← Chapters

ဆီးနှင်းမုန်တိုင်းအတွင်းမှ ဂြိုဟ်ပတ်ခံတပ်

Vol. 22 Ch. 318

ဆီးနှင်းမုန်တိုင်းအတွင်းမှ ဂြိုဟ်ပတ်ခံတပ်

Vol. 22 Ch. 318

(မှတ်ချက်-မူရင်းမှာလည်း ရှေ့အပိုင်းနဲ့ အဆက်စပ်မရှိ ဖြစ်နေပါတယ်ဗျ၊၊ ကြည့်ရတာ သူတို့ ဘူတာရုံကို ရောက်သွားတာကိုပဲ ဆိုလိုချင်တာလို့ ထင်ပါတယ်)

“သူတို့တွေ ဆီးနှင်းမုန်တိုင်းမိပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်။ သူတို့ရဲ့ ယာဉ်တွေကလည်း နှင်းတွေအောက်မှာ မြှုပ်နေပြီ”

ချန်ဆီရွှမ်၏ အမူအရာသည် ရှုပ်ထွေးနေသည်။

“ဒီလောက်များတဲ့ ဆီးနှင်းတွေနဲ့ဆိုရင် အထူးပြုပြင်ထားတဲ့ယာဉ်တွေမသုံးရင် သွားလာဖို့ မဖြစ်နိုင်သလောက်ပဲ”

“မနေ့ညက တွေ့ခဲ့တဲ့ ယာဉ်တန်းတွေကများ ဖြစ်နေမလား” ကီကီက မေးသည်။

“ဖြစ်နိုင်တယ်”

လင်းရှန်က အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။

“နှင်း‌တောသုံးယာဉ်တွေပါတဲ့ လင်းယုန်ယာဉ်တန်းလိုမျိုး ယာဉ်တန်းတွေသာဆိုရင် နှင်းတွေကို တွန်းတိုက်ပြီး သွားနိုင်ချေ ရှိတယ်။ ဒါပေမဲ့ စွမ်းအင်ပေးသွင်းမှု ပြဿနာတော့ ရှိနေအုံးမယ်။ အနုတ် ၅၀ ဒီဂရီဆိုရင် ပုံမှန် ကားအင်ဂျင်တွေက ရပ်လိုက်တာနဲ့ ပြန်နှိုးလို့ ရတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် အပူပေးစနစ်ကို အချိန်ပြည့် ထိန်းထားဖို့ လိုအပ်တယ်။ လုံလောက်တဲ့ စွမ်းအင်အရင်းအမြစ်မရှိဘဲဆိုရင် လျှပ်စစ်အားသုံးယာဉ်တွေတောင် ဒီလိုအေးခဲနေတဲ့ အခြေအနေမျိုးမှာ ရေရှည် ခံနိုင်ရည်ရှိဖို့ ရုန်းကန်ရလိမ့်မယ်”

ဘန်းးး

ရေခဲခွဲဒိုင်းကာသည် ဆီးနှင်းများကို အဆက်မပြတ် ထိုးခွဲပစ်နေစဉ် အနန္တရထားသည် ရှေ့သို့ ခုတ်မောင်းသွားနေခဲ့သည်။ အချိန်မှာ ၁၁ နာရီ ၃၀ မိနစ်သို့ ရောက်ရှိလာပြီ။

ဆီးနှင်းမုန်တိုင်း ရပ်တန့်သွားရာ ကမ္ဘာလောကကြီးတစ်ခုလုံးသည် ရုတ်တရက် ကျယ်ပြန့်တောက်ပသော အဖြူရောင်ဖြင့် ဖုံးလွှမ်းသွားသည်။

တဝူးဝူးမြည်ဟီးနေသည့် လေတိုက်ခတ်သံမှအပ တလက်လက် တောက်ပနေသော ဆီးနှင်းများသည် စူးရှသောအလင်းကို ပြန်ဟပ်နေကာ အနန္တရထား၏ အတွင်းပိုင်းတစ်ခုလုံးကို လင်းထိန်စေသည်။

