ဆက်တိုက် အဆင့်ချိုးဖြတ်ခြင်းများ
Vol. 5 Ch. 72
~'အသေတု' ဖြစ်စဉ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်ရာ နင်ချီသည် ဤလုပ်ငန်းစဉ်နှင့် အလွန်အမင်း ကျွမ်းဝင်နေခဲ့ပြီ ဖြစ်ပါ၏။ သူ... ယခုအခါ မျက်လုံးများကို မှိတ်လိုက်ရုံဖြင့် 'ငြိမ်သက်ခြင်း' အခြေအနေသို့ ဝင်ရောက်နိုင်ခဲ့သည်။
သူ၏အသက်ရှုသံမှာ ကြားနိုင်လောက်အောင်ပင် မရှိတော့ဘဲ အလွန် မှိန်ဖျော့နေခဲ့လေ၏။ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ နင်ချီ၏ မယုံနိုင်လောက်အောင် သန်မာလှသော ရုပ်ခန္ဓာကိုယ်သည် အထီးကျန်ဆန်သွားပါတော့သည်။
...
မမျှော်လင့်စွာပင် နင်ချီ နိုးထလာသောအခါ ယခင် အကြိမ်နှစ်ခါကဲ့သို့ လဝက် ကြာမြင့်ခဲ့ခြင်း မဟုတ်ဘဲ ဤတစ်ကြိမ်တွင် ရက်ပေါင်း နှစ်ဆယ်တိတိ ကုန်လွန်သွားခဲ့သည်။
(... 'အိုး... ဒီတစ်ခါ ပိုကြာသွားပါလား'... )
"ကြည့်ရတာ... 'အတွင်းစွမ်းအား နယ်ပယ် ပြီးပြည့်စုံခြင်း' က... နည်းနည်း ကွဲပြားပုံပဲ"။
နင်ချီ၏ မျက်လုံးများ နတ်ဘုရားဆန်သော အလင်းရောင်များဖြင့် တောက်ပသွား၏။
သူ၏ အခြေအနေမှာ ယခင်က မကြုံဖူးလောက်အောင် ကောင်းမွန်နေသည်ဟု ခံစားလိုက်ရသည်။ သူ၏ အနှစ်သာရ ယွမ်မှာ ပေါများကြွယ်ဝနေပြီး န္ဓာကိုယ်မှာလည်း သက်သောင့်သက်သာ ရှိလှပါ၏။
ဆက်တိုက် 'အသေတု' ရှစ်ကြိမ် ဖြတ်သန်းပြီးနောက် နင်ချီ၏ ခန္ဓာကိုယ်သည် ပထမဆုံး 'ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း' သို့ ရောက်ရှိခဲ့စဉ်ကထက် ယခုအခါ ကိုးဆ ပိုမို သန်မာနေခဲ့ပြီ ဖြစ်ပါသတည်း။
ဤသည်မှာ အလွန်အမင်း ချဲ့ကားလွန်းလှသည်။
သိထားရမည်မှာ နင်ချီသည် မူလကတည်းက 'အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်' ကို ဖန်တီးခဲ့ပြီး ဖြစ်သည်။ ယခု မူလထက် ကိုးဆ မြှင့်တင်ထားရာ သူ၏ခန္ဓာကိုယ် အမှန်တကယ် မည်မျှ သန်မာနေသည်ကို စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ချေ။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသက်သက်မျှသာ မဟုတ်။ ဤခွန်အားသည် အလုံးစုံ လွှမ်းခြုံနိုင်သော ကြံ့ခိုင်မှုကို ကိုယ်စားပြုပြီး နက်ရှိုင်းမှုတွင် လွန်ကဲလှပါ၏။
(... 'ဒီလောက်ဆိုရင်... အနှစ်သာရပန်းကို အာရုံစိုက်တဲ့ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကျွမ်းကျင်သူတစ်ယောက်ရဲ့ ရုပ်ခန္ဓာနဲ့တောင်... ယှဉ်နိုင်လောက်ပြီ ထင်တယ်...။ ဝမ်မိသားစု ဘိုးဘေးနဲ့ ယှဉ်ရင်ရော... ဘယ်လိုနေမလဲ မသိဘူး'... )
