အခန်း (၈၀၄)
Vol. 58 Ch. 804
မိုင်ပေါင်းရာချီ ရှည်လားသည့် တောင်တန်းကြီးတစ်ခုလုံးအား ရွှေရောင်လက်ကြီးတစ်ဖက်က မြေပြင်မှ ဆွဲမသွားသည်ကို အားလုံး မြင်လိုက်ကြရသည်။
၎င်းမှာ မုန်လာဥနီ တစ်လုံးအား ဆွဲထုတ်နေသလိုပါပင်...
" တောင်တန်း တစ်ခုလုံးကိုပါ... ဆွဲမနေတာပဲ ။ အဲ့ကောင်ကြီးက တောင်တန်းတစ်ခုလုံးကို ခန္ဓာကိုယ်အစွမ်းချည်းသက်သက်နဲ့ မသွားတာ... ။ ဒါ.. ဘယ်လိုအစွမ်းမျိုးလဲ "
ဟောင်ယွိရှန့်မင် ဂိုဏ်းသားတစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" အားလုံး ပြီးသွားပြီပေါ့ကွာ... အခု ဟောင်ယွိတောင်တန်းကြီး တစ်ခုလုံး မရှိတော့ဘူး "
အခြား ဂိုဏ်းသားတစ်ယောက်ကလည်း ခေါင်းယမ်းရင်း တုန်လှုပ်စွာဆို၏။
ထိုစဥ် ဟောင်ယွိရှန့်မင်ဂိုဏ်းထဲ၌ ...
လောထျန်းမှာ ကောင်းကင်ဘုံလက်ဝါးသိုင်းကို အသုံးပြု၍ တောင်တန်းတစ်ခုလုံးကို မထားပါသည်။
ရှောက်ရမှာကား ၎င်းကိုကြည့်ရင်း တစ်ကိုယ်လုံး တောင့်တင်းနေ၏။
လောထျန်းက အပေါ်သို့မော့ကြည့်ကာ တီးတိုးရေရွတ်သည်။
" ထင်ထားထက် ပေါ့တာပဲ ။ ကဲ.. သွားကြစို့လေ "
" သွားမယ်.. ဘယ်သွားမှာလဲ "
ရှောက်ရ ခေါင်းရှုပ်သွားသည်။
" အကြွေးတောင်းဖို့ သွားမယ်လေ "
လောထျန်း ပြန်ပြောလိုက်သည်။
ဂလု..
ရှောက်ရ အံ့သြမှု မပြယ်သေးဟန်ဖြင့် တံတွေးမြိုချလိုက်၏။ သို့သော် သူမ လောထျန်း၏ ညွှန်ကြားချက်အတိုင်း နောက်လှည့်ကာ လမ်းပြလိုက်ပါသည်။
အခြားတဖက်... ဟန်ထျန်းဂိုဏ်း၌...
" ဟင်... ဒါက "
ခန်းမထဲတွင် ရှိနေသော ဟန်ထျန်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်မှာ အရောင်လက်လာသော ဆက်သွယ်ရေး အဆောင်ကျောက်ပြားကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။
" အကြီးအကဲချင်း ၊ ဘာဖြစ်လို့လဲ "
အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသော ဟန်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး မေးလာ၏။
အကြီးအကဲ ချင်း ချက်ချင်းထရပ်၍ ပြောသည်။
" ဂိုဏ်းချုပ်ကြီး ၊ ဟောင်ယွိရှန့်မင်ဂိုဏ်းက ဂိုဏ်းသားတစ်ယောက် သတင်းပို့လာတယ်ဗျ ။ တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ် အသစ်က အကြွေးတောင်းဖို့ ရောက်လာခဲ့တယ်တဲ့ ။ အဲ့နောက်
