အခန်း (၈၁၂)
Vol. 58 Ch. 812
လူကြီးသည် စာရွက်ကို ကြိမ်ဖန်များစွာ ထပ်စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုံ့ မေး၏။
" မင်းတို့ ဖြည့်ထားတဲ့ အချက်အလက်တွေ မှန်တာ သေချာရဲ့လား "
လောထျန်းက စာရွက်ကို တစ်ချက်လှမ်းကြည့်၍ ပြန်ပြောသည်။
" မှန်တယ်လေ "
တဖက်လူကြီးက စာရွက်အား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးမှ တအံ့တသြ ပြော၏။
" တုကျဲ့အဆင့်.. ဟုတ်လား ။ ဒါ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံနော်... မင်း သေချာရဲ့လား "
ဘေးလူများမှာလည်း သူ့စကားကြောင့် လောထျန်းဆီ အာရုံစိုက် ကြည့်လာကြသည်။
" ဟင်.. ငါ နားကြားများ လွဲသွားတာလား ။ တုကျဲ့အဆင့်က လူတစ်ယောက်က ကောင်းကင်ဘုံကိုးဆ
င့် အစီအမံညီလာခံကို ဝင်ပြိုင်ချင်တယ်.. ဟုတ်လား "
" အဲ့ကောင်လေးက ဘယ်အဖွဲ့ကလဲ "
" အဲ့အဆင့်လောက်နဲ့ ဒီနေရာကို လာတယ်ပေါ့ ။ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဘာများထင်နေလဲမသိဘူး "
အားလုံး ထင်ရာပြောလိုက်ကြသည်။
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ မေးလာ၏။
" ဘာဖြစ်လို့လဲ ၊ တုကျဲ့အဆင့်ကလူတွေ ပြိုင်ပွဲမှာ ဝင်မပါရဘူးလို့ စည်းကမ်းထုတ်ထားတာလား "
သူ့စကားကြောင့် တဖက်လူကြီး ခေတ္တမျှ မှင်သက်သွားပုံပေါ်ပြီးမှ လက်ကာပြ၍ ပြောသည်။
" ခဏနေဦး "
သူ ပြောပြောဆိုဆိုပင် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ စည်းကမ်းချက်စာအုပ်ကို ကောက်ယူ၍ သေချာဖတ်လိုက်၏။
ထို့နောက်... သူ ခေါင်းကုတ်၍ ပြောသည်။
" အဲ့လိုစည်းကမ်းချက်မျိုးတော့ မရှိပါဘူးကွာ... ဒါပေမယ့်... "
လောထျန်း ပုခုံးတွန့်ပြလိုက်၏။
" အဲ့ဒါဆို ရပြီမဟုတ်ဘူးလား "
လူကြီးမှာ လောထျန်းကို ကြည့်ရင်း သက်ပြင်းသာ ချလိုက်သည်။
" ထားပါလေ.. မင်းက ဝင်ပြိုင်ချင်မှတော့လဲ ပြိုင်ပါ "
သူ ထိုသို့ပြောပြီး ခေါင်းယမ်း၍ လောထျန်း၏ အချက်အလက်ဖြည့်ထားသော စာရွက်ကို သိမ်းလိုက်၏။
" ဟမ့်... ရှင်တို့တွေက ဘာမှလဲမသိဘဲ သူများကို အထင်သေးနေကြတာ ။ ကျွန်မတို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာရော သိကြရဲ့လား "
ဘေးမှ ရှောက်ရက မကျေမနပ် ဝင်ပြောသည်။
တဖက်မှ လူကြီးက သူမအား မော့ပင်မကြည့်ဘဲ လှောင်သံဖြင့် ပြန်ပြော၏။
" အင်း... အထင်ကြီးစရာကြီးပါကွာ.. တကယ်ကို အထင်ကြီးစရာပဲ "
အားလုံးထံမှ ရယ်သံကျယ်ကြီး ထွက်လာသည်။
" ရှင်တို့တွေ "
ရှောက်ရ ဒေါသထွက်သွားတော့သည်။
သို့သော် လောထျန်းကမူ ထိုကိစ္စအား နည်းနည်းလေးပင် ဂရုစိုက်ပုံမပေါ်ပါ ။
