မတိုက်ခိုက်ဘဲ ထွက်ပြေးတာလား
Vol. 58 Ch. 799
" ဘယ်လို... စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးရဲ့.. ကိုယ်ပွားပုံရိပ်... "
ခပ်လှမ်းလှမ်းတွင် ရှိနေသော ရှောက်ရမှာ ဒုတိယဘိုးဘေး၏ စကားကိုကြားသည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
သူမနှင့် လောထျန်းတို့ စီးပွားရေးလုပ်ရန်အတွက်သာ လာခဲ့ချိန်တွင်.. ယခုလို အရာကြီးက ဝင်ပါလာသတဲ့လား..
" မဖြစ်ဘူး ... "
တဖက်ရှိ ဘိုးဘေး ၄ မှာလည်း ကိုယ်ကို ခက်ခက်ခဲခဲလှည့်၍ သူ့စိတ်ဝိဥာဥ်ကို တုန်ခါအောင် လုပ်နေသော မျက်နှာကြီးအား ကြည့်လိုက်သည်။ သူ့ရင်ထဲတွင်လည်း ကူကယ်ရာမဲ့ ဖြစ်သွားပါ၏။
ဒုတိယဘိုးဘေးက ယခုလို အဆင့်ထိ ရောက်နေမည်ဟု သူ လုံးဝ မထင်ခဲ့ပါချေ။
ထိုစဥ် ဒုတိယဘိုးဘေးက အသံကျယ်ဖြင့် အော်ရယ်ရင်း ပြောလာသည်။
" စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးက ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ ။ ပြီးတော့ ခေတ်အဆက်ဆက်မှာတောင် သူ့လိုလူ တစ်ယောက်ပဲ ရှိတာ "
" အခု ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်း တစ်ဝက်လောက်ကို စတေးပစ်ပြီးမှ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး ငါ့ပေါ်ဆင်းလာအောင် လုပ်ခဲ့တာကွ ။ ဒီနေ့တော့ မင်း မပြောနဲ့ ၊ ဒီကမ္ဘာမှာ ရှိကြတဲ့ မသေမျိုးဘုရင်ဘွဲ့ ရထားတဲ့သူတွေ အားလုံးပေါင်းပြီး လာရင်တောင် ဒုက္ခရောက်သွားကြမှာ "
" ဘာဖြစ်လို့လဲဆိုတော့ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးက ပြိုင်ဘက်ကင်းပဲကွ "
သူ ထိုသို့ ပြောပြီးချိန်မှာပင် စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ ကိုယ်ပွားပုံရိပ် ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ဝက်က တံခါးထဲမှ ထွက်လာပါသည်။
ထို့နောက်... ၎င်းကိုယ်ပွားပုံရိပ်က ပါးစပ်ဟ၍ အော်
လိုက်၏။
အနီးနားတွင် အားလုံးမှာ ထိုအော်သံကို မခံနိုင်ကြဘဲ နားများကို လက်ဖြင့်ကိုယ်စီပိတ်၍ နာကျင်စွာ အော်ဟစ်လိုက်ကြရသည်။
" ဒီအော်သံက.. ငါ့ရဲ့ စိတ်ဝိဥာဥ်ထဲကို အပ်တွေအများကြီး စိုက်ဝင်လာသလိုပါပဲလား ။ ကြောက်စရာ ကောင်းလိုက်တာ "
ရှောက်ရတစ်ယောက် ကြမ်းပြင်သို့ လဲကျသွားပြီး တစ်ကိုယ်လုံး တုန်နေရှာတော့၏။
သူမ အလွန်လည်း နောင်တရနေပါသည်။
ယနေ့ အဘယ့်ကြောင့် ထိုအရောင်းအဝယ်ကို လုပ်မိခဲ့ပါသနည်း ။
ထိုစဥ်တွင် ယွမ်မိသားစု ဒုတိယဘိုးဘေး၏ မျက်နှာထက်မှ အပြုံးမှာ ပိုပို၍ ကြီးလာပါသည်။
ထို့နောက်.. သူ လောထျန်းအား လက်ညိုးထိုးလိုက်
ပြီး ... စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ ကိုယ်ပွားပုံရိပ်ကို အော်ပြောလိုက်၏။
" သူ့ကို သတ်ပစ် "
ယား..
စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ ကိုယ်ပွားပုံရိပ် အသံကျယ်ဖြင့် အော်ကာ လောထျန်းဘက် လှမ်းကြည့်လိုက်သည်။
ထိုတခဏ၌ ကိုယ်ပွားပုံရိပ်ကြီး မှင်သက်သွား၏။
တဖက်တွင် ရပ်နေသော လောထျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ကိုကြည့်၍ မေးလာသည်။
" မင်းက ငါ့ကို သတ်မလို့လား "
ကိုယ်ပွားပုံရိပ်ကြီး မည်သို့မှ ပြန်မဖြေဘဲ အရိပ်တံခါးဆီသို့သာ ဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်၏။
" ဟင်... စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ် ၊ ဘာတွေ လုပ်နေတာလဲ ။ သူ့ကို မြန်မြန်
သတ်လိုက်လေ "
၎င်းကိုမြင်သော ဒုတိယဘိုးဘေး အံ့သြသွားကာ အသံကျယ်ဖြင့် အော်ပြောလိုက်သည်။
သို့သော်.. သူ ထိုသို့ မအော်ခဲ့လျှင်ပင် ပိုကောင်းပါလိမ့်ဦးမည် ။
ထိုအော်သံကို ကြားသည်နှင့် တဖက်မှ ကိုယ်ပွားပုံရိပ်ကြီးက ယခင်ထက်ပင် မြန်မြန်နောက်ဆုတ်သွား၏။
ဝှစ်..
မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းမှာပင် သူ အရိပ်တံခါးထဲသို့ ပြန်တိုးဝင်ကာ ပျောက်ကွယ်သွားပါတော့သည်။
" ဟေ့.. မင်း ဘာလုပ်နေတာလဲ ။ ငါ့ စိတ်ဝိဥာဥ်အစွမ်း တစ်ဝက်လောက်ကို သုံးပြီးမှ မင်းကို ခေါ်ထားရတာလေကွာ ။ အခု ဘာလို့ ဘာမှမလုပ်တာလဲ "
ဒုတိယဘိုးဘေး ဒေါသတကြီး ထပ်ပြောလာ၏။
သို့သော် စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ ကိုယ်ပွားပုံရိပ်က သူ့အား ဘာမှပြန်မပြောပါ ။
ထိုအစား..
ဘုန်း...
၎င်းက တံခါးကိုသာ ဆောင့်ပိတ်လိုက်ပါ၏။
ထို့နောက်တွင်.. အရိပ်တံခါးကြီးက မရေမတွက်နိုင်သော အလင်းပျောက်လေးများအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
" ဘယ်လိုဖြစ်ပြီး... "
ယွမ်မိသားစု ၊ ဒုတိယဘိုးဘေး တုန်လှုပ်သွားရ၏။
ဘာတွေ ဖြစ်နေပါသလဲ ...
သူခစားခဲ့သော စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီး၏ ကိုယ်ပွားပုံရိပ် ၊ သူ များစွာစတေးပြီးမှ ခေါ်ခဲ့ရသော ၎င်း ကိုယ်ပွားပုံရိပ်က တစ်ချက်လေးတောင် မတိုက်ခိုက်ဘဲ ပြန်လှည့်သွားခဲ့သတဲ့လား.. ။
သူ ဘာဆက်လုပ်ရပါမည်လဲ...
အွတ် ...
