← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

Chapter 163: ခေါင်းဆောင်ကျန်း ဘယ်သူ့ကို ရှာနေတာလဲ

ကျင့်ကြံသူများ၏ စကားသံများမှာ ရှန်မိုနှင့် ကျန်းမိုတို့၏ နားအထိ ဝင်ရောက်လာသည်။

ကျန်းမို နှာခေါင်းရှုံ့၍

“ကြားလား… အနည်းဆုံး ဒီလူအုပ်ရဲ့ ၈၀% က မင်း သေချာပေါက် ရှုံးမယ်လို့ပဲ ယုံထားတယ်”

ရှန်မို ပြုံးကာ

“ခေါင်းဆောင်ကျန်းရော အဲ့လို ထင်တာလား”

“ငါကတော့ မထင်ပါဘူး… မင်းက သေချာပေါက် သေမှာ”

ကျန်းမို ထိုစကားလုံးကိုပင် တမင်ဖိကာ ပြောသည်။

ထို့နောက် စကားဆုံးသည်နှင့် ကျန်းမို ဖနောင့်တစ်ချက် ပေါက်လိုက်ရာ ရေစိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်လာတော့သည်။

ကျန်းမိုခြေထောက်အောက်တွင် ရေကန်ကဲ့သို့ ဖြစ်လာသည်။

လှိုင်းများ တလိပ်လိပ်တက်ကာ ကောင်းကင်ပြာ၏ အရိပ်များ ထင်နေ၏။

မိုဟန်ရှန် အံ့ဩစွာဖြင့်

“ဒါ နတ်ရေစင်ဂိုဏ်းကပဲ လုပ်နိုင်တဲ့ ပုံရိပ်ယောင် ရေကန်ပဲ”

“ဒီရေကန်အတွင်းမှာဆိုရင် ကျန်းမိုရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ (၃) ဆ အစွမ်းထက်မှာ”

“သူ့ကျင့်စဉ် ဒီအဆင့်အထိ ရောက်နေမယ်လို့ မထင်ထားဘူး… အဲ့ဒါကြောင့်လည်း ယုံကြည်ချက် ရှိနေတာပေါ့”

မိုယုဟုန်၏ နူးညံ့သောမျက်နှာလေးမှာ တောင်ထိပ်ကို အာရုံစိုက်၍ ကြည့်နေသည်။

ကျန်းမို လက်ညှိုးတစ်ချောင်း ထောင်ပြ၍

“တစ်ချက်ပဲ”

“တစ်ချက်တည်းနဲ့ မင်းကို သတ်ပြမယ်”

“ဒီမြန်ဆန်တိကျတဲ့ အောင်မြင်မှုနဲ့ နတ်ရေစင်ဂိုဏ်းရဲ့ အရှက်ကွဲမှုကို ပြန်ဆေးကြောမယ်”

ထို့နောက် ကျန်းမို လက်ထဲတွင် ရေခဲပြာ ဓားရှည်တစ်လက် ပေါ်လာသည်။

ဓားမှာ အသက်ဝင်လှပြီး အရောင်တလက်လက် တောက်နေ၏။

ပတ်ဝန်းကျင်တွင်လည်း ရေစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေ၍ ဓားတွင် နှင်းအလွှာတစ်ထပ်ဖုံးနေသလို ဖြစ်သည်။

ဟုန်ချီလုံ မျက်ခုံးပင့်၍

“အစ်ကိုကျောက် အဲ့ဓားက ဘာလဲ”

ကျောက်ချင်းကန်မှ

“ဒါ နတ်ရေစင်ဂိုဏ်းက ရတနာဓားလေ… ရေခဲမြစ်လို့ ခေါ်တယ်… မြေအဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ပဲ”

“ဒီဓားကို ရတနာတိုက်ထဲပဲ သိမ်းထားတာ… ထုတ်ပြခဲတယ်”

“ကျန်းမို ဒီကိုယူလာမယ်လို့ ထင်တောင် မထင်ဘူး”

ဟုန်ချီလုံ ငေးကြည့်ရင်း

“မြေအဆင့်မြင့်လား… ငါ့ဆရာမှာတောင် ဒီလို အင်အားကြီးလက်နက် ရှိရဲ့လားမသိဘူး”

“နတ်ရေစင် ရေတံခွန်၊ နတ်ရေစင်မြစ်”

ကျန်းမို သိုင်းစဉ်ကိုအော်၍ ရေခဲဓားဖြင့် အရှေ့သို့ ထိုးချလိုက်သည်။

ပတ်ဝန်းကျင်၌ပါ အေးစက်သွားပြီး ချက်ချင်း ရေခဲမြစ်ကြီး ပေါ်လာ၏။

မြစ်မှာ ကောင်းကင်တစ်နေရာမှ စီးဆင်းလာဟန် တူ၏။

ဓားသည် ရှန်မို့ထံ တည့်တည့်ဝင်လာသည်။

ရှန်မိုမှာ ထိုကဲ့သို့ ကြီးမားလွန်းသော အင်အားကြောင့် တစ်ချက် တုန်လှုပ်သွားပြီး ချက်ချင်း မကောင်းသည့်အတွေးများကို အမြန် ဖယ်ရှားလိုက်သည်။

