အခန်း (၁၇၆၈-၁၇၇၀)
Vol. 118 Ch. 1768-1770
အခန်း(၁၇၆၈)
ကျန်းချန်က ဖခင်ဖြစ်သူ ကျန်းဝူရ၏ ပုံရိပ်ကို ဖန်တီးပြီးနောက်တွင် မိခင်ဖြစ်သူ ကျီဝူရွှယ်၊ မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့၏ ပုံရိပ်များကိုပါ ဆက်လက် ဖန်တီးခဲ့သည်။
ရွှယ်လင်ကုန်းမြေတိုက်ကနေ သူထွက်ခွာလာစဥ်က လူသားမျိုးနွယ်စုသည် သွေးဝိညာဥ် မျိုးနွယ်စုကို အသာစီးရယူနိုင်နေပြီ ဖြစ်သည်။
သူ့အမေ၏ စွမ်းရည်ဖြင့် ဆိုလျှင် သွေးဝိညာဥ်မျိုးနွယ်စုကို နှိမ်နင်းရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့၏။
သူ့အမေ ကျီဝူရွှယ်အပေါ် နားလည်ထားမှုအရ ရွှယ်လင်ကုန်းမြေတိုက်မှ ကိစ္စပြီးစီးသည်နှင့် ဖခင်ကျန်းဝူရအား ရှာဖွေရန်အတွက် နတ်ဘုရားနယ်မြေသို့ သေချာပေါက် ရောက်လာလိမ့်မည် ဖြစ်သည်။
ထို့အပြင် မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့သည်လည်း အဆင့်နိမ့်နယ်မြေတွင် ထာဝရ ရှိနေလိမ့်မည် မဟုတ်ဟု သူ ယူဆသည်။
ထို့ကြောင့် ကျန်းချန်သည် ထျန်းကျီမျှော်စင်မှ တစ်ဆင့် မိခင်ကျီဝူရွှယ်နှင့် မုန့်ချင်းရွှယ် တို့ကိုပါ ရှာတွေ့နိုင်မလားဟု စမ်းသပ်လိုခဲ့၏။
"အကြီးအကဲ ပထမဆုံးပုံရိပ်ထဲက လူကိုပဲ ဦးစားပေးရှာပေးပါ.. ကျန်သုံးယောက်က နတ်ဘုရားနယ်မြေကို ရောက်မရောက်ဆိုတာ ကျွန်တော်လည်း မသေချာဘူး"
ကျန်းချန်၏ လူလေးဦး၏ အချက်အလက်များကို မိတ်ဆက်ပေးပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုအား ပြောဆိုလိုက်သည်။
"နားလည်ပါပြီ မိတ်ဆွေလေးကျန်းချန်.. မိတ်ဆွေလေးကျန်းချန် ထျန်းကျီမျှော်စင်မှာ နေထိုင်ဖို့အတွက် ကျွန်တော် လူလွှတ်ပြီး စီစဥ်ခိုင်းလိုက်ပါမယ်.. ဒါနဲ့ ကျွန်တော်တို့ ထျန်းကျီမျှော်စင်မှာ နောက်၁၀ရက်ကြာရင် လေလံပွဲတစ်ပွဲရှိတယ်... မိတ်ဆွေလေးကျန်းချန် စိတ်ဝင်စားရင် လေလံပွဲမှာ ပါဝင်နိုင်ပါတယ်"
အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ထိုစကားကိုပြောဆိုပြီးနောက်တွင် ထျန်းကျီ ဟူသောစာလုံးအား ရေးထွင်းထားသည့် တံဆိပ်ပြားတစ်ခုကို ချက်ချင်းဆိုသလို ထုတ်ယူကာ ကျန်းချန်အား ပြုံးရွှင်သော မျက်နှာထားဖြင့် ပေးအပ်လိုက်သည်။
ဤကောင်လေးသည် နန်လီမြို့၏ပြိုင်ဘက်ကင်း ပါရမီရှင်နှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျလိမ့်မည် မဟုတ်ဟု ထင်ရလောက်အောင် နတ်ဆိုးဆန်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သဘာဝကျစွာပင် မိတ်ဖွဲ့လိုခဲ့၏။
"ထျန်းကျီမျှော်စင်က ကျင်းပပြုလုပ်တဲ့ လေလံပွဲက ထူးခြားတယ်လို့ ကျွန်တော်ကြားဖူးတယ်.. အခုကြုံကြိုက်ပြီဆိုတော့ လေလံပွဲမှာ မဖြစ်မနေ ပါဝင်ရမှာပေါ့ဗျာ"
ထို့နောက်တွင် ကျန်းချန်က အားနာမနေတော့ဘဲ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ တံဆိပ်ပြားကို လက်ခံရယူခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အစေခံမိန်းကလေး တစ်ဦးကို ခေါ်ယူကာ ကျန်းချန်အတွက် ထျန်းကျီမျှော်စင်တွင် နေထိုင်နိုင်ရန် စီစဥ်ပေးခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်သည် ထျန်းကျီမျှော်စင်တွင် နေထိုင်ကာ ထျန်းကျီမျှော်စင်မှ ကျင်းပပြုလုပ်မည့် လေလံပွဲနှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ သတင်းကို စောင့်ဆိုင်းရင်း အဂ္ဂိရတ်များကို သန့်စင်နေခဲ့သည်။
