အခန်း (၈၀၉)
Vol. 58 Ch. 809
ယွဲ့နန်ကျိုး သက်ပြင်းချကာ ပြန်ပြော၏။
" တကယ်တော့ ကျုပ် အဲ့တုန်းက အောင်မြင်ခါနီးထိ ဖြစ်ခဲ့တာ ။ တကယ်လို့ မမျှော်လင့်ထားတာတွေသာ ဖြစ်မလာခဲ့ရင် ကျုပ် မသေမျိုးဧကရာဇ်အဆင့်နီးပါး ရောက်နေခဲ့မှာ "
ရှောက်ရ ထပ်မေးလိုက်သည်။
" ဒါဆို မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့တာလား "
ယွဲ့နန်ကျိုး ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်.. ကျုပ် ချုံခိုတိုက်တာ ခံခဲ့ရတာ "
" ချုံခိုပြီး တိုက်တယ်.. ဘယ်သူက တိုက်ခဲ့တာလဲ "
ရှောက်ရ တုန်လှုပ်စွာ မေးလိုက်သည်။
ယွဲ့နန်ကျိုးက အောင့်သက်သက် အပြုံးဖြင့် ပြန်ပြော၏။
" အများကြီးပါပဲကွာ ။ ကျုပ်လို အဘိုးကြီးနဲ့ ရန်ငြိုးရှိထားတဲ့သူတွေ နည်းမှမနည်းတာ ။ ပြီးတော့...
ဒေသကြီး ကိုးခုထဲမှာ နောက်ထပ် မသေမျိုးဧကရာဇ် အဆင့်နီးပါး လူတစ်ယောက် ထပ်ပိုလာမှာကိုလဲ ဘယ်သူမှ မမြင်ချင်ကြဘူး ။ ဒါ့ကြောင့်မို့ ကျုပ် ကျင့်ကြံခြင်းအဆင့်တက်ဖို့ အရေးအကြီးဆုံး အချိန်မှာ.. အဖွဲ့လေးခုလောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြတယ် "
" အဲ့ချိန်မှာ ကျုပ် ကျင့်ကြံခြင်းအဆင့်တက်ဖို့ မအောင်မြင်ခဲ့တဲ့အပြင် ကျုပ်ရဲ့ အသက်အစွမ်း အများကြီးကိုလဲ ဆုံးရှုံးခဲ့ရတယ် ။ မသေမျိုးဘုရင် အဆင့်ကိုတောင် ခက်ခက်ခဲခဲ ထိန်းထားခဲ့ရတာ "
" အစကတော့ ကျုပ် အဲ့အတွက်ကို ပြန်ပြီး လက်တုန့်ပြန်ဦးမလို့ပဲ ။ ဒါပေမယ့် နောက်တော့... ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်မရနိုင်တော့မယ့်အပြင် ကျုပ်ရဲ့ အသက်ကလဲ တဖြည်းဖြည်း ကုန်ခါနီးလာတာကို သိလိုက်ရတယ် ။ အဲ့တော့ ကိုယ့်ရဲ့ ကံကြမ္မာကို လက်ခံလိုက်ဖို့ပဲ ရှိတော့တာပေါ့ "
" အဲ့လိုနဲ့ နောက်ပိုင်းမှာ လူတွေကို သတ်ဖြတ်နေတဲ့ ဟိုကောင်ကြီးနဲ့ မတော်တဆ တွေ့သွားခဲ့ပြီး သူ့ကို တိုက်ခိုက်ခဲ့တယ် ။ အဲ့ကနေမှ ခုလိုဖြစ်တဲ့ထိပဲ ဆိုပါ
တော့ ... "
ထိုသို့ပြောနေစဥ်တွင် သူ့အသွင်မှာ အလွန်ဝမ်းနည်းနေဟန် တူပါ၏။
ရှောက်ရ တုန်လှုပ်စွာ ပြောလိုက်သည်။
" အဲ့လိုလား... ကျွန်မ သဘောပေါက်ပြီ "
ထိုစဥ် ယွဲ့နန်ကျိုးက လောထျန်းဘက် ရုတ်တရက်လှည့်ကြည့်၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီးက ဘယ်ဂိုဏ်းကနေ ပညာသင်ယူခဲ့လဲဗျ ။ ကျုပ် အသက်ရှင်လာခဲ့တဲ့ နှစ်တွေတလျှောက်လုံးမှာ သခင်ကြီးလို ပါရမီရှင်မျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး "
လောထျန်း ပြန်ဖြေလိုက်သည်။
" ကျုပ်က ထျန်းယွမ်ကမ္ဘာကနေ တက်လာခဲ့တာဗျ "
" ထျန်းယွမ်ကမ္ဘာ .... ထျန်းယွမ်ကမ္ဘာက ရှိနေသေးတာလား "
ယွဲ့နန်ကျိုး အံ့အားသင့်သွားဟန် တူသည်။
လောထျန်း မျက်မှောင်ကြုံ့သွားပါ၏။
၎င်းကိုမြင်သော ယွဲ့နန်ကျိုးက မြန်မြန်လက်ယမ်းပြ၍ ရှင်းပြရှာသည်။
" ကျုပ်ကို အထင်မလွဲပါနဲ့ဗျာ ၊ ကျုပ်က တခြားသဘောနဲ့ပြောတာ မဟုတ်ပါဘူး ။ တကယ်တော့ အဲ့တုန်းက ကျုပ် ထျန်းယွမ်ကမ္ဘာက လူတွေနဲ့တောင် မိတ်ဆွေတွေ ဖြစ်ခဲ့သေးတယ်ဗျ ။ ဒါပေမယ့် အားလုံးက ထျန်းယွမ်ကမ္ဘာကို တိုက်ခိုက်ကြတဲ့အချိန်မှာ ကျုပ်က ဒုက္ခရောက်နေနှင့်ပြီဆိုတော့.. ကျုပ် မိတ်ဆွေဟောင်းတွေကို မကာကွယ်ပေးနိုင်ခဲ့ဘူးပေါ့ဗျာ "
" ဘယ်လိုပဲဖြစ်ဖြစ်ပါ... လက်ထောက်ဂိုဏ်းချုပ်ကြီးလို လူငယ်သူရဲကောင်းမျိုးကို ဒီနေ့ တွေ့လိုက်ရပြီး ၊ ထျန်းယွမ်ကမ္ဘာက အဖျက်ဆီး မခံခဲ့ရဘူးဆိုတာကို သိလိုက်ရတော့ စိတ်သက်သာရာ ရသွားတယ်ဗျ "
ထိုစကားကို ကြားမှ လောထျန်း၏ မျက်နှာထား ပြေလျော့သွားပါသည်။
သူ တဖက်လူကို ကြည့်ကာ မေးလိုက်၏။
" သခင်ကြီး ၊ အဲ့တုန်းက ထျန်းယွမ်ကမ္ဘာကို ထျန်းမင်ကမ္ဘာအပြင်၊ တခြား ဘယ်အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြလဲဆိုတာ သခင်ကြီးသိလား "
ယွဲ့နန်ကျိုး သက်ပြင်းချ၍ ပြန်ပြောသည်။
" အမျာကြီးပဲဗျ ။ အဲ့တုန်းက... တချို့ကတော့ ထျန်းယွမ်ကမ္ဘာ အရမ်းအင်အားကြီးလာမှာကို စိုးရိမ်ပြီး တိုက်ခိုက်ခဲ့ကြတာ ။ တချို့ကျတော့လဲ ထျန်းယွမ်ကမ္ဘာ ပျက်စီးသွားရင် ရမယ့် အကျိုးမြတ်ထဲက နည်းနည်းလိုချင်ကြလို့ပဲ ။ ဒါ့ကြောင့်မို့ အဖွဲ့တွေအများကြီးက တိုက်ခိုက်ခဲ့ကြတာ "
" ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တချို့အဖွဲ့တွေက ပျက်စီးပျောက်ကွယ်သွားကုန်ကြပြီ ။ အဲ့ထဲက အဖွဲ့ကြီးတွေ နည်းနည်းလောက်ပဲ ကျန်ခဲ့တော့တာ "
" ပထမဆုံးကတော့ ထျန်းမင်နန်းတော် ပေါ့ဗျာ ။ သူတို့က ထျန်းယွမ်ကမ္ဘာနဲ့ ရန်ငြိုးအကြီးဆုံးလို့လဲ ပြောလို့ရတယ် ။ ဒီကောင်တွေက တကယ့်ကို သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြတာ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ် အဲ့ဒါကို သိတယ်ဗျ "
ထျန်းမင်ကမ္ဘာသည် သူတို့ထျန်းယွမ်ကမ္ဘာကို တစ်ကြိမ် ဖျက်ဆီးခဲ့သည့်အတွက် သူသည်လည်း ထျန်းမင်ကမ္ဘာအား တစ်ကြိမ် ဖျက်ဆီးခဲ့ပြီးလေပြီ ။
