အသေအကြေတိုက်ခိုက်ကြမည်
Vol. 205 Ch. 3061
လုံဖုန့်၏ ဦးခေါင်းကို ကြည့်ပြီး နဂါးများ၏ ပူဆွေးဝမ်းနည်းဖွယ်ရာ အော်ရာများက မီးပဒေသာနဂါးကြယ်ပေါ်မှာ လျင်မြန်စွာဖြန့်ကြက်သွား၏။
နဂါးတချို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုအရိပ်အယောင်များပင် ပေါ်ထွက်လာ၏။
သူတို့၏ စိတ်ဓာတ်က ကျဆင်းသွားသည်နှင့် မီးပဒေသာနဂါးကြယ်ပေါ်ရှိဝင်္ကပါက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အကျိုးမထူးနိုင်တော့ပေ။
အထွတ်အထိပ်နဂါးဘုရင်နှစ်ဦးဖြစ်သော နဂါးဘုရင်လင်းရောင်ခြည်နှင့် နဂါးဘုရင်စိတ်ဝိညာဉ်မှာပင်လျှင် ယခင်ကကဲ့သို့ တိုက်ပွဲဝင်စိတ်ဝိညာဉ်များ ဆက်လက်၍ မရှိတော့ပေ။
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
နဂါးမျိုးနွယ်မှာ အတွင်းရေးပြဿနာများနှင့် အပြင်ရေးပြဿနာများရှိနေပြီး ကပ်ဘေးတစ်ခုက ကျရောက်လာပေတော့မည်။
အစကနေယခုအချိန်ထိ ဆူဇီမိုသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုခြင်း မရှိခဲ့ပေ။ တစ်ဘက်မှာတော့ နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲကို နဂါးမျိုးနွယ်၏ စီးပိုးခြယ်လှယ်စွာသိမ်းပိုက်မှုများကနေ ဖြစ်ပေါ်လာစေခဲ့၏။
နဂါးမျိုးနွယ်သည် လက်ရှိအခြေအနေအတွက် သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေမည်။
တစ်ဘက်မှာတော့ မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲအပြီးမှာ တျဲယွဲ့က ဒဏ်ရာရရှိထား၏။
သိုင်းတာအိုပင်မခန္ဓာက သူမကို တစ်ချိန်လုံးစောင့်ရှောက်ပေးနေပြီး တိတ်တဆိတ်ကျင့်ကြံနေ၏။
သူက သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူနှင့်အတူ အဆင့်ချိုးဖျက်တက်လှမ်းဖို့ကြိုးစားနေစဉ် တစ်ချိန်တည်းမှာ တျဲယွဲ့ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး သာမန်ကာလျှံကာ ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။
တကယ်တော့ မီးပဒေသာနဂါးကြယ်ပေါ်မှာ ဖြစ်ပျက်ခဲ့သောတစ်စုံတစ်ရာသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲနှင့်ပတ်သက်၍ ဆူဇီမိုကို နောက်ထပ်ထင်မြင်ယူဆချက်တချို့ပေးလာခဲ့၏။
နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲကို စုန်းမျိုးနွယ်မှ သွေးထိုးလှုံ့ဆော်ခဲ့ခြင်းဖြစ်ဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။
နဂါးကမ္ဘာသည် လက်ရှိအခြေအနေသို့ ကျရောက်ခဲ့သည်မှာလည်း စုန်းမျိုးနွယ်နှင့် ပတ်သက်ဆက်စပ်နေနိုင်သလား။
တကယ်တော့ ထိုသည်က သူ၏ ခန့်မှန်းချက်သာဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာကို လှမ်းခေါ်ဖို့အတွက် မလုံလောက်ပေ။
