မြေတွင်းအောင်း ပိုးကောင်ကြီးများ ၁
Vol. 22 Ch. 329
“ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”
ထိုအခိုက်အတန့်တွင် ကီကီသည် PX-05 စက်ရုပ်နှင့်အတူ နောက်မှ ကပ်လိုက်ပါလာပြီး နေရာသို့ ရောက်ရှိလာသည်။ သူမရှေ့မှ ထိတ်လန့်ဖွယ်ရာ စစ်မြေပြင်ကို မြင်ရသောအခါ မျက်မှောင်ကြုတ်သွားသည် ၊
သုံးမီတာကျော် အမြင့်ရှိသော မွန်းစတားသတ္တဝါများသည် နေရာအနှံ့အပြားတွင် ပြည့်နှက်နေပြီး မျက်စိတစ်ဆုံး ထူထပ်သိပ်သည်းစွာ ရှိနေသည်။ ၎င်းတို့သည် ယခင်က ကြုံတွေ့ခဲ့ရသော ရာနှင့်ချီသော နှင်းတစ္ဆေများကို တွေ့ရခြင်းထက် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤနေရာတွင် မည်ကဲ့သို့အရာများ ဖြစ်ပျက်ခဲ့သည်ကို စဉ်းစားရန် ခက်ခဲလှ၏။
“ဒါတွေက ကျွန်မတို့ လူတွေမဟုတ်ဘူး”
နန်ကျင်း ရေခဲနေသော အလောင်းတစ်လောင်းဆီသို့ အလျင်အမြန် လျှောက်သွားကာ ခဏတာ စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဖီးနစ်က လာတဲ့သူတွေလည်း ဟုတ်ပုံမရဘူး”
“အဲ့ဒီ ဟာကျူလီအဆင့် သယ်ယူပို့ဆောင်ရေးလေယာဉ်ကတော့ ဖီးနစ်ရဲ့ယာဉ်ပဲ”
လင်းရှန်က အသေချာပြောလိုက်သည်။ ထို့နောက် သူသည် သူ့၏ မှန်ပြောင်းကို ထုတ်ယူပြီး အဝေးကို ကြည့်လိုက်သည်။
“နောက်ထပ်တစ်စီးမက ရှိပုံရတယ်”
“ဟာကျူလီအဆင့် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ဒီလောက်များတာ... ဘာတွေ သယ်လာတာလဲ”
ကီကီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဟာကျူလီအဆင့် သယ်ယူပို့ဆောင်ရေး လေယာဉ်၏ တင်ဆောင်နိုင်သော အလေးချိန်မှာ တန် (၁၀၀၀) ကျော်သည်။ စစ်တပ်တွင် အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကြီးများကို လေကြောင်းဖြင့် သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည်။ ၎င်းသည် TFV600 အမြှောက်နှစ်လက်တင့်အကြီးစား အစီး (၂၀) အထိ တစ်ခါတည်းသယ်ဆောင်နိုင်သည်။ သို့သော်လည်း ယခုအခါ လင်းရှန်သည် ထိုဧရာမလေယာဉ်ကြီးများ အနည်းဆုံး သုံးစီးသည် စစ်မြေပြင်တွင် ပျက်စီးနေသည်ကို မြင်တွေ့နေရသည်။ ၎င်းတို့၏ စုစုပေါင်းသယ်ဆောင်နိုင်စွမ်းသည် သူ၏ အနန္တရထားတစ်စီးလုံးကိုပင် ဆွဲယူသွားနိုင်လောက်သည်။
“သူတို့က ကြီးကြီးမားမားတစ်ခုခုကို သယ်ဆောင်လာတာ ဖြစ်ရမယ်”