ယခု ထျန်းမင်ကမ္ဘာ၏ လက်ကျန်ဆို၍... အပေါ်ကမ္ဘာမှ ထျန်းမင်နန်းတော်သာ ရှိပါတော့၏။
သို့သော်.. ထျန်းမင်နန်းတော်မှာ သူ ယခုရောက်နေသည့် နေရာနှင့် ဝေးလွန်းလှပါသည်။
သို့ဖြစ်ရာ သူ ကျင့်ကြံခြင်း အဆင့်မတက်သေးခင်ကြားထဲ ထျန်းမင်နန်းတော်ကို မတိုက်ခိုက်နိုင်သေးပါချေ။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့ ထျန်းမင်နန်းတော်က ထင်သလောက်တော့ မရိုးရှင်းဘူးဗျ ။ ကျေးဇူးပြုပြီး သတိထားပါ "
ယွဲ့နန်ကျိုးက ရုတ်တရက် သတိပေးစကား ဆိုလာသည်။
လောထျန်း သူ့အား တအံ့တသြ ကြည့်လိုက်၏။
ယွဲ့နန်ကျိုး ချက်ချင်းရှင်းပြသည်။
" ထျန်းမင်နန်းတော်ရဲ့ သခင်ကြီး ၊ ထျန်းမင်ကျိုးက ဆယ်ဘွဲ့ရ မသေမျိုးဘုရင် တစ်ယောက်ပဲဗျ ။ ပြီးတော့ သူတို့ ထျန်းမင်နန်းတော်ထဲမှာ မသေမျိုးဧကရာဇ် အဆင့်နီးပါး ရှိတဲ့သူ အနည်းဆုံး တစ်ယောက်တော့ရှိတယ် "
" မသေမျိုးဧကရာဇ် အဆင့်နီးပါး.. ဟုတ်လား "
ရှောက်ရ တုန်လှုပ်စွာ ရေရွတ်သည် ။
ယွဲ့နန်ကျိုး ခေါင်းညိတ်ပြလိုက်၏။
" အမှန်ပဲ ။ ကျုပ် အဲ့တုန်းက ကျင့်ကြံခြင်း အဆင့်တက်ဖို့ မအောင်မြင်ခဲ့တာကလဲ ထျန်းမင်နန်းတော်မှာ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူ ရှိမယ်လို့ မထင်ထားခဲ့မိလို့ပဲဗျာ "
ရှောက်ရ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
" ဆယ်ဘွဲ့ရမသေမျိုးဘုရင် ရော ၊ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူရော ရှိတာလား ။ ပြီးရင် ထျန်းမင်ဧကရာဇ်ကြီး ပြန်အသက်သွင်းတာ
ရော.... ဒီထျန်းမင်နန်းတော်က တကယ်ကို ကြောက်စရာကောင်းတာပဲ "
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့နေကာ ပြောသည်။
" ကျုပ် သဘောပေါက်ပါပြီ ၊ သေချာ မှတ်ထားလိုက်ပါ့မယ် ။ တခြားရော ဘာရှိသေးလဲဗျ "
ယွဲ့နန်ကျိုး ပြန်ပြော၏။
" နောက်ထပ် သတိထားရမယ့်သူကတော့ ကောင်းကင်ဘုံ မသေမျိုးဘုရင်ပဲ "
" ကောင်းကင်ဘုံမသေမျိုးဘုရင်... "
လောထျန်း နားမလည်သည့်ပုံ ပေါက်သွားရှာသည်။
ရှောက်ရက ချက်ချင်း ဝင်ရှင်းပြ၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့ ကောင်းကင်ဘုံမသေမျိုးဘုရင် ကလဲ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ပဲရှင့် ။ သူက ကောင်းကင်ဘုံကျောက်ပြားတွေ အများကြီးကို ထိန်းချုပ်ပြီးတော့ ချုပ်နှောင်ခြင်းနဲ့ ဖိနှိပ်ခြင်းမှာ ဆရာတစ်ဆူပဲ ။ အစွမ်းအရ ဆိုရင်လဲ ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဆယ်ယောက်ရှိတဲ့ထဲမှာ ထိပ်
