← Chapters

လောင်းကြေးတစ်ခု

Vol. 34 Ch. 467

လောင်းကြေးတစ်ခု

Vol. 34 Ch. 467

“ကောင်းပြီလေ… ပြောစမ်းပါဦး… ခင်ဗျား အတိအကျ ဘာတွေ တွေ့လာတာလဲ…”

ရဲရှင်းဟွေ့က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကျွန်တော် အရင်က ပြောခဲ့တယ်လေ… ကုတ်အပိုင်းအစတစ်ခုက ရုတ်တရက် လျော့ကျသွားတယ်ဆိုတာကို…”

“ပြီးတော့ အဲဒီကုတ်တွေ လျော့ကျသွားတဲ့အချိန်က ရဲဆွေ့က ကမ္ဘာပေါ်ကလူတွေကို မသေမျိုးကျင့်ကြံရေးလောကဆီကို ခေါ်လာတဲ့ အချိန်နဲ့ အတိအကျပဲ…”

“ဒါကြောင့် ကျွန်တော်တွေးမိတာက အောက်ဘုံမှာ တစ်စုံတစ်ယောက်ကသာ ကူညီပေးမယ်ဆိုရင် လောကကြီး ပြန်လည်ကောင်းမွန်လာမယ့်နှုန်းက ပိုမြန်လာလိမ့်မယ်… နတ်ဘုရားတစ်ပါးကိုယ်တိုင် အောက်ဘုံကို ဆင်းသက်ခဲ့ရင်တော့… ပိုတောင် မြန်လိမ့်ဦးမယ်…”

“ကျွန်တော် ဆိုလိုချင်တာကို နားလည်ရဲ့လား…”

ရဲရှင်းဟွေ့၏ စကားကို ကြားပြီးနောက် အလုံးစုံမြင်နတ်ဘုရားကလည်း အတွေးနက်သွား၏။

သူသည် ရဲရှင်းဟွေ့ ပြောပြသော အခြေအနေကို တစ်ခါမျှ ထည့်သွင်း စဉ်းစားခဲ့ဖူးခြင်း မရှိပေ။

သူသာမက အခြားသော နတ်ဘုရားများပင် ထည့်သွင်းစဉ်းစားမိခြင်း မရှိကြပေ။ သူတို့၏ အထက်အရာရှိများ ဖြစ်ကြသော လောကဘုရင်နတ်ဘုရားဘုရားနှင့် မဟာလောကဘုရင်နတ်ဘုရားတို့ပင် ထိုသို့ တွေးမိခဲ့ကြခြင်း မရှိချေ။

အမှန်တကယ်တွင် ဤသည်ကို မတွေ့ရှိကြသည့်အတွက် အခြားသူများကို အပြစ်တင်၍ မရပေ။

အဓိက အကြောင်းရင်းမှာ.. အလုံးစုံမြင်နတ်ဘုရား စီမံခန့်ခွဲသော လောကကဲ့သို့ ပြန်လည် ပြုပြင်၍ပင် မရလောက်အောင် ကြေမွပျက်စီးသွားသည့် လောကဟူ၍ မည်သူ့ထံ၌မျှ မရှိခဲ့သောကြောင့် ဖြစ်သည်။

အလုံးစုံမြင်နတ်ဘုရား၏ အခြေအနေက ရှားပါးသော်လည်း ရဲရှင်းဟွေ့၏ တွေ့ရှိချက်မှာ အသုံးမဝင်ဟု မဆိုလိုချေ။

ဥပမာအားဖြင့် အကယ်၍ လောကတစ်ခုက ကြေမွပျက်စီးရုံသာမက ပျက်သုဉ်းလုနီးပါး ဖြစ်နေပါက လောကကုတ်များဖြင့်သာ ပြုပြင်ရန်မှာ မဖြစ်နိုင်သလောက် ဖြစ်နေပြီး ထိုလောကကို စွန့်ပစ်လိုက်ရမည်သာ ဖြစ်၏။

