← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

Chapter 151: သူက နတ်ဆိုးချပ်ဝတ်ပဲ

ကျင့်ကြံသူများမှာ အလွန်အားကျနေကြ၏။

အချို့လည်း မနာလိုဖြစ်ကြသည်။

သူတို့ နှစ်ပေါင်းများစွာ ကံစမ်းလာသော်လည်း အမြဲ ဆုံးရှုံးနေပြီး ရတနာကောင်းကောင်း မရခဲ့ဖူးချေ။

ဒီလူက တစ်ကြိမ်တည်းနဲ့ ရတနာ (၂) ခုတောင် ဘယ်လိုလုပ် တန်းရသွားတာလဲ။

လောင်ရွှမ်ဟန် အစက စိတ်ပျက်သွားပြီး ယခုတော့ အကြီးအကျယ် နောင်တရနေတော့၏။

မိုးကြိုးစွမ်းအင်အနှစ် (၂) ခု။

ဒီလို ဆုံးရှုံးမှုကြီး။

ထိုစဉ် ကျင့်ကြံသူတစ်ဦးမှ ရုတ်တရက် ထအော်သည်။

“ကျင့်ကြံသူ ခင်ဗျား အခုရထားတဲ့ မိုးကြိုးစွမ်းအင်အနှစ်ကို ပြန်ရောင်းမလား… ဈေးသာ ပြောလိုက်… ကျွန်တော် ပြန်ဝယ်မယ်”

အားလုံး ထိုလူအား လှည့်ကြည့်မိ၏။

အပြာရင့်ရောင်ဝတ်ရုံ ဝတ်ထားသည့် မိုးမုန်တိုင်းဂိုဏ်းမှ ဖြစ်လေသည်။

ထို့နောက် အခြားအသံများပါ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

မိုးကြိုးစွမ်းအင်အနှစ်ကို ပြန်ဝယ်လိုသူများ ဖြစ်၏။

အဆင့်မြင့်ဂိုဏ်းအများစုမှဖြစ်ပြီး ဈေးကောင်းကောင်းပေး၍ ဝယ်နိုင်ကြပါသည်။

အချို့မှာ ခရမ်းကြယ်ဂိုဏ်းမှဖြစ်ပြီး အချို့သည် မြောက်ပိုင်းလဲ့ကျန်းဂိုဏ်းမှလည်း ပါဝင်၏။

သူတို့ကိုယ်တိုင်အတွက် မဟုတ်ဘဲ ဂိုဏ်းအတွက် ဝယ်ယူပေးခြင်း ဖြစ်လေသည်။

ရှန်မိုမှာတော့ ခေါင်းယမ်း၍

“ရောင်းဖို့ မဟုတ်ပါဘူးခင်ဗျာ… ကျွန်တော်ကိုယ်တိုင် သိမ်းထားဖို့ပါ”

ထိုသို့ပြော၍ သူ့အိတ်ထဲသိမ်းကာ ပြန်ရန် ပြင်လိုက်သည်။

ကျင့်ကြံသူများမှာ ဘေးသို့ရှောင်၍ သူ့အတွက် လမ်းဖယ်ပေးလိုက်ရ၏။

သို့သော် အချို့ အလွတ်တန်းကျင့်ကြံသူများမှာ အချင်းချင်း အချက်ပေး၍ အနောက်မှ လိုက်သွားရန် ပြင်လေသည်။

လောင်ရွှမ်ဟန်သည် သူတို့အမူအရာများ တွေ့သော်လည်း တားဆီးသတိပေးရန် စိတ်ကူးမရှိချေ။

အားလုံး ဖြတ်သွားဖြတ်လာ သူစိမ်းများသာဖြစ်ပြီး အဘယ်ကြောင့် လူကောင်းဝင်လုပ်ရမည်နည်း။

သူ သတိပေးလည်း ထိုရေလှိုင်းမျက်နှာဖုံးဖြင့် ကျင့်ကြံသူမှာ အသတ်ခံရမည်ပင်။

အလကားဝင်ပြောမိရင်း ပြဿနာတက်နိုင်သည်။

…

လေလံခန်းမ အပြင်ဘက်။

ရှန်မို ပြန်ရန် ပြင်နေစဉ် အနောက်ဘက်မှ အရိပ်တစ်ခုကို ခံစားမိသည်။

“စိတ်ဝင်စားစရာပဲ… အလွတ်တန်းကျင့်ကြံသူ တစ်ယောက်က မြုတေဖွဲ့စည်းခြင်းအဆင့်တဲ့လား”

ရှန်မို ထိုလူ့ကို လှည့်ကြည့်လိုက်သည်။

ဗလတောင့်တောင့်နှင့် ခပ်ကြမ်းကြမ်း ကြောက်စရာပုံစံရှိ၏။

“အမြင်ကောင်းသားပဲ… သေပြီးမှ သိမယ်ထင်နေတာ”