ဤကဲ့သို့ စောင့်ဆိုင်းရင်းဖြင့် ၁၀ရက် ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ပြီး လေလံပွဲ ကျင်းပမည့်နေ့သို့ ရောက်လာခဲ့သည်။
ယနေ့တွင် ယခင်က တိတ်ဆိတ်နေသော ထျန်းကျီမျှော်စင်သည် အလွန်ပင် စည်ကားနေခဲ့၏။
မည်သို့ပင်ဖြစ်စေ ထျန်းကျီမျှော်စင်မှ ကျင်းပပြုလုပ်သည့်လေလံပွဲသည် မဟာမြေရိုင်းနယ်မြေ တစ်ခွင် ကျော်ကြားသည်။
အကြောင်းရင်းမှာ ထျန်းကျီမျှော်စင်မှ လေလံတင်သည့်ပစ္စည်းတိုင်းသည် ဂရုတစိုက် ရွေးချယ်ထားသော ရှားပါး ရတနာများ ဖြစ်သောကြောင့်ပင်။
တစ်ခါတစ်ရံတွင် နယ်မြေ နတ်ဘုရားများကိုပင် မက်မောစေသည့် ရတနာများ ပါရှိတတ်၏။
ထိုအကြောင်းကြောင့်လည်း ထျန်းကျီမျှော်စင်မှ လေလံပွဲသည် နန်လီမြို့ရှိ အင်အားစုအားလုံး နီးပါးကို ဆွဲဆောင်နိုင်ခဲ့ခြင်းပင်။
"ဒီတစ်ကြိမ် ထျန်းကျီမျှော်စင်ရဲ့ လေလံပွဲက တကယ်ကို စည်ကားတာပဲ"
"ထျန်းကျီမျှော်စင်ရဲ့လေလံပွဲ မစည်းကားတဲ့အချိန် ရှိခဲ့ဖူးလို့လား"
"ဒီတစ်ကြိမ် လေလံပွဲမှာ ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ ရတနာကို လေလံတင်မယ်လို့ ကြားမိတယ်.. ဒီသတင်းသာ အမှန်ဆိုရင် နန်လီမြို့က အင်အားစုတွေက ဒီရတနာကို ရရှိဖို့အတွက် အသည်းအသန် လေလံဝိုင်းဆွဲကြတော့မှာပဲ"
လေလံပွဲခန်းမသို့ ရောက်လာသောအခါ ကျန်းချန်သည် ခန်းမထဲတွင် လူအများအပြားဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရပြီး ခန်းမထဲမှ ဆွေးနွေးသံများစွာသည် သူ၏နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
"ဒီလေလံပွဲမှာ ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ ရတနာက တကယ်ပဲ ပါဝင်နေတာလား"
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား အဆင့်သည် အဓိကအားဖြင့် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ နားလည်သဘောပေါက်အောင် ပြုလုပ်ကာ ကမ္ဘာ့စွမ်းအားအဖြစ် စုစည်းခြင်းဖြစ်သည်။
လေလံပွဲမှ ရတနာသည် ကောင်းကင်နတ်ဘုရားအဆင့်၏ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်ဆိုလျှင် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အခြေအနေအထိ တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည် ရှိသည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။
အကယ်၍ သူသာ ထိုရတနာကို ရရှိနိုင်ခဲ့လျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ချက်ချင်းဆိုသလို ရောက်ရှိသွားပေလိမ့်မည်။
ကျန်းချန်က အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက်တွင် သူ၏မျက်ဝန်းကို အနည်းငယ် ကစားလိုက်ရာ လေလံခန်းမထဲတွင် ရင်းနှီးသော ပုဂ္ဂိုလ်အချို့ကိုပါ တွေ့ရှိခဲ့ရသည်။
နန်လီမြို့တောင်ဘက်ရှိ ကျိုးမိသားစုခေါင်းဆောင် ကျိုးထျန်းချန်းနှင့် နင်ယွမ်ကျန့်တို့ အပါအဝင် နန်လီမြို့တော်မှ နာမည်ကျော်ကြားသော ပုဂ္ဂိုလ်အားလုံး နီးပါးသည် လေလံပွဲသို့ တက်ရောက်ခဲ့ကြသည်။
ကျန်းချန်က ၎င်းတို့ကို နှုတ်ဆက်ရန် မသွားခဲ့ဘဲ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ပေးအပ်ထားသော တံဆိပ်ပြားကို ထုတ်ပြကာ အစေခံမိန်းကလေး တစ်ဦး၏ ဦးဆောင်မှုဖြင့် လေလံခန်းမ၏ ဒုတိယထပ်ရှိ အထူးအခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် လေလံပွဲက စတင်ခဲ့သည်။