လူတိုင်းသည် အလိုအလျောက် မျက်လုံးများကို လက်ဖြင့် ကာထားလိုက်မိကြသည်၊၊

“ဝိုး လင်းလိုက်တာ”

“မြက်ခင်းပြင်တစ်ခုလုံးက နှင်းလွင်ပြင်ဖြစ်သွားပြီ”

ချန်ဆီရွှမ်သည် အဆုံးမရှိသော အဖြူရောင်ပင်လယ်ပြင်မှအပ မည်သည့်အရာကိုမျှ မမြင်ရဘဲ အဝေးသို့ စိုက်ကြည့်နေသည်။

လင်းရှန်သည် အပြင်ဘက်ရှိ ထူထဲသော ဆီးနှင်းများကို စိုက်ကြည့်လျုက်သည်။ ထိုကျယ်ပြန့်သော ငွေဖြူရောင်ဧရိယာသည် မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်နေသည်။ သူ သက်ပြင်းချလိုက်ပြီး “ဒီလိုအခြေအနေမျိုးမှာ နှင်းတစ္ဆေတွေ ချောင်းမြောင်းတိုက်ခိုက်ပုံနဲ့ အမှောင်ဒီရေကျုးကျော်မှုနဲ့ နှင်းတွေကို ညစ်ညမ်းစေတာတွေနဲ့ဆိုရင် အသက်ရှင်ရပ်တည်ဖို့က လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး”

အနန္တရထားသည် ဂြိုဟ်ပတ်ရထားလမ်းတစ်လျှောက် လမ်းဖောက်သွားသော မြေတွင်းအောင်းပိုးကောင်သဖွယ် ဆီးနှင်းများကို တွန်းတိုက်တူးဆွလျက် ရှေ့သို့ ဆက်သွားခဲ့သည်။

ည၏ အမှောင်ထုမှ နေ့အလင်းရောင်ထဲသို့ ရောက်ရှိလာသော်လည်း သူတို့သည် နှင်းတစ္ဆေများကိုလည်းကောင်း၊ အခြားမည်သည့် ထူးဆန်းသော သတ္တဝါကိုမျှလည်းကောင်း မတွေ့ခဲ့ရပေ။ ၎င်းသည် အလွန်ပင် ထူးခြားသည့် အခြေအနေဖြစ်သည်။

သံသယနှင့် သတိထားမှုတို့ ရောထွေးနေသည့်ကြားမှ ရထားသည် ရှေ့သို့ ဆက်လက် ခုတ်မောင်းသွားသည်။ မကြာမီ လင်းရှန်သည် ရှေ့တွင် မြို့ငယ်လေးတစ်ခု၏ ရထားဘူတာရုံကို လှမ်းမြင်လိုက်ရသည်။ ထို့ထက် အနည်းငယ် ဝေးရာတွင် အဆောက်အအုံများသည် ထူထဲသော ဆီးနှင်းများအောက်တွင် မြှုပ်နှံနေသည်။ ဘူတာရုံ၏ အေးခဲနေသော ဆိုင်းဘုတ်ကို ခဲရာခဲဆစ် ဖတ်ရသော်လည်း ၎င်းပေါ်တွင် တာ့လတ်ဘူတာရုံဟု ရေးထားသည်။

“လင်းရှန် ကြည့်ဦး”

ချန်ဆီရွှမ် ရုတ်တရက် ထပြောသည်။ လင်းရှန်နှင့် ကီကီတို့သည် သူမ၏ အကြည့်နောက်သို့ လိုက်ပါသွားကြသည်။ ဘူတာရုံ၏ ရှေ့ရှိ နေရာလွတ်တွင် ယာဉ်အများအပြား ပြန့်ကျဲနေသည်။ ၎င်းတို့သည် မော်ဒီဖိုင်းထားသော အသက်ရှင်ကျန်ရစ်သူယာဉ်များ ဖြစ်ကြပြီး အချို့မှာ မြေပြင်မြင့်ပေါ်တွင် စုဝေးနေကြပြီး အချို့မှာ မြို့၏ အခြေခံလမ်းမကြီးတစ်လျှောက်တွင် တစ်စိတ်တစ်ပိုင်း ဖြန့်ကျက်နေသည်၊၊