အကယ်၍ ရဲရှင်းဟွေ့၏ နည်းလမ်းအတိုင်း နတ်ဘုရားတစ်ပါးက ကုတ်ရေးသားခြင်းကို တာဝန်ယူပြီး အခြားနတ်ဘုရားတစ်ပါးက အောက်ဘုံတွင် ပြန်လည် ပြုပြင်ခြင်းကို တာဝန်ယူမည်ဆိုလျှင်.. ပျက်စီးလုဆဲဆဲ ဖြစ်နေသော ဤလောကကို ကယ်တင်ရန် အခွင့်အရေး ရှိနေသေးသည်မှာ သေချာ၏။

“ရဲရှင်းဟွေ့… ဒီကိစ္စက သိပ်အရေးကြီးတယ်… မင်း ဘယ်လောက်ထိ ယုံကြည်မှု ရှိလဲ…”

အလုံးစုံမြင်နတ်ဘုရားက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ကျွန်တော့်မှာ…”

ယုံကြည်မှုကို အမေးခံလိုက်ရသောအခါ ရဲရှင်းဟွေ့မှာ ချီတုံချတုံ ဖြစ်သွားသော်လည်း သူက သွားကိုကြိတ်၍ ပြောလိုက်၏။

“တစ်ရာ ရာခိုင်နှုန်း အပြည့် ယုံကြည်မှု ရှိတယ်…”

“အရမ်းကောင်းတယ်…”

အလုံးစုံမြင်နတ်ဘုရားက ခေါင်းညိတ်လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ဘေးတွင် အခစားဝင်နေကြသော လှပသည့် အမျိုးသမီးနှစ်ယောက်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ငါ အခု လောကဘုရင်နတ်ဘုရားဘုရားဆီကို သွားပြီး မင်းပြောတာတွေကို တင်ပြမယ်… ဒီအရာအားလုံးက မင်းကြောင့်လို့ပဲ ငါပြောပေးမှာပါ… အောင်မြင်သွားရင်တော့ ဂုဏ်ယူပါတယ်… မင်းဟာ နာမည်နဲ့တကွ တရားဝင် ဝန်ထမ်းတစ်ယောက် ဖြစ်လာပြီ။”

“မင်းသာ…”

အလုံးစုံမြင်နတ်ဘုရား စကားမဆုံးမီမှာပင် ရဲရှင်းဟွေ့က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ပြန်လမ်းမရှိတော့ဘူး…”

အလုံးစုံမြင်နတ်ဘုရားက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်၏။

“ပြန်လမ်းမရှိတာမျိုးတော့ မဟုတ်ဘူးပေါ့ကွာ… ဒါပေမဲ့ နာမည်နဲ့တကွ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့တော့ မဖြစ်နိုင်တော့ဘူး… ဆိုလိုတာက မင်းရဲ့တစ်သက်တာမှာ အောက်ခြေဝန်ထမ်း အဖြစ်နဲ့ပဲ နေသွားရတော့မှာ…”

ရဲရှင်းဟွေ့ - …

“ကဲ… ပြောစမ်းပါဦး… မင်း ဘယ်လို စဉ်းစားထားလဲ…”

အလုံးစုံမြင်နတ်ဘုရားက ရဲရှင်းဟွေ့ကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။

ထိုအခိုက်တွင် ရဲရှင်းဟွေ့မှာ တိတ်ဆိတ်သွား၏။

ထိုအချိန်မှာပင် ပေါင်ပေါင်းက ရှေ့သို့ တိုးလာသည်။

“အလုံးစုံမြင်နတ်ဘုရား… ကျွန်မတို့ အရင်ဆုံး စမ်းသပ်ကြည့်ပြီးတော့ အောင်မြင်မှ လောကဘုရင်နတ်ဘုရားဘုရားဆီကို သွားလို့ မရဘူးလား…”