ထျန်းကျီမျှော်စင်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးက လေလံပွဲ၏ ဦးစီးအဖြစ် စင်မြင့်ထက်သို့ တက်ရောက်လာခဲ့သည်။
"အားလုံးပဲ. ကျွန်တော်တို့ ထျန်းကျီမျှော်စင်ရဲ့ လေလံပွဲကို အခုပဲ စတင်လိုက်ပါပြီ.. ပထမဆုံးပစ္စည်းကတော့ နှစ်ပေါင်း၁၀၀၀၀ သက်တမ်းရှိတဲ့ အဆင့်နိမ့် ငရဲဘုံကိုးပါး ရေခဲမြက်ပဲ.. ဒီရတနာက အအေးဓာတ်နဲ့ ပတ်သက်တဲ့ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားကို ကျင့်ကြံသူတွေ အတွက် အရမ်းကို အထောက်အကူ ပေးနိုင်တယ်"
လေလံပွဲဦးစီး၏ မိတ်ဆက်စ ကားဆုံးသည်နှင့် လေလံခန်းမသည် ရုတ်တရက် ဆူညံသွားခဲ့သည်။
အအေးဓာတ်နှင့် ပတ်သက်သော ကိုယ်ခံပညာ ဥပဒေသမူလစွမ်းအားကို ကျင့်ကြံထားသော လူအများအပြားသည် လေလံဆွဲရန် စတင်ခဲ့ကြသည်။
အဆုံးသတ်တွင် ငရဲဘုံကိုးပါး ရေခဲမြက်ကို အဆင့်မြင့် နတ်ခရစ္စတယ်၅၀၀ဖြင့် ကောင်းကင်နတ်ဘုရား တတိယအဆင့် အဘိုးအို တစ်ဦးက ဝယ်ယူသွားခဲ့၏။
ထျန်းကျီမျှော်စင်၏ လေလံပွဲတွင် ပါဝင်သော လေလံပစ္စည်းတိုင်းသည် ဂရုတစိုက် ရွေးချယ်ထားသော ရတနာများ ဖြစ်၍ လေလံဆွဲမှုတိုင်းသည် သဘာဝကျစွာပင် အပြိုင်အဆိုင် ဖြစ်နေခဲ့သည်။
နောက်ထပ် လေလံတင်သည့် ပစ္စည်းများသည်လည်း အလွန်မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချခဲ့ရသည်။
သို့ရာတွင် ထျန်းကျီမျှော်စင်၏ လေလံပစ္စည်းများက ထူးခြားသော်လည်း ကျန်းချန်ကို အမှန်တကယ် ဆွဲဆောင်နိုင်သည့် လေလံပစ္စည်း တစ်ခုမှ မပါဝင်သေးပေ။
ထို့ကြောင့် ကျန်းချန်က တစ်ကြိမ်တစ်ခါမျှပင် လှုပ်ရှားခြင်း မရှိခဲ့ပေ။
မကြာမီမှာပင် လေလံပွဲက ၁၀ခုမြောက် ပစ္စည်းကို လေလံတင်ခဲ့သည်။
"၁၀ခုမြောက် လေလံပစ္စည်းကတော့ ချီယန်နတ်ဆေးလုံးပဲ.. ဒီဆေးလုံးက သတ္တမအဆင့် နတ်ဆေးလုံးလည်း ဖြစ်တယ်.. သူ့ရဲ့အာနိသင်က မီးလမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်.. ဒီထက်ပိုပြီး အရေးပါတဲ့ စွမ်းရည်က မီးလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့အခြေအနေအထိ ရောက်ရှိစေနိုင်တာပဲ.. ချီယန်နတ်ဆေးလုံးရဲ့ လေလံကြမ်းခင်းစျေးက အဆင့်မြင့်နတ်ခရစ္စတယ်၁၀၀၀ပဲ"
ထိုစကားကို ပြောပြီးနောက်တွင် လေလံပွဲ၏ဦးစီးသည် သူ၏ရှေ့ရှိ အနီရောင်သေတ္တာကို ဖွင့်လိုက်သည်။
ထိုအခါ ပတ္တမြားခဲကဲ့သို့ နီရဲပြီး သွေးရောင် တလက်လက် တောက်ပနေသော ဆေးလုံးတစ်လုံးသည် လူအများ၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။
"ဒါက သတ္တမအဆင့်နတ်ဆေးလုံး ဖြစ်တဲ့ ချီယန်နတ်ဆေးလုံးလား"
လေလံခန်းမထဲမှ မီးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ကျင့်ကြံထားသော ကောင်းကင်နတ်ဘုရား ကျင့်ကြံသူများသည် ချီယန်နတ်ဆေးလုံးကို ကြည့်ကာ လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာကြသည်။
ကောင်းကင်နတ်ဘုရားအဆင့်တွင် အဆင့်တက်လှမ်းလိုလျှင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအခြေအနေအထိ နားလည်ရန် လိုအပ်၏။
ထို့ကြောင့် ချီယန်နတ်ဆေးလုံးသည် မီးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့် အထိ မရောက်ရှိသေးသော ကောင်းကင်နတ်ဘုရားများ အတွက် တန်ဖိုးဖြတ်၍ မရသော ရတနာတစ်ပါး ဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။
"အဆင့်မြင့်နတ်ခရစ္စတယ် ၁၀၀၀"
"အဆင့်မြင့်နတ်ခရစ္စတယ် ၁၅၀၀"
"အဆင့်မြင့်နတ်ခရစ္စတယ် ၂၀၀၀"
"..........."