ဝမ်မိသားစု ဘိုးဘေးနှင့် တာအိုဆရာလုံရှန်းတို့ကြားမှ တိုက်ပွဲအသေးစိတ်မှာ ချင်ပြည်နယ်တစ်ခွင် ဟိုးလေးတကျော် ဖြစ်လေရာ နနင်ချီသည်လည်း ဘိုးဘေးဝမ်က အသက်စွမ်းအားကို ပြောင်းပြန်လှန်ကာ ယိုယွင်းမှုကို အံ့ဖွယ်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး လူအများထံမှ ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့ကြောင်း သဘာဝအတိုင်း သိရှိထားသည်။
နင်ချီ တွေးလိုက်သည်မှာ ... ယခုအခါ ဤခြေလှမ်းကိုလည်း အောင်မြင်နိုင်လောက်ပြီ ဟူ၍ ဖြစ်သည်။ သူသာ သူ၏ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားကို မဖုံးကွယ်ထားပါလျှင် အစစ်အမှန်သိုင်းတောင် တစ်ခုလုံးကိုပင် လွှမ်းမိုးသွားစေရန် လုံလောက်ပေလိမ့်မည်။
မှန်ပါသည်။... သူ၏ ရုပ်ခန္ဓာကိုယ်က ဘိုးဘေးဝမ်နှင့် ယှဉ်နိုင်သည့်တိုင် နင်ချီ သူ့ကို တိုက်ခိုက်နိုင်သည်ဟု အဓိပ္ပာယ်မသက်ရောက်ပါ။ ဘိုးဘေးဝမ်၏ ကြောက်မက်ဖွယ် ရုပ်ခန္ဓာကိုယ်မှာ ခုခံစရာ သက်သက်သာ ဖြစ်ပြီး 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' ကသာ သူ၏ အမှန်တကယ် အင်အား ဖြစ်ပေသည်။
"ဒါ့အပြင်... သက်တမ်း ကိစ္စလည်း ရှိသေးတယ်...။ ငါ့ရဲ့ သက်တမ်းက... သာမန် 'အတွင်းစွမ်းအား နယ်ပယ်' သမားတစ်ယောက်ထက်... နှစ်ဆလောက်... ဖြစ်နိုင်တယ်လို့... ခံစားရတယ်..."
"ငါ့ရဲ့... နားလည်နိုင်စွမ်းက... ထပ်ပြီး... တိုးတက်လာပြန်ပြီ..."
နင်ချီ သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ပုံဆောင်ခဲကဲ့သို့ တောက်ပမှုတစ်ခုက သူ၏ရုပ်သွင်ကို ဖုံးလွှမ်းထား၏။ သူ... တည်ငြိမ်စွာ အာရုံစိုက်လိုက်ပြီး ဤအရေးအကြီးဆုံး အဆင့်ချိုးဖြတ်မှုကို နားလည် သဘောပေါက်ရန် စတင်လိုက်သည်။
'အတွင်းစွမ်းအား နယ်ပယ် ပြီးပြည့်စုံခြင်း' ဖြင့် အကြီးမားဆုံး ပြောင်းလဲမှုမှာ မလွဲဧကန်ပင် 'အတွင်းအား' တွင် ဖြစ်သည်။ ပုံမှန် 'အတွင်းစွမ်းအား နယ်ပယ် ပြီးပြည့်စုံခြင်း' အဆင့်အတွက် 'အတွင်းအား' သည် လက်ဆုပ်လက်ကိုင် ပြနိုင်လုနီးပါး ဖြစ်နေ၏။
ကိုယ်ခန္ဓာအပြင်ဘက် တစ်ကိုက်နီးပါးအထိ ရှည်ထွက်နိုင်ကာ 'ချီစွမ်းအင်' အဖြစ်သို့ စုစည်းရန် နောက်ဆုံး ပြောင်းလဲမှုကိုသာ စောင့်ဆိုင်းနေ၏။ 'ချီစွမ်းအင်’အား လုံးဝ ခိုင်မာစေကာ အဝေးမှ သတ်ဖြတ်ရန် ဖြစ်သည်။
သို့သော် နင်ချီမှာ လွန်ခဲ့သော အချိန်ကတည်းက 'အဋ္ဌမအလွှာ နယ်ပယ်' တွင် ရှိစဉ်ကပင် သူ၏ 'အတွင်းအား' ကို ဆယ်ကိုက်အထိ ရှည်ထွက်စေနိုင်ခဲ့သည်။
ယခုအခါ၌ကား..