“နဂါးဘုရင်စိတ်ဝိညာဉ်… နဂါးဘုရင်လင်းရောင်ခြည်”
ဘုရင်ရှစ်ရှန်က အသံကို နောက်တဖန်မြှင့်ကာ ပြောလိုက်၏။
“မင်းတို့ရဲ့ နဂါးခန္ဓာတွေက သိပ်မဆိုးဘူးလို့ငါထင်တယ်… မင်းတို့က အခုချိန်မှာလက်လျှော့ပြီး အညံ့ခံမယ်ဆိုရင် ငါက မင်းတို့ရဲ့အလောင်းတွေကို ပုံမပျက်ချန်ထားပေးဖို့ ကတိပေးတယ်”
ဘုရင်ရှစ်ရှန်ပြောပုံအရ အထွတ်အထိပ်နဂါးဘုရင်နှစ်ဦး၏ အလောင်းများကို ပုံမပျက်ချန်ထားပေးခြင်းကပင် သူတို့အတွက် ကြီးမားသည့် ဂုဏ်ကျက်သရေဖြစ်နေသည့်အလားပင်။
ဘုရင်ရှစ်ရှန်က ထပ်မံ၍ပြုံးကာ ပြောလိုက်၏။
“နောက်ပြီး မင်းတို့တွေက ဘဝအသစ်တစ်ခုကိုရရှိပြီး လောကမှာ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ဆက်ရှင်သန်နိုင်ဦးမယ်”
ထိုစကားကိုကြားသောအခါ အုတ်ဂူကမ္ဘာ ကျင့်ကြံသူများစွာက ရယ်မောလိုက်ကြ၏။
ဘဝအသစ်ဆိုသည်မှာ ဘုရင်ရှစ်ရှန်က သူ၏ တိုက်ပွဲဝင်အလောင်းများအဖြစ် သန့်စင်မွမ်းမံမည်ကို ဆိုလိုခြင်းသာဖြစ်၏။
နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်၏ အမူအရာတို့က သုန်မှုန်သွားပြီး နှုတ်ဆိတ်နေကြ၏။
နဂါးမျိုးနွယ်သည် ဘယ်အချိန်တုန်းက ဤကဲ့သို့ အနိုင်ကျင့်စော်ကားခံခဲ့ရဖူးလို့လဲ။
သူတို့ကျင့်ကြံမှုများ၏ ဤအဆင့်ထိ သူတို့သည် ဤကဲ့သို့သောအရှက်ခွဲမှုနှင့် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးပေ။
သူတို့က စတင်၍ အညံ့ခံမည်ဆိုလျှင်တောင် သူတို့၏ အလောင်းများ အကောင်းတိုင်းကျန်ရှိရုံကိုသာ လုပ်နိုင်ပေလိမ့်မည်။
“နဂါးဘုရင်စိတ်ဝိညာဉ်… ငါ့အထင်တော့ ငါတို့တွေက…”
နဂါးဘုရင်တစ်ဦးက အခက်တွေ့နေသည့်အလား ရှေ့သို့ထွက်ကာ တုံ့ဆိုင်းစွာဖြင့်ပြောလိုက်၏။
“ငါတို့ရဲ့ ရောင်းရင်းမျိုးနွယ်ဝင်တို့..”
သူ့စကားမဆုံးသေးခင် နဂါးဘုရင်စိတ်ဝိညာဉ်က သူ့ကို ဖြတ်ပြောပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ လေးနက်သောအသံဖြင့်ပြောလိုက်၏။
“နဂါးကျွန်းမှာရှိတဲ့ ဧကရာဇ်အဆင့်တိုက်ပွဲရဲ့ အခြေအနေကို ငါမသိဘူး… ဒါပေမဲ့ နဂါးဧကရာဇ်တွေက သေချာပေါက် လက်မလျှော့ဘဲ အသေအကြေတိုက်ခိုက်ကြမယ်လို့ ငါယုံတယ်”
“နဂါးမျိုးနွယ်က သေရေးရှင်ရေး အခြေအနေမှာ ကျရောက်လာခဲ့ပြီပဲ… ငါတို့က အခုချိန်မှာ နောက်ကို ဆုတ်ပေးမယ်ဆိုရင် ငါတို့မျိုးနွယ်တစ်စုလုံးက ချေမှုန်းသုတ်သင်ခံရလိမ့်မယ်”
“အားလုံးပဲ… ငါတို့က နဂါးမျိုးနွယ်ဆိုတာကို မမေ့လိုက်နဲ့.. နဂါးမျိုးနွယ်က အညံ့ခံဖို့ထက် တိုက်ပွဲထဲမှာပဲ အသေခံလိမ့်မယ်”