ချီယန်နတ်ဆေးလုံး၏ စျေးနှုန်းသည် ချက်ချင်းဆိုသလိုပင် မြင့်တက်လာခဲ့ပြီး နန်လီမြို့၏ ထိပ်တန်း အင်အားစုများပင် အပြိုင်အဆိုင် လေလံဝင်ဆွဲခဲ့ကြသည်။
သတ္တမအဆင့် နတ်ဆေးဝါးသည် မည်သည့် ကောင်းကင်နတ်ဘုရား အင်အားစုအတွက် မဆို အလွန်တရာ ရှားပါးသော ထူးခြားသည့် ဆေးဝါး ဖြစ်သည်။
ချီယန်နတ်ဆေးလုံး အားကိုးဖြင့် မီးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့် အထိ ရောက်ရှိနိုင်မည်ဆိုလျှင် ၎င်းတို့၏ အချိန်ကို နှစ်ထောင်ပေါင်းများစွာ ချွေတာနိုင်လိမ့်မည် မဟုတ်ပါလော။
အခန်း(၁၇၆၉)
အပြိုင်အဆိုင် လေလံဆွဲမှုအပြီးတွင် ချီယန်နတ်ဆေးလုံးကို အဆင့်မြင့် နတ်ခရစ္စတယ် ၇၄၀၀ဖြင့် ရောင်းချခဲ့ရသည်။
ထိုကဲ့သို့ ကြီးမားသော ပမာဏကို နန်လီမြို့ရှိ အင်အားစုအများအပြားပင် အလွယ်တကူ ထုတ်ယူနိုင်လိမ့်မည်မဟုတ်ပေ။
ထို့နောက်တွင် တန်ဖိုးရှိသော ရတနာများကို လေလံပွဲတွင်ဆက်တိုက် ဆိုသလို ရောင်းချခဲ့သည်။
၎င်းတို့ထဲတွင် နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက် နည်းစနစ်တစ်ခုပင် ပါဝင်ခဲ့ရာ ၎င်းကို အဆင့်မြင့် နတ်ခရစ္စတယ် ၁၀၀၀၀ ဟူသော စျေးနှုန်းဖြင့် လေလံဆွဲသွားခဲ့သည်။
"ပရိသတ်အပေါင်းတို့ နောက်ထပ် လေလံပစ္စည်းက ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းပဲ.. ဒီနေရာမှာ ရှိနေတဲ့သူ အများစုက ဒီလေလံပစ္စည်း အတွက် လာရောက်ကြတာကို ကျွန်တော်သိတယ်.. ဒါကြောင့် ဒီအဘိုးကြီးက ထပ်အချိန်မဆွဲတော့ဘဲ ဒီလေလံပစ္စည်းကို လေလံတင်ပါတော့မယ်"
နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်ကို လေလံတင်ရောင်းချပြီးနောက်တွင် လေလံပွဲ ဦးစီး၏ လေးနက်သော အသံသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။
လေလံပွဲဦးစီး၏ စကားကိုကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
လေလံခန်းမ၏ ဒုတိယထပ်ရှိ အထူးအခန်းများထဲမှ အထူးဧည့်သည်တော်များ အပါအဝင် လူအများအပြားသည် လေလံပစ္စည်းတင်မည့် စားပွဲပေါ်သို့ အာရုံစိုက်နေခဲ့ကြသည်။
"ဒီပစ္စည်းက ကောင်းကင်နဲ့မြေကြီးရဲ့ရတနာတစ်ပါးဖြစ်တဲ့ ရေခဲတာအိုသစ်သီးပဲ.. ရေခဲတာအိုသစ်သီးက အအေးဆုံးရေခဲလွင်ပြင်မှာပဲ ပေါက်ရောက်ပြီး အနည်းဆုံး အအေးဓာတ်ကို နှစ်ပေါင်း တစ်သိန်း စုပ်ယူထားတဲ့ ရတနာလည်း ဖြစ်တယ်.. ဒါက ရေခဲလမ်းစဥ်ကို ကျင့်ကြံတဲ့သူတွေ အတွက် အမြင့်မြတ်ဆုံး ရတနာတစ်ပါးပဲ.. ရေခဲတာအိုသစ်သီးက ရေခဲလမ်းစဥ်ကို လုံးဝ နားမလည်သေးတဲ့ ကျင့်ကြံသူတစ်ဦးကိုတောင် အချိန်တိုအတွင်း ရေခဲလမ်းစဥ် ဥပဒေသရဲ့ ပြီးပြည့်စုံတဲ့ အခြေအနေအထိ ရောက်ရှိစေနိုင်တယ်လို့ ဆိုကြတယ်.. တစ်နည်းအားဖြင့် ရေခဲတာအိုသစ်သီး တစ်လုံးက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူကို အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်"
လေလံပစ္စည်းအကြောင်းကို မိတ်ဆက်ပြီးနောက်တွင် လေလံဦးစီးသည် သူ၏ ရှေ့ရှိ ကျောက်စိမ်းအုပ်ဆောင်းကို ဖွင့်လိုက်ရာ ကျောက်သလင်းကဲ့သို့ ကြည်လင်တောက်ပသော ပုလဲလုံးသဖွယ် သစ်သီးတစ်လုံးသည် လူတိုင်း၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။
ထိုသစ်သီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေလံခန်းမထဲတွင် အေးစိမ့်သောမွှေးရနံ့ တစ်ခုသည် ပျံ့နှံ့သွားခဲ့သည်။
အထူးသဖြင့် ရေခဲလမ်းစဥ်ကို ကျင့်ကြံထားသော ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ထိုအနံ့ကို ရလိုက်ရုံဖြင့်ပင် ၎င်းတို့၏ ရေခဲလမ်းစဥ် စွမ်းအားအပေါ် ထိန်းချုပ်နိုင်မှု အနည်းငယ် တိုးတက်လာသလို ခံစားလိုက်ရသည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတစ်ပါးလို့ မပြောရဘူး.. အာနိသင်က တကယ်ကို ကြောက်စရာပဲ"
လူအများစုက လေလံစင်မြင့်ပေါ်ရှိ ရေခဲတာအိုသစ်သီးကို စူးစိုက်၍ ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများတွင် အလွန်တရာ တပ်မက်သောအမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ထျန်းကျီမျှော်စင်က နောက်ဆုံး လေလံတင်တဲ့ ပစ္စည်းက ရေခဲတာအိုသစ်သီး ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းချန်သည်လည်း ရေခဲတာအိုသစ်သီးကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
ရေခဲတာအိုသစ်သီးသည် နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီလာ ရတနာတစ်ပါး ဖြစ်သည်။
"ဒီရေခဲတာအိုသစ်သီးကို ငါရအောင်ယူရမယ်"
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။
အကယ်၍ သူသာ ရေခဲတာအိုသစ်သီးကို ရရှိနိုင်လျှင် သူ၏ ရေခဲလမ်းစဥ်သည် ပြီးပြည့်စုံသော အခြေအနေအထိ ချက်ချင်းဆိုသလို ရောက်ရှိသွားလိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် သူ့အနေဖြင့် ဟွမ်ဖူမိသားစုနှင့်အခြားသော နယ်မြေနတ်ဘုရားတစ်ပိုင်း အင်အားစုများနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့စရာ မလိုအပ်တော့ပေ။
"ရေခဲတာအိုသစ်သီးရဲ့ ကြမ်းခင်းစျေးက အဆင့်မြင့် နတ်ခရစ္စတယ် ၁၀၀၀၀ပဲ.. တစ်ကြိမ် တိုးမြင့်တိုင်းမှာ အဆင့်မြင့် နတ်ခရစ္စတယ် ၁၀၀၀ထက် နည်းလို့မရဘူး.. ကဲ.. လေလံပွဲစပြီ"
လူတိုင်းက ရေခဲတာအိုသစ်သီးကို စူးစိုက်ကြည့်နေစဥ်မှာပင် လေလံပွဲဦးစီးသည် တူအသေးဖြင့် မောင်းကို အသာအယာထုကာ လေလံပွဲ စတင်ကြောင်း အချက်ပြလိုက်သည်။
လေလံပွဲဦးစီး၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် လေလံခန်းမသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။
နန်လီမြို့ရှိ အဓိကမိသားစုများနှင့် အင်အားစု အများအပြားသည် ရေခဲတာအိုသစ်သီးကို ရရှိရန်အတွက် အပြိုင်အဆိုင်လေလံဆွဲခဲ့ကြသည်။
"အဆင့်မြင့်နတ်ခရစ္စတယ် ၂၀၀၀၀"
"အဆင့်မြင့်နတ်ခရစ္စတယ် ၂၅၀၀၀"
"အဆင့်မြင့်နတ်ခရစ္စတယ် ၃၀၀၀၀"
"........."