...
နင်ချီ ခြံဝင်းထဲတွင် ရပ်လျက် ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလိုက်၏။
မမြင်နိုင်သော၊ ပုံသဏ္ဌာန်မဲ့ 'အတွင်းအား' တစ်ခု အမျှင်တန်းတစ်ခုနှယ် ပစ်လွှတ်ထွက်သွားပြီး ကိုက်သုံးဆယ်အကွာမှ မက်မွန်ပင် အကိုင်းအခက်တစ်ခု တိတ်ဆိတ်စွာ လျှောကျလာခဲ့သည်။ ဖြတ်တောက်ထားမှုမှာ မယုံနိုင်လောက်အောင် ချောမွေ့လှ၏။ ထို့နောက် နင်ချီ စိတ်ဖြင့် ထိန်းချုပ်လိုက်ရာ ထိုမက်မွန်ပင် အကိုင်းအခက်မှာ ပျံဝဲလည်ပတ်ကာ ပြန်လာပြီး နင်ချီ၏ လက်ထဲသို့ ဖြည်းညှင်းစွာ ကျရောက်လာခဲ့သည်။
နင်ချီ၏ နှုတ်ခမ်းထက်ဝယ် အပြုံးတစ်ခု ခိုတွဲလာခဲ့သည်။
(... 'ငါ... မှတ်မိသလောက်တော့... စီနီယာအစ်ကိုငါးရဲ့... 'ချီစွမ်းအင်' က... ကိုက်သုံးဆယ်ပဲ... ပစ်နိုင်တာ...။ အဲ့ဒီထက်... ကျော်သွားရင်... သူ့စွမ်းအားက... အများကြီး... လျော့ကျသွားရော'... )
"အခုတော့... ငါ့ရဲ့... 'အတွင်းအား' က... ကိုက်သုံးဆယ်အထိ... ရှည်ထွက်နိုင်နေပြီ...။
'ချီစွမ်းအင်' ရဲ့... အသွားပဲရှိ... အပြန်မရှိတဲ့... အကျိုးသက်ရောက်မှုထက်တောင်... သာလွန်နေသေးတယ်...။ ပြီးတော့... အခု... ငါ့ရဲ့... 'အတွင်းအား' ကို... ကိုယ်ခန္ဓာကနေ... ထွက်ခွာခွင့်... ပေးလို့ရပြီ..."
