ကောင်းကင်ဘုံလူသား ရင်ဆိုင်တွေ့ခြင်း
Vol. 5 Ch. 64
~ယနေ့မှ စ၍...
ချင်ပြည်နယ် တစ်ခုလုံးသည် တာအိုဆရာ
လုံရှန်း၏ လှုပ်ရှားမှုများအပေါ် အာရုံစိုက်နေခဲ့ကြသည်။
ခရမ်းမြစ်ဓားဂိုဏ်းမှ စတင်ကာ တာအိုဆရာ
လုံရှန်းသည် ရှေ့သို့ တစ်လမ်းလုံး ချီတက်ခဲ့လေ၏။
သူ၏ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကျင့်ကြံမှုအဆင့်ဖြင့် ခရမ်းမြစ်ဓားသခင်နှင့် ယခင်က လော့ဝမ်ထျန်းတို့ထံမှ ရရှိထားသော သတင်းအချက်အလက်များ၏ အကူအညီဖြင့် ခြေရာခံခြင်းမှာ များစွာ ပိုမိုလွယ်ကူသွားသည်။ ထို့အပြင် လူအများအပြားက တာအိုဆရာလုံရှန်းအား မျက်နှာသာပေးလိုကြသည်။ ...ဘာပဲပြောပြော သူက အသက်တစ်ရာအောက် 'ကောင်းကင်ဘုံလူသား နယ်ပယ်' သိုင်းသမားကြီး မဟုတ်ပါလား။ သူ မဟာယန်၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
ရက်အနည်းငယ်အတွင်းမှာပင်...
ဤကိစ္စတွင် ပါဝင်ပတ်သက်နေသော ချင်ပြည်နယ်အတွင်းမှ အင်အားစုများ သို့မဟုတ်
တသီးပုဂ္ဂလ ကျင့်ကြံသူများသည် ကပ်ဘေးများ ဆိုက်ရောက်ခဲ့ကြရသည်။ တိုက်ရိုက် အသတ်ခံရခြင်း သို့မဟုတ် ကျင့်ကြံမှုအဆင့် ချည့်နဲ့သွားခြင်းတို့ ဖြစ်ကြရ၏။ အချို့သော အင်အားစုများမှာ လုံးဝ ဖျက်သိမ်းသွားသည် အထိပင် ဖြစ်ခဲ့ရသည်။
တာအိုဆရာလုံရှန်း၏ ပြတ်သားသော သတ်ဖြတ်မှုများက လူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။ အစစ်အမှန် သိုင်းဂိုဏ်း၏ ဂုဏ်သိက္ခာမှာ ထိုးတက်သွားတော့၏။
လူအများအပြားက အစောပိုင်းက လောဘမကြီးခဲ့မိသည့်အတွက် မိမိကိုယ်ကို ကံကောင်းသည်ဟု ခံစားနေကြသည်။
ယခုအခါ လူတိုင်း သိရှိသွားခဲ့ကြပြီ။ ထိုကောလာဟလများတွင် အမှန်တရား အချို့ ပါဝင်နေခဲ့သည်။ တာအိုဆရာလုံရှန်း ရရှိခဲ့သော အမွေအနှစ်သည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှပြီး သူ့ကို အသက်တစ်ရာ မပြည့်မီ 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ရောက်ရှိစေနိုင်ခဲ့သည်။ သို့သော် ယခု သိရှိသွားခြင်းမှာ နောက်ကျသွားခဲ့ပြီ။ တာအိုဆရာလုံရှန်း 'ကောင်းကင်ဘုံလူသား နယ်ပယ်' တွင် ရှိနေမှတော့ ထိုအမွေအနှစ်ကို မည်သူမျှ တပ်မက်ရဲတော့မည် မဟုတ်ပါချေ။
ဤတစ်ကြိမ်တွင် တာအိုဆရာလုံရှန်းနှင့် အစစ်အမှန်သိုင်းဂိုဏ်းသည် ချင်ပြည်နယ်ရှိ လူအားလုံး၏ မျက်လုံးများ စုစည်းရာ ဗဟိုချက် ဖြစ်လာခဲ့ပါတော့သည်။
...