ထို့နောက် လက်ကို ဆန့်တန်းလိုက်ရာ ကြေးတံခါးကြီး (၃) ချပ် ရုတ်တရက် ပေါ်လာသည်။

(၄) ခုမြောက်တံခါးမှာ ရေခဲနက်ဖြင့် ပြုလုပ်ထားပြီး ချမ်းအေးသောအရှိန်အဝါမျိုး ပေးလေ၏။

တံခါးကြီးများမှာ အလွန်မြင့်၍ လုံခြုံမှုအပြည့် ပေးနိုင်သည်။

ရှန်မို၏ ခုခံရေးတိုက်ကွက်မှာ မှော်တံခါး (၄) ချပ်ဖြစ်၏။

(၄) ခုမြောက်တံခါးအတွက် ကျင့်ကြံရာတွင် အခြေအနေပေါ် မူတည်၍ ပြောင်းလဲနိုင်စွမ်းကိုပါ ရခဲ့သည်။ ထို့ကြောင့် ကျန်းမို၏ ရေခဲမြစ်အား ကာကွယ်ရန် ရေခဲစွမ်းအင်တံခါး သုံးလိုက်ခြင်း ဖြစ်သည်။

“ဆိုးတာပဲ… ထိပ်တိုက် တားတယ်ပေါ့လေ”

ကျန်းမို နှာခေါင်းရှုံ့ကာ

“ကောင်းပြီ မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပြီး ဖျက်ဆီးပေးရမှာပေါ့”

ထို့နောက် ရှန်မိုအား ရေခဲမြစ်ဖြင့် တိုက်ခိုက်လေသည်။

ဘုံး!

ရေခဲမှုန်များ ပျံ့နှံ့၍ ပတ်ဝန်းကျင်ကိုပင် ဖုံးလွှမ်းသွား၏။

ထို့ကြောင့် မြင်ကွင်းကို သေချာမမြင်ရတော့ပေ။

သူ ကာလိုက်နိုင်လား။

ထိသွားလား။

အားလုံး ထိုအဖြေကို စိတ်ဝင်စားနေကြသည်။

မူယုံးယွဲ့လည်း အလွန်စိတ်လှုပ်ရှားနေ၏။

ရှန်မို ရေခဲရုပ်တုဖြစ်နေမည်စိုး၍ သေချာပင် စေ့စေ့မကြည့်ရဲချေ။

ဘုံး!

ရေခဲမြစ်မှာ ရှန်မို့ထံ ရောက်သွားပြီး ကျန်းမို သက်ပြင်းချကာ ကျေကျေနပ်နပ် လှမ်းကြည့်သည်။

ရေခဲတုံးများ ဝန်းရံသည့်အလယ်တွင် ရှန်မို ရှိလိမ့်မည်။

ဒီလိုတိုက်ခိုက်မှုကို ဘယ်သူမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

ထိုစဉ် ပြင်းထန်သော မီးစွမ်းအင်တစ်ခု ပေါ်လာပြီး ရေခဲတုံးကြီးမှာ နီရဲ၍ အက်ကွဲကြောင်းများ ဖြစ်လာ၏။

ဘုံး!

ရေခဲတုံး ကွဲကြေသွားလေသည်။

ရေခဲအပိုင်းအစများလည်း နေရာအနှံ့ လွင့်စင်ကုန်သည်။

အချို့အပိုင်းအစများမှာ လေထဲ၌ပင် အရည်ပျော်သွား၏။

ကျင့်ကြံသူများ လန့်ဖျပ်၍ ရေခဲအစများနှင့် မထိအောင် ထွက်ပြေးရှောင်တိမ်း ခုခံရသည်။

ထိုသို့ အပိုင်းအစလေးမှာပင် အင်အားကြီးလွန်း၏။ ထို့ကြောင့် ရှန်မို ခံနိုင်ရည်ရှိရန် မလွယ်ချေ။

သက်ပြင်းချသံတစ်ခုနှင့်အတူ ရေနွေးငွေ့များ တက်လာသော်လည်း လူကိုတော့ မတွေ့ရသေး။

ကျန်းမို မျက်မှောင်ကြုတ်သွားပြီး ကြည့်နေမိ၏။

ထို့နောက် သူ့မျက်လုံးထောင့်တွင် အရိပ်တစ်ခုပေါ်လာသည်။

ရှန်မို သူ့အနောက်တွင်ရပ်၍ တည်ငြိမ်သောအသံဖြင့်

“ခေါင်းဆောင်ကျန်း ဘယ်သူ့ကို ရှာနေတာလဲ”