နင်ချီ သူ၏လက်ချောင်းကို ခပ်ဖွဖွ လှုပ်ရှားလိုက်ရာ ဓားချီစွမ်းအင်နှင့် ဓားမြှောင်ချီစွမ်းအင် လှိုင်းများ ကောင်းကင်သို့ ပစ်လွှတ်ထွက်သွားခဲ့သည်။
'ချီစွမ်းအင်' နှင့် ဆင်တူသော အကျိုးသက်ရောက်မှုကို ရရှိလုနီးပါး ဖြစ်သွားပြီး စွမ်းအားမှာပင် 'ချီစွမ်းအင်' ထက် များစွာ ပိုမိုကြီးမားနေခဲ့သည်။ နင်ချီ၏ 'အသင်္ချေဖြစ်ရပ်ဆန်းကြယ်' အခန်းက သူ၏ ပစ်လွှတ်လိုက်သော 'အတွင်းအား' အား အမျိုးမျိုးသော မှော်ဆန်သည့် အကျိုးသက်ရောက်မှုများ ပိုင်ဆိုင်စေနိုင်သည်။
၎င်းမှာ မယုံနိုင်လောက်အောင် ခြိမ်းခြောက်နိုင်စွမ်း ရှိလှပါ၏။
(... 'နှမြောစရာကောင်းတာက... အနှစ်သာရက... နောက်ဆုံး... ပြောင်းလဲမှုကို... မခံယူရသေးဘူး...။ ...မဟုတ်ရင်... ဒီလောက်... ကြီးမားတဲ့... ကုန်ကျစရိတ်... လိုအပ်မှာ... မဟုတ်ဘူး'... )
နင်ချီ ပြုံးရင်း ခေါင်းခါလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ 'အတွင်းအား' မှာ အံ့ဩဖွယ်ရာ ကျယ်ပြန့်လှသော်လည်း ယခုလို ကုန်ကျစရိတ်ကို ထောက်ပံ့နိုင်မည် မဟုတ်ပါ။
သူ၏ 'အတွင်းအား' ကို ကိုယ်ခန္ဓာမှ ထွက်ခွာခွင့် ပေးနိုင်သည့် စွမ်းရည်မှာ မဆင်မခြင် စုပုံရာကျပါသည်။ တိုက်ခိုက်နေစဉ်အတွင်း ရေပိုက်ခေါင်းတစ်ခုက 'အတွင်းအား' ကို အရမ်းကာရော ထုတ်လွှတ်နေသည်နှင့် ညီမျှလေ၏။ နင်ချီတစ်ဦးတည်းသာ ဤသို့သော သုံးစွဲမှုကို တတ်နိုင်ပေသည်။
သို့သော် သူ့အတွက်မူ တိုက်ခိုက်ရန် အကျိုးသင့်အကြောင်းသင့် အရှိဆုံး နည်းလမ်းမှာ ကိုက်သုံးဆယ်ရှည်သော 'အတွင်းအား ဓားမကြီး' ကို ဝှေ့ယမ်းကာ ရန်သူများကို သုတ်သင်ခြင်းပင် ဖြစ်နေသေးသည်။
သူ့ကိုသာ စစ်မြေပြင်တွင် ထားလိုက်ပါလျှင် ရန်သူများအား မြက်ပင်များကဲ့သို့ ရိတ်ဖြတ်နိုင်ပေလိမ့်မည်။
(... 'ဟားဟား... ဒါကမှ တကယ့်ကို... ကြမ်းတာ'... )
"...ငါ့ရဲ့... လက်ရှိ... တိုက်ခိုက်ရေးစွမ်းရည်... အကုန်... ထုတ်သုံးလိုက်ရင်... ...'မူလအမြုတေ နယ်ပယ်' ကိုတောင်... ယှဉ်ပြိုင်တိုက်ခိုက်နိုင်မလားပဲ"
ဤသည်မှာ မိမိကိုယ်ကို အထင်ကြီးနေခြင်း မဟုတ်ဘဲ 'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူများနှင့် တိုက်ပွဲအနည်းငယ်မှ ရေးဆွဲခဲ့သော နိဂုံးချုပ်ချက်တစ်ခု ဖြစ်သည်။