" ထားလိုက်ပါ... အခု ပြောနေလဲ ဘယ်သူကမှ ယုံကြမှာမဟုတ်ဘူး ။ အထဲကိုပဲ အရင်ဝင်ရအောင် "
လောထျန်း ပြောလိုက်သည်။
ရှောက်ရ သက်ပြင်းချလိုက်၏။
" ဟုတ်ကဲ့ပါ လက်ထောက်ဂိုဏ်းချုပ်ကြီး "
ထို့နောက် သူတို့နှစ်ဦး ပြောပြောဆိုဆိုပင် ရှေ့ဆက်
လျှောက်သွားကြသည်။
သူတို့ ထွက်သွားပြီးနောက် လူကြီးမှာလည်း လူထောင်ပေါင်းများစွာကို ဆက်လက် စာရင်းသွင်းနေလိုက်ပြီး .. နေ့လည်ခင်းလောက် ရောက်မှသာ အားလုံး စာရင်းသွင်း၍ ပြီးသွားပါ၏။
သူ ခေတ္တမျှ အနားယူရန် ပြင်နေစဥ်မှာပင် အဘိုးအိုတစ်ယောက်က သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။
" စာရင်းသွင်းလို့ ပြီးသွားပြီလား "
အဘိုးအို ပြော၏။
တဖက်မှ လူကြီးက ထိုအသံကို ကြားကြားချင်း ခေါင်းမော့ကြည့်လိုက်သည်။
အဘိုးအိုကို မြင်သောအခါ သူ့မျက်နှာကြီး ချက်ချင်းတည်သွား၏။
" သခင်ကြီးဟောင် ပါလား... ဘယ်လိုကြောင့်မို့ ကိုယ်တိုင်လာခဲ့ရတာလဲဗျ "
ထို သခင်ကြီးဟောင်ဆိုသူမှာ အဆင့်ရှစ် မသေမျိုးအစီအမံပညာရှင် တစ်ယောက် ဖြစ်ပါသည်။
သူသည် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ ရွှမ်လင်မြို့ လူရွေးပွဲကို တာဝန်ယူထားသော သူလည်းဖြစ်၏။
" လူရွေးပွဲ စဖို့ တစ်နာရီလောက်တောင် လိုသေးတယ်လေ ။ ကျုပ်က ငြိမ်ငြိမ်ထိုင်ပြီး မနေတတ်လို့ ဒီနှစ် ရွှမ်လွင်မြို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ ကြည့်ရအောင် လာခဲ့တာ ။ အခု ဘယ်လိုလဲ ပြောပါဦး ... ထူးခြားတဲ့သူတွေ ပါသေးလား "
သခင်ကြီးဟောင်က ခုံတစ်လုံး ယူထိုင်ရင်း စားပွဲထိုးများ ချပေးသည့် ရေနွေးကြမ်းတစ်ခွက်ကို သောက်ကာ မေးသည်။
သူ့မျက်နှာမှာလည်း အနည်းငယ် သုန်မှုန်နေပါ၏။
သို့သော် သခင်ကြီးဟောင်က ဘာကြောင့် ထိုပုံစံဖြစ်နေရသည်ကို အားလုံး သိကြပါသည်။
ချင်းယွမ်ဒေသတွင် ရှိသော ကောင်းကင်ဘုံကိုးဆင့်
အစီအမံညီလာခံ၏ လူရွေးပွဲ ရှစ်နေရာတွင် သခင်ကြီးဟောင် တာဝန်ယူရသည့် နေရာမှာ အစွမ်းအနိမ့်ဆုံး ဖြစ်၏။
သူ ရွှမ်လင်မြို့သို့ ရောက်ပြီးနောက်ပိုင်း သူ့လက်အောက်မှ နောက်တစ်ဆင့်တက်သွားကြသည့် မသေမျိုးအစီအမံပညာရှင် များထဲတွင် နောက်ပြိုင်ပွဲအား အောင်မြင်သွားသူ တစ်ယောက်မှ မရှိခဲ့ပါချေ။
ထို့ကြောင့်လည်း လူရွေးပွဲကို တာဝန်ယူရသည့် ခေါင်းဆောင်ရှစ်ယောက်ထဲတွင် သူက အဆင့်အနိမ့်ဆုံးဖြစ်ကာ ပြီးခဲ့သောနှစ်များအတွင်း ကျန်လူများ၏ လှောင်ပြောင်စော်ကားမှုကို ခံခဲ့ရသည်။
ထို့ထက် ပိုအရေးကြီးသည်မှာ မကြာသေးခင်က သူ ကြားထားခဲ့သည့် သတင်းကြောင့်ပင် ..