မျက်စိတစ်မှိတ်အတွင်းမှာပင် လေလံစျေးနှုန်းသည် အဆင့်မြင့် နတ်ခရစ္စတယ် ၅၀၀၀၀ကို ကျော်လွန်သွားခဲ့သည်။
ယင်းကဲ့သို့ လျင်မြန်စွာ တိုးမြင့်လာသော စျေးနှုန်းကြောင့် လေလံခန်းမရှိ ပရိသတ်အများအပြားသည် အံ့အားသင့်သွားခဲ့ကြသည်။
လေလံစျေးနှုန်ကို စျေးပြိုင်မပေးနိုင်တော့သည့် အချို့သော အင်အားစုငယ်လေးများမှ ကိုယ်စားလှယ်များသည် မျက်နှာများ ရှုံ့မဲ့သွားကြသည်။
"ငါတို့ ကျိုးမိသားစုအနေနဲ့ ဒီရေခဲတာအိုသစ်သီးကို ရရှိဖို့ မျှော်လင့်ချက်မရှိတော့ဘူးနဲ့ တူတယ်"
လေလံပွဲ၏ ရှေ့ဆုံးရှိ အထူးထိုင်ခုံတွင် ထိုင်နေသော ကျိုးမိသားစု၏ခေါင်းဆောင် ကျိုးထျန်းချန်းသည် ရေခဲတာအိုသစ်သီး၏ စျေးနှုန်းက လျင်မြန်စွာ မြင့်တက်လာသည်ကို မြင်လျှင် ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်သည်။
ရေခဲတာအိုသစ်သီးကို သူတို့ ကျိုးမိသားစုသည် အလွန်အမင်း လိုချင်ခဲ့သည်။
သို့သော်လည်း ရေခဲတာအိုသစ်သီး၏ စျေးနှုန်းသည် အလွန်အကျွံ ဖြစ်နေခဲ့၏။
လေလံခန်းမထဲမှ လူအများစုသည် ငွေကြေးမလုံလောက်သောကြောင့် ဆန္ဒမပါဘဲ လက်လျှော့ခဲ့ရသည်။
ဤသို့ဖြင့် ရေခဲတာအိုသစ်သီး အတွက် တိုက်ပွဲသည် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့သည်။
ရေခဲတာအိုသစ်သီး အတွက် လက်ကျန် ပြိုင်ဆိုင်သောသူ အားလုံးသည် ဒုတိယထပ်ရှိ အထူးအခန်းများမှ ဖြစ်ကြ၏။
"အဆင့်မြင့်နတ်ခရစ္စတယ် ၇၀၀၀၀.. ဒီအဘိုးကြီရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီး ရေခဲတာအိုသစ်သီးကို ပေးအပ်ဖို့ မေတ္တာရပ်ခံပါတယ်"
ထိုအချိန်မှာပင် ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲကနေ အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော အဘိုးအို တစ်ဦးသည် အခန်းထဲကနေ ထွက်လာသည်ကို အားလုံးက တွေ့လိုက်ရ၏။
"ဖန့်မိသားစုရဲ့ ခေါင်းဆောင် ဖန့်ယွီပိုပါလား"
ဒုတိယထပ်ရှိ အထူးအခန်းထဲမှ ထွက်လာသော အဘိုးအိုကိုမြင်လျှင် လေလံခန်းမထဲမှ တစ်စုံတစ်ဦးသည် ရုတ်တရက်အော်ဟစ်လိုက်သည်။
ဖန့်မိသားစုသည် နန်လီမြို့အရှေ့ဘက်ရှိ ထိပ်တန်းကောင်းကင်နတ်ဘုရား အင်အားစုကြီး သုံးစုထဲမှ တစ်စုဖြစ်သည်။
ဖန့်မိသားစု၏ ခေါင်းဆောင် ဖန့်ယွီပိုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
၎င်းက ခြေတစ်ချက် ဆောင့်နင်းလိုက်ရုံဖြင့်ပင် နန်လီမြို့တော်ကို လှုပ်ခါနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဆိုလည်းမမှားပေ။
ဖန့်မိသားစု၏ ခေါင်းဆောင် ဖန့်ယွီပိုက သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်မှန်း ထုတ်ဖော်ပြသလိုက်ခြင်းမှာ အခြားသူများကို သူနှင့်အတူ လေလံစျေး အပြိုင်မဆွဲစေရန် ဖိအားပေးလိုခြင်းဖြစ်သည်မှာ ထင်ရှား၏။
"အဆင့်မြင့်နတ်ခရစ္စတယ် ၇၅၀၀၀"
ထိုအချိန်မှာပင် ဒုတိယထပ်ရှိ အခြား အခန်းတစ်ခန်းကနေ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲ"
