ကြီးမြတ်တဲ့ ဝေ့တိုင်းပြည်တစ်ခုလုံးမှာ ကျွန်တော့်လိုလူမျိုး နောက်တစ်ယောက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး
Vol. 85 Ch. 1261
ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးကို ဝိုင်းရံ၍ သတ်ဖြတ်မည်ဟု ဆိုလိုက်ခြင်းဖြစ်လေသလော။ ချူးယွင်ဖန်းလျှင်ပင် ဤစကားကြောင့် တုန်လှုပ်သွားခဲ့သည်။ ရွှေအမတေအဆင့်သည် သတ်ဖြတ်ရန် မရနိုင်သူများဟု ထင်မှတ်နေခြင်းမဟုတ်သော်လည်း ၎င်းတို့ကို ရင်ဆိုင်ရန် မည်မျှခက်ခဲသည်ကို သူ ကောင်းကောင်းသိထားသည်
ထိုအချိန်တွင် ပြည်ထောင်စုတစ်ခုလုံးသည် ရွှေအမတေအဆင့်သို့ ဝင်ရောက်နေသည့် နတ်ဘုရားကို သတ်ဖြတ်ရန် လူတိုင်း အစွမ်းကုန်ကြိုးစားခဲ့ရသည်။ သမ္မတကြီးသည် ထိုနတ်ဘုရားကို သတ်ဖြတ်ရန်အတွက် မိမိကိုယ်ကိုပင် စတေးရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် အောင်မြင်ခြင်းမရှိခဲ့ပေ။ ချူးယွင်ဖန်း၏ ဆေးများကြောင့်သာမဟုတ်ပါက၊ သမ္မတကြီးပင် သေဆုံးသွားနိုင်သည်။
ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးသည် မည်မျှ အံ့သြဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးသည် ရွှေအမတေအဆင့်နှင့် ခြေလှမ်းတစ်ဝက်သာ ဝေးကွာသော်လည်း၊ သဘာဝအင်အားတစ်ခုကဲ့သို့ပင် ထင်မှတ်ရစေသည်။ ချူးယွင်ဖန်း၏ ပုံမှန်မဟုတ်သော အခြေအနေကို ထည့်သွင်းမစဉ်းစားပါက၊ အောင်မြင်ရန် မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းက ချူးယောင်ဝေ့ကို ပြောလိုက်သည်။
"မြို့ဝန်မင်း ကျွန်တော့်ကိုဆွဲချဖို့များ လုပ်နေတာလား။ ရွှေအမတေအဆင့်ကို ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူတွေနဲ့ ဝန်းရံထားရင်တောင် အနိုင်ရဖို့ အခွင့်အရေးမရှိဘူးလို့ပဲ ကျွန်တော် ပြောနိုင်တယ်"
ချူးယွင်ဖန်းက ခေါင်းခါ၍ ဆက်ပြောလိုက်သည်။
"ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ယောက်က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ မြို့ဝန်မင်း နားမလည်ပါဘူး။ သူတို့က ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်နဲ့ လုံးဝကို ကွဲပြားတဲ့ ကျွမ်းကျင်သူတွေ။ ဒုတိယအချက်အနေနဲ့က ကျွန်တော် ဝါကြွားပြီး ပြောနေတာ မဟုတ်ဘူး၊ ဒါပေမယ့် ဝေ့တိုင်းပြည်တစ်ခုလုံးမှာ ကျွန်တော့်လိုလူမျိုးကို ထပ်ရှာနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့် ခွန်အားနဲ့ဆိုရင်တောင် ရွှေအမတေအဆင့်ကျွမ်းကျင်သူရှေ့မှာ ကိုယ့်ကိုကိုယ် ကာကွယ်ရုံပဲ တတ်နိုင်မှာ"
"ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူတွေကို ကြိုက်သလောက်ရှာလို့ရတယ်၊ ဒါပေမယ့် သူတို့အားလုံး သေကုန်မှာ သေချာတယ်"