နေရာကား...
ချန်းပြည်နယ်၊
ပင်လယ်ပြင်ကျယ် ခရိုင်မြို့တော် ဖြစ်၏။
လူရိပ် နှစ်ခုသည် 'ကျောက်စိမ်းပန်း ပျော်ရွှင်အိမ်' မှ ထွက်ခွာလာကြသည်။ ၎င်းတို့မှာ အတိအကျပင် ချင်ပြည်နယ်မှ ဤနေရာသို့ ထွက်ပြေးလာခဲ့ကြသော ထျဲလုံနှင့် ထျဲဟူတို့ ဖြစ်ကြသည်။
ထိုအခိုက်အတန့်တွင် နှစ်ဦးစလုံး လန်းဆန်းတက်ကြွနေပုံရပြီး ထျဲဟူက ကျိန်ဆဲလိုက်သည်။
"သေစမ်းကွာ... ဒီလောက်ကြာအောင် ချုပ်တည်းထားခဲ့ရပြီးမှ... နောက်ဆုံးတော့ ကိစ္စကြီးတစ်ခု ပြီးမြောက်သွားတာပဲ။ အစ်ကိုကြီး... ကျွန်တော်တို့ ဒီလောက် သတိထားနေစရာ မလိုဘူးလို့ ထင်တယ်။ ချန်းပြည်နယ်နဲ့ ချင်ပြည်နယ်ကြားက အကွာအဝေးက အများကြီးပဲ။ ကျွန်တော်တို့ ဒီမှာ အခြေချသင့်တယ်"
ထိုအခါ ထျဲလုံက နှစ်သိမ့်သောအားဖြင့် ခေါင်းညိတ်လိုက်၏။
"အစပိုင်းမှာတော့ ခြေငြိမ်ငြိမ်နေကြရအောင်။ စိတ်ချပါ... ငါတို့ ကျင့်ကြံမှုတွေ ပြီးမြောက်တဲ့အခါ... ငါတို့ညီအစ်ကိုတွေ အစစ်အမှန်သိုင်းဂိုဏ်းကို လက်စားချေပြီး... မင်းရဲ့ 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' ကို ပြန်ယူကြမယ်.."
သူတို့ စကားပြောနေစဉ်မှာပင် သူတို့၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများတွင် တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ပြည့်နှက်လျက် ရှေ့သို့ ကြည့်လိုက်ကြသည်။
...လေဟာနယ်ထဲတွင် ရပ်နေသော ထိုပုံရိပ်မှာ... အလွန်အမင်း ရင်းနှီးနေခဲ့သည်။
(... 'သေ... သေပြီ'... )
"တာအိုဆရာ... လုံရှန်း..."
နှစ်ဦးစလုံး မယုံကြည်နိုင်ခဲ့ကြ။ သူတို့၏ အသံများ ထစ်အနေခဲ့သည်။
သူတို့သည် တာအိုဆရာလုံရှန်းကို ယခင်က မြင်ဖူးခဲ့ကြသော်လည်း 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ရောက်ရှိသွားပြီး မိမိတို့အတွက်
ချန်းပြည်နယ်အထိ လိုက်လာလိမ့်မည်ဟု စိုးစဉ်းမျှ မတွေးထင်ခဲ့မိကြပါ။
သူတို့ ထွက်ပြေးလိုကြသော်လည်း 'မြူဖြူ နယ်ပယ်' နှင့် 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကြားမှ ကွာခြားချက်မှာ ကျော်လွှားမရနိုင်ပေ။
"ကယ်... ကယ်ပါ..."