ဖန့်ယွီပိုက စိတ်နှလုံးထဲတွင် ထိတ်လန့်သွားခဲ့ပြီး အသံလာရာဆီသို့ ကြည့်လိုက်သည်။
သူ၏မျက်နှာက ချက်ချင်းပင်အလွန်တရာ သုန်မှုန်သွားခဲ့၏။
အခန်း(၁၇၇၀)
လေလံခန်းမထဲမှ လူတိုင်း၏အကြည့်သည် အသံလာရာဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
ဖန့်မိသားစုခေါင်းဆောင် ဖန့်ယွီပိုနှင့် အပြိုင် လေလံဆွဲရဲသောသူက မည်သူဖြစ်သည်ကို သူတို့လည်း သိချင်နေခဲ့၏။
"အဘိုးကြီးဖန့် မတွေ့ရတာကြာပြီ.. ကျန်းခန့်သာလို့မာပါစ"
ဖန့်ယွီပို၏ ကပ်ရပ် အခန်းတံခါးကနေ အနီရောင်ဝတ်စုံဝတ်အဘိုးအိုတစ်ဦး ထွက်လာခဲ့သည်။
ထိုအဘိုးအို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေလံခန်းမ၏ အပူချိန်သည် ချက်ချင်းပင် အနည်းငယ် တိုးမြင့်လာသလို ဖြစ်သွားခဲ့သည်။
"ယန်လဲ့ခုံး လက်စသတ်တော့မင်းကိုး"
ဖန့်ယွီပိုက သူ၏မြင်ကွင်းထဲသို့ ဝင်လာခဲ့သော အနီရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယန်လဲ့ခုံးသည် နန်လီမျိုးနွယ်စုမှ ယန်မိသားစု အဖွဲ့ဝင် ဖြစ်ပြီး နန်လီမြို့တွင် နာမည် မကြီးသော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကာ သူ၏ခွန်အားသည် ဖန့်ယွီပိုထက် မနိမ့်ပေ။
ဖန့်ယွီပိုကို ပို၍အံ့အားသင့်စေသည်မှာ ယန်လဲ့ခုံးသည် သခင်လေး ယန်ကျင်း၏ သက်တော်စောင့် ဖြစ်၍ သခင်လေးယန်ကျင်းနှင့် အတူ အမြဲတစေ လိုက်ပါလေ့ရှိခြင်းပင်။
ယခု ယန်လဲ့ခုံး ရောက်ရှိနေခြင်းသည် သခင်လေးယန်ကျင်းလည်း ဤနေရာတွင် ရှိနေသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
"အဘိုးကြီးဖန့်.. ငါ့ရဲ့သခင်လေးက ဒီရေခဲတာအိုသစ်သီးကို အရမ်း စိတ်ဝင်စားနေတယ်.. မင်းငါ့ရဲ့ သခင်လေးကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်"
ယန်လဲ့ခုံးက ဖန့်ယွီပိုကို ပေါ့ပါးစွာ ကြည့်၍ ပြောလိုက်သည်။
"ငါက သခင်လေးယန်နဲ့ ဘယ်လိုလုပ်ပြီး လေလံစျေးကို အပြိုင်ဆွဲဝံ့မှာလဲ"
ထိုစကားကိုပြောရင်း ဖန့်ယွီပိုသည် ရုတ်တရက် ချွေးစေးများပင် ထွက်လာခဲ့သည်။
သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း နန်လီမျိုးနွယ်စုကဲ့သို့ နယ်မြေနတ်ဘုရားအင်အားစု ရှေ့တွင် ပုရွက်ဆိတ်နှင့် မခြားပေ။
တစ်ချိန်တည်းမှာပင် ရေခဲတာအိုသစ်သီး အတွက် လေလံခန်းမ၏ ဒုတိယထပ်ရှိ အထူးအခန်းထဲမှ ဖန့်ယွီပိုနှင့် ယှဥ်ပြိုင်နေခဲ့သော လူများသည်လည်း ဤအချိန်တွင် လုံးဝကို ငြိမ်သက်သွားခဲ့သည်။
"ဖန့်မိသားစုရဲ့ခေါင်းဆောင်တောင် အလျှော့ပေးလိုက်ရတယ်ဆိုတော့ ဒီလူက ဘယ်သူပါလိမ့်"
"ဒါက ခန့်မှန်းစရာလိုသေးလို့လား.. ဖန့်မိသားစုရဲ့ခေါင်းဆောင်တောင် အလျှော့ပေးရမှတော့ နန်လီမျိုးနွယ်စုက လွဲလို့ ဘယ်သူ ရှိနိုင်ဦးမှာလဲ.. ဒီလေလံပွဲမှာ နန်လီမျိုးနွယ်စုကတောင် ပါလာလိမ့်မယ်လို့ မထင်ထားမိဘူး.. ဒီအတိုင်းဆိုရင် ရေခဲတာအိုသစ်သီးက နန်လီမျိုးနွယ်စုရဲ့ လက်ထဲကို ရောက်သွားတော့မှာ သေချာသလောက်ပဲ"
"..........."