လင်းရှန်သည် အအေးဒဏ်ခံ မျက်နှာကာအတွင်း၌ အသက်ရှူထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့ ခန့်မှန်းချက် မှန်တယ်ဆိုရင် မင်းတို့ အစောပိုင်းက လက်ခံရရှိတဲ့ အရေးပေါ် အချက်ပြမှုက ဒီကနေ ဖြစ်နိုင်တယ်”
“ရှေ့ဆက်ပြီး စစ်ဆေးကြည့်ရအောင်”
“ကောင်းပြီ ကားပေါ် တက်ကြ”
—ဟူး ဟူး ဝှစ်—
အေးစက်သောလေက ပြင်းထန်စွာတိုက်ခတ်နေပြီး ရေခဲပြင်ပေါ်မှ စစ်မြေပြင်သည် မိုင်ပေါင်းများစွာ ရှည်လျားနေသည်။ လင်းရှန်နှင့် နန်ကျင်းတို့သည် ဝင်ရိုးစွန်းယာဉ်အတွင်းသို့ ပြန်ဝင်ကာ ရှေ့သို့ မောင်းနှင်သွားသည်။
သူတို့ ရှေ့ဆက်သွားသည်နှင့်အမျှ ထိတ်လန့်ဖွယ်ထူးဆန်းသတ္တဝါများ၏ အလောင်းများ ပိုများလာပြီး နှင်းများအတွင်း၌ မြုပ်နေသည်ကို တွေ့ရသည်။ အချို့မှာ တစ်ဝက်တပျက် မြုပ်နေပြီး အချို့မှာ အပြည့်အ၀ နစ်မြုပ်နေသည်။ ယာဉ်၏ ဘီးများသည် ၎င်းတို့ကို ကြိတ်ချေသွားရာ အလောင်းကောင်များသည် အလေးချိန်အောက်တွင် ဆုတ်ဖြဲခံရသောကြောင့် ပြတ်သားသော ကွဲအက်သံများကို ထွက်ပေါ်နေလေသည်။
နန်ကျင်း၏ မျက်နှာအမူအရာ မဲမှောင်သွားသည်။ သူတို့ ထွက်လာစဉ်က မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားသော်လည်း ဤပျက်စီးမှုများကို မြင်တွေ့ရသောအခါ သူမ၏ ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည်။
“ဒီအတိုင်းဆိုရင် လူအိုကြီးရှီတို့ အခြေနေမကောင်းလောက်ဘူး”
“ဆက်ပြီး ရှာကြမယ်”
လင်းရှန်၏ မျက်လုံးများသည် ထက်ရှစွာ စစ်ဆေးရင်း ရှေ့သို့ မောင်းနှင်သွားသည်။ မကြာမီတွင် လေးစီးမြောက် ပျက်စီးနေသော ဟာကျူလီအဆင့် သယ်ယူပို့ဆောင်ရေးလေယာဉ်ကို သူ တွေ့လိုက်ရသည်။
သူ အသက်ကို ပြင်းပြင်းရှူသွင်းပြီး ကီကီ ဘက်သို့ လှည့်လိုက်သည်။
“သယ်ယူပို့ဆောင်ရေးလေယာဉ် လေးစီး... ပြီးတော့ သူတို့က စုစည်းထားတဲ့ ဆွဲငင်ကြိုးတွေကို သုံးတယ်။ ဒါက သူတို့ဟာ ကြီးမားတဲ့ လက်နက်တိုက်ကြီးကို ရွှေ့နေတာ ဒါမှမဟုတ်—“ သူ စကားကို ခေတ္တရပ်ပြီး ပြင်းထန်သော အသံဖြင့် ပြောလိုက်သည်။
“ရေဒီယိုမှာ ပြောခဲ့တဲ့ အကြီးစား စူပါမီကာစက်ရုပ်ကြီး ဖြစ်နိုင်တယ်”
ကီကီ အသက်ရှူမှားသွားသည်။ ထိုမြင်ကွင်းကို မြင်ပြီးနောက် သူမလည်း သံသယရှိခဲ့သော်လည်း လုပ်ဆောင်မှု၏ အရွယ်အစားသည် သူမ စိတ်ကူးထားသည့် အရာအားလုံးထက် ကျော်လွန်နေသည်။