ချူးယောင်ဝေ့က မည်သည့်စကားမျှ ပြန်မပြောမီတွင် သူ့အနောက်တွင်ရှိနေသည့် ဝမ်ကျန့်ရှီ၏မျက်နှာအမူအရာသည် လုံးလုံးလျားလျားပြောင်းလဲသွားခဲ့သည်။ မြို့ဝန်သည်လည်း ကျင့်ကြံသူဖြစ်သော်လည်း သူ၏ အချိန်အများစုကို နိုင်ငံရေးကိစ္စများတွင် အသုံးပြုခဲ့သူဖြစ်သည်။ သို့သော် ဝမ်ကျန့်ရှီကမူ ကွဲပြားခြားနားသည်။ သူသည် သိုင်းပညာနှင့်ပတ်သက်၍ အယူသန်သူဖြစ်သည်။ ထို့အတွက်ကြောင့် ချူးယွင်ဖန်း အမှတ်မထင်ဖော်ပြခဲ့သော အချက်အလက်များသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ နားလည်သွားသည်။
ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်များသည် ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးနှင့် လုံးလုံးလျားလျား ယှဉ်နိုင်မည်မဟုတ်ပေ။ သူနှင့် ချူးယွင်ဖန်းတို့သည် ဤအချက်နှင့် ပတ်သက်၍ တူညီသော အတွေးအမြင်များရှိကြသည်။ ၎င်းတို့သည် အရေအတွက်မည်မျှရှိနေလာပါစေ၊ ရွှေအမတေအဆင့်ကျွမ်းကျင်သူအတွက် ခြားနားမှု မရှိနိုင်ပေ။
သာမန်အထွတ်အထိပ် နတ်အဆင့်ကျွမ်းကျင်သူများသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူ၏ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိသကဲ့သို့၊ ရွှေအမတေအဆင့်ကျွမ်းကျင်သူသည်လည်း ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူရှစ်ဦး သို့မဟုတ် ဆယ်ဦးတို့ကို ကွဲပြားမှုမရှိဘဲ အလွယ်တကူ အနိုင်ယူနိုင်ကြသည်။ ထို့အပြင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်များသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တွင် အရှင်သခင်များဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များသည် ခွန်အားကြီးမားသောကြောင့် ၎င်းတို့လိုချင်သည့်အရာမှန်သမျှ ရရှိနိုင်ကြသည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကို ငှားရမ်းနိုင်လျှင်ပင် ငှားရမ်းခဈေးနှုန်းသည် အလွန်ကြီးမားပေလိမ့်မည်။
ထိုကဲ့သို့ပုဂ္ဂိုလ်အများအပြားကို ဖိတ်ခေါ်ရမည်ဆိုပါက၊ ၎င်း၏ဈေးနှုန်းသည် ဖော်ပြ၍ပင် ရမည်မဟုတ်ပေ။ ထိုသို့ ငွေကြေးအမြောက်အမြား ပေးအပ်ခဲ့လျှင်ပင် အသုံးဝင်နိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်ကျန့်ရှီ အံ့အားအသင့်ဆုံးအရာသည် ၎င်းအချက် မဟုတ်ဘဲ ချူးယွင်ဖန်း ပြောခဲ့သည့်စကားဖြစ်သည်။ ချူးယွင်ဖန်းက ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးအရှေ့တွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည်ဟု ဆိုခဲ့သည်။
သူ၏သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။ သူ၏ဆရာသည်လည်း ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူဖြစ်ကြောင့် သိထားရပေလိမ့်မည်။ သို့သော် သူ၏ဆရာသည် ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရပါက၊ အမှန်တကယ် ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အနည်းငယ်မျှ ယုံကြည်ချင်မိပေ။
