← Chapters

ရှင်းလင်းမှု စတင်ခြင်း

Vol. 5 Ch. 62

ရှင်းလင်းမှု စတင်ခြင်း

Vol. 5 Ch. 62

~အားလုံးက မျှော်လင့်တကြီး စောင့်ကြည့်နေကြစဉ် နင်ချီက သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

"ကိုးလေး... ဘယ်လိုလဲ။"

နင်ချီက ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော်... အတွင်းအမြင် တချို့တော့ ရလိုက်တယ်။"

သူက တမင် ဖုံးကွယ်ထားတာတော့ မဟုတ်ပါချေ။ ဒီလျှို့ဝှက်နည်းစနစ်က သူ လက်တွဲခေါ်ပြီး သင်ပေးလျှင်တောင် သူ၏ စီနီယာအစ်ကိုတွေ သင်ယူနိုင်ဖို့ မလွယ်ကူလောက်ပါ။

နင်ချီ ဖန်တီးခဲ့သော သိုင်းပညာနှင့် လျှို့ဝှက်နည်းစနစ် အများအပြားက သူကိုယ်တိုင် အတွက်သာ အသုံးပြု၍ ရနိုင်ပြီး အစွမ်းလျှော့ထားသည့် ပုံစံတချို့ကိုသာ 'သိုင်းကျမ်းတိုက်' ထဲမှာ ထည့်ထားနိုင်ခဲ့သည်။

လူတိုင်း ဝမ်းသာသွားကြတော့သည်။

သူတို့က နင်ချီ၏ စရိုက်ကို သိကြသည်။ သူ ဒီလိုပြောမှတော့ ရလိုက်သည့် အကျိုးကျေးဇူးက အတော်လေး ကြီးမားရမည်။

နောက်ဆုံးတော့ ဆရာ၏ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို ချိုးဖြတ်မှုက ယူဆောင်လာပေးသော အခွင့်အရေးကို အလဟဿ မဖြစ်စေခဲ့ပါတကား။

လူတိုင်း စကားစရန် ပြင်လိုက်ကြစဉ်မှာပင်...

ထိုအခိုက်အတန့်၌...

တာအိုဆရာလုံရှန်းကလည်း သူ၏မျက်လုံးများကို ဖွင့်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်မှ 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' များက မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် 'ပျံ့လွင့်' ကာ 'အေးစက်' သွားပါတော့သည်။

တာအိုဆရာလုံရှန်း၏ မျက်လုံးများတွင် နှမြောတသဖြစ်မှု အရိပ်အယောင်များ သန်းနေခဲ့၏။ သူ ဤအခွင့်အရေးကို ဆုပ်ကိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် အသေးစား တိုးတက်မှုလေး တစ်ခုသာ ရရှိခဲ့သည်။ လာမည့် နှစ်များတွင်တော့ သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှု အပေါ်မှာသာ မူတည်နေတော့မည်။

သို့သော်ငြားလည်း...

တာအိုဆရာလုံရှန်းသည် အလွန်အမင်း ဝမ်းမြောက်နေဆဲ ဖြစ်သည်။ အသက် တစ်ရာတောင် မပြည့်သေးဘဲ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို ခြေချနိုင်ခဲ့ပြီ။ နောက်ထပ် နှစ်ပေါင်း ခုနစ်ရာကျော် သက်တမ်း ကျန်သေးသည်။ 'သိုင်းသူတော်စင် နယ်ပယ်' ကို ချိုးဖြတ်နိုင်မည်ဟုတော့ အတပ် မပြောရဲသော်လည်း အနည်းဆုံးတော့ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ၏ အဆင့်မြင့် အပိုင်းတွေကို ရောက်ဖို့ကတော့ ပြဿနာ မရှိလောက်ပါ။

တာအိုဆရာလုံရှန်း အားရပါးရ ရယ်မောလိုက်ပြီး လျှပ်စီးလို အရှိန်ဖြင့် ပြေးထွက်လာကာ နင်ချီနှင့် အခြားသူများ၏ ရှေ့တွင် ဖြည်းညှင်းစွာ ပျံဝဲ ဆင်းသက်လိုက်လေသည်။

သူသည် တပည့်များစွာကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။

သူတို့ကို မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်ရာ သူ အနည်းငယ် လွမ်းဆွတ်နေခဲ့သည်။

တပည့်များအားလုံးက သူ့ကို ဂုဏ်ပြုကြလေသည်။

"ဆရာ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... ယနေ့ကစပြီး လေနဲ့ အတူ လွင့်မျောကာ ကောင်းကင်နဲ့ မြေကြီးမှာ လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ..."

