစုက ဒီလောက်တောာင်သဘောကောင်းမှတော့ ကျွန်‌တော်ကျန်းချန်က ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ကုမင်ဟဲဆီသို့ လှည့်ကြည့်လိုက်သည်။

"ခေါင်းဆောင်ကု.. မြေပုံကို အကြီးအကဲဟွမ်ဖူဆီ ပေးလိုက်ပါ"

ကုမင်ဟဲက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ကျန်းချန်၏ညွှန်ကြားချက်အတိုင်း မြေပုံကို ထုတ်ယူကာ ဟွမ်ဖူစုန့်အား ပေးအပ်လိုက်သည်။

ကျန်းချန်က မြေပုံကို ဤမျှပင် ယုံကြည်မှုရှိရှိ ထုတ်ပေးလိုက်သည်ကို မြင်လျှင် ဟွမ်ဖူစုန့်သည်လည်း အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်က မြေပုံကို တိုက်ရိုက် လွှဲပြောင်းမပေးလောက်ဟု မူလက သူထင်ခဲ့သည်။

သို့ရာတွင် ကျန်းချန်က သူထင်ထားသလို မဟုတ်ဘဲ အလွယ်တကူပင် ပေးအပ်ခဲ့၏။

ထိုကောင်လေးသည် ဟွမ်ဖူမိသားစုက မြေပုံကို ရရှိပြီးနောက်တွင် ကတိဖျက်မည်ကို စိုးရိမ်မှု ရှိမနေပါသလော။

"မိတ်ဆွေလေးကျန်းချန်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်.. ဟွမ်ဖူမိသားစုက အမွေအနှစ်နယ်မြေတည်နေရာကို ရှာဖွေတွေ့ရှိတဲ့ အခါကျရင် ဟွမ်ဖူမိသားစုက လူတစ်ယောက်ကို စေလွှတ်ပြီး အမြန်ဆုံး အကြောင်းကြားလိုက်ပါ့မယ်.. ငါ့ကို သွားခွင့်ပြုပါဦး"

ဟွမ်ဖူစုန့်က ကျန်းချန်ကို လေးနက်စွာ ဂါဝရပြု နှုတ်ဆက်လိုက်ပြီးနောက်တွင် ရှေးဟောင်းနဂါး ကုန်သည်အသင်း၌ ကြာကြာမနေခဲ့ဘဲ မြေပုံနှင့်အတူ ကျန်းချန်ရှေ့ကနေ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

"အကြီးအကဲကျန်း.. မြေပုံကို ကျွန်‌တော်တို့ ဟွမ်ဖူအိမ်တော်ဆီ ဒီလိုမျိုး ပေးလိုက်တာ တကယ်ပဲ အဆင်ပြေပါ့မလား"

ကုမင်ဟဲ၏မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဟွမ်ဖူမိသားစုသည် နယ်မြေနတ်ဘုရား တစ်ပိုင်းအင်အားစု ဖြစ်ပြီး နန်လီမျိုးနွယ်စု ပြီးလျှင် နန်လီမြို့၌ ဒုတိယအင်အားအကြီးဆုံး ဖြစ်သည်။

ယခုအခါတွင် သူတို့က မြေပုံကို ဟွမ်ဖူမိသားစုထံ ပေးအပ်လိုက်ပြီ ဖြစ်၏။

အကယ်၍ ဟွမ်ဖူမိသားစုသာ ကတိကို မတည်ဘဲ အရှင်ဟော်ယွင်၏ အမွေအနှစ်ကို သိမ်းပိုက်ခဲ့လျှင် သူတို့အနေဖြင့် လက်ဗလာ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

"စိတ်မပူပါနဲ့.. ဒီကမ္ဘာမှာ ငါကျန်းချန်ရဲ့ပစ္စည်းကို ဘယ်သူမှလုယူနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"နယ်မြေနတ်ဘုရား တစ်ပိုင်းအင်အားစု ဖြစ်တော့ရော ဘာဖြစ်လဲ.. သူတို့ငါ့ကို ကတိဖျက်ရဲရင် သူတို့ ဟွမ်ဖူမိသားစုကို ကြီးလေးတဲ့အဖိုးအခ ပေးဆပ်စေလိုက်မယ်"