ဆုံးအဆင့်သုံးအတွင်း ဝင်တယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ် သေချာမှတ်ထားပါ့မယ် "
ယွဲ့နန်ကျိုး စကားဆက်၏။
" တတိယတစ်ယောက်ကတော့ အဆုံးအစမဲ့ မသေမျိုးဘုရင်ပဲ ။ သူကတော့ ထျန်းယွမ်ကမ္ဘာကို တိုက်ရိုက်ကြီး တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး ။ ဒါပေမယ့် အရင်တုန်းက... ထျန်းယွမ်ကမ္ဘာက ဒီ အပေါ်ကမ္ဘာမှာ အဖွဲ့တစ်ခု ရှိဖူးခဲ့တယ် ။ အဲ့အဖွဲ့ကို အဆုံးအစမဲ့ မသေမျိုးဘုရင်က ဖျက်ဆီးပစ်ခဲ့တာ ။ အဲ့အဖွဲ့မှာ ရှိကြတဲ့ ထျန်းယွမ်ကမ္ဘာက တက်လာတဲ့သူအားလုံးလဲ အသတ်ခံခဲ့ကြရတာပေါ့ "
" အဆုံးအစမဲ့ မသေမျိုးဘုရင် ... ကျုပ် မှတ်ထားပါ့မယ် "
လောထျန်း၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ တစ်စွန်းတစ ပေါ်လာသည်။
ကောင်းကင်ဘုံစင်မြင့်ကို ဆောက်ပြီးသွားသည်နှင့် သူ ထိုအဖွဲ့သုံးခုဆီသို့ သွားပြီး ရန်ကြွေးကိုရှင်းရန်
လည်း ဆုံးဖြတ်လိုက်ပါ၏။
ရှောက်ရမှာမူ ယွမ်ကျဲ့နန်၏ စကားကိုကြားပြီး လျှာလေးတစ်လက် ဖြစ်သွားရှာသည်။
ထို့နောက် သူမ လောထျန်းအား တုန်လှုပ်စွာ လှည့်ကြည့်လိုက်၏။
ထို လက်ထောက်ဂိုဏ်းချုပ်ကြီး၏ ရန်သူများအားလုံးက အဘယ့်ကြောင့် ကြောက်စရာလူများ ဖြစ်နေရပါသနည်း ။
သူမတို့၏ လက်ထောက်ဂိုဏ်းချုပ်ကြီးသည် အလွန်အစွမ်းထက်သည် မှန်သည့်တိုင် ... ထိုသို့သော ရန်သူမျိုးကို အနိုင်တိုက်နိုင်ပါမည်လား ။
သူမ စိတ်ထဲ မသေချာလှပါ ။
ထိုစဥ် တဖက်မှ ယွမ်ကျဲ့နန်က စကားဆက်သည်။
" အဲ့ အဖွဲ့သုံးခုကတော့ တိုက်ရိုက် တိုက်ခိုက်ခဲ့ကြတဲ့ သူတွေပဲဗျ ။ တခြားအဖွဲ့တွေလဲ တိုက်ခိုက်ခဲ့တာ ရှိနိုင်သေးပေမယ့် အများစုက ဘေးကနေပဲ မီးလောင်
ရာလေပင့် လုပ်ပေးခဲ့ကြတာဆိုတော့.. ကျုပ် သေချာမသိဘူးဗျ "
စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းညိတ်ပြီး ဦးညွှတ်၍ ဆို၏။
" ခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး ။ ဒီလောက်သတင်းရရင်ကို လုံလောက်ပါတယ် "
သူ ပြောနေရင်း ရုတ်တရက် အကြံတစ်ခု ရသွားပုံဖြင့် မေးသည်။
" သခင်ကြီး ၊ အခု ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲဗျ "
ယွဲ့နန်ကျိုး အောင့်သက်သက် ပြုံးလိုက်သည်။