ထိုလူမှ နှာခေါင်းရှုံ့ကာ ဆို၏။

ရှန်မို ရယ်မောကာ

“ငါ့ မိုးကြိုးစွမ်းအင်အနှစ်ကို လုမလို့လား”

ထိုလူမှ ဂရုမစိုက်ဟန်ဖြင့်

“ငါက တရားမျှတမှုကိုပဲ လိုလားတဲ့သူပါ… ငါ့မှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀) ကျော် ရှိတယ်”

“ပစ္စည်းချင်း လဲနေတုန်း ပေးလိုက်နော်… ဒါ လုယက်နေတာလည်း မဟုတ်ဘူး… မျှမျှတတပဲ”

ရှန်မို ရယ်မော၍

“အတင်းအကြပ် ရောင်းခိုင်းနေတာမလား… ဘယ်လိုလုပ် မျှတမှာလဲ”

ထိုလူ မျက်ခုံးပင့်ကာ လှမ်းကြည့်၍

“အဲ့တော့ တရားမျှတတဲ့ ရောင်းဝယ်မှုကို ငြင်းချင်တာလား”

“ငါနဲ့ တိုက်ခိုက်ချင်နေတာလား… ချင်းရွှမ်ဂိုဏ်း အကြီးအကဲတွေကို မကြောက်ဘူးလား”

ရှန်မို နှာခေါင်းရှုံ့ကာ ပြန်မေးသည်။

ထိုလူမှလည်း မကျေမနပ်ဖြင့်

“မင်းကို သတ်ပြီးရင် ရွှေမြစ်ဘက်က ပြေးရုံပဲ… ဘယ်အကြီးအကဲမှ လိုက်မဖမ်းနိုင်ဘူး”

ထို့နောက် ပြောပြောဆိုဆိုနှင့် ရှန်မိုအား ပြေးထိုးရန် ပြင်သည်။

ရေစိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်၍ ကြောက်စရာ ကောင်းသည့် ကျားခေါင်းပုံစံ ပေါ်လာပြီး ပြိုင်ဘက်အား ဝါးမြိုရန် ကြိုးစားသည်။

ရှန်မို့ကို တုံ့ပြန်ချိန် မပေးချေ။

ကြည့်နေသော ကျင့်ကြံသူများလည်း လန့်ဖျပ်၍ ဘေးသို့ ကျဲသွားကြ၏။

“ရေကျားသိုင်းပဲ”

“ရေကျားက ငါးပျံမြို့ထဲ ဝင်လာရဲတယ်လား… ဒီလူ ဘာမှ မကြောက်တတ်တော့ဘူးပဲ”

“ဟိုလူတော့ သွားပြီ… ရေကျားဆိုတာ အရမ်း အင်အားကြီးတာ”

“အင်အားတင်မကဘူး… မာနလည်း ကြီးတယ်… ချင်းရွှမ်ဂိုဏ်းက ခန့်ဖို့ကြိုးစားတာတောင် ငြင်းပြီး လာတဲ့သူတွေကို အကုန် သတ်ပစ်တာ”

“အဓိပ္ပာယ် မရှိလိုက်တာ… သူ လေလံပွဲထဲအထိ ဝင်လာမယ်လို့ မထင်ထားဘူး”

အားလုံး ထိတ်လန့်နေကြသည်။

ရေကျား၏ ကြောက်စရာသတင်းများကို လူတိုင်း သိပါသည်။

အချို့မိဘများမှာ ကလေးငယ်များ ပြောမရလျှင် ရေကျားအမည်ဖြင့် ခြောက်ပြီး ပြောကြလေ့ ရှိ၏။

လောင်ရွှမ်ဟန်လည်း အခြားဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ အခြေအနေကြည့်ရန် အခန်းထဲမှ ထွက်လာသည်။

အားလုံး မှင်တက်နေကြ၏။

ရေကျားမှာ နေ့ခင်းကြောင်တောင် မြို့ထဲဝင်၍ လေလံအခန်းထဲအထိ ရောက်လာသည။

လောင်ရွှမ်ဟန်မှာတော့ နှာခေါင်းသာ ရှုံ့မိသည်။

ဒီမိုးကြိုးစွမ်းအင်အနှစ်တွေက ငါရတော့မှာကို။

ကောင်းတယ် အခုတော့ ရေကျား သတ်တော့မယ်။

“အဲ့တော့ မင်းက ရေကျားဆိုတာပေါ့”

ရှန်မို ရယ်မောကာ ပြန်မေးလိုက်သည်။

“အခုမှ သိတာလား နောက်ကျသွားပြီကွ”

“မင်းလည်း မြုတေဖွဲ့စည်းခြင်းအဆင့်ဆိုပေမဲ့ ငါ့ကိုတော့ မယှဉ်နိုင်ပါဘူးကွာ”

သူ့ထိုးနှက်ချက်မှာ ဆက်၍ ကြီးထွားလေသည်။

ကျားခေါင်းကြီးမှာ ရှန်မိုအား ကိုက်ဖြတ်ရန် ပြင်၏။

ရှန်မိုမှာတော့ ညာဘက်လက်ကို အသာမြှောက်လိုက်သည်။

ဂျစ် ဂျစ် ဂျစ်!

