မျောလွင့်နေသော လက်တွေ့ကမ္ဘာ (၂)
Vol. 34 Ch. 471
အဘိုးကြီးလျန်၏ စကားကို ကြားသောအခါ အဘိုးကြီးမင် အပါအဝင် အခြားခေါင်းဆောင်များကလည်း ရယ်မောလိုက်ကြသည်။
လက်တွေ့ကမ္ဘာက နေကို ရှောင်တိမ်းမည်ဆိုသည်ကို မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။
အဘိုးကြီးမင်နှင့် အခြားသူများက သူ့ကို မယုံကြည်ကြသည်ကို မြင်သောအခါ ရဲချန်က ထပ်၍ အလေးအနက် ပြောလိုက်သည်။
“ကျွန်တော် အမှန်အတိုင်း ပြောနေတာ… ရေခဲခေတ်အတွက် အမြန်ဆုံး ပြင်ဆင်ထားရမယ်… မဟုတ်ရင်… လူတွေ အများကြီး သေလိမ့်မယ်…”
ရဲချန်၏ လေးနက်သော အလေးပေးမှုကို မြင်သောအခါ အဘိုးကြီးမင်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ ထပ်မေးလိုက်၏။
“ရဲချန်… မင်းပြောတဲ့စကားအတွက် မင်း တာဝန်ယူနိုင်လား…”
“ယူနိုင်တယ်…”
“ယူနိုင်တယ်” ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် လူတိုင်းက သူတို့ ခြေထောက်အောက်မှ တုန်ခါမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရပြီး ဤတစ်ကြိမ်မှာ ယခင်ကထက်ပင် ပိုမို ပြင်းထန်၏။
“ကျွန်တော် ထင်တာတော့ ဒီငလျင်က လက်တွေ့ကမ္ဘာ သူ့ရဲ့ ပတ်လမ်းကနေ ထွက်ခွာသွားတာကြောင့် ဖြစ်သင့်တယ်… အတိုချုပ်ပြောရရင်… ရေခေတ်ခေတ်အတွက် မြန်မြန် ပြင်ဆင်ထားရမယ်…”
အဘိုးကြီးမင်က ခေါင်းညိတ်လိုက်ပြီး သူ၏ အမူအရာမှာ အလွန်အမင်း တည်ကြည်သွားကာ အစီအစဉ် အမျိုးမျိုးကို စတင် ချမှတ်လိုက်သည်။
တရုတ်ပြည်က စတင် ပြင်ဆင်နေစဉ်မှာပင် ကမ္ဘာတစ်ဝှမ်းတွင် ဘေးအန္တရာယ် အမျိုးမျိုး ပေါ်ပေါက်လာသည်။
ငလျင်၊ ဆူနာမီ၊ မီးတောင်ပေါက်ကွဲမှုနှင့် မြေလွှာလှုပ်ရှားမှု အမျိုးမျိုးကဲ့သို့သော အရာများ ဖြစ်၏။
ဤသည်မှာ ကမ္ဘာပျက်ကိန်းနှင့် တူလှသည်။
အစပိုင်းတွင် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများမှာ ဘာဖြစ်နေသည်ကို မသိကြသော်လည်း လက်တွေ့ကမ္ဘာ နေကို ရှောင်တိမ်းတော့မည်ဟူသော သတင်းက တရုတ်မှ ပျံ့နှံ့လာသောအခါ လူတိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
လက်တွေ့ကမ္ဘာသာ နေမှ ထွက်ခွာသွားလျှင် ဘာဖြစ်မည်လဲ…။ အခြား ဘာဖြစ်နိုင်ဦးမည်လဲ…။ မျိုးတုံးပျောက်ကွယ်ခြင်းကဲ့သို့သော ကပ်ဘေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အရေးကြီးဆုံးမှာ ခုနစ်ရက်သာ အချိန်ရှိခြင်း ဖြစ်သည်။
ခုနစ်ရက်ဟု မဆိုသင့်ဘဲ နှစ်ရက် သို့မဟုတ် သုံးရက်အကြာတွင် လက်တွေ့ကမ္ဘာမှာ ရေခဲခေတ်ထဲသို့ ဝင်ရောက်နေလောက်ပြီ ဖြစ်သည်။
ရဲရှင်းဟွေ့က လက်တွေ့ကမ္ဘာပေါ်မှ အခြေအနေကို မသိရှိချေ။
သူ အသေးစိတ် မသိသော်လည်း အကြမ်းဖျင်း ခန့်မှန်းနိုင်၏။