ကျန်းမို ရုတ်တရက် လန့်သွားပြီး ခုခံရန် ပြင်လိုက်သည်။

သို့သော် ခြေတစ်လှမ်း နောက်ကျသွားလေပြီ။

တောက်ပသော မီးတောက်တစ်ခု သူ့အနောက်တွင် ပေါ်လာ၏။

ကြာနီမီးတောက်။

နေမင်း (၉) သွယ် နတ်ဇာမဏီသိုင်း။

စက္ကန့်ပိုင်းအတွင်း မီးတောက်မှာ ပိုကြီးလာပြီး ထိုလှိုင်းကြောင့် ကျင့်ကြံသူများ နေရခက်လာသည်။ ထိုစွမ်းအင်သည် ကောင်းကင်ကိုပင် ပေါက်သွားလောက်အောင် ဖျက်ဆီးတော့မလိုပင်။

“ဒါ အနန္တမီးတောက်လား”

“ကြာနီမီးတောက်ပဲ”

“ဒီလိုမီးသာ ခန္ဓာကိုယ်နဲ့ထိရင် တစ်ခါတည်း ပြာကျသွားမှာပဲ”

“ဒါနဲ့ဆို ကျန်းမို ထိခိုက်တော့မယ်”

ကျင့်ကြံသူများ မျက်လုံးပြူး၍ ထိတ်လန့်စွာ ပြောနေသည်။

ဘုံး!

မီးတောက်နီသည် ကျန်းမိုအား လွှမ်းမိုးသွားပြီး ရေခဲအကာအကွယ်များ ချက်ချင်း ကွဲကြေသွားသည်။

ကျန်းမို အပူရှိန်ကြောင့် လွင့်ထွက်သွားသည်။

သို့သော် ခန္ဓာကိုယ်၌ မီးစွဲနေဆဲပင်။

ကျန်းမိုတစ်ယောက် ကိုယ်တွင်းကလီစာများပါ ထိခိုက်နေပြီဟု ခံစားရ၏။

သွေးများအန်ကာ လဲကျချင်နေသော်လည်း တင်းခံထားသည်။

ထိုစဉ် ရှန်မို့ ဒုတိယတိုက်ကွက် ရောက်လာသည်။

ရုတ်တရက် အရိုးခိုက်အောင်အေးလာပြီး ရေခဲနဂါး ရောက်လာသကဲ့သို့ပင် ခံစားရသည်။

ဒီခံစားချက်က… ရင်းနှီးနေတယ်။

နှင်းဂူထဲက ရေခဲနဂါးအလောင်းကို ရှန်မို ယူသွားတာပဲ။

Chapter 164: နောက်တုံးတိုက်ကွက်

ရှန်မို့ညာဘက်လက်တွင် ခရမ်းရင့်ရောင် နတ်ဆိုးချပ်ဝတ် ပေါ်လာ၏။

သူ ရုတ်တရက် သွေးအိတ် (၅) အိတ် ဖောက်ကာ စွမ်းအင်များ စီးဆင်းစေသည်။ ထိုအခါ ချပ်ဝတ်သည် ရေခဲပြာရောင် ပြောင်းသွား၏။

ကြောက်စရာ နဂါးခေါင်း၊ အကြေးခွံများမှာ အလွန်ကြောက်စရာကောင်းသည်။

ကျင့်ကြံသူများလည်း ထူးဆန်းသော ချပ်ဝတ်ကို အံ့ဩစွာ ကြည့်နေကြသည်။

“သူ စလှုပ်ရှားပြီ… နတ်ဆိုးချပ်ဝတ်ပဲ”

“ခံစားမိလား… ဒါကိုသုံးရင် ရှန်မို့အရှိန်အဝါ တိုးတက်လာတာလေ”

ဘုံး!

ထို့နောက် သူ ပြင်းထန်သော လက်သီးအားဖြင့် ကျန်းမိုအား ထိုးချလိုက်သည်။

ကျန်းမို ခုခံရေးဖြင့် ရှောင်ရန် ပြင်လိုက်၏။

သို့သော် ရှန်မိုမှာ ပိုမြန်လေသည်။

သူ သေချာပေါက် ရှောင်လိုက်သော်လည်း ညာဘက်ပုခုံးအား ပြင်းထန်စွာ ထိသွား၏။

ကြာစိမ်းဝတ်ရုံလည်း စုတ်ပြဲသွားသည်။

ကျန်းမို အံကြိတ်ကာ ထိုနေရာမှ ရှောင်ထွက်ရန် ကြိုးစားသော်လည်း ရှန်မိုမှ အလင်းတန်းတစ်ခု အဖြစ် အရင်ပျောက်သွားသည်။