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံတွင် ရွှမ်လွင်မြို့ဧရိယာမှာ ကျန်နေရာများနှင့် ယှဥ်ပါက အစွမ်းနိမ့်လွန်းသဖြင့်... နောက်နှစ်များ၌ ရွှမ်လင်မြို့ လူရွေးပွဲကို ဖျက်သိမ်းမည်ဟု ဆိုပါ၏။
ထိုသို့သာ ဖြစ်သွားပါက သခင်ကြီးဟောင်၏ ဂုဏ်သိက္ခာ ကျဆင်းရပေလိမ့်မည်။
ထို့ကြောင့်လည်း သူ ယခုလို မျက်နှာပျက်နေရခြင်းပင် ။
တဖက်မှ လူကြီးမှာလည်း သတိကြီးကြီးထား၍ ချက်ချင်းပြန်ဖြေသည်။
" အရင်နှစ်က ထိပ်ဆုံးအဆင့် ၈ ထဲ ဝင်ခဲ့တဲ့သူတွေအားလုံး ဒီနှစ် စာရင်းပြန်သွင်းထားကြပါတယ် သခင်ကြီးဟောင် "
သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွားပါသည်။
" အဲ့ရှစ်ယောက်လုံးက အဓိကပြိုင်ပွဲ ပထမအဆင့်မှာတင် အထုတ်ခံလိုက်ကြရတာ မဟုတ်လား ။ သူတို့အားလုံးက ဘာမှ အသုံးကျတာမဟုတ်ဘူး "
သူ့လေသံထဲမှ ဒေါသကို ခံစားမိသဖြင့် တဖက်မှ လူကြီး ခေါင်းငုံ့သွား၏။
" သခင်ကြီးဟောင် ပြောတာ မှန်ပါတယ် ။ ဒါပေမယ့် အဲ့ရှစ်ယောက်အပြင်ကို.. တခြား ထူးခြားတဲ့သူ
သုံးယောက်လောက် ပါလာသေးတယ်ဗျ "
" ဟုတ်လား ၊ ပြောပါဦး "
သခင်ကြီးဟောင်က မရွှင်မပျ မျက်နှာဖြင့် ဆက်မေးလိုက်သည်။
" သူတို့ထဲက တစ်ယောက်ကတော့ ယွိဟွာယန် မိသားစုရဲ့ အရင်ခေါင်းဆောင်ဟောင်း ၊ ယန်ဝမ့်လျန် ပါ ။ သူက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တည်းက အဆင့် ၇ မသေမျိုးအစီအမံပညာရှင် ဖြစ်လာခဲ့တာဗျ ။ ကျုပ် သူ့ကို သုံးကြိမ်တိတိ ညစာဖိတ်ကျွေးပြီးမှ ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ နားချထားခဲ့တာ "
လူကြီးက လေသံတိုးတိုးဖြင့် ပြန်ပြော၏။
ထိုစကားကို ကြားသောအခါ သခင်ကြီးဟောင် မျက်ခုံးပင့်သွားသည်။