လော့ဝမ်ထျန်းနှင့် အခြားသူများ၏ မျက်လုံးများတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့သည်။

အစစ်အမှန်သိုင်းဂိုဏ်းအတွက် ဒါက အားကောင်းသော အားဆေးတစ်ခွက် သက်သက်ပင်။

ယနေ့မှစ၍ အစစ်အမှန်သိုင်းဂိုဏ်းတွင် 'ကောင်းကင်ဘုံလူသား' တစ်ဦး ကြီးကြပ်ကွပ်ကဲနေပြီ ဖြစ်ရာ ထိပ်တန်း သိုင်းဂိုဏ်းများ စာရင်းဝင် ဖြစ်သွားခဲ့လေပြီ။

အစစ်အမှန်သိုင်းဂိုဏ်းသည် သာယာဝပြောခြင်း လမ်းမပေါ်သို့ ရောက်ရှိနေခဲ့ပြီ။ 'ကောင်းကင်ဘုံလူသား' တစ်ဦး ကြီးကြပ်ကွပ်ကဲလျက် နှစ်ရှစ်ရာ သက်တမ်း ရှိနေသည်။ မျိုးဆက်တစ်ခုပြီးတစ်ခု အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာသမျှ ကာလပတ်လုံး ၎င်းသည် ဆက်လက် သာယာဝပြောနေဦးမည်သာ။

အစစ်အမှန်သိုင်းတောင်ပေါ်တွင် မျက်လုံးအားလုံး တက်ကြွ တောက်လောင်နေကြပြီး ယခုအခါ တပည့်တိုင်း သတင်းကို သိရှိသွားခဲ့ကြပါပြီ။ စိတ်အားထက်သန်သော အသံများက ဤနေရာသို့ ရောက်ရှိနေခဲ့ပြီး ယခင်နှစ်ကုန်ပိုင်း ကာလထက်ပင် ပို၍ စိတ်အားထက်သန်သော အငွေ့အသက်ကို ဖြစ်ပေါ်စေခဲ့သည်။

တာအိုဆရာလုံရှန်းက ပြောလိုက်သည်။

"ထကြ အားလုံး ထကြကွယ့်"

သူသည် အလွန် စိတ်ခံစားမှု ကောင်းနေခဲ့သည်။

သူက ပြုံးရင်း မေးလိုက်၏။

"မကြာသေးခင်က ဂိုဏ်းထဲမှာ အခြေအနေတွေ ဘယ်လိုရှိလဲ။"

သို့သော် မကြာမီမှာပင် ထိုအပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။ အကြောင်းမှာ သူသည် တပည့်များ၏ ခက်ခဲသော မျက်နှာအမူအရာများမှ ပြဿနာ အရိပ်အယောင်ကို ထောက်လှမ်းမိလိုက်သောကြောင့် ဖြစ်သည်။

တာအိုဆရာလုံရှန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

"လာ ငါ့ကို ဖြည်းဖြည်းချင်း ပြောပြကြ။ ငါ ဒီမှာ ရှိနေတာပဲ။ မင်းတို့ကို မတရား ခံစားရအောင် ဆရာ ခွင့်မပြုနိုင်ဘူး"။

လော့ဝမ်ထျန်းနှင့် ကျန်းပိုင်ရှန်းတို့ ရုတ်တရက် ငိုချင်စိတ် ပေါက်သွားကြသည်။

ဒီကာလအတွင်း ဖိအား မည်မျှ ကြီးမားခဲ့သည်ကို သူတို့သာ သိကြပါသည်။

...

'တောက်ပအလင်းသိုင်းခန်းမဆောင်'

တာအိုဆရာလုံရှန်းသည် ခေါင်းဆောင်နေရာတွင် ထိုင်နေပြီး အခြား တပည့်များက ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြသည်။

လော့ဝမ်ထျန်းက ဤကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြနေသည်ကို သူ ဂရုတစိုက် နားထောင်နေခဲ့သည်။ သူ၏ မျက်နှာက တည်ငြိမ်နေသော်လည်း တာအိုဆရာလုံရှန်းကို ရင်းနှီးကျွမ်းဝင်သူများ သိကြသည်မှာ သူ၏ နှလုံးသားသည် ဒေါသများဖြင့် လေးလံ ထူပူနေလောက်ပြီ ဟူ၍ ဖြစ်သည်။