လေလံခန်းမထဲရှိ လူတိုင်းက အံ့အားသင့်နေခဲ့ကြသည်။
နန်လီမြို့၏ တစ်ခုတည်းသော နယ်မြေနတ်ဘုရား အင်အားစုဖြစ်သည့် နန်လီမျိုးနွယ်စုသည် နန်လီမြို့ကို နှစ်သန်းပေါင်းများစွာ ကြာအောင် အုပ်စိုးထားခဲ့သည်။
ယခု နန်လီမျိုးနွယ်စုမှ တစ်စုံတစ်ဦးက ရေခဲတာအိုသစ်သီးကို စိတ်ဝင်စားနေသည် ဖြစ်ရာ မည်သူက နန်လီမျိုးနွယ်စုနှင့် လေလံအပြိုင် ဆွဲဝံ့ပါမည်နည်း။
"အဆင့်မြင့်နတ်ခရစ္စတယ် ၈၀၀၀၀"
သို့သော်လည်း လူတိုင်းက ရေခဲတာအိုသစ်သီး လေလံပွဲ ပြီးဆုံးသွားပြီဟု ထင်နေစဥ်မှာပင် ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲမှ အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ရေခဲတာအိုသစ်သီးအတွက် နန်လီမျိုးနွယ်စုနဲ့ ယှဥ်ပြိုင်ရဲသူ ရှိနေသေးတယ်လား"
ရုတ်တရက် လေလံစျေးခေါ်သည့် အသံကိုကြားလျှင် လူတိုင်းသည် နားကြားမှားနေသည်ဟုပင် ထင်ခဲ့ကြ၏။
လေလံပွဲစင်မြင့်ပေါ်မှ လေလံပွဲရလဒ်ကို ကြေညာရန် ပြင်ဆင်နေသော လေလံဦးစီးသည်ပင် အံ့အားသင့်သွားခဲ့သည်။
လေလံခန်းမထဲတွင် နန်လီမျိုးနွယ်စုနှင့် အပြိုင် လေလံဆွဲရဲသည့်သူ ရှိနေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
နန်လီမြို့တွင် နန်လီမျိုးနွယ်စုကို မျက်နှာသာမပေးသူမှာ မည်သူဖြစ်ပါသနည်း။
လေလံခန်းမ၏ ဒုတိယထပ်ရှိ အထူးခန်းမထဲမှ ကျန်းချန်သည် အဆင့်မြင့်နတ်ခရစ္စတယ် ၈၀၀၀၀ဖြင့် ရေခဲတာအိုသစ်သီးအတွက် စျေးပြိုင်ပေးခဲ့သည်။
ရေခဲတာအိုသစ်သီး ကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သော ရတနာတစ်ပါးဖြင့် ကြုံတွေ့နေခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ လက်လျှော့နိုင်ပါအံ့နည်း။
ယခုအခါတွင် သူက အထူးအခန်းထဲတွင် ရှိနေခဲ၏။
သူက ရှေ့ထွက်ကာ မျက်နှာမပြသရွေ့ အပြင်ဘက်ရှိ နန်လီမျိုးနွယ်စုမှ လူများသည် မည်သူမည်ဝါဖြစ်မှန်း သိရှိနိုင်မည်မဟုတ်ပေ။
"အဆင့်မြင့်နတ်ခရစ္စတယ် ၈၅၀၀၀"
သူက မည်သူမည်ဝါ ဖြစ်သည်ကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာပင် လေလံစျေးအပြိုင်ပေးရဲသူ ရှိနေသေးသည်ကို မြင်လျှင် ယန်လဲ့ခုံး၏ မျက်နှာသည် အေးစက်သွားခဲ့သည်။
သူက ဒေါသမျက်ဝန်းများဖြင့် အသံလာရာဆီသို့ ကြည့်လိုက်သည်။
သို့သော်လည်း လေလံခန်းမ၏ ဒုတိယထပ်ရှိအခန်းကို မှော်အစီအရင်များဖြင့် ကာကွယ်ထား၍ ယန်လဲ့ခုံး၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့်ပင် အခန်းကို ထိုးဖောက်၍ အတွင်းမှ အခြေအနေကို မမြင်နိုင်ခဲ့ပေ။
သူက အခန်းထဲတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အရှိန်အဝါကိုသာ ခပ်ရေးရေးခံစားမိခဲ့သည်။
"အဆင့်မြင့်နတ်ခရစ္စတယ် ၉၀၀၀၀"
ယန်လဲ့ခုံး၏ လေလံအပြိုင်ပေးသည့် စျေး ထွက်ပေါ်လာလာသည်နှင့်တစ်ပြိုင်နက် ကျန်းချန်က ချက်ချင်းဆိုသလို ၅၀၀၀ ထပ်မံ တိုးမြှင့်လိုက်သည်။
ယန်လဲ့ခုံးက ကျန်းချန် ရှိနေသည့် အခန်းရှိရာသို့ စူးရှစွာ စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဒီကမိတ်ဆွေ ငါက ယန်မိသားစုက ယန်လဲ့ခုံးပဲ.. ငါ့ရဲ့သခင်လေးက ဒီရေခဲတာအိုသစ်သီးကို အရမ်းစိတ်ဝင်စားနေတယ်.. မင်းက ဒီရေခဲတာအိုသစ်သီးအတွက် ဒီလိုပဲ စျေးအပြိုင်ပေးနေတော့မှာလား"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် သိပ်မကြာမီမှာပင် ကျန်းချန်၏ အသံက အခန်းထဲကနေ ထပ်မံထွက်ပေါ်လာခဲ့သည်။
"လေလံပွဲပါဆိုမှ စျေးအပြိုင်မပေးလို့ ငါက ဒီအတိုင်းငြိမ်နေရမှလား.. ငါက စည်းမျဥ်းအတိုင်း ရေခဲတာအိုသစ်သီးအတွက် စျေးပြိုင်ပေးတာပဲ.. မင်းတို့အတွက် ဘာပြဿနာရှိနေလို့လဲ"