" အဲ့ အဘိုးကြီး ယန်ဝမ့်လျန်က ဒီလောက်အသက်ကြီးနေမှ အဆင့်တက်သွားခဲ့တာလား ။ အဆင့်၇ မသေမျိုးအစီအမံပညာရှင် ... အင်း မဆိုးပါဘူးလေ ။ သူသာ အဓိကပြိုင်ပွဲကို တက်သွားနိုင်ရင်... မျှော်လင့်မထားတဲ့ကိစ္စတွေ မရှိရင်တော့... ပထမအဆင့်ကို ကျော်နိုင်လောက်ပါရဲ့ ။ ကျန်တဲ့နှစ်
ယောက်ကရော... "
တဖက် လူကြီးက တီးတိုးပြန်ပြော၏။
" ဒုတိယတစ်ယောက်က ရွှမ်လင်နန်းတော်ရဲ့ နတ်ဘုရားသားတော် ၊ ကွမ်ဝမ်ယွိ ဗျ "
" ကွမ်ဝမ်ယွိ ... ဟုတ်လား "
ထိုနာမည်ကို ကြားသည်နှင့် သခင်ကြီးဟောင် ခေါင်းအသာညိတ်လိုက်သည်။
" ငါ အဲ့နာမည်ကို ကြားဖူးတယ် ။ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်က သူ အသက်သုံးရာပဲ ရှိသေးတဲ့အချိန်မှာ အဆင့်လေး မသေမျိုးအစီအမံပညာရှင် အဆင့်ကို ရောက်သွားခဲ့တဲ့သူ မဟုတ်လား ။ သူ့ရဲ့ ပါရမီက ကောင်းပါတယ်.. ဒါပေမယ့်.. အဲ့လောက်နဲ့ မလုံလောက်ဘူးကွ "
တဖက်မှ လူကြီးက အပြုံးဖြင့် ပြော၏။
" သခင်ကြီး မသိသေးဘူးနဲ့တူတယ် ၊ အဲ့ ကွမ်ဝမ်ယွိက လွန်ခဲ့တဲ့ သုံးနှစ်ကတင် အဆင့်ငါး မသေမျိုးအစီအမံပညာရှင် အဆင့်ကို ရောက်သွားခဲ့တာဗျ "
" အဲ့လိုလား... ဒါဆိုရင်တော့ မဆိုးပါဘူး "
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်သည်။
တဖက်လူ စကားဆက်၏ ။
" ဒါတင် မကသေးဘူးဗျ ။ လွန်ခဲ့တဲ့ လဝက်လောက်တုန်းက သူ အဆင့်ခြောက် မသေမျိုးအစီအမံပညာရှင်အဆင့်ကို တန်းပြီးရောက်သွားခဲ့သေးတယ် "
" ဘယ်လို... "
ဤတစ်ကြိမ်တွင်မူ သခင်ကြီးဟောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
" အဲ့လောက်မြန်မြန်ကြီး အဆင့်တက်တာမျိုးက တကယ်ရှားတယ် ။ သူ့အရွယ်နဲ့ဆို ချင်းယွမ်ဒေသတစ်ခုလုံးရဲ့ လူငယ်မျိုးဆက်ထဲမှာ တော်တော်ကောင်းတဲ့ထဲ ပါနေပြီ "
သခင်ကြီးဟောင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကွမ်ဝမ်ယွိ၏ အစွမ်းဖြင့်ဆိုပါက .. ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၌ ရလဒ်ကောင်းများ မရနိုင်သည့်တိုင် ...