"ဒါဆို မင်းတို့ ဆိုလိုတာက ငါ တံခါးပိတ်နေတုန်း အစစ်အမှန်သိုင်းဂိုဏ်းက တိုက်ခိုက်ခံခဲ့ရတယ် ပေါ့။"

"ပြီးတော့ 'သဲနက်အဆိပ် အဘိုးအို' နဲ့ 'သံမဏိတောင်ကြော လူကြမ်းသုံးဦး' တို့ရဲ့ တိုက်ခိုက်မှု နှစ်ကြိမ်က အပြင်းထန်ဆုံး ပေါ့။"

လော့ဝမ်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်...။ 'သဲနက်အဆိပ် အဘိုးအို' ကိုတော့ တပည့်တို့ ပူးပေါင်းပြီး တွန်းလှန်နိုင်ခဲ့တယ်...။ 'သံမဏိတောင်ကြော လူကြမ်းသုံးဦး' တိုက်ခိုက်မှုကတော့ အန္တရာယ် အများဆုံး ပဲ...။ တကယ်လို့ တပည့်တို့ 'အစစ်အမှန်သိုင်း အုတ်မြစ်' က ဝင်ရောက်ပြီး 'ကောင်းကင်ပျံလင်းယုန်' ကို မသတ်ခဲ့ဘူးဆိုရင်... ဆရာ့ရဲ့ တံခါးပိတ်ကျင့်ကြံမှုကို အနှောင့်အယှက် ပေးမိသွားနိုင်ပါတယ်"။

လော့ဝမ်ထျန်းခမျာ အခုထိ အနည်းငယ် ကြောက်လန့်နေဆဲ ဖြစ်သည်။

ထိုအချိန်ကသာ တာအိုဆရာလုံရှန်းကို တံခါးပိတ်ကျင့်ကြံရာမှ အတင်းအကျပ် ထွက်လာခိုင်းလိုက်ရမည်ဆိုလျှင် 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ချိုးဖြတ်ခြင်းကို ထိခိုက်သွားစေပြီး မူလရင်းမြစ်ကို ထိခိုက်ကာ ထာဝရ 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ မရောက်နိုင်တော့အောင် တားဆီးမိသွားနိုင်ပေမည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ တာအိုဆရာလုံရှန်း ကြောင်သွားပြီး သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာ၏။

လော့ဝမ်ထျန်းက တာအိုဆရာလုံရှန်း၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိပြုမိသွားပြီး သတိဖြင့် မေးလိုက်သည်။

"ဒါ ဒါ ဖြစ်နိုင်တာက ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းမှာ တခြား 'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူတွေ မရှိဘူး လား။"

လူတိုင်း တင်းမာသွားကြသည်။

ထိုနေ့က 'ကောင်းကင်ပျံလင်းယုန်' ကို သတ်ခဲ့သူသည် 'အစစ်အမှန်သိုင်း အုတ်မြစ်' မဟုတ်ခဲ့ပါက အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ အမှန်တကယ်တော့ ဤကာလအတွင်း သူတို့ အခြား တစ်စုံတစ်ယောက်က လုပ်ခဲ့လေသလား ဟု တွေးမိခဲ့ကြသည်။ သို့သော် အဖြေ မရှိသောကြောင့် သူတို့ အစစ်အမှန်သိုင်းဂိုဏ်း၏ ပုန်းကွယ်နေသော ကျွမ်းကျင်သူ တစ်ဦး ဟုသာ ယူဆနိုင်ခဲ့ကြသည်။

တာအိုဆရာလုံရှန်းက နင်ချီကို သိနားလည်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

(... 'သေစမ်း... ငါ့တပည့်လေးက ခုနစ်နှစ်တောင် မပြည့်သေးဘဲ ချီစွမ်းအင်ကောင်ကို သတ်လိုက်တယ် ဟုတ်လား... ငါ အိပ်မက်မက်နေတာလား'...)

တည်ငြိမ်သော အကြည့် ဖလှယ်မှု အပြီးတွင် 'အစစ်အမှန်သိုင်း အုတ်မြစ်' ဟု ခေါ်ဆိုနေသူ မည်သူဖြစ်ကြောင်း တာအိုဆရာလုံရှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"စိတ်မပူကြနဲ့။ ဒါ အစစ်အမှန်သိုင်းဂိုဏ်းက ကျွမ်းကျင်သူ တစ်ယောက်ပါပဲ"။

တပည့်များအားလုံး ဝမ်းမြောက် တက်ကြွသွားကြသည်။ တာအိုဆရာလုံရှန်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် နောက်ဆုံးတွင် သူတို့၏ စိတ်များ အေးချမ်းသွားကြတော့သည်။