ထို့နောက် ကျန်းမိုနှင့် အနီးကပ်ဆုံးနေရာတွင် ပြန်ပေါ်လာလေသည်။

အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှု၏ အမြင့်ဆုံးသိုင်းစဉ် လျှပ်တစ်ပြက် မိုးကြိုးဖြစ်၏။

ထိုသိုင်းကွက်ကို (၄) ကြိမ်မှ (၅) ကြိမ်အထိ ဆက်တိုက်သုံးနိုင်လေသည်။

တုန်လှုပ်နေသော ကျန်းမို၏ မျက်ဝန်းများကိုကြည့်ကာ ရှန်မို ပြုံးမိသည်။

ညာလက်မှ ချပ်ဝတ်ပျောက်သွားပြီး ကြာနီမီးတောက် အင်အားဖြင့် ထပ်ထိုးလိုက်သည်။

သိုင်းကွက်မှာ နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ် ပထမသိုင်းကွက် ဖြစ်၏။

ဘုံး ဘုံး ဘုံး!

သူ့လက်သီးမှာ အဆက်မပြတ် ကျရောက်လာပြီး ကျန်းမို၏ အသားအရည်များပါ စုတ်ပြဲကုန်သည်။

စက္ကန့်ပိုင်းအတွင်း လက်သီးအချက်ရေ (၁၀၀) ကျော် ရှိ၏။

ကျန်းမိုမှာ ပြန်လည်းမတိုက်ခိုက်နိုင်၊ ရှောင်လည်း မရှောင်နိုင်ဘဲ သဲအိတ်ကဲ့သို့ အလူးအလဲ ခံနေရသည်။

သူ့ဝတ်ရုံအကာအကွယ်များကြောင့် ယခုအချိန်အထိ ခံနိုင်ရည်ရှိနေခြင်း ဖြစ်၏။

ကျင့်ကြံသူများလည်း မှင်တက်နေကြသည်။

တိုက်ပွဲအခြေနေမှာ လျင်မြန်စွာ ပြောင်းလဲသွား၏။

ခုနလေးတင် ရှန်မို ရေခဲများကြား ကျရှုံးပြီဟု ထင်ထားရာမှ မျက်စိတစ်မှိတ်အတွင်း ကျန်းမိုတစ်ယောက် ဆက်တိုက် အထိုးခံနေရသည်။

နတ်ရေစင်ဂိုဏ်းခေါင်းဆောင်မှာ အသံပင် မထွက်နိုင်ချေ။

နတ်ရေစင်ဂိုဏ်း အကြီးအကဲများ ပြေးကူညီရန် ပြင်သော်လည်း မူယုံးယွဲ့မှ

“နတ်ရေစင်ဂိုဏ်းက စည်းမျဉ်းဖောက်တော့မလို့လား… ရွှမ်ကျန်းဒေသမှာ အပယ်ခံ ဖြစ်ချင်လို့လား”

အသေအကြေတိုက်ပွဲတွင် အရှုံးမပေးမချင်း တိုက်ခိုက်ရမည်ဖြစ်ပြီး မည်သူမျှ ဝင်ကူညီခွင့် မရှိပေ။

မဟုတ်ဘဲ ကျန်းမိုအား ကယ်လိုက်ပါက စည်းမျဉ်း ဖောက်ဖျက်ခြင်းပင်။

“ငါ့ရှေ့က ဖယ်စမ်း”

ကျန်းမို ရုတ်တရက် ဒေါသတကြီး အော်လိုက်သည်။

သူ့ပါးစပ်ထဲမှ အပြာရောင် ရွှေအမြုတေ ထွက်လာပြီး ရေခဲကြာပွင့်လည်း ပေါ်လာသည်။ ထို့နောက် ကြာပွင့်ကို မီးမြှိုက်ကာ ရှန်မို့အား တိုက်ခိုက်ရန် ကြိုးစား၏။

“ဒါက…”

သူ အနည်းငယ်တော့ အံ့ဩသွားသည်။

“ကြာပွင့် မီးမြှိုက်နည်းလား”

“အဲ့ဒါ ဘာလဲ အဖေ”

မိုယုဟုန် မျက်မှောင်ကြုတ်ကာ သူ့အဖေအား ပြန်မေး၏။

“နောက်ဆုံးတိုက်ကွက်ပေါ့”

“ခြေတည်ဝိညာဉ်တည်ဆောက်ရင် ကြာပွင့် အဆင့်ဆင့် ရှိတယ်လေ”

“အဲ့ဒါကို အရေးပေါ် အခြေအနေမှာသုံးပြီး ရွှေအမြုတေအင်အား တိုးအောင် လုပ်တာပေါ့”

“ဒါပေမဲ့ အခြေခံထိခိုက်ပြီး ပိုကောင်းတဲ့ ရတနာနဲ့ ပြန်တည်ဆောက်မှ ဖြစ်လိမ့်မယ်”