" ကျုပ်မှာ ဘာအစီစဥ်မှ မရှိပါဘူးဗျာ ။ ကျုပ်က ခုတောင် သေခါနီး ဖြစ်နေပါပြီ ။ ဟိုကောင်ကြီးကြောင့်သာ မဟုတ်ရင် ကျုပ် သေနေတာတောင် ကြာလောက်ပြီဗျ "
" အခု အားလုံးလဲ ပြီးသွားပြီဆိုတော့ ကျုပ် တစ်နေရာရှာပြီးတော့ ကျန်တဲ့သက်တမ်းကို အေးဆေးပဲ နေချင်တော့တယ် "
" ဒါ.... "
ရှောက်ရ စိတ်မကောင်း ဖြစ်သွားသည်။
ထိုသူမှာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ယောက် ဖြစ်ပြီး.... ဒေသကြီးကိုးခုမှ သက်ရှိများအတွက် ကိုယ်ကျိုးစွန့် တိုက်ခိုက်ပေးခဲ့ပြီးနောက် .. ထိုသို့သာ အဆုံးသတ်ရမယ်တဲ့လား.. ။
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ ပြော၏။
" သခင်ကြီးရဲ့ အသက်ကို ဆေးရည်တွေနဲ့ရော ဆွဲဆန့်လို့ မရနိုင်ဘူးလား "
ယွမ်ကျဲ့နန် အောင့်သက်သက် ရယ်လိုက်သည်။
" ကျုပ်လို ကျင့်ကြံခြင်းအဆင့်မျိုး ရှိထားသူတွေအတွက် သာမာန်ဆေးရည်တွေက အသုံးမဝင်ပါဘူးဗျာ ။ တကယ်လို့ ကျုပ်အသက်ကို ဆွဲဆန့်ချင်ရင်တောင် မသေမျိုးရေနွေးကြမ်းမှ မဟုတ်ရင် ၊ တခြား ကျုပ်ကိုကယ်နိုင်တဲ့ ဆေးရည်က ချင်းယွမ်ဒေသ တစ်ခုလုံးမှာတောင် မရှိနိုင်ဘူး ။ ဒါပေမယ့် အဲ့ မသေမျိုးရေနွေးကြမ်းကိုလဲ ကျုပ်က ဘယ်လို
လုပ်ပြီး ရနိုင်မှာလဲ "
သူ့စကားကြောင့် လောထျန်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
" မသေမျိုးရေနွေးကြမ်းက သခင်ကြီးရဲ့ အသက်ကို ရှည်အောင်လုပ်နိုင်တယ်လို့ ပြောလိုက်တာလား "
ထိုစကားကို ကြားသောအခါ ယွဲ့နန်ကျိုးက ချက်ချင်းပြောသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကိုယ့်ကသက်ကို လွယ်လွယ်လေးနဲ့ မစွန့်စားနဲ့ဗျ ။ သက်ရှိတွေအတွက် တားမြစ်နယ်မြေတွေကို ကြောက်စရာကောင်းတဲ့ အစွမ်းထက်သက်ရှိတွေက စောင့်ကြပ်နေကြတာ ။ အဲ့ထက်ပိုပြီး အရေးကြီးတာက အဲ့နယ်မြေတွေမှာ တခြား အကျိုးအပြစ်တွေပါ ရောထွေးနေသေးတယ် ။ တကယ်လို့သာ အဲ့တားမြစ်နယ်မြေတွေထဲကို အလောတကြီး ဝင်သွားလိုက်ရင် ထူးခြားတဲ့ သက်ရှိကြီးတွေရဲ့ ပစ်မှတ်ထားတာကို ခံရမှာ အသေချာပဲ "
လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောရှာ၏။
" အဲ့လိုကြီးတွေ ရှိတာလား "
ယွဲ့နန်ကျိုး ခေါင်းညိတ်ပြလိုက်သည်။
" ရှိတာပေါ့ဗျာ ။ အဲ့ဒါကြောင့်မို့ မသေမျိုးရေနွေးကြမ်းကို သွားမရှာပါနဲ့ သခင်ကြီး "
ထိုအချိန်တွင်... လောထျန်းက သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ မသေမျိုး လက်ဖက်ရွက်အချို့ကို ထုတ်လိုက်ပါ၏။