နင်ချီက ... ရှေးရိုးဆန်စွာ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ အနီးစပ်ဆုံး သိရှိနားလည်ခဲ့သော 'မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်' နှင့် 'ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်း' တည်းဟူသော ကြီးမြတ်သော လျှို့ဝှက်နည်းစနစ် နှစ်ခုက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
နင်ချီ ဝမ်းမြောက်မှုကို ခံစားလိုက်ရသည်။ မသိလိုက်မသိဘာသာပင် သူက... ဤမျှ မြင့်မားသော အမြင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လောကကြီးကို လှည့်ပတ်ကြည့်ရှုလျှင် .. အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်ပေပြီ။ သို့သော် သူ... ဆက်လက်၍ အခြေချရန် လိုအပ်နေသေးသည်။ တိုက်ခိုက်ရေးစွမ်းရည်မှာ တာအိုကို ကာကွယ်ရန်အတွက်သာ ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် နယ်ပယ်ကသာ အခြေခံအုတ်မြစ် ဖြစ်ပေသည်။
"နောက်တစ်ခုကတော့... နောက်ဆုံး... 'အသေတု' အတွက်... အင်အားအပြည့်နဲ့... ပြင်ဆင်ဖို့ပဲ...။ 'မဟာအိပ်မက် သေခြင်းကိုးပါး အားကျမ်း' ... ပြီးပြည့်စုံခြင်းကို... ရရှိပြီး... သဘာဝအတိုင်း... 'ချီစွမ်းအင် နယ်ပယ်' ကို... တက်လှမ်းဖို့ပဲ..."
နင်ချီ အနည်းငယ် မျှော်လင့်တောင့်တနေခဲ့သည်။ ပုံမှန် 'ချီစွမ်းအင် နယ်ပယ်' တွင် သက်တမ်း နှစ်လေးရာ ရှိသည်။ သူ... ပို၍သာ အားကောင်းလာပေလိမ့်မည်။ ဆောင်းဦးနှင့် ဆောင်းရာသီ မတိုင်မီ အချိန်များစွာ ကျန်ရှိနေသေးသည်။ သူ၏ဆရာ တံခါးပိတ်ကျင့်ကြံမှုမှ မထွက်ပေါ်လာမီ 'ချီစွမ်းအင် နယ်ပယ်' သို့ တက်လှမ်းရန်မှာ ပြဿနာတစ်ခု မဟုတ်ဟု နင်ချီ ခံစားမိသည်။
...
အချိန်သည် ညင်သာစွာ စီးဆင်းသွားပြီး နွေရာသီမှာ စိမ်းလန်းစိုပြည်နေခဲ့သည်။ နင်ချီ၏ ကျင့်ကြံမှုမှာ တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။ သူ့အတွက် 'ချီစွမ်းအင် နယ်ပယ်' တွင် အဟန့်အတားများ မရှိခဲ့။ ၎င်းသည် စုဆောင်းမှုသာ လိုအပ်ပြီး ထို့နောက် သဘာဝအတိုင်း ချိုးဖြတ်သွားမည် ဖြစ်သည်။
ထိုအတောအတွင်း အစစ်အမှန်သိုင်းဂိုဏ်းသည်လည်း သတင်းကောင်းများကို ဆက်တိုက် ကြိုဆိုနေခဲ့သည်။ တပည့်ရင်းများ အဆက်မပြတ် အဆင့်ချိုးဖြတ်နေခဲ့ကြ၏။