သူသည် အသက်ငယ်ပြီး ပါရမီထူးပါ၏။
သို့ဖြစ်ရာ အနည်းဆုံးဆိုလျှင်ပင် ရွှမ်လင်မြို့၌ မသေမျိုးအစီအမံပညာရှင် အလောင်းအလျာများ ရှိကြောင်း အခြားနယ်များဘက်မှ သိသွားပေမည်။
၎င်းက အရေးအကြီးဆုံး အချက်ပါပင် ။
ထိုစဥ် စာရင်းသွင်းသည့် လူကြီးက အပြုံးဖြင့် ပြောလာသည်။
" ဒါပေမယ့်... အရေးကြီးဆုံးက တတိယတစ်ယောက်ပဲဗျ "
" ဟင်.. နောက်တစ်ယောက် ရှိသေးတာလား ။ ဘယ်သူလဲ "
သခင်ကြီးဟောင် ၏ မျက်နှာထက်တွင် တွေ့ရခဲလှသော အပြုံးတစ်ခု ပေါ်လာသည်။
လူကြီးက ပြန်ဖြေ၏။
" တတိယတစ်ယောက်က... အရှုပ်အထွေးနတ်ဘုရားနိုင်ငံက ၊ ယွဲ့မိသားစုရဲ့ အကြီးဆုံးသမီး.. ယွဲ့
လီ ပဲဗျ "
သခင်ကြီးဟောင် မျက်လုံးပြူးသွားသည်။
" ယွဲ့လီ.. ဟုတ်လား ။ မွေးလာတဲ့ နေ့မှာ စိတ်ဝိဥာဥ်အစွမ်းက ဖီးနစ်ငှက်အဖြစ် အသွင်ပြောင်းသွားခဲ့တဲ့ ယွဲ့လီလား "
လူကြီးက ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။
" ဟုတ်တယ်ဗျ.. သူပဲ "
ထိုစကားကို ကြားသည်နှင့် သခင်ကြီးဟောင် ထိုင်ရာမှပင် ထရပ်မိသွားပြီး အသံတုန်တုန်ဖြင့် ပြောသည်။
" သူ... သူ တကယ်ကြီး ရောက်နေတာလား "
တဖက်လူက မြန်မြန်ပြန်ပြော၏။
" ဟုတ်တယ်ဗျ ။ ကျုပ်လဲ အံ့သြသွားခဲ့ရတာ... မိန်းကလေးက တကယ်ကြီး ရောက်နေတာ "
သခင်ကြီးဟောင် စိတ်လှုပ်သွားပုံက အထင်းသား..
" ကောင်းတယ်ကွာ.. ကောင်းတယ် ။ ယွဲ့မိသားစုရဲ့ သမီးအကြီးဆုံးက ဝင်ပြိုင်မှာဆိုတော့ ငါတို့ ရွှမ်လင်မြို့ ခေါင်းမော့ရင်ကော့လို့ရပြီ "
လက်ရှိတွင် သခင်ကြီးဟောင်တစ်ယောက် မည်သို့ ခံစားနေရမည်ကို စာရင်းသွင်းသောလူကြီး ကောင်းကောင်း နားလည်ပါသည်။
အမှန်တွင်မူ သူသည်လည်း ထိုသို့ပင် ခံစားနေရပါ၏။
ယွဲ့မိသားစု၏ သမီးအကြီးဆုံးမှာ ဂုဏ်သတင်း ကျော်ဇောသူ တစ်ယောက်ပါပင် ။
ယွဲ့မိသားစုသည်လည်း အစီအမံပညာရပ်တွင် တော်ကြသည့် မိသားစုတစ်ခုဖြစ်ကာ သူတို့မိသားစုဝင်များ၏ စိတ်ဝိဥာဥ်အစွမ်းများကလည်း အမှန်တကယ် အစွမ်းထက်လှပါသည်။
ထိုအထဲမှ သူတို့၏ သမီးအကြီးဆုံးမှာ ထူးထူးခြားခြားပင် အစွမ်းထက်လှပါ၏။
သူမ မွေးဖွားလာသည့် နေ့မှာပင် သူမ၏ စိတ်ဝိဥာဥ်အစွမ်းက ဖီးနစ်ငှက်တစ်ကောင်အဖြစ် အလိုလိုအသွင်ပြောင်းသွားခဲ့ပြီး ... ထိုအဖြစ်က ချင်းယွမ်
ဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါသည်။
ထိုသို့သော လူတစ်ယောက်က ရွှမ်လင်မြို့သို့ လာရောက်ယှဥ်ပြိုင်သည်ကို သခင်ကြီးဟောင် စိတ်မလှုပ်ရှားဘဲ နေပါမည်လား ။
စာစဉ်ပြီး၏