“နားလည်ပြီ”

အားလုံး ထိုရည်ရွယ်ချက်ကိုသိပြီး ပိုစွံ့အနေ၏။

ကျန်းမိုကို ဒီအခြေအနေအထိ ရောက်အောင် လုပ်လိုက်နိုင်တာပဲ။

ကြာပွင့်အခြေခံတစ်ခုရဖို့ ဘယ်လောက်ခက်ခဲလဲ။

အခုတော့ ဒီလိုမျိုး ထုတ်သုံးနေရပြီ။

ကျန်းမိုမှာ သူ့အနာဂတ်ကို လက်လျှော့၍ ရှန်မို့ကိုပါ အတူဖျက်ဆီးရန်သာ အတွေးရှိသည်။

“ကျီရှီလုံက နတ်ရေစင်ဂိုဏ်း ချင်းရွှမ်ကို နိုင်သွားတာ တွေ့ချင်တာ… မူယုံးယွဲ့ရော အကုန်လုံးသေပြီး ဝါးမျိုခံရတာမျိုးလေ”

“ဒါပေမဲ့ ကျန်းမိုသာ သေရင်…”

လောင်ရွှမ်ဟန် ဆက်မတွေးရဲတော့ချေ။

“ကြာပွင့်အခြေခံကိုတောင် ထုတ်သုံးရပြီလား”

ရှန်မို ရယ်မောကာ ဆိုသည်။

ဒါလေးများ ငါ့မှာလည်း ရှိသားပဲ။

“သေပေတော့”

ကျန်းမို အော်ဟစ်ရင်း လျင်မြန်စွာ တိုက်ခိုက်လေသည်။

ယခုတိုက်ကွက်မှာ နောက်ဆုံးဖြစ်၍ ရှန်မိုအား ဤနည်းဖြင့် မသတ်နိုင်လျှင် သူ တစ်ယောက်တည်း သေရတော့မည်။

ရှန်မို ညာဘက်လက်အား ဆန့်လိုက်သောအခါ ခရမ်းရင့်ရောင် ချပ်ဝတ် ပြန်ပေါ်လာသည်။ ယခုတစ်ခေါက်တွင်တော့ ရွှေဝါရောင်သွေးရည်အား သုံး၏။

သူ စမ်းသပ်ကြည့်သလောက် ထိုသွေးစွမ်းအင်မှာ ရေခဲနဂါးထက် အားကြီးသည်။

တစ်စက်သုံးရုံဖြင့် ရေခဲနဂါးသွေး (၅) စက်သုံးခြင်းနှင့် ညီမျှ၏။

ချက်ချင်းပင် ချပ်ဝတ်၌ ကြောက်စရာ ကျားခေါင်းပုံကြီး ပေါ်လာပြီး အဝါရောင်ချပ်ဝတ် ဖြစ်သွားသည်။

အရှိန်အဝါမှာ သားကောင်ဘုရင်နှင့် တူလှသည်။

ထို့နောက် ရှန်မို အသင့်ဖြစ်သည်နှင့် ထိုးချလိုက်၏။

ထိုထိုးနှက်ချက်ဖြင့် ကျန်းမို၏ ရွှေအမြုတေအထိ ခံနိုင်ရည်မရှိမှန်း သိပါသည်။ ခဏတာ ခုခံရုံသာ ဖြစ်၏။

“မီးတောက်ရွှေအမြုတေ”

ကျန်းမိုမှ နီရဲနေသော ရွှေအမြုတေအား ပါးစပ်ထဲမှ ထုတ်လိုက်သည်။

ကျန်းမိုကြည့်ရင်း မျက်လုံးပြူးသွား၏။

“မင်းရော ဒီနည်းကို သုံးတယ်ပေါ့… သေချင်နေပြီပဲ”

ဘုံး!

မကြာမီ ရွှေအမြုတေ (၂) ခု ဝင်တိုက်ကာ ပေါက်ကွဲသံကြီး ထွက်လာသည်။

ရှန်မို့အမြုတေမှာ ချက်ချင်း ကြေမွသွားပြီး ကျန်းမို ကျေနပ်သွား၏။

သို့သော် ရှန်မို ရယ်မောကာ

“ခေါင်းဆောင်ကျန်း အောင်ပွဲခံတာ မစောလွန်းဘူးလား”

ကျန်းမို မှင်တက်သွား၏။

ထို့နောက် ကွဲကြေသွားသော အပိုင်းအစ (၄၅) ခုမှာ ရုတ်တရင် ပျံတက်လာပြီး သူ့အမြုတေအား ဝိုင်းအုံထားလိုက်သည်။ ထို့နောက် တဖြည်းဖြည်း ဝါးမျိုသွားသောအခါ ပြင်းထန်သော နာကျင်မှုကြီး ခံစားရတော့၏။