ခရမ်းရင့်ရောင် နတ်ဆိုးချပ်ဝတ် ပေါ်လာ၏။

“ခရမ်းရောင် နတ်ဆိုးချပ်ဝတ်လား”

“သူက နတ်ဆိုးချပ်ဝတ်ပဲ… မြစ်ဖြူဂိုဏ်းခေါင်းဆောင်ကို သတ်ခဲ့တဲ့သူ”

“ဘုရားရေ နတ်ဆိုးချပ်ဝတ် ဒီကို ရောက်လာတာလား”

ကျင့်ကြံသူများမှာ မျက်လုံးပြူး၍ မယုံနိုင်အောင် ဖြစ်နေကြသည်။

ရေကျားနှင့် နတ်ဆိုးချပ်ဝတ်ကို တစ်ပြိုင်တည်း တွေ့ရလိမ့်မည်ဟုလည်း မထင်ချေ။

ခရမ်းကြယ်ဂိုဏ်း၊ မိုးမုန်တိုင်းဂိုဏ်း စသဖြင့် ဂိုဏ်းတို့မှ တပည့်များလည်း အံ့ဩတုန်လှုပ်နေသည်။ သူတို့ (၂) လလုံးရှာ၍ မတွေ့သူကို ယခုလို မြင်နေရပြီ။

လောင်ရွှမ်ဟန်မှာတော့ စိတ်အေးသက်သာရာ ရသွား၏။

“သူက နတ်ဆိုးချပ်ဝတ်ပဲ…”

“ငါ ခုနက ပြိုင်လုတာတွေ၊ စကားများတာတွေ မလုပ်ခဲ့မိတာ တော်သေးတယ်… မဟုတ်ရင် သူ့လက်ချက်နဲ့…”

ရေကျားမှာ ထိုစကားသံများကြောင့် အနည်းငယ် တွန့်သွား၏။

သူလည်း နတ်ဆိုးချပ်ဝတ်အကြောင်း ကြားဖူးထားပါသည်။

သို့သော် ရေခဲနဂါးချပ်ဝတ်မဟုတ်ဘဲ ခရမ်းရောင်ကိုသာ တွေ့၍ အနည်းငယ် လောဘတက်သွား၏။

သူကသာမာန်လက်နက်နဲ့ပဲလား။

ဒီနေရာမှာ နတ်ဆိုးချပ်ဝတ်ကိုနိုင်ပြီး သူ့ပိုင်ဆိုင်မှုသာ ယူနိုင်ရင် အရမ်း အင်အားကြီးသွားမှာပဲ။

“ဒီလောက်ကိုတောင် နိုင်အောင် အရင်လုပ်ပါဦး… ငါ့ဆီက လုဖို့ အိပ်မက်သာ မက်နေ”

ရှန်မို သူ့အကြည့်ကို သတိထားမိကာ ရယ်မော၍ ပြောလိုက်သည်။

ဘုံး!

ခရမ်းရောင်ချပ်ဝတ်မှာ ကျားခေါင်းကို ပြင်းထန်စွာ ထိုးချလိုက်သည်။

ထိုအခါ ရေအဖြစ် စင်ကျသွား၏။

ဘေးမှကြည့်နေသူများလည်း လန့်၍ ဖယ်ရှားလိုက်ကြ၏။

ဘုံး!

လူတစ်ယောက် လွင့်ကာ ရင်ဘက်တွင် ပေါက်၍ သွေးများအိုင်နေသည်။

ချင်းရွှမ်ဂိုဏ်းမှ အကြီးအကဲများပင် မဖမ်းနိုင်သော ရေကျားမှာ တစ်ချက်တည်းဖြင့် သေဆုံးသွားလေပြီ။

ထိုအချိန်တွင် အကြီးအကဲများလည်း ရောက်လာ၏။

“ရောက်လာကြပြီလား… အလောင်းကိုတော့ ကြည့်ရှင်းလိုက်ကြနော်”

ရှန်မို ခပ်အေးအေးပြော၍ ချပ်ဝတ်ကို ပြန်ဖျောက်လိုက်သည်။

“မသွားပါနဲ့ဦး နတ်ဆိုးချပ်ဝတ်… ကျွန်တော်က လောင်ရွှမ်ဟန်ပါ… အစိုးရရုံးမှာ လုပ်ပါတယ်… မြို့စားမင်းက ခင်ဗျားအင်အားကို သဘောကျလို့ အလုပ်ခန့်ချင်လို့ပါ”

“ကျွန်တော်တို့ဆီ ဝင်မယ်ဆို ကြိုက်တာ တောင်းဆိုလို့ ရပါတယ်”