နင်ချီ၏ 'အိပ်စက်ခြင်း အိပ်မက် သိုင်းစွမ်းရည်' နှင့် 'အိပ်စက်ခြင်း အိပ်မက် ဆေးလုံး' တို့ဖြင့် 'အတွင်းစွမ်းအား နယ်ပယ်' မှ တပည့်ရင်းတစ်စုမှာ အများစု နယ်ပယ်ငယ်တစ်ခု တိုးတက်သွားခဲ့ကြသည်။ ဘာပဲပြောပြော ကနဦး အကျိုးသက်ရောက်မှုများက အကောင်းဆုံး ဖြစ်ပါသည်။
အထူးသဖြင့် ယဲ့ချင်းဟယ်ပင်လျှင် ၎င်းကို အသုံးပြု၍ 'အတွင်းစွမ်းအား နယ်ပယ် ပြီးပြည့်စုံခြင်း' သို့ ချိုးဖြတ်နိုင်ခဲ့သည်။ သို့သော် ခိုင်မာစေရန် အချိန်လိုအပ်နေသေးပြီး 'ချီစွမ်းအင်' သို့ ချောမွေ့စွာ တက်လှမ်းနိုင်ခြင်း မရှိသေးချေ။
ကျေးဇူးတင်စွာဖြင့် ပထမတပည့် လော့ဝမ်ထျန်းနှင့် ဒုတိယတပည့် ရှုံးရှီတို့ က လူတိုင်းကို စိတ်မပျက်စေခဲ့ကြပါ။ 'ချီစွမ်းအင် စုစည်းဆေးလုံး' ၏ အကူအညီဖြင့် နှစ်ဦးစလုံး 'အားဆင့်ခြင်း သိုင်းစွမ်းရည်' ကို ကျင့်ကြံထားခြင်းနှင့် ပေါင်းစပ်လိုက်ရာ သူတို့၏ အခြေခံအုတ်မြစ်မှာ ခိုင်မာလှပြီး အံ့ဩစရာမရှိဘဲ အဆင့် ချိုးဖြတ်နိုင်ခဲ့ကြပါသည်။
လော့ဝမ်ထျန်းသည် ပထမဆုံး 'ချီစွမ်းအင် နယ်ပယ်' သို့ ချိုးဖြတ်နိုင်ခဲ့၏။
ဆယ်ရက်အကြာတွင် ရှုံးရှီက အနီးကပ် လိုက်ပါလာပြီး 'ချီစွမ်းအင် နယ်ပယ်' သို့ ခြေချနိုင်ခဲ့သည်။
ချက်ချင်းပင် အစစ်အမှန်သိုင်းဂိုဏ်းမှာ ပျော်ရွှင်မြူးတူးသွားကြတော့သည်။
ယခုမှစ၍ တာအိုဆရာလုံရှန်း 'ကောင်းကင်ဘုံလူသား နယ်ပယ်' ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ အပြင်..ရေတွက်ရလျှင် အစစ်အမှန်သိုင်းဂိုဏ်းတွင် 'ချီစွမ်းအင် နယ်ပယ်' အဖွဲ့ဝင် သုံးဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
အားလုံး 'မြူဖြူ နယ်ပယ်' တွင်သာ ရှိနေကြသေးသော်လည်း ၎င်းသည် ကောင်းမွန်စွာ တင်ပြနိုင်ရန် လုံလောက်ပြီး 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' တွင် ခံတပ်ကို ထိန်းထားနိုင်ပေလိမ့်မည်။
(... 'ဟားဟား... အခုမှပဲ... ဂိုဏ်းက... လူ... ရှိသွားတော့တယ်'... )
တိုက်ဆိုင်စွာပင် ထိုသုံးဦးမှာ 'ကောင်းကင်တုန်ဟည်း အစစ်အမှန်ချီစွမ်းအင်'၊ 'မြေပြင်တုန်ဟည်း အစစ်အမှန်ချီစွမ်းအင်' နှင့် 'ပင်လယ်ဖုံးလွှမ်း အစစ်အမှန်ချီစွမ်းအင်' တို့ကို တစ်ခုချင်းစီ ကျင့်ကြံနေကြရာ ပူးပေါင်းတိုက်ခိုက်သည့် နည်းစနစ်တစ်ခု ဖွဲ့စည်းနိုင်ပြီး 'ကောင်းကင်ဘုံသား ကိုးဦး သိုင်းသူတော်စင်နှင့် ယှဉ်ပြိုင်ခြင်း' ၏ အရိပ်အယောင်ကို ပြသနေခဲ့သည်။ ဆယ်စုနှစ် အနည်းငယ်မျှသာ တည်ထောင်ခဲ့သော ဂိုဏ်းတစ်ခုအနေဖြင့် ဤသို့သော ကြီးထွားမှုနှုန်းမှာ အလွန်အမင်း ထူးကဲလှပေပြီ။