ကြောက်ရွံ့မှုက သူတို့၏ လည်ချောင်းများမှ ညှစ်ထွက်လာခဲ့သည်။ တာအိုဆရာလုံရှန်းက သူတို့ကို ရှာတွေ့သွားခဲ့ပြီ။ ကံကောင်းခြင်းအတွက် နေရာလပ် မရှိတော့ပြီ။
တာအိုဆရာလုံရှန်းက သူတို့ကို တည်ငြိမ်စွာ စိုက်ကြည့်နေရုံသာ။
(... 'ဒီခွေးမသား နှစ်ကောင်ကို လိုက်ရှာရတာ... ငါ့အချိန်တွေ ကုန်လိုက်တာ... အသိမိတ်ဆွေတွေဆီမှာလည်း အကူအညီတွေ တောင်းခဲ့ရသေးတယ်'... )
ဤနှစ်ယောက်ကို လိုက်ရှာရသည်မှာ သူ့အတွက် အချိန်ကုန်ပြီး မျက်နှာသာပေးမှုများစွာ ကုန်ကျခဲ့သည်။ သို့သော် သူတို့ကို ရှာတွေ့မှသာ သူ ဝမ်မိသားစုကို ပေါ်ပေါ်တင်တင် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ဆုံးဖြတ်၍ သူက မေးလိုက်သည်။
"ပြောစမ်း... ဝမ်ချင်းဖုန်းက... မင်းတို့ကို... ငါ့ရဲ့ အစစ်အမှန်သိုင်း အမွေအနှစ်ကို လုယူဖို့... အမိန့်ပေးခဲ့တာလား။"
ထျဲလုံနှင့် ထျဲဟူတို့ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြရုံသာ တတ်နိုင်ကြသည်။ သူတို့၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုများမှာ ပုံပေါ်လာလုနီးပါး ဖြစ်နေပြီး အသနားခံလိုသော်လည်း စကားမပြောနိုင်ကြ။ (... 'သေတော့မှာပဲ... ငါတို့တော့ သေတော့မှာပဲ'... )
တာအိုဆရာလုံရှန်းက ဆိုလိုက်၏။
"ကောင်းပြီလေ...။ ဒါဆိုရင်တော့... မင်းတို့ကို အကောင်းအတိုင်း ထားခဲ့ပေးမယ်"။
(... 'အလောင်းကိုတော့ အကောင်းအတိုင်းပေါ့လေ'... )
တာအိုဆရာလုံရှန်းက လက်ညှိုးတစ်ချောင်း ထိုးညွှန်လိုက်သည်။ ထျဲလုံနှင့် ထျဲဟူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူတို့ တိတ်ဆိတ်စွာပင် နေရာတွင် သေဆုံးလဲကျသွားလေတော့သည်။
သည်နေရာတွင် အဆုံးသတ်သွားလေပြီ။
'သံမဏိတောင်ကြော လူကြမ်းသုံးဦး' လုံးဝ ပပျောက်သွားခဲ့သည်။
သူတို့ သေဆုံးသည်အထိပင် တာအိုဆရာလုံရှန်းက သူတို့ကို ချန်းပြည်နယ်တွင် ရှာတွေ့လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်ခဲ့ကြမည် မဟုတ်ပေ။ ဒါ သူတို့၏ ထိန်းချုပ်မှု ကင်းမဲ့ခြင်းကြောင့်ပင်။ မဟုတ်ပါက တာအိုဆရာလုံရှန်း အချိန်ပိုကြာသွားနိုင်ပေသည်။
အလောင်းနှစ်လောင်းကို ကိုင်ဆောင်လျက်
တာအိုဆရာလုံရှန်းသည် ပတ်ဝန်းကျင်မှ လူများ၏ ရိုသေလေးစားသော အကြည့်များကြားမှ တက်သွားခဲ့သည်။
...