တော့ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပြီး သူတို့ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်လို့ ပြောတယ် ။ ကျုပ်တို့ သတိရှိမှ ဖြစ်မယ် "
သူ့စကားကြောင့် ဟန်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး အံ့အားသင့်သွားပြီးနောက်မှ အသံကျယ်ဖြင့် ထရယ်လိုက်သည်။
" အဲ့လိုမျိုးလဲ ရှိသေးတာလား ။ ဟောင်ယွိရှန့်မင်ဂိုဏ်းက တိုင်လင်စင်မြင့်ရဲ့ အနိုင်ယူတာကို ခံခဲ့ရတယ်ပေါ့ "
အကြီးအကဲချင်း မျက်နှာကြီး တည်သွား၏။
" သခင်ကြီး ၊ သတင်းပို့တဲ့ထဲမှာ ပြောထားတာတော့ ဟောင်ယွိရှန့်မင်ဂိုဏ်းရဲ့ ဘိုးဘေးသုံးယောက်လုံး ရှုံးသွားခဲ့တာတဲ့ ။ ကျုပ်တို့ကလဲ တိုင်လင်စင်မြင့်ကို ပေးစရာအကြွေး ရှိနေတော့.. တကယ်လို့သာ... "
ဂိုဏ်းချုပ်ကြီးက သူ့ကို ပြန်ကြည့်ကာ လှောင်ပြုံးဖြင့် ဆိုသည်။
" ဟောင်ယွိရှန့်မင်ဂိုဏ်း ရှုံးသွားတော့ ဘာလုပ်ရမှာလဲ ။ အဲ့ အဘိုးကြီးသုံးယောက်လုံး ပေါင်းပြီးတိုက်ခိုက်ရင်တောင် ငါက သူတို့ကို လွယ်လွယ်လေး
ဖိနှိပ်နိုင်တယ်လေ ။ အဲ့တော့ သူတို့ ရှုံးတာဆန်းလို့လား "
" ပြီးတော့ တိုင်လင်စင်မြင့်ကိုရော ဘာလုပ်ရမှာလဲ ။ ငါတို့က သူတို့ကို ပေးစရာရှိတယ်ဆိုပေမယ့် အဲ့ဒါက ငါနဲ့ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ကြားထဲက ကိစ္စလေ ။ တစ်ယောက်ယောက်က အကြွေးလာတောင်းရဲရင်တောင် ဒီကောင်တွေ တစ်ပြားမှ ရမှာမဟုတ်ဘူး ။ တကယ်လို့ သူတို့ဘက်က တိုက်ခိုက်လာရင်လဲ.. အစွမ်းထက်တာ ဘယ်လိုလဲဆိုတာ သူတို့သိအောင် ပြပေးလိုက်ရုံပေါ့ "
ထိုစကားကို ကြားသောအခါ ဟန်ထျန်းဂိုဏ်းမှ လူများ သဘောပေါက်သွားကြပါသည်။
သူတို့ကြားထားသည့် သတင်းအရဆိုလျှင် တိုင်လင်စင်မြင့်၏ ဂိုဏ်းချုပ်ကြီး သေဆုံးသွားခဲ့သည်မှာ ကြာလှပြီဟု ဆိုပါ၏။
ယခု သူတို့၏ ဟန်ထျန်းဂိုဏ်းချုပ်ကြီးက သူတို့ပေးရမည့် အကြွေးကို ချေရန် စဥ်းစားထားပုံပင် ။
သို့သော် ထိုစဥ်မှာပင်... သူတို့ဘေးပတ်လည်ရှိ အလင်းရောင်က ရုတ်တရက် မှိန်ကျသွားသည်။
" ဟင်.. ဘာလို့ မှောင်သွားတာလဲ "
ဟန်ထျန်းဂိုဏ်းချုပ်ကြီး အံ့အားသင့်သွားသည်။
ကျန်အကြီးအကဲများလည်း နားမလည်နိုင် ဖြစ်ကုန်ကြ၏။
ယခုမှ မနက်ခင်းအစောပိုင်းသာ ရှိသေးသည်ကို အဘယ့်ကြောင့် ရုတ်တရက်ကြီး မှောင်သွားရပါသနည်း ။
ထိုစဥ်...
" ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီး... အကြီး... ကိစ္စအကြီး... "
ဟန်ထျန်းဂိုဏ်းသားတစ်ယောက်က ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာဖြင့် ဒယိမ်းဒယိုင် ပြေးဝင်လာသည်။ သူ ကြောက်လွန်း၍ စကားပင် ဖြောင့်ဖြောင့်မပြောနိုင်ရှာပါ ။
" ဟင်.. ဘာဖြစ်လို့လဲ ၊ မင်းက ဘာလို့ အဲ့လိုဖြစ်နေရတာလဲ "
အကြီးအကဲချင်းက ထိုဂိုဏ်းသားအား လှည့်ကြည့်၍ ဒေါသတကြီး ဆူလိုက်သည်။
" ဟုတ်သားပဲ ရှန့်ဂွမ်ဟုန် ရယ် ။ မင်းက ပါရမီပါတဲ့သူတစ်ယောက် လုပ်နေပြီးတော့ ဘယ်လိုအခြေအနေနဲ့ ကြုံခဲ့ရလို့ ခုလိုကြီး ကြောက်နေရတာလဲ ။ ဒီတိုင်းသာဆိုရင် မင်းကို ဂိုဏ်းရဲ့ အရေးကြီးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုယုံရမှာလဲကွ "
" ဟူး... ဒီနေ့ခေတ် လူငယ်တွေကတော့ ခက်ပါတယ်ကွာ ။ အရင်ကဆို ငါ့ရှေ့မှာ မသေမျိုးတောင်ကြီး ပြိုကျသွားတာတောင် ငါ မျက်နှာတချက် ပျက်ခဲ့တာ မဟုတ်ဘူး ။ အခု ဒီကောင်လေးကျတော့ နည်းနည်းလေး မှောင်သွားရုံနဲ့ ကြောက်နေလိုက်တာ "
အကြီးအကဲတစ်စုက လူငယ်ဂိုဏ်းသား ရှန့်ဂွမ်ဟုန်ကို ကြည့်ရင်း ပွစိပွစိ ရေရွတ်လိုက်ကြသည်။
ဟန်ထျန်းဂိုဏ်းချုပ်ကြီးမှာလည်း စိတ်မရှည်ဖြစ်လာပြီး အေးစက်စက် မေးလိုက်သည်။
" ရှန့်ဂွမ်ဟုန် ဘာတွေဖြစ်နေတာလဲ "
ရှန့်ဂွမ်ဟုန်က တံတွေးကို ကြိမ်ဖန်များစွာ မြိုချလိုက်ပြီးမှ ပြောလာ၏။
" ဂိုဏ်းချုပ်ကြီး... ကျုပ် သေချာမရှင်းပြတတ်ဘူးဗျ... ။ ကိုယ်တိုင်ပဲ အပြင်ထွက်ပြီး လိုက်ကြည့်လိုက်ပါဗျာ "
" ဟင်... "
သူ့စကားကြောင့် ဟန်ထျန်းဂိုဏ်းချုပ်ကြီး လွန်စွာ မကျေမနပ်ဖြစ်သွားသည်။
ထို့နောက် သူ ထရပ်၍ အားလုံးကို ပြောလိုက်၏။
" အားလုံး ၊ ကျုပ်နဲ့ လိုက်ခဲ့ပြီးတော့ ဘာဖြစ်နေလဲ သွားကြည့်ရအောင် "
" ဟုတ်ကဲ့ "
ဤသို့ဖြင့် ဟန်ထျန်းဂိုဏ်းချုပ်ကြီး ဦးဆောင်သော အကြီးအကဲတစ်စု ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့လိုက်ကြသည်။
သူတို့ အပြင်ရောက်သည်နှင့် အရာအားလုံးက မည်းမှောင်နေသလို ခံစားလိုက်ကြရ၏။
" တိမ်ထူနေလို့များလား "
အကြီးအကဲတစ်ယောက် ပြောကာ ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သည်။
ထို့နောက်တွင်ကား.. သူ နေရာ၌ တောင့်တောင့်ကြီးဖြစ်သွား၏။