“ဟဲဟဲ…”

အလုံးစုံမြင်နတ်ဘုရားက ရယ်လိုက်ပြီးနောက် ခေါင်းခါ၍ ပြောလိုက်၏။

“အရင် စမ်းသပ်ပြီးမှ သွားတင်ပြရင် ဒီအကြံက မင်းတို့အကြံ မဟုတ်တော့ဘူး… ငါ့အကြံ ဖြစ်သွားမှာပေါ့…”

စကားဆုံးသောအခါ အလုံးစုံမြင်နတ်ဘုရားက ရဲရှင်းဟွေ့ကို လှမ်းကြည့်လိုက်သည်။

အလုံးစုံမြင်နတ်ဘုရားက ရဲရှင်းဟွေ့၏ ရည်မှန်းချက်ကို သိပြီး ဖြစ်၏။ ယခု သူသိလိုသည်မှာ ရဲရှင်းဟွေ့၏ သတ္တိက သူ၏ ရည်မှန်းချက်နှင့် ထိုက်တန်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။

ရဲရှင်းဟွေ့က အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်၍ ပြောလိုက်၏။

“အလုံးစုံမြင်နတ်ဘုရား… သွားတင်ပြလိုက်ပါ… ကျွန်တော် ဒီအပေါ်မှာ လောင်းကြေးထပ်တယ်… ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။”

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ အလုံးစုံမြင်နတ်ဘုရား၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ပေါင်ပေါင်းကမူ ရဲရှင်းဟွေ့၏ဘေးတွင်ရပ်ရင်း သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။

သူမ၏ လက်မှ နူးညံ့မှုကို ခံစားမိသောအခါ ရဲရှင်းဟွေ့က ပေါင်ပေါင်းဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့…”

“အင်း… နင် ရှုံးနိမ့်သည်ဖြစ်စေ မရှုံးနိမ့်သည်ဖြစ်စေ… နင်နဲ့အတူ ငါ ရင်ဆိုင်မှာပါ…”

ရဲဆွေ့ - …

ရဲဆွေ့မှာ သူသည် အပိုလူတစ်ယောက် ဖြစ်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။

ရဲဆွေ့၏ အတွေးကို သိမြင်သွားသည့်အလား ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့က သူတို့၏ သားလိမ္မာလေးကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

“အဲ… ရဲဆွေ့ကိုပဲ အပြစ်ပုံချလိုက်ရင်ရော…”

ရဲရှင်းဟွေ့က ပြုံး၍ ပြောလိုက်၏။

“အင်း… ကောင်းသားပဲ…”

ပေါင်ပေါင်းကလည်း ထောက်ခံလိုက်သည်။

ရဲဆွေ့ - …

နာရီဝက်ကျော် ကြာပြီးနောက်…။

အလုံးစုံမြင်နတ်ဘုရားမှာ လောကဘုရင်နတ်ဘုရားဘုရားနှင့်အတူ နောက်ဆုံးတွင် ပြန်ရောက်လာ၏။

“မင်းတို့ ငါ့ကို လှည့်စားနေမှန်း ငါသိတာနဲ့ မင်းကို နတ်တောင် မနေချင်တဲ့ နေရာမျိုးကို ပို့ပစ်မယ်…”

ပုံရိပ်နှစ်ခု ပေါ်လာသည်နှင့် ရဲရှင်းဟွေ့မှာ လောကဘုရင်နတ်ဘုရား၏ ခြိမ်းခြောက်စကားကို ကြားလိုက်ရသည်။

ထို့နောက် လောကဘုရင်နတ်ဘုရားက ရဲရှင်းဟွေ့ကို ကြည့်လိုက်၏။

“လောကကြီးကို ပိုမြန်မြန် ပြန်ကောင်းအောင် လုပ်နိုင်တဲ့နည်းကို တွေ့တဲ့သူက မင်းလား…”