Chapter 152: ချင်းရွှမ်မှာ အင်အားကြီးရန်သူ ပေါ်လာပြီ

လောင်ရွှမ်ဟန်စကားဆုံးသည်နှင့် ကျင့်ကြံသူတစ်ဦးမှ ထအော်၏။

“အစိုးရရုံး ဟုတ်လား… ဟွန့် မီးတောက်မျက်နှာဖုံး ကျင့်ကြံသူက ရုံးရဲ့ အခိုင်းအစေ ဖြစ်စရာလား”

“ကျင့်ကြံသူရေ ကျွန်တော်က မိုးမုန်တိုင်းဂိုဏ်းကပါ… ခေါင်းဆောင်ရဲ့အမိန့်နဲ့ ခင်ဗျားကိုရှာနေတာ တော်တော် ကြာပါပြီ… အခုလို တွေ့ရပြီဆိုတော့ ကျွန်တော်နဲ့အတူ မိုးမုန်တိုင်းဂိုဏ်းကို လိုက်ခဲ့ပါတော့”

ထို့နောက် အသံထပ်ထွက်လာပြန်သည်။

“မိုးမုန်တိုင်းဂိုဏ်းက မဆိုးပေမဲ့ ခရမ်းကြယ်ဂိုဏ်းကိုတော့ ယှဉ်လို့မရဘူးလေ”

“ကျွန်တော်တို့ဂိုဏ်းမှာ မိုးကြိုးမီးတောက်ဂိုဏ်း နောက်ခံရှိပြီး ပိုင်ဆိုင်မှုလည်း များတယ်… ကျွန်တော်တို့နဲ့သာ လိုက်ခဲ့ရင် သိမ်မွေ့နက်နဲခြင်းအဆင့် စိတ်ဝိညာဉ်လက်နက် ပေးပါ့မယ်… လုံးဝ ဂိုဏ်းထဲဝင်မယ်ဆို တခြားဆုလာဘ်တွေလည်း ရှိသေးတယ်နော်”

သူ့စကားမဆုံးမီပင် ဝတ်ရုံအပြာဖြင့်လူ ပေါ်လာပြီး

“မီးတောက်မျက်နှာဖုံး ကျင့်ကြံသူ… ကျွန်တော်က လဲ့ကျန်းဂိုဏ်းကပါ… ကျွန်တော်တို့ခေါင်းဆောင်က လုရှင်းယွဲ့နဲ့ ရန်ညှိုးရှိတော့ ခင်ဗျား သူ့ကို သတ်လိုက်တယ် ကြားတည်းက တွေ့ချင်နေတာ… လက်ဆောင်လည်း ပို့ခိုင်းနေတယ်”

ထို့နောက် သိုလှောင်လက်စွပ်အချို့ ထုတ်ပြလေသည်။

ရှန်မို မှင်တက်၍ ရယ်မောမိ၏။

အားလုံး လူသစ်ခန့်ရေးအတွက် ကြိုးစားကြနေကြသည်။

ထိုစဉ် မြုတေဖွဲ့စည်းခြင်းအရှိန်အဝါတစ်ခု တောက်ပလာ၏။

ချင်းရွှမ်ဂိုဏ်းအကြီးအကဲ ရောက်လာပြီး

“ဟွန့် ဘာတွေပြောနေကြတာလဲ… ငါးပျံမြို့ဆိုတာ ချင်းရွှမ်ပိုင်နက်လေ”

“နောက်ပြီး နတ်ဆိုးချပ်ဝတ်က ရေကျားကိုလည်း သတ်လိုက်နိုင်တယ်ဆိုတော့ ကျွန်တော်တို့ ချင်းရွှမ်ကပဲ ကျေးဇူးဆပ်ရမှာပေါ့”

ထို့နောက် ရှန်မို့အရှေ့တွင်ပြုံး၍ ကြိုဆိုသည့်ပုံ ပြကာ

“ကျင့်ကြံသူ ချင်းရွှမ်ဂိုဏ်းကို လိုက်ခဲ့ပါ… ခေါင်းဆောင် မူယုံးယွဲ့ စောင့်နေတာ ကြာပါပြီ”

ဂိုဏ်းအသီးသီးမှ သူ့ကိုရရှိရန် အမျိုးမျိုး ပြောနေသည်။

ရှန်မို အားလုံးကို ဝေ့ဝဲကြည့်ပြီးနောက် ချင်းရွှမ်အကြီးအကဲမှလည်း ခေါ်ချင်နေသည်ကို တွေ့ကာ ပျော်သွားသည်။

အားလုံးကိုဖယ်ရှားရန်လည်း အကြံရသွား၏။

ထိုစဉ် အသံတစ်ခု ထပ်ထွက်လာသည်။

“မင်္ဂလာပါ… ကျွန်တော်က နတ်ရေစင်ဂိုဏ်းကပါ… ခေါင်းဆောင်ကျန်းကလည်း ခင်ဗျားအရည်အချင်းကို လေးစားလို့ အတွင်းဂိုဏ်းအကြီးအကဲ ဖြစ်စေချင်နေပါတယ်”