ကျန်အကြီးအကဲများလည်း သူ့နည်းတူ ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီးနောက် မှင်သက်သွားကုန်ကြသည်။
ရှန့်ဂွမ်ဟုန်တစ်ယောက် အဘယ့်ကြောင့် ကြောက်လန့်တကြား ဖြစ်နေရသည်ကိုလည်း သူတို့ နားလည်သွားပါသည်။
ထိုစဥ် ရှန့်ဂွမ်ဟုန် အသိပြန်ဝင်လာဟန်တူကာ တုန်တုန်ယင်ယင် ပြော၏။
" ဂိုဏ်းချုပ်ကြီး ၊ အကြီးအကဲတို့... အဲ့ဒါ ဟောင်ယွိရှန့်မင်ဂိုဏ်းရဲ့ မသေမျိုးတောင်တန်းပဲဗျ ။ တစ်ယောက်ယောက်က အဲ့ဒါကြီးကို ယူသွားခဲ့တာ "
အားလုံးမှာ သူ့စကားကိုကြားပြီး အိမ်မက်ထဲ ရောက်နေသလို ခံစားလိုက်ကြရသည်။
သို့သော်... ထိုစဥ်တွင် တောင်တန်းကြီးကို မထားသော ရွှေရောင်လက်ကြီးတစ်ဖက်အား သူတို့ သေချာမြင်လိုက်ရပါ၏။
အကြီးအကဲတစ်ယောက် မျက်နှာပျက်သွားကာ ပြောသည်။
" တောင်တန်းတစ်ခုလုံးကိုတောင် မပြီးရွှေ့နိုင်တဲ့ အစွမ်းက..... "
အခြား အကြီးအကဲတစ်ယောက်ကလည်း အံကြိတ်၍ ပြော၏။
" တောင်တွေနဲ့ ပင်လယ်တွေကို ရွှေ့တာက ထားပါတော့ ။ ဒါပေမယ့်.. မသေမျိုးတောင်တန်း တစ်ခုလုံးကို ရွှေ့တာတော့ ခင်ဗျားတို့ မကြားဖူးကြဘူး မလား "
အခြားအကြီးအကဲတစ်ယောက်ကလည်း တုန်တုန်ယင်ယင် ဆိုသည်။
" ဟုတ်တယ် ။ မင်းရော ၊ ငါရောက တောင်တစ်လုံးကို ရွှေ့နိုင်တဲ့သူတွေပဲ ။ ဒါပေမယ့်... ဟောင်ယွိတောင်လို မသေမျိုးတောင်တန်း တစ်ခုလုံးကို ရွှေ့ဖို့က.... တောင်တစ်လုံးရဲ့ အလေးချိန်ကတောင် မင်းတို့ ၊ ငါတို့ရဲ့ လုပ်နိုင်စွမ်းထက် ကျော်နေပြီလေ "
" ဂိုဏ်းချုပ်ကြီးကသာ အဲ့လိုအစွမ်းမျိုး ရှိနိုင်မှာ... "
အားလုံး၏ အကြည့်က ဟန်ထျန်းဂိုဏ်းချုပ်ကြီးဆီိသို့ ရုတ်ချည်း ရောက်သွားကြသည်။
ဟန်ထျန်းဂိုဏ်းချုပ်ကြီးက အနည်းငယ် ခြောက်ကပ်ကပ်နိုင်စွာ ရယ်လိုက်သည်။
သို့သော် သူ့ရင်ထဲတွင်ကား တုန်လှုပ်နေပါ၏။
" ငါက မသေမျိုးဘုရင် အဆင့်ကို ရောက်စပဲ ရှိသေးတာ ။ ဒီလောက် အလေးချိန်မျိုးကို.. အစွမ်းကုန်မသုံးဘဲ လုပ်နိုင်မှာမဟုတ်ဘူး ။ အဲ့တော့ တဖက်လူက အနည်းဆုံးဆိုရင်တောင် ငါ့လောက်
အစွမ်းထက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ။ သတိလွတ်လို့ မဖြစ်ဘူး "
သူ တွေးလိုက်သည်။
ထို့နောက် သူ အလေးနက်ပြောလိုက်၏။
" ကျုပ်တို့ ဟန်ထျန်းဂိုဏ်းကို ဘယ်သခင်ကြီးက လာနေတာလဲ မသိဘူး "