Chapter 165: ခေါင်းဆောင်ကျန်း သွားပြီ

ကျန်းမို၏ရွှေအမြုတေမှာ ပျက်စီးသွားကာ သူ့ခန္ဓာကိုယ်အား ပြန်၍ ထိခိုက်လေသည်။

သူ စူးဝါးသောအသံဖြင့် အော်ဟစ်နေပြီး မီးတောက်နေသော ကောင်းကင်ယ့အထိ လွင့်ပျံသွား၏။

“ဒီအော်သံက ယောက်ျားသံနဲ့တော့ မတူဘူးနော်… ကျန်းမို အများကြီး ထိခိုက်သွားတာလား”

“မဖြစ်နိုင်တာ… ကျန်းမို သူ့ကြာပွင့်အခြေခံကနေ ရွှေအမြုတေတောင် ထုတ်သုံးထားတာလေ… ဘယ်လိုလုပ် ရှုံးမှာလဲ”

“ထူးဆန်းလိုက်တာ… ဆက်စောင့်ကြည့်ရမှာပဲ”

ကျင့်ကြံသူများ ငေးကြည့်ရင်း နားမလည်နိုင် ဖြစ်နေ၏။

“အား…”

နောက်ထပ်အော်သံကြီး ထပ်ထွက်လာပြန်သည်။

ကျင့်ကြံသူများ နားစည်ပါတုန်ခါသွား၏။

မီးတောက်များကြားတွင် ကျန်းမို သွေးများ အန်နေတော့သည်။

သူ့ကြာပွင့်အခြေခံသုံးသည့်တိုင်အောင် ရှန်မို့ကို မနှိမ်နင်းသောကြောင့် မယုံကြည်နိုင် ဖြစ်နေ၏။

“ခေါင်းဆောင်ကျန်း အရှုံးပေးရတော့မယ့်အချိန်ပဲ”

ကျန်းမို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။

ထို့နောက် အမြုတေအား အားဖြင့် ဖိညှစ်လိုက်သောအခါ အပေါ်ယံ အပိုင်းစ (၄၅) ခု၏ အင်အားဖြင့် အထဲတွင် တဂျွတ်ဂျွတ်အသံများ ထွက်လာသည်။

ကျန်းမို၏ အမြုတေမှာ ကြက်ဥခွံကဲ့သို့ လုံးဝ ကြေမွသွားလေပြီ။

“အား”

ကျန်းမို သွေးများထပ်အန်လာပြီး စွမ်းအင်များအားလုံး ဆုတ်ယုတ်သွား၏။

ရွှေအမြုတေနှင့် ကျင့်ကြံသူတစ်ဦးမှာ ချိတ်ဆက်နေပြီး အမြုတေပျက်စီးသည်နှင့် ကျင့်ကြံသူ၏ဘဝလည်း မီးစာကုန်သည့်မီးအိမ်ပမာ မှောင်မိုက်သွားတော့သည်။

ဘုံး!

ကောင်းကင်ယံမှ မီးတောက်များ ဝုန်းခနဲ ထတောက်၍ ကျန်းမို လေထဲမှ အရှိန်ဖြင့် ပြုတ်ကျသွားသည်။

ရှန်မိုလည်း ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

ပရိသတ်များအားလုံး တိတ်ဆိတ်စွံ့အနေကြသည်။

ခဏအကြာမှ ဆူညံပွက်လောရိုက်ကုန်ကြ၏။

“ကျန်းမို ရှုံးသွားတာလား”

“သူ့ရွှေအမြုတေ ပျက်စီးသွားပြီလား”

“ရှန်မိုက ဘာမှ မထိခိုက်လိုက်ဘဲ နိုင်သွားတာလား”

“ကျန်းမိုက ရွှမ်ကျန်း ထိပ်တန်း (၅) ဂိုဏ်းထဲက ခေါင်းဆောင်လေ… မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်လေ… ဘယ်လိုလုပ် ရှန်မို့ကို ရှုံးတာလဲ”

“မဖြစ်နိုင်တာ ဘာတွေတွေ့လိုက်တာလဲ… အိပ်မက် မက်နေတာလား… ငါ့ကို ဆိတ်ဆွဲကြည့်ပါဦး”

ကျင့်ကြံသူများ၏အသံမှာ တဝေါဝေါ ဆူညံနေသည်။

မူယုံးယွဲ့မှာ မျက်လုံးလေးများတောက်၍ ကြည်နူးစွာ ကြည့်နေ၏။ သူ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်နေ့ကပင် ဤမျှလောက် မပျော်ချေ။