“အတူလိုက်ခဲ့နိုင်မလား”

ထိုအသံကြောင့် အားလုံး တိတ်ဆိတ်သွားသည်။

နတ်ရေစင်ဂိုဏ်း။

ရွှမ်ကျန်း၏ ထိပ်တန်း (၅) ဂိုဏ်းထဲ ပါဝင်သည်။

သူ့လက်အောက်ခံ ဂိုဏ်းကြီး (၃) ခု ဖျက်ဆီးခံရသည့်တိုင် ဂုဏ်သိက္ခာတစ်ခုဖြင့် တည်ငြိမ်စွာရှိနေဆဲပင်။

အခြားဂိုဏ်းများ ထပ်ပြောစရာစကား မရှိတော့။

အားလုံး နတ်ဆိုးချပ်ဝတ်ကိုသာ လှမ်းကြည့်ကြသည်။

သူ လက်ခံလိုက်မှာလား။

ရှန်မို ငြင်းရန်ပြင်ပြီးမှ တွေဝေကာ ခပ်ဖြည်းဖြည်း ပြန်ပြောသည်။

“ကျွန်တော်က ထိန်းချုပ်ခံရတာ မကြိုက်ဘူး… အတွင်းဂိုဏ်းအကြီးအကဲရာထူးနဲ့ မပြေလောက်ပါဘူး”

ထိုအခါမှ အခြားဂိုဏ်းသားများ စိတ်အေးသွားလေသည်။

သူ နတ်ရေစင်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူး မရှိဘူးပဲ။

လောင်ရွှမ်ရန်တို့ကဲ့သို့ ဉာဏ်ကောင်းသူများမှာတော့ အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်လေသည်။

သူ အတွင်းဂိုဏ်းအကြီးအကဲရာထူးကိုသာ မကြိုက်ခြင်း ဖြစ်၏။

နတ်ရေစင်ဂိုဏ်းသားမှာ ချက်ချင်း သဘောပေါက်သွားပြီး

“ဒါဆို နတ်ရေစင်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲဆိုရင်ရော”

ထိုရာထူးမှာ ဂိုဏ်းတိုင်းတွင် ရှိပါသည်။

ဧည့်အကြီးအကဲမှာ ပို၍လွတ်လပ်ပြီး ဂိုဏ်းနှင့် ပတ်သက်သော အရေးအရာများ ဝင်ပါရန် မလိုချေ။ လစဉ်ထောက်ပံ့ကြေးသာယူ၍ ဂုဏ်သိက္ခာရှိသော ဖြစ်တည်မှုအဖြစ် နေပေးရန် လို၏။

သို့သော် ဂိုဏ်းတွင် ကိစ္စကြီးများ ကြုံတွေ့ပါက ဧည့်အကြီးအကဲ၏ အကူအညီ ယူရပါသည်။

အလွယ်ပြောရလျှင် ယူထားသလောက်သာ ပြန်ပေးလေသည်။

ရှန်မို ထိုစကားကြားသောအခါ ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်၍

“ဧည့်အကြီးအကဲဆိုရင်တော့ လက်ခံနိုင်ပါတယ်”

“ဒါပေမဲ့…”

ရှန်မို တုံ့ဆိုင်းနေ၍ နတ်ရေစင်ဂိုဏ်းသားမှ

“လက်ဆောင်အဖြစ် အားဖြည့်ဆေးတစ်ပုလင်း ပေးဖို့ ရှိပါတယ်”

“ကောင်းပြီလေ”

နတ်ရေစင်ဂိုဏ်းသားမှာ အလွန်ပျော်မြူး၍

“ဒါဆို ခေါင်းဆောင်ကျန်းနဲ့ အသေးစိတ် ဆွေးနွေးဖို့ နတ်ရေစင်ဂိုဏ်းကို လိုက်ခဲ့မယ်မလား”

ရှန်မိုခေါင်းယမ်းကာ

“ကျွန်တော့်ဘက်က သဘောတူပြီးပြီလေ… ဘာလို့ သူနဲ့ တွေ့ရဦးမှာလဲ… လိုမှမလိုတာ”

“ခေါင်းဆောင်ကျန်းဘက်က ခိုင်းစရာရှိရင်လည်း ဆုလာဘ်သာ လုံလုံလောက်လောက်ပေးရင် ရပြီလေ”

ထို့နောက် သူ လှည့်ပြန်ရန် ပြင်လိုက်သည်။

“ဒါဆို ကျွန်တော် ဘယ်လိုဆက်သွယ်ရမလဲ”

ရှန်မို ကျောက်စိမ်းပြားတစ်ခု လှမ်းပေး၍

“ဒီ ဆက်သွယ်ရေးကျောက်စိမ်းပြားနဲ့ ဆက်သွယ်လို့ ရပါတယ်”

“ကောင်းပါပြီ ကောင်းပါပြီ… ဂရုစိုက်သွားပါဗျာ”