ချင်ပြည်နယ်။
တာအိုဆရာလုံရှန်း လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည့်အချိန်မှစ၍ မျက်လုံးအားလုံး ဤအဖြစ်အပျက်အပေါ် စူးစိုက်နေခဲ့ကြသည်။ သို့သော် ရက်များ ကုန်လွန်သွားသော်လည်း နောက်ဆက်တွဲ သတင်းမကြားရဘဲ တာအိုဆရာလုံရှန်း၏ ခြေရာများ ချင်ပြည်နယ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းက ထိုကိစ္စ အဆုံးသတ်သွားပြီဟု ထင်မှတ်နေကြစဉ်မှာပင် အဓိက အဖြစ်အပျက်ကြီးတစ်ခုက ချင်ပြည်နယ်မှ လူတိုင်းကို လှုပ်ခတ်သွားစေခဲ့သည်။
တာအိုဆရာလုံရှန်းသည် စုဆောင်းထားသော သက်သေအထောက်အထားများ ယူဆောင်လာပြီး ဝမ်မိသားစု တံခါးဝသို့ ရောက်ရှိလာခဲ့သည်တကား..
ချင်ပြည်နယ်မှ ဝမ်မျိုးနွယ်စုသည် အမှန်တကယ်ပင် အဆင့်မြင့် မိသားစုတစ်ခု ဖြစ်သည်။ အထူးသဖြင့် 'ကောင်းကင်ဘုံလူသား' ဘိုးဘေးတစ်ဦး ကြီးကြပ်ကွပ်ကဲနေသဖြင့် သာမန်အင်အားစုများနှင့် ယှဉ်နိုင်ခြင်းမရှိပေ။
မကြာသေးမီက အစစ်အမှန်သိုင်းဂိုဏ်းအပေါ် တိုက်ခိုက်မှုများသည် ဝမ်မိသားစုနှင့် မကင်းရာ မကင်းကြောင်းဟု သတင်းများ ပျံ့နှံ့နေခဲ့သည်။ သို့သော် တာအိုဆရာလုံရှန်း ဤမျှ ရဲတင်းလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြ။
ထျဲလုံနှင့် ထျဲဟူတို့၏ အလောင်းများကို ဝမ်မိသားစု တံခါးဝတွင် ပစ်ချလိုက်သောအခါ လူတိုင်း အသက်ရှူမှားသွားကြရသည်။
(... 'သေ... သေစမ်း... အလောင်းတွေပါ ပါလာတာလား'... )
တာအိုဆရာလုံရှန်းက ဝမ်မိသားစု တံခါးဝတွင် ရပ်လျက် သူ၏မျက်နှာထားက တည်ငြိမ်နေသော်လည်း သူ၏စကားလုံးများက ကြီးမားကျယ်ပြန့်ပြီး ဇိမ်ကျလှသော ဝမ်မိသားစု စံအိမ်ကြီးတစ်ခုလုံးကို မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားစေသည်။
"ဝမ် ချင်း ဖုန်း... ထွက်လာခဲ့စမ်း။"
မကြာမီပင် လူများ တဖွဲဖွဲ ထွက်လာကြသည်။ ထိုအထဲတွင် 'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူများလည်း ပါဝင်ရာ ဝမ်မျိုးနွယ်စု၏ ကြောက်မက်ဖွယ် အခြေခံအုတ်မြစ်ကို ပြသနေသည်။
မိသားစု အကြီးအကဲ ဝမ်ချင်းဟယ်က လေးနက်စွာ ကြေညာလိုက်သည်။
"တာအိုဆရာလုံရှန်း... ခင်ဗျားက 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကျွမ်းကျင်သူ ဖြစ်ပေမဲ့... ကျုပ်တို့ ဝမ်မျိုးနွယ်စုက အရှက်ခွဲတာကို လက်မခံဘူး နော်"
ပတ်ဝန်းကျင်မှ ဝမ်မျိုးနွယ်စုဝင်များ ဒေါသတကြီး ကြည့်နေကြသည်။ သူတို့ အမြဲတမ်း အထက်စီးမှ နေသားကျနေခဲ့ရာ ယခု သူတို့အပေါ် ချီတက်လာရဲသူ ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြ။ တာအိုဆရာလုံရှန်း၏ 'ကောင်းကင်ဘုံလူသား နယ်ပယ်' စွမ်းအားကို မကြောက်ရွံ့ပါက သူတို့ ကျိန်ဆဲခြင်းများ စတင်လောက်ပြီ ဖြစ်သည်။
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ မျက်နှာဖြူဖျော့နေပြီး မျက်လုံးများ တုန်ခါနေခဲ့သည်။