သူ့စကား ဆုံးချိန်မှာပင် လေထဲရှိ တောင်တန်းကြီးအောက်၌ လောထျန်း ပေါ်လာပါသည်။
" ကျုပ်လား... ကျုပ်က တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးပဲ ။ ကျုပ် ဒီကို အကြွေးတောင်းဖို့ လာခဲ့တာ. "
လောထျန်း အသံကျယ်ကြီးဖြင့် ပြန်အော်ပြောလာသည်။
ဟန်ထျန်းဂိုဏ်းမှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
" ဂိုဏ်းချုပ်ကြီး.. အဲ့လူက တိုင်လင်စင်မြင့် ကတဲ့... "
" သူက ဟောင်ယွိရှန့်မင်ဂိုဏ်းရဲ့ မသေမျိုးတောင်တန်းကိုတောင် ဒီအထိ သယ်လာခဲ့တာဆိုတော့ ကြည့်ရတာ တော်တော်အစွမ်းထက်တယ်နဲ့တူတယ်... "
" ဟမ့်.. အဲ့တော့ ဘာလုပ်ရမှာလဲကွာ ။ ငါတို့ ဂိုဏ်းချုပ်ကြီးက သူ့ထက် လုံးဝ အစွမ်းမနိမ့်နိုင်ဘူး "
" အမှန်ပဲ ။ စောနတုန်းက ဂိုဏ်းချုပ်ကြီး ပြောသွားတာ မကြားလိုက်ဘူးလား ။ တစ်ပြားမှတောင် ပေးမှာမဟုတ်ဘူးတဲ့ ။ ဟုတ်တယ်မလား ဂိုဏ်းချုပ်ကြီး "
အားလုံး တစ်ယောက်တစ်ပေါက် ပြောကာ သူတို့၏ ဂိုဏ်းချုပ်ကြီးဘက် လှမ်းကြည့်လိုက်ကြသည်။
ထိုစကားကို ကြားသောအခါ ဟန်ထျန်းဂိုဏ်းချုပ်ကြီး လုံးဝ ဝေခွဲမရနိုင် ဖြစ်သွားပါ၏။
သူသည် အစောပိုင်းကလေးတင် ဟိတ်ကြီးဟန်ကြီး
ဖြင့် ပြောချင်ရာ ပြောခဲ့သေးပါသည်။ ထိုသို့ပြောပြီးမှ ယခု တဖက်လူအား အလျှော့ပေးလိုက်လျှင် ဤဂိုဏ်းထဲ၌ သူ့သြဇာ သက်ရောက်မှုရှိတော့မည် မဟုတ်ပါချေ။
" ဟမ့်... အဲ့တောင်ကို ရွှေ့လာတဲ့ကောင်က သူ့အစွမ်းကို သူမယုံလို့ တမင်သက်သက် ငါတို့ကြောက်သွားအောင် ခုလို လာလုပ်ပြတာပဲ ဖြစ်ရမယ် ။ သူ့လို ဟောင်ယွိတောင်တန်းကို မတာမျိုးလောက်တော့ ငါလဲ အစွမ်းကုန်ကြိုးစားရင် လုပ်နိုင်ပါတယ်ကွာ ။ သူက ငါ့ထက် အစွမ်းပိုမထက်နိုင်ဘူး "
ဟန်ထျန်းဂိုဏ်းချုပ်ကြီး ထိုသို့တွေးလိုက်ပြီး... မျက်လုံးများ ရုတ်တရက် အေးစက်လာကာ ဒေါသထွက်ရန် အသင့်ပြင်လိုက်ပါသည်။
သို့သော်... ထိုစဥ်တွင် လေထဲမှ လောထျန်းက စိတ်မရှည်နိုင် ဖြစ်လာဟန်ဖြင့် လက်ယမ်းလိုက်ပြီး ဟောင်ယွိတောင်တန်းအား လေထဲ ပစ်လိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ပြန်ဖမ်း၍ လေထဲ ထပ်ပစ်လိုက်ပြန်ပါ၏။ ထို့နောက်.. လက်ဖြင့်ပြန်ဖမ်းပြီး... ပြန်ပစ် ...
သူ့အသွင်မှာ ကျောက်တုံးငယ်လေးတစ်ခုကို မြှောက်၍ ကစားနေသလို...