လူအုပ်ကြီးမှာ ရှန်မိုအတွက် လမ်းဖယ်ပေးလိုက်၏။

ချင်းရွှမ်အကြီးအကဲမှာ ကြည့်၍ မျက်မှောင်ကြုတ်နေမိ၏။

“ငါတို့ဆီမှာ အင်အားကြီးရန်သူ ရှိသွားပြီ”

နတ်ရေစင်ဂိုဏ်းသားမှလွဲ၍ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြလေသည်။

…

ရှန်မို ငါးပျံမြို့မှ ထွက်လာပြီးသည်နှင့် မြေလျှိုးလိုက်၊ မိုးပျံလိုက်ဖြင့် ခြေရာဖျောက်ကာ ပြန်လေသည်။

လတ်တလောတွင်တော့ ကျန်းမို သူ့ကိုယုံဦးမည် မဟုတ်ပေ။

တာဝန်ကြီးများ မပေးလောက်သော်လည်း လစဉ်ထောက်ပံ့ကြေးရလျှင် ပိုအဆင်ပြေမည်ပင် ဖြစ်၏။

“ဒီသတင်းပျံ့ရင် အားလုံး ရှုပ်ကုန်မှာပဲ”

ရှန်မိုပြုံး၍ ချင်းရွှမ်ဂိုဏ်းဆီ ပြန်လေသည်။

…

ထင်သည့်အတိုင်းပင် ထိုသတင်းမှာ ရွှမ်ကျန်းတစ်နယ်လုံးကို အုံးအုံးကြွက်ကြွက် ဖြစ်စေ၏။

ကျီရှီလုံပင် အခြေအနေကို နားမလည်နိုင်ချေ။

နတ်ရေစင်ဂိုဏ်းမှပေးသည်ထက် သူတို့လည်း များစွာ ပိုပေးနိုင်ပါသည်။

“နားမလည်နိုင်ပေမဲ့ နတ်ရေစင်ဂိုဏ်းတော့ အောင်မြင်တော့မှာပဲ”

ကျီရှီလုံ တောင်ဘက်ပိုင်းကို ငေးကြည့်၍ တွေးမိလေ၏။

Chapter 153: မိုးကြိုးလျှပ်တစ်ပြက် သိုင်းကွက်

ရက်အနည်းငယ် ကြာပြီးနောက် ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်၊ တရုတ်ဇီးပင်ခြံ။

ခြံထဲတွင် ရှင်းလင်းနေပြီး လူတစ်ယောက်မှာ လေအဟုန်ဖြင့် တစ်နေရာတွင်ပေါ်လိုက် တစ်နေရာတွင် ပျောက်လိုက် ဖြစ်နေသည်။

သူ့အရှိန်မှာ အလွန်အံ့ဩစရာကောင်းလှ၏။

“ခံစားချက်ကောင်းနေပြီ… နောက်တစ်ခါလောက်”

ရှန်မို အလွန်ပျော်နေ၏။

ထို့နောက် ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ နောက်ထပ် မိုးကြိုးစွမ်းအင်အနှစ်ကို မွမ်းမံလေသည်။

တစ်ချိန်တည်းတွင် အရပ် (၈) မျက်နှာ မိုးကြိုး လှုပ်ရှားမှုကိုလည်း စမ်းသပ်၏။

မိုးကြိုးစွမ်းအင်အနှစ်၏ အကူအညီဖြင့် လှုပ်ရှားမှုများကို ပို၍ နားလည်လွယ်လာသည်။

အချို့အလွှာများကိုလည်း ဖောက်ထွင်းမြင်နိုင်၏။

ထို့နောက် ရှန်မို ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်၍ မိုးကြိုးစွမ်းအင်နှင့် ပေါင်းစပ်မိသွားသည်။

ချက်ချင်းပင် လေအဟုန်မှာ ခြေထောက်အောက်သို့ ဝင်၍ ပေပေါင်းများစွာ ခုန်နိုင်သွားသည်။

ထို့နောက် ခြံအပြင်သို့ ရုတ်တရက် ရောက်သွား၍ ဂိတ်စောင့်တပည့်မှာ လန့်သွား၏။

“ခေါင်းဆောင်ငယ်… ဘယ်လိုဖြစ်…”

ရှန်မို ပျော်ရွှင်မြူးတူးစွာဖြင့် လက်ယမ်းလျက်

“ဘာမှမဟုတ်ပါဘူး… ဒီအတိုင်း လေ့ကျင့်နေတာ”

ထိုသို့ပြော၍ ခြံထဲပြန်ဝင်လာလိုက်သည်။

သူ အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို အဆင့် (၈) အထိ တတ်မြောက်ပြီးလေပြီ။

ဆက်၍ သိုင်းကွက်အသစ်ပါ ရလာ၏။

“မိုးကြိုးလျှပ်တစ်ပြက် ပြေးနည်း”

ရှန်မို ရေရွတ်ကြည့်ကာ ဆက်လက် လေ့ကျင့်သည်။

ဝှစ်!