ခုနစ်ရက်မှာ အလွန်တိုတောင်းပြီး ဤလက်တွေ့ကမ္ဘာ ပြောင်းရွှေ့မှုတွင် လူများစွာ သေဆုံးလိမ့်မည်ဟု ခန့်မှန်းရသည်။
လူများစွာ သေဆုံးမည်ကို သူ သိသော်လည်း ရဲရှင်းဟွေ့မှာ နောင်တ မရချေ။
ရဲရှင်းဟွေ့က နှလုံးသားမရှိဘဲ လက်တွေ့ကမ္ဘာလူသားတို့၏ အသက်ကို ဂရုမစိုက်ခြင်း မဟုတ်ပေ။ အဓိကအားဖြင့် ရဲရှင်းဟွေ့သာ ဤလက်တွေ့ကမ္ဘာ ပြောင်းရွှေ့မှုကို မစတင်ခဲ့လျှင်ပင် နှစ်တစ်ရာအကြာတွင် လက်တွေ့ကမ္ဘာက ကျင့်ကြံရေးလောကနှင့် ပေါင်းစပ်သွားမည် ဖြစ်သည်။ ထိုအခါ လူတစ်စုတစ်ဖွဲ့ သေဆုံးရုံသာမက လက်တွေ့ကမ္ဘာပေါ်မှ သက်ရှိအားလုံး သေဆုံးလိမ့်မည် ဖြစ်၏။
ရဲရှင်းဟွေ့က အလုံးစုံမြင်နတ်ဘုရားက ထိုလက်တွေ့ကမ္ဘာလူသားများကို ကယ်တင်လိမ့်မည်ဟု မယုံကြည်ပေ။
အလုံးစုံမြင်နတ်ဘုရားအတွက် ကမ္ဘာလောကက အသက်ထက် အများကြီး ပိုအရေးကြီးပြီး သူ ကြီးကြပ်ခဲ့သော မျိုးတုံးပျောက်ကွယ်မှုများမှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မဟုတ်ဘဲ အကြိမ်သောင်းချီ ရှိခဲ့သည်။
အကူအညီပေးမည့် ရှုရာ့ကို ရှာဖွေပြီးနောက် ရဲရှင်းဟွေ့က သူနှင့်အတူ လမ်းနှစ်သွယ်ခွဲ၍ ကျင့်ကြံရေးဂိုဏ်းများ သို့မဟုတ် အင်အားစုအားလုံးကို စတင် စုစည်းလိုက်၏။
အကယ်၍ အင်အားစုတစ်ခုတွင် မသေမျိုးဧကရာဇ် မရှိပါက သူက ကျော်သွားမည်မှာ သဘာဝပင် ဖြစ်သည်။
ရဲရှင်းဟွေ့၊ ရဲရှင်းချန်နှင့် ရှုရာ့တို့၏ လှုပ်ရှားမှုများက တိုက်ကြီးပေါ်မှ ကျင့်ကြံသူအားလုံးကို လျင်မြန်စွာ သတိပြုမိစေသည်။
လက်နက်ချသူများ ရှိသကဲ့သို့ ခုခံသူများလည်း ရှိ၏။
လက်နက်ချသူများမှာ အုပ်စုလိုက် လက်နက်ချခြင်း မဟုတ်သော်လည်း ခုခံသူများမှာမူ အားလုံးက အုပ်စုလိုက် ခုခံကြသည်။
တစ်ရက်အကြာတွင်…
သူတို့ သုံးဦးမှာ ကျင့်ကြံရေးလောက၏ နယ်မြေ တစ်ဝက်ကို ကိုင်တွယ်ပြီး ဖြစ်၏။ ဤသိမ်းသွင်းခံ အင်အားစုများမှ မသေမျိုးဧကရာဇ်အဆင့် အင်အားကြီးသူအားလုံးမှာ ကြယ်တာရာဂိုဏ်းတွင် စုရုံးကြမည် ဖြစ်သည်။
သူတို့က ရဲရှင်းဟွေ့နှင့် အခြားနှစ်ဦးက သူတို့ကို စုစည်းခြင်းဖြင့် ဘာလုပ်ရန် စီစဉ်နေသည်ကို မသိကြပေ။
မူလက ဤမသေမျိုးဧကရာဇ်များမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။ ဘာပဲဖြစ်ဖြစ် သူတို့၏ ဂိုဏ်းမှာ ချေမှုန်းခံရပြီး ဘိုးဘေးများအနေနှင့် ရှေ့ထွက်ရပ်တည်ရန်မှတပါး အခြား ရွေးချယ်စရာ မရှိဘဲ နောက်ဆုံးတွင် ကြယ်တာရာဂိုဏ်းတွင် တစ်ယောက်တည်း အဆုံးသတ်ခဲ့ရသည်။
သို့သော်လည်း ဤနေရာသို့ ရောက်ရှိလာပြီး မသေမျိုးဧကရာဇ်အဆင့် အင်အားကြီးသူများစွာကို မြင်သောအခါ သူတို့ ရုတ်တရက် မလှုပ်ရှားတော့ပေ။