“တန်ပေါင်း ထောင်ချီ အလေးချိန်ရှိတဲ့ မီကာလား။ ဖီးနစ်မှာ အဲ့ဒီလိုနည်းပညာမျိုး ရှိလို့လား”
ကီကီသည် စစ်တပ်အဆင့်ယန္တရားများနှင့် လျှို့ဝှက်လက်နက်စနစ်များကို နက်ရှိုင်းစွာ နားလည်ထားသည်။ ထိုမျှ ကြီးမားသော မီကာသည် တကယ်တည်ရှိနိုင်သည်ဟူသော ဖြစ်နိုင်ခြေက သူမကို သံသယဝင်စေသည်။
“တစ်ခုခုက ဒီလောက်ကြီးမားတယ်ဆိုရင် စူပါစွမ်းအင်ထောက်ပံ့မှုနဲ့ တွန်းကန်အားစနစ်၊ အဆင့်လွန်အာရုံခံနိုင်တဲ့ မောင်းနှင်မှုစနစ် လိုအပ်တယ်။ လိုအပ်တဲ့ အာရုံကြောထိန်းချုပ်မှုအညွှန်းကိန်းပမာဏက မယုံနိုင်လောက်တဲ့အဆင့် ဖြစ်လိမ့်မယ်။ စူပါ-AI တစ်ခုက စက်ရုပ်ကို ထိန်းချုပ်ဖို့ ကိုင်တွယ်နိုင်ရင်တောင် ပစ္စည်းပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေက—”
ကီကီသည် ထိုင်ခုံတွင် သူမ၏ ကွန်ပျူတာနှင့် တွက်ချက်မှုများကို အလျင်အမြန် လုပ်ဆောင်နေသည်။
“အဲ့ဒီအရာတွေအားလုံးဖြစ်နိုင်ရင်တောင် အကြီးဆုံးပြဿနာတစ်ခု ရှိသေးတယ်။ အဲ့ဒါကတော့ ‘ပေါင်းစည်းထိန်းချုပ်မှု’ ပဲ။ ပိုင်းလော့တစ်ယောက်တည်းနဲ့ လုံလောက်မှာ မဟုတ်ဘူး။ ဒီအရာမှာ အဆင့် (၁) ဒါမှမဟုတ် အဆင့် (၂) ထိန်းချုပ်မှုအညွှန်းကိန်းဂဏန်းပဲ ရှိတယ်ဆိုရင် သူက နှေးကွေးပြီး အရွယ်အစားကြီးမားတဲ့ လမ်းလျှောက်နေတဲ့ လက်နက်စနစ်ပဲ ဖြစ်လိမ့်မယ်။ စစ်သင်္ဘောတွေ ဒါမှမဟုတ် တိုက်လေယာဉ်တွေထက် အများကြီး စွမ်းဆောင်ရည်နည်းလိမ့်မယ်။ ဖီးနစ်က ဘယ်လိုဖြေရှင်းနည်းကို သုံးလဲဆိုတာတော့ ကျွန်မ မသိဘူး၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်မကတော့ အကြီးစားဒရုန်းတွေကို ဒီလိုအရာမျိုးထက် ပိုသဘောကျတယ်”
ထို့နောက် သူမသည် လင်းရှန် ဘက်သို့ လှည့်လိုက်ပြီး သူမ၏ မျက်လုံးများ တောက်ပလာသည်။ “ရှင်ကလွဲရင်ပေါ့။ ဒီလိုယန္တရားမျိုးသာ တကယ်ရှိခဲ့ရင် ရှင်က အကောင်းဆုံး ပိုင်းလော့ဖြစ်နိုင်တယ်”
“ငါတို့က စစ်မြေပြင်ရဲ့ အလယ်မှာ ရောက်နေပြီ။ အလောင်းတွေနဲ့ ဝိုင်းရံနေတယ်။ အသက်ရှင်နေတဲ့သူ ရှိမရှိတောင် မသိရသေးဘူး။ အခုချိန်မှာ ဒါတွေ စဉ်းစားနေတာ အဓိပ္ပာယ်မရှိဘူး”
လင်းရှန်က စိတ်မဝင်စားဟန်ဖြင့် ပြန်ဖြေသည်။
ဝင်ရိုးစွန်းယာဉ်၏အထက် မီတာအနည်းငယ်အကွာတွင် အချက်ပြတိုင်တစ်ခုက ဆန့်ထွက်နေသည်။ လင်းရှန်သည် သူတို့ ကျော်ဖြတ်လာခဲ့သည့် လမ်းကြောင်းအမှတ်အသားများကို ခြေရာခံရင်း၊ ရရှိနိုင်သော အချက်ပြတစ်ခုခုကို ရှာဖွေရန် ထုတ်လွှင့်မှုစွမ်းအားကို တိုးမြှင့်လိုက်သည်။