သူ့အနောက်တွင် ချင်းရွှမ်ဂိုဏ်းသားများလည်း အော်ဟစ်ပျော်မြူးနေကြသည်။

ကျောက်ထင်တို့အဖွဲ့မှာမူ လေပေါ်ခုန်တတ်မတတ် ဝမ်းသာခုန်ပေါက်နေ၏။

လျှိုယွမ်ဖုန်တို့ သားအဖမှာတော့ မျက်နှာပျက်လျက် ရှိသည်။

ရှောင်ဖန့်အမူအရာကိုတော့ ခန့်မှန်း၍ မရနိုင်ချေ။

သူ အရင်က ရှန်မိုကို မုန်းတီးအားကျ မနာလိုခဲ့သော်လည်း ယခုတော့ ကြောက်ရွံ့စိတ်က ပိုကဲနေသည်။

ရှန်မို့ယခုအင်အားဖြင့် သူ့ကို ချက်ချင်း သတ်ပစ်နိုင်၏။

“ငါ… နတ်ဓားဂိုဏ်းကို မြန်မြန်ဝင်မှပဲ… ရှန်မိုက ကြောက်စရာကောင်းလွန်းတယ်”

တစ်ဖက်တွင် နတ်ရေစင်ဂိုဏ်းသားများသည် ဝမ်းနည်းပူဆွေးကာ ငိုယိုနေကြ၏။

ပိုင်ကျီယွဲ့ ရှန်မိုအား မုန်းလွန်း၍ ချက်ချင်းပင် ပြေး၍ သတ်ပစ်လိုက်ချင်သည်။

“ကျန်းမိုက မသေသေးပါဘူး… ဘယ်ဂိုဏ်းကမှ ဝင်မပါကြပါနဲ့”

အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင် မိုဟန်ရှန်မှ ဝင်ပြော၏။

“ခေါင်းဆောင်မို ပြောတာ မှန်တယ်”

“ထောက်ခံပါတယ်”

အခြားဂိုဏ်းခေါင်းဆောင်များလည်း သဘောတူကြ၏။

ပိုင်ကျီယွဲ့ အလွန်ဒေါသထွက်နေသော်လည်း မတတ်နိုင်ပေ။

ရှန်မိုမှ ကျန်းမိုဘေးသို့ ခပ်ဖြည်းဖြည်း လျှောက်လာ၏။

ထိုအချိန်တွင် ကျန်းမို၏ နောက်ဆုံးအသက်မျှဉ်းမျှဉ်းသာ ကျန်တော့၏။

သို့သော် သူ့မျက်ဝန်းများမှာ မုန်းတီးမှုအပြည့်ဖြင့် ရှန်မို့ကို မော့ကြည့်သည်။

အကြည့်ဖြင့် သတ်နိုင်လျှင်တော့ ရှန်မို့ကို အခါခါ သတ်ပြီးလေပြီ။

သို့သော် ရှန်မို လက်ဖျောက်တစ်ချက်တီးရုံဖြင့် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်မှာ ကျန်းမို နဖူးမှတစ်ဆင့် ထပ်တိုးဝင်သွား၏။

ကျန်းမို သွေးတစ်ချက်အန်ကာ လုံးဝ လဲကျသွားလေသည်။

“ကျန်းမို သေပြီ”

“အသေအကြေတိုက်ပွဲကြီးမှာ ချင်းရွှမ်က (၂) ပွဲ နိုင်သွားပြီ”

“စည်းမျဉ်းအရ နတ်ရေစင်ဂိုဏ်းကို ချင်းရွှမ်ဆီကို ပေါင်းရပါတော့မယ်”

ရှန်မို ပရိသတ်ဘက်ကိုလှည့်ကြည့်၍ အားရစွာ ပြောလိုက်သည်။

မူယုံးယွဲ့ စိတ်အေးသွားကာ သက်ပြင်းချ၍

“ချင်းရွှမ်ဂိုဏ်းသားတို့ ကျွန်မတို့ နိုင်သွားပါပြီ”

“နိုင်ပြီ နိုင်ပြီ”

ချင်းရွှမ်ဂိုဏ်းသားများ၏ ပျော်ရွှင်မှုကြောင့် ပရိသတ်များပါ ဝိုင်းဝန်းအော်ဟစ် အားပေးကြ၏။

ဝှစ် ဝှစ် ဝှစ်!