ဘာကြောင့် လှုပ်ရှားရမည်လဲ…။ ဒီမှာ အင်အားကြီးသူတွေ အများကြီး ရှိနေတာ…။ အဲဒီလူယုတ်မာ ရောက်လာရင် ငါတို့ အတူတူ ပုန်ကန်လိုက်ရုံပဲ…။
တစ်ဖက်တွင်…
ဂိုဏ်းတစ်ခုကို ကိုင်တွယ်ပြီးစဖြစ်သော ရဲရှင်းဟွေ့က နောက်တစ်နေရာသို့ မရပ်မနား အမြန်သွားလိုက်သည်။
သို့သော်လည်း သူ၏ ပန်းတိုင်သို့ မရောက်မီမှာပင် မသေမျိုးဧကရာဇ်အဆင့် အင်အားကြီးသူ လေးဆယ်နီးပါးက သူ့ကို တားဆီးလိုက်၏။
“မင်းက အဓိက ဂိုဏ်းအင်အားစုတွေ အားလုံးကို လိုက်သိမ်းနေတဲ့ ကောင်လေးလား…”
စကားပြောသူမှာ ဆံပင်တိုနှင့် အဘိုးကြီးတစ်ဦး ဖြစ်ပြီး ဤမသေမျိုးဧကရာဇ် အင်အားကြီးသူများ အုပ်စု၏ ခေါင်းဆောင်လည်း ဖြစ်သင့်သည်။
ရဲရှင်းဟွေ့က ဤဆံပင်တိုနှင့် အဘိုးကြီး၏ အစွမ်းမှာ သူ နယ်မြေသခင် မဖြစ်မီက ရှုရာ့ထက် များစွာ မနိမ့်ကျကြောင်း ခံစားမိ၏။
ကျင့်ကြံရေးလောက တစ်ခုလုံးတွင် သူက အရှင်သခင်တစ်ပါး ဖြစ်သည်မှာ သေချာသည်။
“ဟုတ်တယ် ကျွန်တော်ပဲ…”
“ဒါဆို မင်းပဲပေါ့… ငါ အခု မင်းကို အခွင့်အရေးတစ်ခု ပေးမယ်… ဒီအောက်က တိုက်ကြီးက ငါ့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတယ်… မင်း ကြိုက်တဲ့နေရာ သွားနိုင်တယ်… ဒီထဲကို ခြေတစ်လှမ်းမှ မဝင်နဲ့…”
စကားပြောပြီးနောက် ဆံပင်တိုနှင့် အဘိုးကြီးက သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူသာမက သူ့နောက်မှ ရပ်နေသော လူအုပ်စုကလည်း သူတို့၏ မသေမျိုးဧကရာဇ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်၍ ရဲရှင်းဟွေ့ကို ခြိမ်းခြောက်လိုက်သည်။
ရဲရှင်းဟွေ့ကမူ ဤခြိမ်းခြောက်မှုများကို လုံးဝ ဂရုမစိုက်ဘဲ သိုးသားကင် တုတ်ထိုး အနည်းငယ်ကိုပင် စားချင်စိတ် ဖြစ်လာသည်။
ရဲရှင်းဟွေ့၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ဆံပင်တိုနှင့် အဘိုးကြီးမှာ ချက်ချင်း ဒေါသထွက်သွား၏။
“ကောင်စုတ်လေး… မင်း တကယ်ပဲ…”
ဆံပင်တိုနှင့် အဘိုးကြီး လှုပ်ရှားမှု မပြုမီမှာပင် ရဲရှင်းဟွေ့က သူ့နဖူးကို လက်တစ်ချောင်းဖြင့် ထိုး၍ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။
“စကားများလွန်းတယ်… ငါ မင်းတို့ကို အသက်ရှင်ခွင့် ပေးနေတာ… ကြယ်တာရာဂိုဏ်းဆီ အခုချက်ချင်း ပျံသွားပြီး ငါ့ကို စောင့်နေ… ငါ မင်းတို့ကို မတွေ့ရင်တော့…”
စကားပြောပြီးနောက် ရဲရှင်းဟွေ့က သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားဇာတိကို စုစည်း၍ အပြင်ဘက်သို့ ထုတ်လွှတ်လိုက်၏။