သူ ရပ်နေသောနေရာမှ ရုတ်တရက် ပျောက်သွားပြီး ခေါင်မိုးပေါ်၌ ပြန်ပေါ်လာ၏။

“ဒီလှုပ်ရှားမှုက အသိမပေးဘဲ ရုတ်တရက် လုပ်နိုင်တာပဲ… ရန်သူက ဒီအကြောင်း မသိထားရင် အများကြီး အမြတ်ရပြီ”

“အားနည်းချက်က စိတ်ဝိညာဉ်စွမ်းအင် အရမ်းသုံးရတာပဲ”

ရှန်မို ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ထိုသိုင်းကွက်ကိုသုံးသည်နှင့် စိတ်ဝိညာဉ်စွမ်းအင် ၂၀ % ကုန်သွားတတ်၏။

ထို့ကြောင့် ရတနာများမှ ရနိုင်သော အင်အားများနှင့် ပြန်ယှဉ်လျှင် (၃) ကြိမ်သာ ဆက်တိုက် သုံးနိုင်လေသည်။

“ဘာပဲဖြစ်ဖြစ် ဒီသိုင်းကွက်ရဲ့ အမြင့်ဆုံးအဆင့်ကို နားလည်ထားတော့ ကောင်းတာပါပဲ”

ရှန်မို ကျေနပ်စွာ ခေါင်းငြိမ့်မိသည်။

သူ့ကျင့်ကြံမှုအဆင့် တက်ရန်သာ လိုတော့၏။

ခြံတံခါးဖွင့်ကာ လမ်းလျှောက်ရန် ထွက်လာသည်။

မကြာမီ ရင်းနှီးသောလူအချို့ကို တွေ့ရ၏။

စုန်းချောင်ဖုန်၊ ဝေ့ရှောင်းထီ၊ အကြီးအကဲလီတို့အဖွဲ့ ဖြစ်သည်။

အရမ်းမနီးသေးသော်လည်း ရှန်မို သူတို့စကားများကို ကြားနေရ၏။

“… ဘယ်လိုလုပ်ကြမလဲ… နတ်ဆိုးချပ်ဝတ်ကို နတ်ရေစင်ဂိုဏ်းက ခန့်လိုက်ပြီ”

အကြီးအကဲလီမှ

“ဒီအတိုင်း ဧည့်အကြီးအကဲပါပဲ… အရမ်းမစိုးရိမ်ပါနဲ့”

စုန်းချောင်ဖုန်မှ

“အဲ့လိုလည်း မဟုတ်သေးဘူး… ဆုလာဘ်တွေပေးရင် သူက အလုပ်လုပ်ပေးမှာပဲလေ”

ဝေ့ရှောင်းထီမှလည်း

“ဟုတ်တယ်… ချင်းရွှမ်အပေါ် ဒုက္ခမပေးဘူးလို့တော့ အာမခံရ ခက်တယ်… ဟိုတစ်လောကတောင် ဆူးတောနားမှာ ကျွန်တော်တို့ဝန်ထမ်းတွေ အများကြီး ပျောက်ကုန်တယ်… အဲ့ဒါ နတ်ဆိုးချပ်ဝတ် လက်ချက်ပဲဖြစ်မှာ… နတ်ရေစင်ဂိုဏ်းက ခိုင်းတာ နေမှာပေါ့”

ရှန်မို ပြုံးမိ၏။

အရမ်း အတွေးလွန်နေကြတာပဲ…

ချင်းရွှမ်ဂိုဏ်းကို ဘာလို့ ဒုက္ခပေးရမှာလဲ။

“ခေါင်းဆောင်ငယ်”

“မင်္ဂလာပါ ခေါင်းဆောင်ငယ်”

အကြီးအကဲများ ဦးညွှတ်နှုတ်ဆက်ကြ၏။

ရှန်မိုလည်း ခေါင်းငြိမ့်ပြ၍

“နတ်ဆိုးချပ်ဝတ်အကြောင်း ပြောနေကြတာလား… သူက နတ်ရေစင်ဂိုဏ်းထဲ ဝင်သွားတာမလား”

“အဲ့ကိစ္စ ဘယ်လိုသဘောရလဲ ခေါင်းဆောင်ငယ်”

စုန်းချောင်ဖုန် သက်ပြင်းချ၍ မေးလိုက်သည်။

ရှန်မိုမှ

“သူက အကျိုးအမြတ်ကို ကြည့်တတ်တာပဲ… သူ့ဖြစ်တည်မှုကလည်း မရှင်းလင်းဘူး”

“လောလောဆယ် ရန်သွားမစတာတော့ အကောင်းဆုံး ဖြစ်လိမ့်မယ်”

“ဒါပေမဲ့ ချင်းရွှမ်ဂိုဏ်းကို လာထိရင်တော့ ငြိမ်ခံမနေဘူးပေါ့”