တောင်ထိပ်ပေါ်သို့ လူအချို့ တက်လာကြသည်။

မိုဟန်ရှန် ပြုံးလျက်

“ခေါင်းဆောင်ငယ်ရှန်ရဲ့ အင်အားကတော့ ဩချရလောက်ပါတယ်… တကယ့် မျိုးဆက်သစ်ထဲမှာ စံပြပဲ… အရမ်းလေးစားမိတယ်”

“ဒီလိုတပည့်မျိုးဖြစ်အောင် သင်ပြနိုင်တဲ့ ခေါင်းဆောင် မူယုံးယွဲ့ကိုလည်း ဂုဏ်ယူပါတယ်”

မူယုံးယွဲ့မှာ ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးရွှင်၍

“ခေါင်းဆောင်မိုရယ် မြှောက်လွန်းနေပါပြီ”

“ကျန်းမိုသေတော့ နတ်ရေစင်ဂိုဏ်းလည်း ချင်းရွှမ်နဲ့ ပေါင်းလိုက်ရပြီ… ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းထဲက လွတ်နေတဲ့နေရာကို ချင်းရွှမ် ပြန်ယူသင့်တယ်… အားလုံးရော ဘယ်လိုထင်လဲ”

ဗလတောင့်တောင့် ကျင့်ကြံသူတစ်ဦးမှ သူတို့ထံ လျှောက်လာရင်း ရယ်မော၍ ပြောလိုက်သည်။

မူယုံးယွဲ့ ထိုလူအား ပြုံး၍ ဦီးညွှတ်ကာ

“ခေါင်းဆောင်ဝမ်ပါ လာမယ်လို့ မထင်ထားဘူး… မတွေ့တာ ကြာပြီနော်”

ထိုလူ ရယ်မော၍

“ကျွန်တော်က ပြောရမှာပါဗျာ… မတွေ့တာကြာပေမဲ့ အရင်လို တောက်ပနေတုန်းပဲ”

ထိုလူမှာ တက်နေဝန်းဂိုဏ်းခေါင်းဆောင် ဝမ်ထျန်းကျန်ဖြစ်၏။ သူ ခပ်လှမ်းလှမ်းမှသာ စောင့်ကြည့်နေခဲ့ပြီး ပွဲပြီးမှ ရောက်လာခြင်း ဖြစ်၏။

“ခေါင်းဆောင်ငယ်ရှန်ရဲ့ အင်အားက ကြောက်စရာပဲ”

သူ လျှောက်လာရင်း ဘေးတွင် ဟုန်ချီလုံလည်း ပါလာသည်။

“ချီလုံ မင်း နောက်ဆို ရှန်မို့ဆီက ပြန်သင်ရမှာပဲ”

ဟုန်ချီလုံ ရယ်မော၍

“မစိုးရိမ်ပါနဲ့ ကျွန်တော်နဲ့ ရှန်မိုက အရင်တည်းက ခင်ကြပြီးသားပါ”

ရှန်မို ပြုံး၍ နှုတ်ဆက်လိုက်၏။

“မတွေ့တာ ကြာပြီနော်”

“ချင်းရွှမ်က ထိပ်တန်း (၅) ဂိုဏ်းထဲ ဝင်သင့်တာတော့ တကယ် အမှန်ပဲ… ဒီကိစ္စ သေချာ ဆွေးနွေးရမယ်”

နောက်ထပ်အသံတစ်ခု ထွက်လာပြီး မူယုံးယွဲ့အား ခပ်လှမ်းလှမ်းမှ ဦးညွှတ်နှုတ်ဆက်၏။

ရှန်မို လှမ်းကြည့်လိုက်ပြီး ထိုလူ့ဘေးတွင် ဝမ်ရန်ကျဲ ပါလာ၍ မိုးကြိုးမီးတောက်ဂိုဏ်းမှဖြစ်ကြောင်း သိလိုက်ရသည်။

ခေါင်းဆောင် ကျောက်လဲ့ဖုန် ဖြစ်သည်။

ရှန်မို ပြုံးကာ

“ခေါင်းဆောင်ကျောက်ပြောတာ မှန်ပါတယ်… နတ်ရေစင်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေအကုန် ချင်းရွှမ်က ယူလို့မဖြစ်နိုင်တော့ ထိပ်တန်း (၅) ဂိုဏ်းက စီစဉ်ရမှာပေါ့”

ထိုစကားကြောင့် ခေါင်းဆောင်များ ကျေနပ်သွားသည်။

ရှန်မိုလည်း အတူလိုက်ရယ်မောမိသည်။

“ချင်းရွှမ်ကို ထိပ်တန်း (၅) ဂိုဏ်းထဲထည့်ဖို့ စစ်ဆေးမှုတွေတော့ လုပ်ရဦးမယ်… လောလောဆယ် ထိပ်တန်း (၄) ဂိုဏ်အနေနဲ့ပဲ နေတာပေါ့… နောက်ပြီး ကျွန်တော်တို့ နတ်ဓားဂိုဏ်းက နတ်ရေစင်ဂိုဏ်းနဲ့ ပတ်သက်မှုရှိတော့ သူတို့ကိုပေးထားတဲ့ နယ်မြေတွေလည်း ကျွန်တော်တို့ပဲ ပြန်ထိန်းသိမ်းထားရမယ်”

ထိုစဉ် အသံတစ်ခု ရုတ်တရက် ထွက်လာလေသည်။

All Chapters