ရင်ထဲ ပေါက်ကွဲလာသော ဒေါသကြောင့် ဒုတိယဘိုးဘေး သွေးအန်သွားသည်။
ထိုစဥ် လောထျန်း ပြောလာ၏။
" မင်းက ဝမ်ဟွန်းကွေ့ယီဂိုဏ်းက သခင်ကြီးယွမ်လောက်တောင် မကောင်းပါလားကွ.. "
သူ ထိုသို့ပြောပြီး ရှေ့ဆက်လျှောက်လာသည်။
" မင်း.. မင်း ဘာလုပ်လိုက်တာလဲ "
ယွမ်မိသားစု ဒုတိယဘိုးဘေးက လောထျန်းအား ဒေါသနှင့် အကြောက်တရားတို့ ရောပြွန်းနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လောထျန်းက အေးဆေးပြန်ပြော၏။
" ဘာမှ မလုပ်လိုက်ဘူးလေ ။ အဲ့ ကိုယ်ပွားပုံရိပ်နဲ့ ငါ့ကို အနိုင်ယူလို့မရဘူးဆိုတာ စိတ်ဝိဥာဥ်တစ်သောင်း
သခင်ကြီး သိနေလို့ဖြစ်မှာပေါ့ "
" မင်း.. ဘာ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ "
ဒုတိယဘိုးဘေး အလွန်ဒေါသထွက်သွားတော့သည်။
" စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ်က မသေမျိုးဧကရာဇ်တစ်ယောက်လို အစွမ်းမျိုး ရှိတယ်ကွ ။ ဘာကြောင့်မို့ မင်းကို အနိုင်မယူနိုင်ရမှာလဲ "
သူ ဒေါသတကြီး အော်လိုက်သည်။
လောထျန်းက အံ့သြနေဟန်ဖြင့် ပြန်မေး၏။
" အဲ့လောက်အစွမ်းထက်တာလား.. "
သူ့ပုံစံကြောင့် ဒုတိယဘိုးဘေး ဒေါသပိုထွက်သွားပါသည်။
" ငါ မယုံဘူးကွာ ။ နတ်ဘုရားသိုင်းကွက်ကို ထပ်သုံးမယ် "
ယွမ်မိသားစု ဒုတိယဘိုးဘေးမှာ ရူးတော့မလိုပင် ဖြစ်
နေပြီး လက်ဝါးနှစ်ဖက်ကို ထပ်စုလိုက်၏။
ဝီ ...
ချက်ချင်းမှာပင် သူ့ကိုယ်မှ စိတ်ဝိဥာဥ်အစွမ်းများ အငွေ့ပျံသွားပြီး သွေးကြောများ ပေါက်ထွက်လာပြန်သည်။ တံခါးတစ်ချပ်လည်း စုစည်းတော့မလို ဖြစ်လာ၏။
သို့သော် ...
ဝုန်း...
တံခါးက ပုံအပြည့် မပေါ်လာသေးခင်မှာပင် သူ့အလိုလို ပြိုကျသွားပါသည်။
" ဒါ... "
ဤတစ်ကြိမ်တွင်ကား ဒုတိယဘိုးဘေး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ပြီး ...
သူ့အသွင်မှာလည်း ယခင်ထက် များစွာ ပိုအိုမင်း
သွားပုံ ပေါ်၏။
တခဏအတွင်းမှာပင် သူ့ပုံက... ခြောက်ကပ်နေသော အလောင်းကောင်ကြီးနှင့် တူလာကာ လဲကျသွားတော့မလို ဖြစ်နေတော့သည်။
လောထျန်း သူ့ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်း၍ လက်ကို အသာယမ်းလိုက်၏။
ဝုန်း...
ယွမ်မိသားစု ဒုတိယဘိုးဘေး ပြာမှုန်အဖြစ် ရုတ်ချည်းပြောင်းကာ နေရာတွင် သေဆုံးသွားတော့သည်။
သူ သေသွားသည်နှင့် ခန်းမထဲ ရှိနေကြသော ယွမ်မိသားစုဝင်များအားလုံးလည်း ချုပ်နှောင်ခံထားရရာမှ ပြန်လွတ်မြောက်သွားကြသည်။
သို့သော်.. သူတို့အားလုံး ထိုသို့ ပြန်လွတ်လပ်ခွင့် ရသွားကြသည့်တိုင်.. မည်သူကမှ သက်တောင့်သက်သာ ဖြစ်မနေကြပါ ။
အဘယ့်ကြောင့်ဆိုသော်... လက်ရှိ ခန်းမထဲ၌ ပိုကြောက်စရာကောင်းသော အရာတစ်ခု ရှိနေ၍ ဖြစ်ပါသည်။
ထိုအရာမှာ.. လောထျန်းပါပင်..