လမ်းတစ်လျှောက်တွင် ကျည်ဆန်ရာများ အပြည့်ဖြစ်နေသော ကြော်ငြာဆိုင်းဘုတ်များအပြင် နှင်းတစ္ဆေများ၏ အေးခဲနေသော အလောင်းများလည်း ရှိနေသည်။

၎င်းသည် တစ်ခုတည်းသော ယာဉ်တန်းများမဟုတ်ဘဲ အုပ်စုအများအပြား ပေါင်းစပ်ထားခြင်း ဖြစ်ပုံရသည်။ ပို၍ အဝေးတွင် အနည်းဆုံး ယာဉ်ဒါဇင်ပေါင်းများစွာကို မြင်တွေ့နေရသည်။

ဆီးနှင်းထိုးခွဲနိုင်သော ထရပ်ကားကြီးများစွာနှင့် ကြီးမားသော ယာဉ်ကြီးများသည် ရှေ့ဆုံးတွင် ရှိနေပြီး လမ်းရှင်းလင်းခြင်းတာဝန်ကို ယူထားကြခြင်း ဖြစ်ဖွယ်ရှိသည်။ သို့သော် အလွန်ကြမ်းကြုတ်သော တစ်စုံတစ်ရာက ၎င်းတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပုံရသည်။ ကြီးမားသော ထရပ်ကားနှစ်စီးမှာ လုံးဝ ပျက်စီးနေပြီး ပြင်းထန်သော အင်အားတစ်ခုကြောင့် ကွေးညွှတ်နေခဲ့သည်။

ဤဦးဆောင်ယာဉ်များ ပျက်စီးပြီးနောက် မော်ဒီဖိုင်းထားသော ကမ္ဘာပျက်ကပ်ယာဉ် ဒါဇင်ပေါင်းများစွာသည် ထွက်ပြေးရန် ကြိုးစားခဲ့ကြသော်လည်း နက်ရှိုင်းသော ဆီးနှင်းများတွင် ပိတ်မိသွားခဲ့သည်။ ယခုအခါ ၎င်းတို့အားလုံးမှာ တစ်ဝက်တစ်ပျက် နစ်မြှုပ်နေကြပြီး ၎င်းတို့၏ ဘေးဘက်တွင် အေးခဲနေသော သွေးအိုင်များဖြင့် စစ်ပွဲသည် မကြာသေးမီက ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။ သို့သော် မည်သည့်နေရာတွင်မှ အသက်ရှင်ခြင်း၏ လက္ခဏာများ မရှိတော့ပေ။ အရာအားလုံးကို အလွန်အမင်းအေးခဲခြင်းက ဝါးမျိုသွားခဲ့သည်။

“ဒါ မနေ့ညက ယာဉ်တန်းလေးခု ဖြစ်ရမယ်။ နှင်းတွေကို ကြည့်ပြီး ခန့်မှန်းရရင် ဆီးနှင်းမုန်တိုင်း မရပ်ခင်တည်းက သူတို့ သေဆုံးနေလောက်ပြီ” ချန်ဆီရွှမ်က ပြောသည်။

“သူတို့မှာ နှင်းခွဲယာဉ်တွေ အများကြီးနဲ့ ကောင်းမွန်တဲ့ ကိရိယာတွေ ရှိတယ်။ ဒီလောက်အထိ ရောက်လာတာ မဆန်းပါဘူး” ကီကီက မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမဲ့… သူတို့ နှင်းတစ္ဆေတွေနဲ့ချည်းပဲ တွေ့ခဲ့တာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ လင်းရှန် ကြည့်စမ်း...အဲဒီယာဉ်တွေက ပြားနေတယ်...နှင်းတစ္ဆေတွေမှာ ဒီလို ခွန်အားမျိုး မရှိဘူး”

“ဆရာမချန်”

လင်းရှန်၏ မျက်လုံးများမှာ နှင်းများ၏ စူးရှသော အလင်းကြောင့် နာကျင်နေသည်။ သူသည် အဝေးရှိ ထူးဆန်းသော အရာတစ်ခုကို လက်ညှိုးထိုးပြကာ ချန်ဆီရွှမ်ကို မေးလိုက်သည်။