သို့သော် ယနေ့မြင်တွေ့ခဲ့ရသည့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို သူချက်ချင်း ပြန်သတိရသွား၏။ အကယ်၍ သူ၏ဆရာသာ ယနေ့ရောက်ရှိလာသော တမန်တော်များအနက်တစ်ဦး ထိပ်တိုက်ရင်ဆိုင်ရလျှင် ကိုယ်ကိုယ်ကို ကာကွယ်ရုံမျှသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ထိုလူများသည် ချူးယွင်ဖန်း၏လက်ထဲတွင် အရုပ်များကဲ့သို့ အလွယ်တကူ ရှုံးနိမ့်သွားကြသည်။ ယင်းဖြစ်စဉ်မှ ချူးယွင်ဖန်း၏ အစွမ်းသတ္တိသည် မည်မျှအံ့သြဖွယ်ကောင်းသည်ကို သူ တွေးကြည့်နိုင်သည်။
တစ်စုံတစ်ယောက်သည် ရွှေအမတေအဆင့်ကျွမ်းကျင်သူကို ရင်ဆိုင်ရမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်ဟု ဝမ်ကျန့်ရှီ ယုံကြည်မိမည် မဟုတ်သော်လည်း ချူးယွင်ဖန်း၏စကားများကို သူ ယုံကြည်ခဲ့သည်။ သို့သော်လည်း ယင်းအကြောင်းအရာကို အတည်ပြုရန် နည်းလမ်းမရှိပေ။
ချူးယွင်ဖန်း၏စကားကိုကြားလိုက်ရသောအခါ ချူးယောင်ဝေ့၏မျက်နှာအမူအရာ မည်းမှောင်သွား၍ အံကြိတ်ကာ ပြောလိုက်သည်။
"တကယ်ပဲ မဖြစ်နိုင်ဘူးလား"
"မြို့ဝန်မင်း၊ ကျွန်တော့် စကားအတင့်ရဲသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် မြို့ဝန်မင်းမှာ ဘာလို့ အဲဒီလိုအတွေးမျိုးရှိနေရတာလဲ၊ ကျွန်တော် သိသလောက်တော့ ရွှေအမတေအဆင့်တွေက တော်တော်လေး ကြောက်စရာကောင်းတယ်။ သူတို့တွေက နတ်အဆင့်မှာရှိတဲ့လူတွေအတွက် သက်ရှိနတ်ဘုရားတွေလိုပဲ။ လူတွေမှာ အဲဒီလိုအတွေးမျိုးရှိနေရင်တောင် ရွှေအမတေအဆင့်ကျွမ်းကျင်သူတွေကို ဝန်းရံသတ်ဖြတ်တာက အရမ်းအန္တရာယ်များလွန်းတယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦး၏ ကြောက်လန့်ဖွယ် စွမ်းအင်ကို အမှန်တကယ် နားလည်ထားသည်။ ထိုအချိန်တွင် ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးသည် ပြည်ထောင်စုကို တစ်ယောက်တည်း ဖျက်ဆီးလုနီးပါး ပြုလုပ်ခဲ့သည်။ ချူးယွင်ဖန်းတွင် အခြားရွေးချယ်စရာမရှိခြင်းကြောင့်သာ မဟုတ်ပါက၊ ထိုသို့သော မဆင်မခြင်တိုက်ခိုက်မှုမျိုးကို သဘောတူခဲ့မည် မဟုတ်ပေ။
'တကယ့်ဟာသပဲ။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ဆယ်ယောက်လောက်ရှိနေရင်တောင် ချက်ချင်း အသတ်ခံရလောက်တယ်'
ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးနှင့် ဧကရာဇ်လွှတ်တော်ရုံး၏ အင်အားဖြင့်ပင် ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်လိုပါက၊ ၎င်းတို့သည် အစွမ်းကုန်ကြိုးစား၍ ဖြစ်နိုင်သမျှအရာအားလုံးကို တွက်ချက်ရမည်ဖြစ်သည်။ ထိုရွှေအမတေအဆင့်ကျွမ်းကျင်သူသာ လွတ်မြောက်သွားပါက၊ အကျိုးဆက်များကို မှန်းဆ၍ရနိုင်မည် မဟုတ်ပေ။
"ကောင်းပြီ၊ ဒီအခြေအနေကိုရောက်နေမှတော့ မင်းလည်း အပြင်လူမဟုတ်တော့ဘူး၊ ဒီတော့ မင်းဆီကနေ ကျုပ် ဆက်ပြီးမဖုံးကွယ်ထားတော့ပါဘူး။ ဒီအမွေဆက်ခံသူ ရွေးချယ်မှုမတိုင်ခင်မှာ ကျုပ်မှာ သားနှစ်ယောက်ရှိတာကို မင်း သိတယ်မဟုတ်လား" ချူးယောင်ဝေ့က ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