သူတို့ ပို၍ ရှေ့သို့ သွားနေသည်နှင့်အမျှ နစ်မြုပ်နေသော ထိတ်လန့်ဖွယ်သတ္တဝါများ၏ အလောင်း အရေအတွက်မှာ သိသိသာသာ တိုးလာသည်။
အများစုမှာ နှင်းများဖြင့် လုံး၀ ဖုံးလွှမ်းနေသော်လည်း ပိုမို နီးကပ်လာလေလေ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်ကို ပို၍ မြင်ရလေလေ ဖြစ်သည်။
“ဒီမွန်းစတားတွေ အကုန်လုံးက ဦးတည်ချက်တစ်ခုတည်းကို ပြေးနေပုံရတယ်”
နန်ကျင်းသည်လည်း ဤပုံစံကို သတိပြုမိပြီး ဆက်သွယ်ရေးမှတစ်ဆင့် သတင်းပို့သည်။ “ကပ္ပတိန်လင်း သတိထားပါ။ အားဖေးက ရှေ့မှာ မွန်းစတားတွေရဲ့ တည်ရှိမှုက ပိုအားကောင်းလာတယ်လို့ ပြောတယ်”
လင်းရှန် ကီကီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ အားဖေးသည် ထိတ်လန့်ဖွယ်သတ္တဝါများ၏ တည်ရှိနေမှုကို ခံစားနိုင်သည်ဟူသော အချက်က နှစ်ဦးစလုံးကို အံ့သြစေသည်။ သို့သော် နန်ကျင်း၏ သတိပေးချက်ကို ကြားသောအခါ သူတို့၏ အာရုံများမပျံ့လွင့်သွားတော့ပေ၊၊
“အလောင်းတွေ မြုပ်နေတာ ပိုပြီး တိမ်လာတယ်။ ဒါက နှင်းကြောင့် မဟုတ်ဘူး”
ကီကီက သူမ၏ လက်ကို မြှောက်ပြီး စိတ်စွမ်းအားလှိုင်းလုံးတစ်ခုကို ထုတ်လွှတ်လိုက်ကာ နှင်းအလွှာကို လွင့်စင်သွားစေသည်။ နှင်းတစ္ဆေများ၏ အလောင်းပုံကြီးသည် အမြစ်ပြုတ်သွားသော အာလူးများကဲ့သို့ ပက်လက်လှန်သွားသည်။
“ဒါက သေဆုံးတဲ့ အချိန်ကွာတယ်။ ငါတို့ ပိုနီးကပ်လာလေလေ သေဆုံးတာ မကြာသေးတာတွေနဲ့ တွေ့လေပဲ…ဒါကြောင့် နက်နက်ရှိုင်းရှိုင်း နစ်မြှုပ်မနေတာပဲ”
လင်းရှန်က ဆက်သွယ်ရေးမှတစ်ဆင့် ပြောလိုက်သည်။
“ရှေ့မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိလိမ့်မယ်”
—ကလစ်—
—ဘဇ်—
လင်းရှန် ပြောပြီးသောအခါ လေတိုက်ခတ်သံသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ကီကီ၏ ဆက်သွယ်ရေးအာရုံခံစက်သည် အစိမ်းရောင်လင်းလာသည်။
“ဟင် အချက်ပြပဲ”
ကီကီ ချက်ချင်း နိုးကြားလာပြီး စကင်ဖတ်နိုင်သည့် အချင်းဝက်ကို ကျဉ်းမြောင်းလိုက်သည်။ မကြာမီတွင် အချက်ပြမှု တည်ငြိမ်လာပြီး ဆက်သွယ်ရေးစနစ်သည် အသံကြမ်းကြမ်းနှင့် ပြတ်တောက်နေသော ထုတ်လွှင့်မှုတစ်ခုကို ဖမ်းယူလာသည်။