“ဟိုနားမှာ… တစ်ခုခု ရှိနေတာလား”

ချန်ဆီရွှမ် ချက်ချင်းပင် သူမသည် Meteorite-3 စနိုက်ပါရိုင်ဖယ်ကို ထုတ်ယူပြီး မှန်ပြောင်းကို အလင်းစစ်ထုတ်စနစ်သို့ ပြောင်းလိုက်ပြီး လင်းရှန် ညွှန်ပြသည့် ဘက်သို့ ကြည့်လိုက်သည်။

မကြာမီ သူမ၏ မျက်ခုံးများ နက်နက်ရှိုင်းရှိုင်း တွန့်ချိုးသွားသည်။

မှန်ပြောင်းမှတစ်ဆင့် ဆီးနှင်းဖုံးနေသော အဆောက်အအုံတစ်ခု၏ ထိပ်တွင် ထူးဆန်းသည့် အရာတစ်ခုကို သူမ မြင်လိုက်ရသည်။ ကြီးမားသော တောင်ပံကဲ့သို့သော အဆောက်အအုံသည် မီးခိုးဖြူရောင်ဖြစ်ပြီး ထူထဲသော ရေခဲများဖြင့် ခဲနေသည်။

၎င်းသည် ကြီးမားသော ကြော်ငြာဆိုင်းဘုတ်သဖွယ် အဆောက်အအုံ၏ ဘေးဘက်မှ ဆွဲဆန့်ထားပြီး အထပ်များစွာကို တစ်စိတ်တစ်ပိုင်း ဖုံးအုပ်ထားသည်။ ၎င်း၏ တောင်ပံထိပ်သည် ဆီးနှင်းများထဲသို့ ကျနေရာ ၎င်း၏ အပြည့်အစုံသော အရွယ်အစားကို မြင်တွေ့နိုင်ခြင်း မရှိပေ။

ချန်ဆီရွှမ်၏ မျက်နှာသည် ပျက်ယွင်းသွားပြီး သူမ မြင်တွေ့ရသည်များကို ပြောပြလိုက်သည်၊၊

“အတောင်ပံတစ်ဝက်ပဲ မြင်ရတယ်။ ဒါ ဘယ်လို သတ္တဝါမျိုးရဲ့ အစိတ်အပိုင်းလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အရွယ်အစားအရဆိုရင် ကြီးမားတဲ့ အမျိုးအစား ထူးဆန်းတဲ့ ထိတ်လန့်ဖွယ်သတ္တဝါပဲ ဖြစ်ရမယ်”

သူမသည် မှန်ပြောင်းကို ချလိုက်ပြီးနောက် လင်းရှန်နှင့် ကီကီတို့ထံ လှည့်လိုက်သည်။

“A-Class ဖြစ်နိုင်တယ်။… ဒါမှမဟုတ် S-Classတောင် ဖြစ်နိုင်တယ်”

ကီကီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ဒီယာဉ်တန်းက ထိတ်လန့်ဖွယ်သတ္တဝါကြီးရဲ့ အတောင်ကို ပြတ်အောင် လုပ်နိုင်လောက်တဲ့အထိ အားကောင်းတာလား။ သူတို့ အဲဒီသတ္တဝါကို သတ်ပစ်လိုက်တာများလား”

“သတ္တဝါရဲ့ အခြား အစိတ်အပိုင်းတွေကိုတော့ မတွေ့ရဘူး” ချန်ဆီရွှမ်က ခေါင်းခါသည်။

“ဒီအတောင်ပဲ ရှိတယ်”

ဝေါ ဝေါ—

သူတို့၏ အထက်တွင် အလွန်အမင်းအေးစက်သော ရေခဲလေပွေသည် လည်ပတ်နေပြီး ကောင်းကင်ကို ဖုံးအုပ်ထားသည်။ နေရောင်ခြည်သည် မုန်တိုင်းကြားမှ စိမ့်ဝင်လာပြီး တဒင်္ဂမျှ အလင်းတန်းများကို ဖြစ်ပေါ်စေသည်။