ရဲရှင်းဟွေ့က “ဟုတ်ကဲ့” ဟု ဖြေမည်ပြုစဉ်မှာပင် ရဲဆွေ့က ရှေ့သို့ တိုးထွက်လာသည်။

“သူ မဟုတ်ပါဘူး… ကျွန်တော်ပါ…”

အလုံးစုံမြင်နတ်ဘုရားနှင့် လောကဘုရင်နတ်ဘုရားတို့ နှစ်ယောက်စလုံးက ရဲဆွေ့ကို ကြည့်လိုက်ကြရာ ရဲဆွေ့မှာ အတွင်းစိတ်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားသွားသည်။

“အဟွတ် အဟွတ်… ဒီကလေးက နောက်နေတာပါ… တကယ်တော့ ကျွန်တော်က တွေ့ရှိခဲ့တာပါ…”

နောက်ဆုံးတွင် ရဲရှင်းဟွေ့က ရဲဆွေ့ကို သူ့နောက်သို့ ဆွဲခေါ်လိုက်ရ၏။

သူအစောက ရဲဆွေ့ကို အပြစ်ပုံချမည်ဟု ပြောခဲ့သည်မှာ စိတ်ဖိစီးမှု လျော့ကျစေရန် နောက်ပြောင်ခြင်းမျှသာ ဖြစ်သည်။

ရဲရှင်းဟွေ့မှာ ရဲဆွေ့က အမှန်တကယ် ရှေ့သို့ ထွက်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အိုး… ကောင်းပြီလေ… စမ်းသပ်ကြည့်ကြတာပေါ့…”

လောကဘုရင်နတ်ဘုရားက အချိန်မဆွဲတော့ဘဲ စားပွဲပေါ်မှ ကွန်ပျူတာကို တိုက်ရိုက် လက်ညှိုးထိုးပြ၍ ရဲရှင်းဟွေ့ကို သရုပ်ပြခိုင်းလိုက်သည်။

“အမ်… လောကဘုရင်နတ်ဘုရားမင်းကြီးခင်ဗျာ… ကျွန်တော် ဒီစမ်းသပ်မှုကို အလုံးစုံမြင်နတ်ဘုရားနဲ့ ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်…”

“ကျွန်တော့်နည်းလမ်းက နတ်ဘုရားနှစ်ပါး လိုအပ်ပါတယ်… တစ်ပါးက ကုတ်တွေရေးပြီး နောက်တစ်ပါးက အောက်ဘုံကို ဆင်းသက်ပြီး လက်တွေ့ကျတဲ့ ရှုထောင့်ကနေ လောကကြီးကို ပြန်လည်ကောင်းမွန်လာအောင် နည်းလမ်းရှာရမှာပါ…”

ထိုစကားကို ကြားသောအခါ လောကဘုရင်နတ်ဘုရားက သူတို့ ကြိုက်သလို လုပ်နိုင်ကြောင်း အချက်ပြသည့်အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီးနောက် အလုံးစုံမြင်နတ်ဘုရားကို ပြောလိုက်၏။

“အလုံးစုံမြင်နတ်ဘုရား… ခင်ဗျားက ခဏနေရင် ကျွန်တော့်ကို အောက်ဘုံကို ပို့ပေးပါ… ပြီးတော့ ခင်ဗျားက ဒီမှာ ကုတ်တွေ ရေးနေလိုက်ပါ… အောက်က ကိစ္စတွေကိုတော့ ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်…”

အလုံးစုံမြင်နတ်ဘုရားက ခေါင်းညိတ်လိုက်သည်။ သူက ရဲရှင်းဟွေ့ကို အောက်သို့ ပို့ဆောင်ရန် လက်ဝှေ့ယမ်းမည်ပြုစဉ်မှာပင် ရဲရှင်းဟွေ့က သူ့ကို တားလိုက်၏။

“ခဏလေး…”