ထိုသူက စိတ်ဝိဥာဥ်တစ်သောင်းသခင်ကြီး၏ ကိုယ်ပွားပုံရိပ်ကိုပင် ထွက်ပြေးသွားအောင် ခြောက်လှန့်နိုင်ခဲ့ပါ၏။
" သခင်ကြီး... ဘယ်လိုအကြောင်းကြောင့် ကျုပ်တို့ ယွမ်မိသားစုကို လာခဲ့တာလဲဗျာ "
နောက်ဆုံးတွင်မူ.. ဘိုးဘေး၄ က ဒယိမ်းဒယိုင် ထရပ်ပြီး.. လောထျန်းအား တလေးတစား အရိုအသေပြု၍ မေးလာသည်။
လောထျန်းက သူ့ဘက်လှည့်ကြည့်၍ ပြန်ဖြေလိုက်၏။
" ကျုပ်က ဒီကို စီးပွားရေးလုပ်ဖို့ လာခဲ့တာ "
သူ ပြောပြောဆိုဆိုပင် လက်ထဲကိုင်ထားသော အစီအမံပုံကြမ်းများကို မြှောက်ပြလိုက်ပြီး... ယွမ်
လောလင်ဘက် လက်ညိုးထိုးပြလိုက်သည်။
" သူပြောတော့ ယွမ်မိသားစုက ဒါတွေအားလုံးကို ဝယ်ချင်တာတဲ့ ။ ဒါ့ကြောင့်မို့ ကျုပ်က ဒီအထိ ယူလာပေးတာ ။ ဒါပေမယ့်.. ခုနက ဟိုကောင်က ကျုပ်ကို ပိုက်ဆံမပေးချင်တဲ့အပြင် တိုက်ခိုက်ဖို့ပါ လုပ်ခဲ့တာလေ ။ အဲ့တော့လဲ ကျုပ်က သူ့ကို အသေသတ်လိုက်တာပေါ့ ။ အခု ဒီမှာ အကြီးဆုံးက ဘယ်သူလဲ ။ ဒီ အစီအမံပုံကြမ်းတွေကိုရော ဝယ်မှာလား "
လောထျန်း ပြောနေစဥ်တွင် သူ့မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့ တစ်စွန်းတစ ထွက်လာ၏။
ဂလု...
တဖက်မှ ဘိုးဘေး၄ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
" ဝယ်... ဝယ်မှာပါဗျာ ။ သေချာပေါက် ဝယ်မှာပါ ။ ဒါတင်မကသေးဘူး ၊ စျေးကိုလဲ နှစ်ဆပေးပါ့မယ် "
လောထျန်း မကျေမနပ် ဖြစ်ပြီး သူ့အား တိုက်ခိုက်လာမည်ကို သူ အလွန်ကြောက်လှပါသည်။
ထို့နောက် သူ အားလုံးဘက်လှည့်ကြည့်ကာ မေးလိုက်၏။
" မင်းတို့ထဲမှာ ငြင်းချင်တဲ့သူ ဘယ်သူရှိလဲ "
ကျန်လူများအားလုံး ခေါင်းကို အသည်းအသန် ယမ်းပြလိုက်ကြသည်။
" ငြင်းစရာ မရှိပါဘူးဗျာ ၊ သဘောတူပါတယ် "
" စျေးကိုတောင် ပိုပေးသင့်ပါသေးတယ် "
" ဟုတ်ပါတယ် "
အားလုံး ပြောလိုက်ကြသည်။
၎င်းကိုကြားမှ လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
" ကောင်းပါပြီ ။ ဒါပေမယ့်.. စျေးကို နှစ်ဆပိုပေးစရာတော့ မလိုပါဘူးဗျာ ။ အဲ့အစား.. ကျုပ် ခင်ဗျားတို့ကို တစ်ခုပဲ အကူညီတောင်းချင်တယ်.. ဘယ်လိုလဲ "
ထိုစကားကို ကြားသောအခါ ဘိုးဘေး၄ ခေါင်းမြန်မြန်ငုံ့သွားပြီး ပြောလိုက်သည်။
" သခင်ကြီး ဘာများ လုပ်ချင်လဲ သိပါရစေဗျာ "
လောထျန်း ပြော၏။
" ကျုပ်ကို ကောင်းကင်ဘုံစင်မြင့် ဆောက်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေရယ် ၊ ကောင်းကင်ဘုံစင်မြင့် ဆောက်လုပ်သန့်စင်နည်းတွေရယ် ရှာဖွေစုဆောင်းပေးလို့ ရမလား ။ အဲ့အတွက် ကုန်မယ့်ပိုက်ဆံကိုတော့ အစီအမံပုံကြမ်း ရောင်းလို့ရတဲ့ထဲကနေ နှုတ်ထားလိုက်လေ ။ အဆင်ပြေမလား "
ဘိုးဘေး၄ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
" စိတ်မပူပါနဲ့ သခင်ကြီး ။ ကျုပ်တို့ ယွမ်မိသားစုရဲ့ စီးပွားရေး အချိတ်အဆက်တွေနဲ့ဆိုရင် မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ။ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ "
" လက်မခံဝံ့ပါဘူးဗျာ "
ဘိုးဘေး၄ အသံတုန်တုန်ဖြင့် ပြန်ပြောရှာ၏။
လောထျန်းက များစွာ ထပ်ပြောမနေတော့ဘဲ လက်ကျိုးနေသော ယွမ်လွင်ဘက် လှည့်ကြည့်ကာ မျက်မှောင်ကြုံ့၍ လက်ဖျောက်တီးလိုက်သည်။
ဝုန်း...