သို့သော် သူတို့ မသိလိုက်ကြသည်မှာ တာအိုဆရာလုံရှန်း၏ နှလုံးသားသည် တည်ငြိမ်မှုနှင့် အလွန် ဝေးကွာနေခဲ့သည် ဟူ၍ ပင်။

(... 'သံမဏိတောင်ကြော လူကြမ်းသုံးဦး' က လူသိများလှတယ်။ အားလုံးက 'မြူဖြူ နယ်ပယ်' က ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တွေ...။ ဒါပေမဲ့ ငါ့တပည့်ငယ်လေး နင်ချီက တကယ်ပဲ 'ကောင်းကင်ပျံလင်းယုန်' ကို သတ်လိုက်တယ် ဟုတ်လား။ ငါ အိပ်မက်မက်နေသလိုပဲ။ ငါ့ တပည့်ငယ်လေး အခု ဘယ်လောက် အသက် ရှိပြီလဲ။ ခုနစ်နှစ်ပဲ ရှိသေးတာ။ အဲ့တုန်းကဆို ခုနစ်နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ သူက 'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူ တစ်ယောက်ကို သတ်နိုင်ခဲ့ပြီတဲ့လား။ လုံးဝ အဓိပ္ပာယ် မရှိတာပဲ။...)

ထိုအခိုက်အတန့်တွင် တာအိုဆရာလုံရှန်းသည် နင်ချီ 'ချီစွမ်းအင် နယ်ပယ်' သို့ ခြေချခဲ့ပြီလား ဆိုတာကို အရမ်း သိချင်လာခဲ့တော့သည်။

(... 'ခုနစ်နှစ်အရွယ် 'ချီစွမ်းအင် နယ်ပယ်' ဆိုတာ အလွန်အမင်း ချဲ့ကားလွန်းရာ ရောက်နိုင်ပေမဲ့ 'ချီစွမ်းအင် နယ်ပယ်' ကို မရောက်သေးဘဲ 'အတွင်းစွမ်းအား နယ်ပယ်' ကျင့်ကြံမှုနဲ့ 'ချီစွမ်းအင်' ကို သတ်တယ် ဆိုတာကရော။ ဒါက ပိုတောင် ချဲ့ကားလွန်းရာ ရောက်မနေဘူးလား။...) သူ စိတ်ရှုပ်ထွေးသွားသည်။

သို့သော် အများစုအားဖြင့် သူ၏ နှလုံးသားသည် ဝမ်းမြောက်မှုနှင့် နှစ်သိမ့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

(... 'ငါက နင်ချီ သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်သွားပြီလို့ ယူဆလိုက်တိုင်း ဒီ မိစ္ဆာလို တပည့်ငယ်လေးက ငါ့ကို ထပ်ပြီး တုန်လှုပ်အောင် လုပ်ပြန်ရော'...)

သူ မမျှော်လင့်ထားခဲ့ပါချေ။ နင်ချီ ဒီလောက် လျင်မြန်စွာ ကြီးထွားလာပြီး 'လမ်းစဉ် စောင့်ရှောက်သူ' ဖြစ်လာမည့် လက္ခဏာများ ပြသနေခဲ့ပြီ ဖြစ်သည်။

သို့သော် မကြာမီမှာပင် တာအိုဆရာလုံရှန်း၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ စတင် မြင့်တက်လာခဲ့သည်။ (... 'နင်ချီသာ ပြောင်းလဲနိုင်တဲ့ အချက်တစ်ချက် မဖြစ်ခဲ့ရင် အဲ့ဒီနေ့က အစစ်အမှန်သိုင်းဂိုဏ်း ကပ်ဘေး ဆိုက်သွားနိုင်တယ်။ ပြီးတော့ တပည့် အနည်းငယ် အသတ်ခံရ ဒါမှမဟုတ် ဒဏ်ရာရသွားနိုင်တယ်'...) ဤအတွေးနှင့်အတူ သူ၏ ဒေါသက ပို၍ ကြီးထွားလာခဲ့သည်။

'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ချိုးဖြတ်နိုင်ခဲ့ခြင်း၏ ဝမ်းမြောက်မှုသည် ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ဤအခိုက်အတန့်တွင် တာအိုဆရာလုံရှန်းသည် သူ၏ တပည့်များအတွက် ဒေါသကို ထုတ်ဖော် ပေါက်ကွဲပစ်ချင်စိတ် သာ ရှိနေခဲ့သည်။