သာလွန်မြင့်မြတ်သူထံမှ အရှိန်အဝါက ထိုနေရာရှိ မသေမျိုးဧကရာဇ်များကို တိုက်ရိုက် ဖိနှိပ်လိုက်ပြီး သူတို့၏ ခေါင်းများကို မဖော်နိုင်အောင် ဖြစ်သွားစေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့က မလုံလောက်သေးဟု ခံစားရသဖြင့် လက်ကို မြှောက်လိုက်ရာ ဓားတစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာပြီး သူ အနီးအနားမှ တောင်ထွတ်တစ်ခုကို ခုတ်ပိုင်းလိုက်သည်။
ထို့နောက် မယုံနိုင်စရာ မြင်ကွင်းတစ်ခုက ထိုနေရာရှိ လူများ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။
မလှမ်းမကမ်းမှ ကြီးမားသော တောင်ထွတ်၏ ဘေးနှစ်ဖက်မှ လက်နှစ်ဖက် ရုတ်တရက် ပေါက်ထွက်လာပြီး လက်ဗလာဖြင့် ဓားသွားကို ဖမ်းဆုပ်သည့်ဟန် ပြုလုပ်လိုက်သည်။
ထိုမျှသာမက တောင်ထွတ်ပတ်လည်မှ တိုက်ကွက်ဖွဲ့စည်းပုံ အစီအရင် အမျိုးမျိုးကလည်း လက်များ ပေါက်ထွက်လာပြီး လက်ဗလာဖြင့် ဓားသွားကို ဖမ်းဆုပ်သည့်ဟန် ပြုလုပ်လိုက်၏။ ထိုအစီအရင်များက သူတို့၏ လှုပ်ရှားမှုကို ပြုလုပ်လိုက်သောအခါ ဤအစီအရင်များ ကျိုးပေါက်သွားကြောင်းကိုလည်း ညွှန်ပြနေသည်။
ဤသည်မှာ မပြီးသေးပေ။ တောင်ထွတ်က လက်ဗလာဖြင့် ဓားသွားကို ဖမ်းဆုပ်လိုသော်လည်း ရဲရှင်းဟွေ့ ခုတ်ပိုင်းလိုက်သော ဓားစွမ်းအင်မှာ ထိုတောင်ထွတ်ကို နှစ်ပိုင်းခွဲသွားပြီ ဖြစ်၏။
ဤအရာအားလုံးကို လုပ်ပြီးနောက် ရဲရှင်းဟွေ့က လက်များကို နောက်ပစ်၍ ကြက်သေသေနေသော မသေမျိုးဧကရာဇ်များကို ကြည့်လိုက်သည်။
ရဲရှင်းဟွေ့ တစ်စုံတစ်ခု ထပ်ပြောတော့မည် ပြင်လိုက်စဉ်တွင် အောက်မှ ငိုသံ ထွက်ပေါ်လာ၏။
ကောင်းကင်ယံမှ ရဲရှင်းဟွေ့က အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ ဖိနှိပ်ချလိုက်သော အဘိုးကြီးက သူ၏ ခေါင်းကို ကိုင်၍ အော်ဟစ်ငိုယိုနေသည်ကို တွေ့လိုက်ရသည်။
“ဟင်… အဲဒီအဘိုးကြီး ဘာလို့ ငိုနေတာလဲ…”
ရဲရှင်းဟွေ့က အနည်းငယ် ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဒါက…”
ရဲရှင်းဟွေ့၏ အမေးကို ကြားသောအခါ ထိုနေရာရှိ လူတိုင်းမှာ အနည်းငယ် စကားမဆိုသာ ဖြစ်သွားသည်။
သို့သော်လည်း ရဲရှင်းဟွေ့၏ ခြိမ်းခြောက်သော အကြည့်အောက်တွင် တစ်စုံတစ်ယောက်က ထွက်၍ ရှင်းပြလိုက်၏။
“အရှင်… ခင်ဗျား ခွဲလိုက်တဲ့ တောင်ထွတ်က သူ့ဂိုဏ်း တည်ရှိရာ နေရာပဲ…”
ရဲရှင်းဟွေ့မှာ စကားမဆိုသာတော့ပေ။
သေစမ်း…။ ဤအဘိုးကြီး တကယ် ကံဆိုးတာပဲ…။ သူက အစွမ်းအနည်းငယ် ပြချင်ရုံလေးပါ…။ သူ့ခေါင်းပေါ်ကိုပဲ ကျသွားတာကိုး…။
သို့သော်လည်း ရဲရှင်းဟွေ့က သူ့ကို အပြစ်မတင်သင့်ဟု ခံစားလိုက်မိ၏။ ထိုအဘိုးကြီး၏ ဂိုဏ်းတွင် အစီအရင်များစွာ ရှိနေရန် မည်သူက ပြောခဲ့သလဲ…။ ထို့အပြင် သူ သေချာ အာရုံမခံမိသောကြောင့် ထိုနေရာမှာ လူရှိမှန်း သူ လုံးဝ မသိခဲ့ပေ။