အကြီးအကဲများ သဘောတူကြ၏။

“ခေါင်းဆောင်ငယ်ပြောတာ မှန်ပါတယ်”

ရှန်မို ကျိတ်၍ပြုံးလိုက်သည်။

သူ စိတ်ထဲရှိရာ ပြောလိုက်ခြင်းဖြစ်၏။

ထိုစဉ် သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး ကျောက်စိမ်းပြား တုန်ခါလာသည်။

ရှန်မို အမူအရာပြောင်းသွားပြီး

“ကိစ္စလေးရှိလို့ ကျွန်တော် အခန်းပိတ်ကျင့်ကြံလိုက်ဦးမယ်နော်… ဒီတစ်လော ကျွန်တော့်ခြံထဲ ဘယ်သူမှ မဝင်ပါစေနဲ့”

“ဟုတ်ကဲ့ပါ”

ရှန်မို သူ့ခြံထဲ အမြန်ပြန်လာခဲ့သည်။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းစေသောအခါ အသံထွက်လာသည်။

“အကြီးအကဲ နတ်ဆိုးချပ်ဝတ်… ကျွန်တော်က အကြီးအကဲ လုံထောင်းပါ… နောက်ပိုင်း ဆက်ပြီး ဆက်သွယ်မယ့်သူပါ”

“လောလောဆယ် ကျွန်တော်တို့ဘက်က တောင်းဆိုချင်တဲ့ အလုပ် (၃) ခု ရှိပါတယ်”

“ပထမဆုံးက နှင်းဂူကိုသွားပြီး အကာအကွယ်တွေ ဖျက်ဆီး၊ စောင့်တဲ့ အကြီးအကဲကို သတ်ဖို့ပါ… လိုတဲ့ပစ္စည်းတွေ ထောက်ပံ့ပါမယ်… ဆုလာဘ်ကတော့ အားဖြည့်ဆေး (၁) ပုလင်းနဲ့ အဆင့်နိမ့်သိမ်မွေ့နက်နဲခြင်း ကျင့်စဉ်ဖြစ်တဲ့ ကောင်းကင်ထိုးဖောက်နဂါးလက်သီး ကျင့်စဉ်ကို ပေးပါမယ်”

“ဒုတိယက ဆူးတောမှာ မိုးမုန်တိုင်းဂိုဏ်း ဒုတိယအကြီးအကဲကို သတ်ရမှာပါ… ဆုလာဘ်က အလယ်အဆင့် သိမ်မွေ့နက်နဲခြင်းလက်နက် ကြာစိမ်းဝတ်ရုံကို ပေးပါမယ်”

“တတိယကတော့ ကျောက်စိမ်းနက်တောင်ကိုသွားပြီး ကျောက်စပါးကြီးမြွေကို ရှာပေးပါ… ဆုလာဘ်က အဆင့် (၄) နတ်ဆိုးကျောက်မျက်နဲ့ အဆင့်နိမ့် သိမ်မွေ့နက်နဲခြင်း စိတ်ဝိညာဉ်လက်နက် တောင်တန်းဖြိုခွဲဓား ပေးပါမယ်”

ရှန်မို နားထောင်ပြီးနောက် ပြုံးလိုက်၏။

တာဝန်များမှာ သူ့ကို စမ်းသပ်ခြင်းလည်း ပါသည်။

“ကြာစိမ်းဝတ်ရုံကိုတော့ စိတ်ဝင်စားတယ်… ယုကျောက်က ဂိုဏ်းကြီးဆီက ရလာတာလား”

ရှန်မို ပြန်မေးလိုက်၏။

လုံထောင်းမှ

“ဟုတ်ပါတယ်… အရမ်းမာပြီး သွေးလည်ပတ်မှု အားကောင်းစေပါတယ်”

“ကောင်းပြီလေ တာဝန်တွေ လက်ခံပါတယ်”

“ဟုတ်ပြီ မိုးမုန်တိုင်းဂိုဏ်းက ဒုတိယအကြီးအကဲ မှတ်ဉာဏ်တွေ ကြည့်ထားလိုက်ပါ”

ထို့နောက် နှစ်ယောက်သား စကားစပြတ်သွားကြ၏။

“မိုးမုန်တိုင်းဂိုဏ်းနဲ့ သူတို့ ဘာပြဿနာရှိလို့လဲဎ

ရှန်မို အဖြေကို ရှာမတွေ့ချေ။

မကြာမီ သူ ချင်းရွှမ်ဂိုဏ်းမှ တိတ်တဆိတ် ထွက်ကာ ဆူးတောထံ သွားလေသည်။

အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှု သိုင်းကွက်ကြောင့် သူ့အရှိန်မှာ အလွန်မြန်ဆန်လွန်း၏။

ထို့ကြောင့် လေအဟုန်ဟုသာ ထင်ရပြီး သူ ဖြတ်သန်းသွားသည်ကို မည်သူမျှ မသိလိုက်ချေ။

All Chapters