ကြိုတင် မြင်တွေ့နိုင်သည်မှာ ဤတပည့်ရင်းများ လုံးဝ ရင့်ကျက်လာသည်နှင့် အနာဂတ် အစစ်အမှန်သိုင်းဂိုဏ်းသည် ဧရာမ စိုးမိုးခြယ်လှယ်နိုင်သော အင်အားစုတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ထို့နောက်တွင် ကျန်းပိုင်ရှန်း၊ လော့ဝမ်ထျန်း နှင့် ရှုံးရှီတို့ သိုင်းပြိုင်ပွဲ အနည်းငယ် ပြုလုပ်ခဲ့ကြသည်။
ထိုတိုက်ပွဲမြင်ကွင်းများက အစစ်အမှန်သိုင်းဂိုဏ်း တပည့်များကို မှင်တက်သွားစေခဲ့ပြီး တစ်ဦးချင်းစီတိုင်း စိတ်ထဲတွင် ရည်မှန်းချက်များ ထားရှိသွားကြသည်။ သို့သော် အံ့ဩစရာမရှိဘဲ ကျန်းပိုင်ရှန်းမှာ အားအသန်ဆုံး ဖြစ်နေဆဲပင်။
ဘာပဲပြောပြော သူက... 'မြူဖြူ နယ်ပယ်' သို့ ပထမဆုံး ခြေချခဲ့သူ ဖြစ်ကာ အမြင့်မားဆုံး အရည်အချင်းကို ပိုင်ဆိုင်ထားပါသည်။
နင်ချီ တစ်ယောက် ဂိုဏ်းအတွင်းမှ ပျော်ရွှင်သော အငွေ့အသက်ကို ခံစားမိပြီး ဝမ်းမြောက်ခြင်းကို မထိန်းနိုင်ဘဲ ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းမှာ ယခင်ကထက် ပိုမို ချောမွေ့နေခဲ့၏။
သို့ပေမဲ့ သူက...စွမ်းအင်အများစုကို သူ၏ ကိုယ်ပိုင် ကိစ္စရပ်များတွင်သာ မြှုပ်နှံထားဆဲ ဖြစ်သည်။
ဂန္ထဝင် စာသားများ ဖတ်ရှုခြင်း၊ ကျင့်ကြံခြင်း၊ သိုင်း နည်းစနစ်များ ဖန်တီးခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်း၊ ဆေးဖော်စပ်ခြင်း လေ့ကျင့်ခြင်း၊ မျောက်ဖြူကို သင်ကြားပေးခြင်း တို့ဖြင့် နင်ချီက ကျေနပ်နေခဲ့သည်။
'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' သည် အစစ်အမှန်သိုင်းဂိုဏ်းအတွက် ပွဲတစ်ခု ဖြစ်သည်။
အာရုံစိုက်နေခဲ့သော်လည်း ရှည်လျားသော အနာဂတ်တွင် ဤသို့သော ဖြစ်ရပ်များ ပေါများစွာ ဖြစ်ပေါ်လာမည်ဟု သူ ခံစားမိသည်။
ထို့ကြောင့်... ဆူညံသံများကြားမှ အတွင်းစိတ် ငြိမ်းချမ်းမှုကို ရှာဖွေရန် လိုအပ်ပြီး စောစီးစွာ ကျင့်သားရရန် လိုအပ်ပေသည်။
ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ရန် လိုအပ်သည်များကို နင်ချီ လုပ်ဆောင်နေခဲ့သည်။ အားထုတ်ရန် အချိန်ကျရောက်သည့်အခါ သူသည်... ရှောင်လွှဲမည် မဟုတ်ချေ။