ချူးယောင်ဝေ့သည် သားသမီးမရှိခဲ့သူ မဟုတ်ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူ့တွင် သားသမီး တစ်ယောက် နှစ်ယောက်မက ရှိခဲ့သည်။ ချူးယောင်ဝေ့တွင် ဇနီးများ ကိုယ်လုပ်တော်အများအပြားရှိသောကြောင့် ၎င်းတို့သည် သားသမီးများစွာကို မွေးဖွားပေးခဲ့သည်။
"ဒါပေမယ့် သူတို့အားလုံး သေကုန်ပြီ၊ အကုန် သေကုန်တာ" ချူးယောင်ဝေ့က အံကြိတ်၍ ဆိုလိုက်သည်။ သူ့ကို ဒေါသထွက်စေသည့် အကြောင်းအရာတစ်ခုကို တွေးလိုက်မိသကဲ့သို့ သူ၏မျက်လုံးများ နီရဲလာသည်။
ချူးယွင်ဖန်းသည် ချူးယောင်ဝေ့ ပြောလာမည့်စကားများကို ဝေဝါးဝါး နားလည်နေဟန်ရှိသည်။
"ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ကြောင့်လား" ချူးယွင်ဖန်းက မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ကြောင့်ပဲ" ချူးယောင်ဝေ့၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးနေသော အမူအရာမျိုး ပေါ်ပေါက်လာသည်။
"ဒီကိစ္စက ကျုပ် အဘိုးလက်ထက်ကတည်းက စခဲ့တာ။ အဲဒီတုန်းက ကြီးမြတ်တဲ့ ဝေ့တိုင်းပြည်မှာ ပုန်ကန်နေတဲ့ ဂိုဏ်းတစ်ခုကို ဖျက်ဆီးဖို့ ဧကရာဇ်မင်းက အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် အစီအစဥ် မှားယွင်းသွားပြီး အဲ့ဒီ့ဂိုဏ်းရဲ့ခေါင်းဆောင်က ထွက်ပြေးသွားမယ်လို့ ဘယ်သူ ထင်မှာလဲ။ အဲဒီအချိန်ကစပြီး သူက ကျုပ်တို့မိသားစုတစ်ခုလုံးရဲ့ အိပ်မက်ဆိုးကြီးဖြစ်လာခဲ့တယ်။ အဲဒီဂိုဏ်းခေါင်းဆောင်က လွတ်မြောက်ပြီးတဲ့နောက်မှာ ပြင်ပနယ်မြေကို ထွက်ပြေးသွားပြီး ကံကောင်းမှုတွေနဲ့ တွေ့ကြုံခဲ့တော့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ခြေလှမ်းတဝက် ရွှေအမတေအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်" ချူးယောင်ဝေ့က ပြောလိုက်သည်။
ချူးယွင်ဖန်းက ချက်ချင်းသဘောပေါက်သွားသည်။
"ဒီတော့ သူက လက်စားချေဖို့ ပြန်လာတယ်ပေါ့"
"ဟုတ်တယ်။ အဲ့ဒီ့အချိန်မှာ ကျုပ်အဘိုးက ဆုံးသွားတာကြာပြီ။ ဒီဂုဏ်းခေါင်းဆောင်က အင်အားကြီးမားလာတဲ့နောက်မှာ ဒီနေ့ရောက်ာလာတဲ့ တမန်တော်တွေလိုပဲ။ အိမ်တော်ကို လာတိုက်ခိုက်တုန်းက အရင်ကျုံးရှင်မြို့ဝန်ဖြစ်တဲ့ ကျုပ်အဖေက အသေခံပြီး တိုက်ပွဲဝင်ခဲ့တယ်။ နောက်ဆုံးတော့ ဂိုဏ်းသခင်ကို နှောင့်နှေးအောင်လုပ်နိုင်ခဲ့ပြီး မြို့ထဲက တခြားကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ ထွက်ပြေးအောင် လုပ်နိုင်ခဲ့တယ်"
“ဒါပေမယ့် အဲ့ဒီ့တိုက်ပွဲက ကျုပ်အဖေကို တော်တော်လေး ထိခိုက်သွားစေတယ်၊ အဲဒီ့နောက်ပိုင်း နာမကျန်းဖြစ်ပြီး ဆုံးပါးသွားတဲ့အချိန်ထိ ကုတင်ပေါ်မှာ လဲလျောင်းနေခဲ့ရတယ်"
"ဒါပေမယ့် ကျုပ်တို့မိသားစုကို ကျရောက်လာမယ့် အိပ်မက်ဆိုးက အစပြုရုံပဲရှိသေးတယ်"