နဂါးဘုရင်စိတ်ဝိညာဉ်၏ လွှမ်းမိုးနိုင်သောအသံက မီးပဒေသာနဂါးကြယ်၏ တစ်ထောင့်တစ်နေရာမကျန်ပျံ့နှံ့သွားပြီး ပဲ့တင်ထပ်သွားလေသည်။ နဂါးတချို့မှာရှိသော တိုက်ပွဲဝင်စိတ်ဝိညာဉ်က တဖြည်းဖြည်းနိုးထလာကြ၏။
“ငါက အညံ့ခံဖို့ထက် တိုက်ပွဲမှာပဲ အသေခံမယ်”
နဂါးဘုရင်လင်းရောင်ခြည်၏ ကျယ်လောင်သော တုံ့ပြန်မှုမှာ နဂါးများသည် နဂါးဟိန်းသံများကို တဖြည်းဖြည်းထုတ်ဖော်လိုက်ကြပြီး ခံ့ညားထည်ဝါသော အသံလှိုင်းအော်ရာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း ဤကဲ့သို့သောအော်ရာတစ်ခုသည် အပြင်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်ထက် များစွာနိမ့်ကျနေဆဲဖြစ်၏။
“ဟဲဟဲ”
မင်းတို့တွေ ဘာလို့ဒီလိုလုပ်ရမှာလဲ”
ဘုရင်ရှစ်ရှန်က ခုခံဆန့်ကျင်လိုဆဲဖြစ်သော မီးပဒေသာနဂါးကြယ်ပေါ်မှ နဂါးများကို ကြည့်လိုက်၏။ သူက လှောင်ပြောင်သရော်လိုသောအမူအရာနှင့်အတူ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“ပကတိခွန်အားရဲ့ရှေ့မှာ တိုက်ပွဲဝင်စိတ်ဝိညာဉ်နဲ့ သွေးဆာရက်စက်မှုတွေက ဘာမှမဟုတ်တော့ဘူး.. ငါတို့တွေက သူတိုကို နင်းခြေသတ်ဖြတ်လိုက်ရုံပဲ”
“အားလုံးပဲ ငါ့အတွက် ဝင်္ကပါကို ဖျက်ဆီးပေးကြ”
ဘုရင်ရှစ်ရှန်က ရေခဲတမျှအေးစက်နေသောအကြည့်နှင့်အတူ ရှေ့သို့လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ဝင်္ကပါကို ချိုးဖျက်ပြီးရင် မီးပဒေသာနဂါးကြယ်ကို သွေးနဲ့ဆေးကြောပစ်မယ်… အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှမရှိစေနဲ့”
ဝုန်း…
သူ့ထံမှ အမိန့်ပေးသံတစ်ချက်နှင့်အတူ ကောင်းကင်လိုဏ်ဂူငါးထောင်ကျော်က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။ နတ်ဘုရားလက်နက်ထောင်ချီက နတ်ဘုရာအလင်းများအသွင်ပြောင်းလဲပြီး မိုးပေါက်များကဲ့သို့ ကျဆင်းလာ၏။
တစ်ချိန်တည်းမှာပင် မီးပဒေသာနဂါးကြယ်၏ ဝင်္ကပါက အသက်ဝင်လာပြီး ကြယ်၏ ဘေးပတ်လည်မှာ နီရဲနေသော အကာအရံအလွှာတစ်ခုကို စုဖွဲ့လိုက်၏။ မှော်စာလုံးများစွာက ၎င်းပေါ်မှာ ပေါ်ထွက်လာပြီး မီးတောက်များနှင့်အတူ လောင်ကျွမ်းနေ၏။
ဝုန်း… ဝုန်း.. ဝုန်း…
နတ်ဘုရားလက်နက်များစွာက ဆင်းသက်လာပြီး ဝင်္ကပါကို ထိခတ်ကာ ကျယ်လောင်သော ပေါက်ကွဲသံများကို ဆက်တိုက်ထွက်ပေါ်လာစေ၏။
ဝင်္ကပါက စတင်ယိမ်းထိုးပြီး ၎င်းပေါ်မှာရှိသော မှော်စာလုံးများက တဖျတ်ဖျတ်ဖြစ်ကာ အချိန်မရွေးပျက်ပြယ်သွားနိုင်သည့် လက္ခဏာများပြသလာ၏။
ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်က သူတို့၏ အစွမ်းကုန်နှင့် မတိုက်ခိုက်ရသေးခင် သူတို့၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်လိုက်ရုံမျှနှင့် ကြယ်ကာကွယ်ရေးဝင်္ကပါက ဆက်လက်၍ မခုခံနိုင်တော့ဘဲ အန္တရာယ်ကျရောက်လာ၏။