ယွမ်လွင်၏ ခေါင်း ပေါက်ထွက်သွားပြီး နေရာတွင် သေဆုံးသွားတော့၏။
သူသည် အစောပိုင်းက အစီအမံများဖြင့် လောထျန်းကို သတ်ချင်ခဲ့သူ မဟုတ်ပါလား ။
ထိုသို့သော လူမျိုးကို လောထျန်း မည်သို့ အလွတ်ပေးပါမည်နည်း ။
၎င်းကို မြင်လိုက်ရသော ခန်းမထဲရှိ ဘိုးဘေး ၂ ၏ မျိုးဆက်များအားလုံး တုန်လှုပ်သွားကုန်ကြတော့သည်။
" ရှောက်ရ ၊ သွားကြစို့ "
ထိုစဥ် လောထျန်း နောက်လှည့်လာပြီး ပြော၏။
" ဟင်.. ဟုတ်ကဲ့ "
ထိုစဥ်တွင် ရှောက်ရမှာလည်း အူကြောင်ကြောင် ဖြစ်နေရှာပါသည်။
ထို့နောက် .... လောထျန်း နှင့် ရှောက်ရတို့နှစ်ယောက် ထွက်သွားပြီး အချိန်အတန်ကြာသွားမှာသာ... လောမိသားစုဝင်များ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့၏။
ယနေ့ ယွမ်မိသားစု စမ်းသပ်ပွဲတွင် ထိုသို့သော အဖြစ်ပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပါချေ။
" ဘိုးဘေးတို့ ၊ ကျုပ်တို့တွေ အခုဘာဆက်လုပ်ကြမလဲ "
ယွမ်ချန်းက ခက်ခက်ခဲခဲ ထရပ်ရင်း ဘိုးဘေးနှစ်ယောက်အား မေးလိုက်သည်။
အသက်ဘေးမှ သီသီလေး လွတ်မြောက်လာကြသော ဘိုးဘေးနှစ်ယောက်သား တစ်ယောက်ကိုတစ်
ယောက် လှမ်းကြည့်လိုက်ကြ၏။ ပြီးနောက်မှ ဘိုးဘေး ၄ က ပြောသည်။
" အားလုံးကို အမိန့်ထုတ်လိုက် ၊ ဒီနေ့ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေအားလုံး အပြင်ကို လုံးဝ မပေါက်ကြားစေနဲ့လို့ ။ အမိန့်မနာခံတဲ့ ဘယ်သူမဆို အသတ်ခံရမယ် "
" ဟုတ်ကဲ့ပါ ဘိုးဘေး "
အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြသည်။
ထို့နောက်တွင် ဘိုးဘေး ၆ က ရုတ်တရက် ပြောလာ၏။
" ပြီးတော့.. ဒီနေ့ စမ်းသပ်ပွဲမှာ အနိုင်ရတဲ့သူက ယွမ်လောလင် ပဲ ။ အဲ့တော့ ဒီတစ်ကြိမ် မိသားစုခေါင်းဆောင် နေရာကို ယွမ်ချန်းက တာဝန်ယူလိမ့်မယ် "
" ဟုတ်ကဲ့ "
အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြပြန်သည်။ ငြင်းမည့်သူလည်း မည်သူမှ မရှိပါ ။