ဟွမ်ဖူမိသားစုသည် ခွန်အားကြီးမားသော်လည်း နယ်မြေနတ်ဘုရားမရှိသရွေ့ ကျန်းချန်သည် ကြောက်ရွံ့နေမည်မဟုတ်ပေ။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ဟွမ်ဖူမိသားစု၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးကို နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရန် ခက်ခဲနိုင်သော်လည်း ဟွမ်ဖူမိသားစုကို အနိုင်ယူရန်အတွက် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။

သူ့အနေဖြင့် ပဉ္စမမြောက် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိရန် အချိန်အနည်းငယ်ပေးလိုက်ရုံပင် မဟုတ်ပါလော။

အချိန်တန်လျှင် ဟွမ်ဖူမိသားစုပင်လျှင် သူ၏ ခြေထောက်အောက်တွင် နင်းချေခံရလိမ့်မည် ဖြစ်၏။

"ခေါင်းဆောင်ကု ကျွန်တော် ထျန်းကျီမျှော်စင်ကို သွားလိုက်ဦးမယ်.. ခင်ဗျားက မြို့မြောက်ဘက်ကို လူတစ်ဦး စေလွှတ်ပြီး ဟွမ်ဖူမိသားစုကို စောင့်ကြည့်ခိုင်းထားပါ.. အခြေအနေတစ်ခုခုထူးရင် ကျွန်တော့်ကို အမြန်ဆုံး အသိပေးဖို့ မမေ့ပါနဲ့"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကုမင်ဟဲကို တုံ့ပြန်ပြောဆိုရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ ရှေးဟောင်းနဂါး ကုန်သည်အသင်းကနေ ထွက်ခွာသွားခဲ့သည်။

ကျန်းချန်က ထျန်းကျီမျှော်စင်သို့ ရောက်ရှိလာပြီးနောက်တွင် ဧည့်ခန်းမသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားလိုက်သည်။

ထို့နောက်တွင် အစေခံမိန်းကလေး တစ်ဦး၏ ဦးဆောင်မှုဖြင့် ဒုတိယထပ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခန်းထဲသို့ သွားရောက်ခဲ့၏။

မကြာမီမှာပင် ရင်းနှီးသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် အခန်းအပြင်ဘက်ကနေ အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"မိတ်ဆွေလေးကျန်းချန်.. ငါတို့ ပြန်ဆုံတွေ့ကြပြန်ပြီ"

"အကြီးအကဲက ထျန်းကျီမျှော်စင်ရဲ့ အဖွဲ့ဝင်လို့ မပြောရဘူး.. ကျွန်‌တော် ဘယ်သူလဲဆိုတာ သိနှင့်နေပြီပဲ"

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက သူ၏နာမည်ကို တိုက်ရိုက် ခေါ်လိုက်သည်ကို ကြားလျှင် ကျန်းချန်သည် အလွန်အမင်း အံ့အားသင့်ခြင်း မရှိပေ။

ဤအဘိုးကြီးသည် ထျန်းကျီမျှော်စင်၏ အဖွဲ့ဝင်ဖြစ်ပြီး ၎င်း၏ ခွန်အားအရ ထျန်းကျီမျှော်စင်တွင် ရာထူးမနိမ့်လောက်ပေ။

သို့ဖြစ်ရာ နန်လီမြို့တောင်ဘက်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အဘယ်ကြောင့် မသိရှိဘဲ နေပါမည်နည်း။

"မိတ်ဆွေလေး ကျန်းချန်က နန်လီမြို့တောင်ဘက်က အင်အားစုကြီး သုံးစုထဲက တစ်စုဖြစ်တဲ့ စုန့်မိသားစုကို တစ်ကိုယ်တော် နှိမ်နင်းခဲ့တယ်.. မိတ်ဆွေလေးကျန်းချန်က နန်လီမြို့မှာ နာမည်ကျော်ကြားနေမှတော့ ကျွန်တော်တို့ ထျန်းကျီမျှော်စင်က မသိလို့မဖြစ်ဘူး မဟုတ်လား"

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"ဒီတစ်ခေါက် ထျန်းကျီမျှော်စင်ကို လာတာ ဘယ်လိုမျိုး သတင်းအချက်အလက်ကို ဝယ်ချင်လို့လဲ မိတ်ဆွေလေး"

ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင်ပြောလိုက်သည်။

"ကျွန်တော် ဒီတစ်ခေါက် လာရောက်ရတဲ့ အကြောင်းအရင်းက ကျွန်တော့်အတွက် လူတချို့ကို ရှာပေးစေချင်လို့ပါ"

"လူရှာပေးတာက ထျန်းကျီမျှော်စင် အတွက် ပြဿနာမရှိပါဘူး.. ဒါနဲ့မိတ်ဆွေလေးကျန်းချန်က ဘယ်သူ့ကို ရှာချင်တာလဲ.. အချက်အလက်တချို့ကို အသေးစိတ် ပေးနိုင်ရင်တော့ ကျွန်တော်တို့ အတွက် ရှာဖွေဖို့ ပိုမို လွယ်ကူသွားလိမ့်မယ်"

"ကျွန်တော်က အဆင့်နိမ့် နယ်မြေကနေ ရောက်လာတဲ့ လူတချို့ကို ရှာချင်တာပါ"

ကျန်းချန်က အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"နာမည်နဲ့ပုံတူကို ကျွန်တော်ပေးမယ်.. ထျန်းကျီမျှော်စင်က ကျွန်တော့်အတွက် ရှာဖွေပေးနိုင်မလား"

"ထျန်းကျီမျှော်စင်က မိတ်ဆွေလေးကျန်းချန် ရှာချင်တဲ့သူကို သေချာပေါက် တွေ့နိုင်လိမ့်မယ်လို့တော့ အာမ မခံဘူး.. ဒါပေမဲ့ မိတ်ဆွေလေးအတွက် အသုံးဝင်တဲ့ သတင်းအချက်အလက် တချို့ကို ပေးနိုင်တာကတော့ သေချာပါတယ်.. ဒါပေမဲ့ လူရှာတဲ့ကိစ္စက အချိန်အနည်းငယ်တော့ ယူရလိမ့်မယ်.. ထျန်းကျီမျှော်စင်ကို လဝက်‌လောက်ကြာရင် ပြန်လာခဲ့ပါ.. အဲဒီအချိန်ကျရင် မိတ်ဆွေလေးကျန်းချန်ကို စိတ်ကျေနပ်ဖွယ် အဖြေတစ်ခု ပေးနိုင်ပါလိမ့်မယ်"

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ယုံကြည်မှုရှိစွာ ပြုံး၍ ပြောလိုက်သည်။

နတ်ဘုရားနယ်မြေသည် အလွန်တရာ ကျယ်ပြန့်ပြီး အဆင့်နိမ့်နယ်မြေမှ တစ်စုံတစ်ဦးကို ရှာဖွေလိုလျှင် ပင်လယ်ထဲတွင် အပ်ကို ရှာဖွေနေသကဲ့သို့ပင် ဖြစ်၏။

သို့သော်လည်း ထျန်းကျီမျှော်စင်သည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို သိရှိသည်ဟု ကြွေးကြော်ထားသော အင်အားစုဖြစ်သည်။

ထို့ကြောင့် ထျန်းကျီမျှော်စင်တွင် သာမန်ထက် ထူးခြားသည့် သတင်း အချက်အလက်များကို စုံစမ်းနိုင်သော နည်းလမ်းတချို့ ရှိနေခဲ့၏။

"ဒီလောက်အထိ အလုပ်ရှုပ်ခံစရာမလိုပါဘူး.. ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ အခု ဘာမှလုပ်စရာမရှိဘူး ဆိုတော့ အကြီးအကဲတို့ ထျန်းကျီမျှော်စင်မှာပဲ နေထိုင်ဖို့ စီစဥ်ထားတယ်.. သတင်းတစ်ခုရတာနဲ့ကျွန်တော့်ကို အမြန်ဆုံး အသိပေးပါ.. ကျွန်တော်ပထမဆုံး ရှာစေချင်တဲ့သူက ဒီလူပဲ.. သူ့နာမည်က ကျန်းဝူရလို့ ခေါ်တယ်.. သူက လွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းက နတ်ဘုရားနယ်မြေကို တက်လှမ်းခဲ့တယ်.. သူပေါ်ပေါက်ခဲ့တဲ့နေရာက မဟာမြေရိုင်းနယ်မြေ ဖြစ်မယ် ထင်တယ်"

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ ရှေ့ရှိ လေထုတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

All Chapters