လင်းရှန်၏ အမူအရာ မှောင်မိုက်သွားသည်။

“ဒီဆီးနှင်းမုန်တိုင်းထဲမှာ တွင်းနက်ထဲက သတ္တဝါတွေ ပုန်းအောင်းနေတာ သံသယဖြစ်စရာ မရှိဘူး။ နှင်းနဲ့ လေပွေက သူတို့ကို ဖုံးကွယ်ထားတဲ့ သဘာာဝအကာရံလို အလုပ်လုပ်နေတယ်။ ငါတို့ အမြန်ဆုံး ထွက်ခွာဖို့ လိုတယ်။ မဟုတ်ရင် သူတို့အတိုင်း ငါတို့လည်း ကြုံရလိမ့်မယ်”

ဘန်း ဘန်း ဘန်း

အနန္တရထားသည် ဘူတာရုံကို ဖြတ်၍ ဆက်လက်ထွက်ခွာလာပြီး နှင်းဖုံးနေသော အဆောက်အအုံများနှင့် စွန့်ပစ်ထားသော ယာဉ်များကို ဝင်တိုက်ပစ်လိုက်သည်။ မီးပွားများ ပျံနှံ့သွားပြီး သတ္တုချင်းထိခိုက်သံများသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။

ဝှစ် ဝှစ်

မရပ်မနားဘဲ ရထားသည် ရှေ့သို့ ထိုးဖောက်သွားသည်။

ယခု နေအလင်းရောင် ထွက်နေသော်လည်း နှင်းတစ္ဆေများသည် ပုန်းကွယ်နေဆဲ ဖြစ်သည်။ လင်းရှန်သည် ၎င်းကို ထူးဆန်းသည်ဟု ယူဆသော်လည်း အနည်းငယ်လည်း စိတ်သက်သာရာရပေသည်။

အနည်းဆုံးတော့ သူတို့ ဆက်သွားလာလေ စီလန်မြို့နှင့် ပိုမို နီးကပ်လာလေ ဖြစ်သည်။ အရေးကြီးသည်မှာ ဒါပဲဖြစ်သည်။

အနန္တရထားသည် ရေခဲပြင်ကြီးကို ဖြတ်၍ ဟိန်းဟောက်လျက် နှင်းပွင့်များကို နေရောင်ခြည်မှတစ်ဆင့် တလက်လက် တောက်ပစေသည်။ အသက်ရှင်ကျန်ရစ်သူများသည် လူနေထိုင်ရာတွဲများ၏ ပြတင်းပေါက်များမှ အဆုံးမဲ့ အဖြူရောင်ရှုခင်းကို ကြည့်နေကြပြီး ၎င်းတို့၏ မျက်နှာများတွင် သတိအပြည့်ရှိနေသည်။

စင်ကြယ်သော၊ အညစ်အကြေးကင်းသော ဆီးနှင်းများသည် အလှအပ၏ ခံစားချက်ကို မပေးနိုင်ပေ။ လေးလံသော ထိတ်လန့်ခြင်းကိုသာ ပေးစွမ်းနေသည်။ ညစ်ညမ်းနေသောနှင်းများ၊ ပုန်းအောင်းနေသော နှင်းတစ္ဆေများ၊ အမှောင်ဒီရေကျုးကျော်မှု၏ ဆိုးကျိုးများက ပတ်ဝန်းကျင်ကို အသက်ရှူကျပ်စေသော ခံစားချက်ကို ပေးနေသည်။

လင်းရှန် အနားယူရန် ငြင်းဆန်လိုက်သည်။ အနန္တရထားသည် အလွန်အန္တရာယ်ရှိသော ပတ်ဝန်းကျင်ကို ဖြတ်သန်းနေခြင်း ဖြစ်သည်။ နှင်းများ ပိုမိုများလာသည်နှင့်အမျှ သူသည် သတိထားနေပြီး စွမ်းအားကို ချက်ချင်း မြှင့်တင်ရန် ယန္တရားနှလုံးသားကို အချိန်မရွေး အသက်သွင်းရန် အသင့်ရှိနေသည်။