ထိုသို့ ပြောရင်း ရဲရှင်းဟွေ့က ပေါင်ပေါင်းနှင့် ရဲဆွေ့တို့ ရှေ့သို့ ရောက်လာပြီး သူ၏ လက်များကို သူတို့ ပခုံးပေါ်တင်ကာ သူတို့ခန္ဓာကိုယ်ထဲမှ သူ၏ နတ်ဘုရားဦးသျှောင်အားလုံးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူလိုက်သည်။

ဤသို့ဖြင့် ရဲရှင်းဟွေ့မှာ ပြီးပြည့်စုံသော နတ်ဘုရားဦးသျှောင်ကို ရရှိသွားမည် ဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်… မင်းတို့နှစ်ယောက်က အဲဒီ နတ်ဘုရားအသစ်တွေနဲ့ သွားသင်ရမှာပဲလေ… အဲဒီအချိန်ကျရင် မင်းတို့ရဲ့ ကိုယ်ပိုင် နတ်ဘုရားဦးသျှောင်တွေကို ကျင့်ကြံနိုင်လောက်မှာပါ…”

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရဲရှင်းဟွေ့က အလုံးစုံမြင်နတ်ဘုရားကို ကြည့်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“လာပါ… ကျွန်တော် အဆင်သင့်ဖြစ်ပြီ…”

ထိုစကားကို ကြားသောအခါ အလုံးစုံမြင်နတ်ဘုရားက သူ၏ လက်မောင်းကြီးကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက ရဲရှင်းဟွေ့ကို လွှမ်းခြုံသွားပြီးနောက် သူမှာ ပျောက်ကွယ်သွားတော့သည်။

ရဲရှင်းဟွေ့ ပျောက်ကွယ်သွားပြီးနောက် အလုံးစုံမြင်နတ်ဘုရားကလည်း ကွန်ပျူတာရှေ့တွင် ဝင်ထိုင်၍ ကုတ်များကို စတင်ရေးသားနေ၏။

“ဟဲဟဲဟဲ… မင်းရှာထားတဲ့ ကောင်လေးက တော်တော် သတ္တိရှိတာပဲ… အလားအလာရှိတယ်…”

ထိုအချိန်၌ လောကဘုရင်နတ်ဘုရား၏ အသံထွက်ပေါ်လာသည်။

လောကဘုရင်နတ်ဘုရား၏ စကားကို ကြားသောအခါ အလုံးစုံမြင်နတ်ဘုရားက ပခုံးတွန့်၍ ပြောလိုက်၏။

“ဘယ်သူ သိမှာလဲ… သူ အလားအလာ ရှိ၊ မရှိက ဒီတစ်ခေါက်ပေါ်မှာပဲ မူတည်နေတာ…”

“ဟဲဟဲ… စိတ်မပူပါနဲ့… သူရှုံးနိမ့်သွားရင်တောင် ငါ မင်းမျက်နှာကို ထောက်ပြီး သူ့ကို အသုံးမကျအောင်တော့ မလုပ်ပါဘူး…”

အလုံးစုံမြင်နတ်ဘုရားနှင့် လောကဘုရင်နတ်ဘုရားတို့၏ စကားကို နားထောင်ရင်း တိတ်ဆိတ်နေကြသော ပေါင်ပေါင်းနှင့် ရဲဆွေ့တို့ နှစ်ယောက်စလုံးမှာ ရဲရှင်းဟွေ့တစ်ယောက် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့်အလား သက်ပြင်းချလိုက်ကြသည်။

T/N လောကဘုရင်နတ်ဘုရားကိုက Eng trans မှာကိုက နာမည်အခေါ်အဝေါ်တွေပြောင်းနေလို့ နာမည်တွေပြောင်းနေတာပါ ရှေ့တစ်မျိုး နောက်တစ်မျိုးရေးတာမဟုတ်ပါဘူးနော်။

All Chapters