တာအိုဆရာလုံရှန်း၏ အကြည့်က လူလတ်ပိုင်းအရွယ် အမျိုးသားအပေါ် ခဏတာ ရပ်တန့်သွားပြီးနောက် တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းက... ငါနဲ့ စကားပြောဖို့... အရည်အချင်း မရှိဘူး"။
လူအုပ်ကြီး ဒေါသထွက်သွားကြသည်။ (... 'ဘာ... ဘာရယ်'... )
သူတို့ ဆဲဆိုကြတော့မည် အပြုတွင် စံအိမ်အတွင်းပိုင်း နက်နက်မှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါရော... အရည်အချင်း... ရှိရဲ့လား... ဆိုတာ... သိချင်ပါရဲ့ကွယ်”,
အားလုံး မြင်လိုက်ကြရသည်မှာ အဘိုးအို ပုံသဏ္ဌာန်တစ်ခု လေဟာနယ်ထဲသို့ ခြေချလာခြင်းပင်။ အသံက အဝေးမှ ထွက်ပေါ်လာသော်လည်း ထိုပုဂ္ဂိုလ်က သူတို့ရှေ့မှောက်သို့ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။ သူ၏ဦးခေါင်းတွင် ဆံပင်ဖြူများ ဖုံးလွှမ်းနေပြီး သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းကွေးနေသော်လည်း စံအိမ်အပေါ်ထိပ်တွင် ရပ်တည်နေပုံက ကြီးမားသော ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ မှားယွင်းစရာ မရှိပေ။
ဝမ်မိသားစု ဘိုးဘေး။
"ဘိုးဘေးကို အရိုအသေပြုပါတယ်.." ဝမ်မျိုးနွယ်စုဝင်များ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
တာအိုဆရာလုံရှန်း၏ အကြည့်က သူ့အကြည့်နှင့် ဆုံသွားသည်။ လေးနက်တည်ကြည်သော်လည်း အလျှော့မပေးသော အကြည့်။ သူ၏ပုံသဏ္ဌာန်က ဖြည်းညှင်းစွာ မြင့်တက်သွားပြီး ဝမ်မိသားစု ဘိုးဘေးနှင့် တန်းတူ ရပ်တည်လိုက်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"အကြီးအကဲဝမ်... ကျုပ်က ရန်လိုနေတာ မဟုတ်ပါဘူး...။ ဒါပေမဲ့ ခင်ဗျားတို့ ဝမ်မျိုးနွယ်စုက ကျုပ်ရဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို အရင် ကြံစည်ခဲ့တာပါ...။ သက်သေအားလုံး ဒီမှာ ရှိပါတယ်...။ ကျုပ်... ရှင်းလင်းချက်တစ်ခု လိုအပ်တယ်"
သူ၏ တာအိုဝတ်ရုံက လေမတိုက်ဘဲ လှုပ်ခတ်နေပြီး သူ၏စကားလုံးများက အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
(... 'သေစမ်း... ဒီဘိုးတော် လုံရှန်း... ရူးနေလား'... )
'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ဝင်ရောက်ခါစသာ ရှိသေးသူက အတွေ့အကြုံရင့် 'ကောင်းကင်ဘုံလူသား' တစ်ဦးကို စိန်ခေါ်ရဲသည်မှာ အလွန်ကြီးမားသော သတ္တိ လိုအပ်ပေသည်။
ဝမ်မိသားစု ဘိုးဘေး၏ အကြည့်များ စူးရှသွားပြီး တာအိုဆရာလုံရှန်းကို ခေတ္တမျှ အကဲခတ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
"အနှစ်သာရ၊ ချီ၊ ဝိညာဉ် ပန်းသုံးပွင့်ထဲက... မင်း... ဘယ်ပန်းကို... ကျင့်ကြံသလဲ။"
တာအိုဆရာလုံရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"ပန်းသုံးပွင့် ထိပ်တွင် စုဝေးခြင်း... ဒီလိုနဲ့ 'သိုင်းသူတော်စင် နယ်ပယ်' ကို ရောက်ရှိဖို့ပါပဲ"
ဝမ်မိသားစု ဘိုးဘေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လှောင်ပြောင်လိုက်သည်။
"မောက်မာလိုက်တာ... ကောင်းကင်ရဲ့ အမြင့်ကို မသိတဲ့ ကလေးငယ်ပါလား.."