"ကောင်းပြီလေ.. မင်းက ငါတို့ နန်လီမျိုးနွယ်စုကို တကယ်ပဲမျက်နှာသာမပေးချင်ဘူးကိုး"
ယန်လဲ့ခုံးက ဒေါသတကြီးရေရွတ်လိုက်သည်။
"ငါက မင်းတို့ နန်လီမျိုးနွယ်စုနဲ့ မရင်းနှီးဘဲ ဘာလို့မျက်နှာသာပေးရမှာလဲ"
"ကောင်းပြီ ကောင်လေး.. မင်းကို ငါမှတ်ထားလိုက်ပြီ"
ယန်လဲ့ခုံးက ကျန်းချန် ရှိနေသည့် အခန်းကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ထပ်မံ၍ စျေးပြိုင်မဆွဲတော့ဘဲ သူ၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။
"သခင်လေး.. ဒီအစေခံက သခင်လေးခိုင်းတဲ့ အလုပ်ကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ခဲ့လို့ အပြစ်ပေးဖို့ တောင်းဆိုပါတယ်"
ယန်လဲ့ခုံးက အခန်းထဲသို့ ပြန်ရောက်လာပြီးနောက်တွင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။
ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်မှာ တခြားမဟုတ်ပေ။
နန်လီမျိုးနွယ်စု၏ သခင်လေး ဖြစ်ပြီး နန်လီမြို့၏ နံပါတ်(၁) ပါရမီရှင်လည်း ဖြစ်သည့် ယန်ကျင်းဖြစ်သည်။
ယန်ကျင်းတို့ လူစုက ထန်းကျီမျှော်စင်၏ လေလံပွဲတွင် ရေခဲတာအိုသစ်သီး ပါဝင်မည်ကို ကြိုတင်၍ သိရှိခဲ့ကြသည်။
သူတို့က မည်သူမည်ဝါဖြစ်မှန်း ထုတ်ဖော်လိုက်သည်နှင့် နန်လီမြို့တွင် ရေခဲတာအိုသစ်သီး အတွက် သူတို့နှင့် ယှဥ်ပြိုင်ရဲသူ မရှိတော့ဟု မူလက ထင်မှတ်ခဲ့ကြသည်။
သို့သော်လည်း လေလံပွဲတွင် လျှို့ဝှက်ဆန်းကြယ်သောသူတစ်ဦး ပေါ်ထွက်လာခဲ့ပြီး သူတို့ကို လေလံအပြိုင် ဆွဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထျန်းကျီမျှော်စင်သည် ခန့်မှန်းရခက်ကာ လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်း၏ခွန်အားသည် နန်လီမျိုးနွယ်စုထက် မနိမ့်ပေ။
ဆိုရလျှင် နန်လီမျိုးနွယ်စုပင် ထျန်းကျီမျှော်စင်၌ ရမ်းကားရဲခြင်းမရှိပေ။
ယခုအခါတွင် သူတို့၌ လုံလောက်သော နတ်ခရစ္စတယ် မရှိသောကြောင့် သူတို့နှင့် လေလံအပြိုင်ဆွဲသူကို ဤရေခဲတာအိုသစ်သီးအား ယူသွားခွင့်ကို ပြုရတော့မည် ဖြစ်၏။
"ကိစ္စမရှိပါဘူး.. ဒါမင်းရဲ့အမှားမဟုတ်ဘူးလေ"
ယန်ကျင်းက ကျန်းချန် ရှိနေသည့် ကပ်ရပ်အခန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
"ငါသခင်လေးနဲ့ လေလံအပြိုင်ဆွဲရဲတဲ့သူက ဘယ်သူလဲဆိုတာ မင်းသိလား"
"ထျန်းကျီမျှော်စင်ရဲ့ အထူးအခန်းတွေက ဆန်းကြယ်တဲ့အစီအရင်တွေနဲ့ ကာကွယ်ထားတာကြောင့် ဘယ်သူလဲ ဆိုတာတော့ မတွေ့ခဲ့ဘူး.. ဒါပေမဲ့ အခန်းထဲကလူက ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ဆိုတာကိုတော့ ကျွန်တော်ခံစားမိခဲ့တယ်"
ထိုစကားကိုပြောပြီးနောက်တွင် ယန်လဲ့ခုံး၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲလက်သွားခဲ့သည်။
"သခင်လေး.. ကျွန်တော် ထျန်းကျီမျှော်စင်မှာ ဒီလူရဲ့သတင်းအချက်အလက်ကို စုံစမ်းလိုက်ရမလား"
"ထျန်းကျီမျှော်စင်က သတင်းအချက်အလက်ကို အရောင်းအဝယ် ပြုလုပ်ပေမဲ့လည်း သူတို့ ဖောက်သည်ရဲ့ သတင်း အချက်အလက်ကိုတော့ ထုတ်ဖော်ခြင်းမရှိဘူး.. ဒါကြောင့် သူတို့ဆီက တစ်ဆင့် ရှာဖွေလည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
ယန်ကျင်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"ဘာပဲဖြစ်ဖြစ် ထျန်းကျီမျှော်စင်ရဲ့ အထူးအခန်းကို ဝင်ရောက်နိုင်ပြီး ဒီလောက်များပြားတဲ့ နတ်ခရစ္စတယ်တွေကို ထုတ်သုံးနိုင်မှာတော့ ဒီလူက သာမန် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်တာတော့ အသေအချာပဲ"
ထိုလူက မည်သူပင် ဖြစ်စေကာမူ သူ၏လက်ထဲမှ ရေခဲတာအိုသစ်သီးအား ကြားဖြတ် လုယူဝံ၍ သူက ထိုလူအား ကြီးလေးသော အဖိုးအခကို ပေးဆပ်စေမည် ဖြစ်သည်။