တာအိုဆရာလုံရှန်းက တပည့်များကို ကြည့်လိုက်ပြီး သူ၏ စကားလုံးများက တည်ငြိမ်သော်လည်း ခိုင်မာနေခဲ့သည်။

"စိတ်ချထားကြ။ အစစ်အမှန်သိုင်းဂိုဏ်းက ဒီ

မတရားမှုကို ငြိမ်ခံမှာ မဟုတ်ဘူး"။

တပည့်များအားလုံး တက်ကြွ လန်းဆန်းသွားကြသည်။ တာအိုဆရာလုံရှန်း၏ ဂုဏ်သတင်းသည် တကယ့် တိုက်ပွဲများမှ ခက်ခက်ခဲခဲ ရရှိထားခဲ့ခြင်း ဖြစ်သည်။ ဆရာသည် တရားမျှတပြီး ဘယ်သောအခါမှ ဆုံးဖြတ်ချက် ပြတ်သားမှု

မလျော့နည်းခဲ့ပေ။

"'သံမဏိတောင်ကြော လူကြမ်းသုံးဦး' 'သဲနက်အဆိပ် အဘိုးအို' 'ခရမ်းမြစ်ဓားသခင်' ပြီးတော့ နောက်ကွယ်ကနေ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြိုးကိုင်နေတဲ့ လူတွေ.. ငါ မင်းတို့အတွက် တရားမျှတမှုကို ရှာဖွေပေးမယ်"။

ထိုအခါ လော့ဝမ်ထျန်းက တွန့်ဆုတ်သွားသည်။

"ဆရာ 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' ကိစ္စက..."

တာအိုဆရာလုံရှန်းက လက်ကို ဝှေ့ယမ်းလိုက်၏။

"ဒါ ချင် ပြည်နယ်က ရဲဘော်ရဲဘက်တွေကို ဖိတ်ကြားဖို့ အခွင့်အရေးကောင်းပဲ။ မဟုတ်ရင် တခြားသူတွေက ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းမှာ ဘယ်သူမှ မရှိဘူးလို့ ထင်သွားကြလိမ့်မယ်..."

သူ၏ စကားလုံးများက တည်ငြိမ်သော်လည်း သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။

သူက ဆက်ပြောလိုက်သည်။

"အချိန်ဆွဲမနေတော့ဘူး။ ငါ ဒီနေ့ပဲ 'ခရမ်းမြစ်ဓားဂိုဏ်း' ကို သွားလည်လိုက်ဦးမယ်။ မင်းတို့ ဒီမှာ နေပြီး ဂရုစိုက်ကြ"။

ဤသို့ ဆိုပြီးသည်နှင့် တာအိုဆရာလုံရှန်းသည် 'တောက်ပအလင်းသိုင်းခန်းမဆောင်' မှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ ပြီးနောက် ကောင်းကင်သို့ ခမ်းနားစွာ ပျံတက်သွားလေ၏။

'ကောင်းကင်ဘုံလူသား နယ်ပယ်' အဆင့်တွင် လေထဲမှ ဖြတ်ကျော်၍ 'ခရမ်းမြစ်ဓားဂိုဏ်း' သို့ ရောက်ရှိရန် တစ်ရက် ပင် မကြာမြင့်နိုင်ပါ။

တပည့်များက တာအိုဆရာလုံရှန်း၏ ပုံရိပ် မိုးကုတ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အားလုံး ခပ်ယဲ့ယဲ့ ပြုံးလိုက်ကြသည်။

(... 'ဂုဏ်ဆာလိုက်တာ ဆရာရယ်... လက်ဖက်ရည်တောင် မသောက်သွားဘူး'... ဒါပေမဲ့... ဒါမှ ငါတို့ဆရာကွ...'...)

တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာပြီး လက်ဖက်ရည် တစ်ခွက် သောက်ချိန်ပင် မရလိုက်ဘဲ သူ 'ခရမ်းမြစ်ဓားဂိုဏ်း' သို့ ထွက်ခွာသွားခဲ့ပြီ။ ဤသို့ ပြတ်သားသော လုပ်ဆောင်မှုက တပည့်တို့ကို မှင်တက်သွားစေခဲ့သည်။ သို့သော် သူတို့၏ နှလုံးသားများထဲတွင် နှိုင်းယှဉ်မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ ရှိနေခဲ့သည်။

ဒါက သူတို့၏ ဆရာ တာအိုဆရာ လုံရှန်းပဲ။

ရှင်းလင်းမှု စတင်ခဲ့လေပြီ။

All Chapters