တာအိုဆရာလုံရှန်းကတော့ တုန်လှုပ်ခြင်းမရှိခဲ့။
"ဒါကို... အကြီးအကဲ... စိတ်ပူစရာ မလိုပါဘူး"
ဝမ်မိသားစု ဘိုးဘေးက သူ၏အရှိန်အဝါကို စုစည်းလိုက်ပြီး သူ၏အသံက အေးစက်သွားသည်။
"မင်းက ပန်းသုံးပွင့် ထိပ်တွင် စုဝေးခြင်း လမ်းစဉ်ကို ရှာဖွေနေမှတော့... အခု မင်းက အနှစ်သာရပန်းကို ကျင့်ကြံနေတယ်လို့ ငါ ယူဆရမှာပဲ...။ ငါက ငါ့သက်တမ်း အဆုံးနီးမှ 'ကောင်းကင်ဘုံလူသား' ကို အနိုင်နိုင် ချိုးဖြတ်နိုင်ခဲ့တာ...။ အနှစ်သာရပန်းကို နှစ်ပေါင်း သုံးရာကျော်... ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရတယ်...။ မင်းက ရှင်းလင်းချက် လိုချင်တယ်ဆိုရင်... မင်းရဲ့ စွမ်းအားကို ငါ့ကို ပြစမ်းပါကွယ်"။
သူ စကားဆုံးသည်နှင့် ဝမ်မိသားစု ဘိုးဘေး၏ ပုံသဏ္ဌာန်က စတင် ပြောင်းလဲလာသည်။
ခါးကိုင်းနေသော ပုံသဏ္ဌာန်မှ တဖြည်းဖြည်း မတ်မတ်ရပ်လာ၏။ သူ၏ ခြောက်သွေ့နေသော အရေပြားများ သိသိသာသာ ပြည့်တင်းလာသည်။ ဆံပင်ဖြူများက အနက်ရောင်သို့ ပြောင်းလဲသွားသည်။ အဘိုးအို ပျောက်ကွယ်သွားပြီး အရပ်ရှည်ကာ သန်မာသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးဖြင့် အစားထိုးသွားခဲ့သည်။ သူ၏အကြည့်များက အေးစက်စူးရှနေပြီး ပြင်းထန်သော ဖိအား တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
(... 'ဘုရား... ဘုရား... ဘိုးဘေးက... နုပျိုသွားတယ်..'...) တီးတိုးရေရွတ်သံများ ပေါက်ကွဲထွက်လာသည်။ လူအများအပြား 'ကောင်းကင်ဘုံလူသား နယ်ပယ်' ၏ စွမ်းအားကို ပထမဆုံးအကြိမ် မျက်မြင်တွေ့လိုက်ရခြင်းဖြစ်ပြီး မျက်လုံးများ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ပုံသဏ္ဌာန်မှ ဤသို့သော အသက်စွမ်းအား ပြောင်းပြန်လှန်ခြင်းမှာ အံ့ဩဖွယ်ရာ ကောင်းလှသည်။
တာအိုဆရာလုံရှန်းက အားရပါးရ ရယ်မောလိုက်ပြီး သူ၏အရပ်အမောင်းကလည်း ပို၍ မြင့်မားလာခဲ့သည်။
"အကြီးအကဲဝမ်က ဖိတ်ခေါ်မှတော့... ငြင်းဆန်နိုင်ပါ့မလား”