သူတို့သည် ပါလ်မားမြက်ခင်းပြင်၏ အနောက်ဘက် အစွန်းတစ်လျှောက် ရွေ့လျားနေကြပြီး ထိုဒေသသည် အလွန်အမင်းအေးခဲသော ရေခဲလေပွေဖြင့် လုံးဝ ဖုံးအုပ်ထားသည်။ ထိုဧရိယာရှိ အသက်ရှင်ကျန်ရစ်သူ အဖွဲ့တိုင်းသည် စီလန်မြို့သို့ ဦးတည်နေကြသည်။ ဖီးနစ်၏ အခြေစိုက်စခန်းရှိသောကြောင့်သာမဟုတ်ဘဲ စီလန်သည် အဓိက စက်မှုလက်မှု ခံတပ်၊ ကျယ်ပြန့်သော ကာကွယ်ရေးများ ပါဝင်သည့် ယခင် စစ်ဘက်သုံးခံတပ်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

တွင်းနက် ဧရိယာ ၃၊ ၅ နှင့် ၇ အတွက် ပံ့ပိုးမှုဗဟိုချက်အဖြစ် ဖီးနစ်သည် စီလန်ကို ရွေးချယ်ခဲ့ပါက အကြောင်းပြချက် တစ်ခုခု ရှိရပေမည်။

နောက်ဆုံး ရေဒီယို ထုတ်လွှင့်မှုများအရ မြို့တော်တွင် အသက်ရှင်ကျန်ရစ်သူများ ရှိနေဆဲ ဖြစ်ပြီး ဖီးနစ်၏ ရွှေ့ပြောင်းမှုသည် လာမည့်ရက်များတွင် စီစဉ်ထားသည်။ ၎င်းတို့၏ နောက်တစ်ဆင့်မှာ တွင်းနက် ၅ ၏ အစွန်းကို ဖြတ်ကျော်ပြီး အာရုဏ်ဦးစင်တာကို သွားရန် ဖြစ်သည်။

လင်းရှန်တွင် ဖြစ်နိုင်သော လမ်းကြောင်းနှစ်ခု ရှိသည်။ သူသည် ဖီးနစ်နှင့် ပူးပေါင်းပြီး ရထား၏ စွမ်းအားစနစ်ကို အဆင့်မြှင့်တင်ရန် စီလန်ကို အသုံးပြုနိုင်သည်။ ၎င်းက ချုံးကူရေလက်ကြားကို ကုန်းလမ်းမှ ဖြတ်၍ အာရုဏ်ဦးစင်တာကို လိုက်ရန် ခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ မဖြစ်ပါက သူသည် အာရုဏ်ဦးမြို့တော်သို့ ဦးတည်ပြီး သမုဒ္ဒရာရထားလမ်းကြောင်းကို သုံးကာ ရေပေါ်မြို့တော် နော့သ်နှင့် ဆက်သွယ်ရဖွယ် ရှိသည်။

“နားလိုက်ပါအုံး” ချန်ဆီရွှမ်က သူ့ကို ပြောသည်။

“ငါ အဆင်ပြေပါတယ်” လင်းရှန်သည် ရှေ့ရှိ လမ်းကို မျက်လုံး စိုက်ကြည့်ရင်း ပြန်ပြောသည်။

ထိုစဉ်မှာပင်—

ဘီပ် ဘီပ် ဘီပ်

ထိန်းချုပ်ခန်းတွင်းမှ အချက်ပေးသံ မြည်လာသည်။

ကီကီ၏ အသံသည် တွဲအမှတ် ၂ မှ ဆက်သွယ်ရေးမှတစ်ဆင့် ရောက်လာသည်။

“လင်းရှန်…ရေဒါသတိပေးချက်ပဲ…. ရှေ့လမ်းမှာ အတားအဆီး ရှိနေတယ်”

“ဘယ်လို အတားအဆီးမျိုးလဲ”

“ဒါ…ဒါက ရထားတစ်စီးပဲ”

All Chapters