ထိုသည်ကို တွေ့မြင်သောအခါ ဘုရင်ရှစ်ရှန်နှင့် အခြားသူများက သူတို့၏ ခေါင်းများကို မော့ကာ ရယ်မောလိုက်ကြ၏။
မီးပဒေသာနဂါးကြယ်ပေါ်ရှိ နဂါးများကတော့ ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ မျက်လုံးများက အေးစက်လာခဲ့၏။
ယခုတင် ထွန်းညှိလာသော တိုက်ပွဲဝင်စိတ်ဝိညာည်ကလည်း လျင်မြန်စွာ ငြိမ်းသေသွားလေသည်။
ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
သူတို့သည် နဂါးဘုရင်သုံးလေးဆယ်မျှနှင့် ထိုအင်အားကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။
“ဖွီ…”
ရုတ်တရက် ဝင်္ကပါမျက်လုံးကို စောင့်ကြပ်နေသော နဂါးတစ်ကောင်က ဆတ်ခနဲတုန်ယင်သွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။ သူတို့သည် ဝင်္ကပါ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်မှာ သိသာနေ၏။
ဖျောက်… ဖျောက်… ဖျောက်…
နဂါးနှစ်ကောင်စောင့်ကြပ်နေသော ဝင်္ကပါမျက်လုံးက အက်ကွဲသွားပြီး ကြေမွတော့မည့်ဆဲဆဲဖြစ်၏။
ကြယ်ကာကွယ်ရေးဝင်္ကပါပေါ်မှာလည်း အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။
“သွားပါပြီ”
ထိုသည်ကိုတွေ့မြင်သောအခါ နဂါးများစွာ၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်လာ၏။
နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်၏ မျက်လုံးများကပင် တဖြည်းဖြည်းမှေးမှိန်လာခဲ့၏။ သူတို့၏ စိတ်များထဲမှာ အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
“မီးပဒေသာနဂါးကြယ်က သွားရှာပြီ”
လုံရန်က မလုံမလဲအကြည့်နှင့်အတူ ဆူဇီမိုကို ကြည့်ပြီး သက်ပြင်းချလိုက်၏။
“ဇီမို… အဲဒါတွေအားလုံးက ငါ့ကြောင့်ပဲ.. အခုတော့ မင်းပါ ဒုက္ခရောက်ရပြီ”
ခဏမျှ ရပ်တန့်ပြီးနောက် လုံရန်က သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“မင်းရဲ့ သိုင်းတာအိုပင်မခန္ဓာက နောက်ကျရင် ငါတို့အတွက် လက်စားချေပေးဖို့ကိုပဲ ငါမျှော်လင့်နိုင်တော့မယ်”
“အဆင်ပြေပါတယ်… ကျုပ်ခင်ဗျားတို့ကို ခေါ်သွားပေးမယ်”
ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“ဟမ်”
လုံရန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာ၏။
သူက အလောတကြီးမေးမြန်းလိုက်၏။
“မင်းရဲ့ သိုင်းတာအိုပင်မခန္ဓာက ဒီနားမှာရှိနေတာလား”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
လုံရန်က ပြန်တွေးကြည့်ရင်း ခါးသီးစွာပြုံးလိုက်၏။
“ဟုတ်တာပေါ့… အထီးကျန်သိုင်းသခင်က မဟာအရိုင်းကမ္ဘာမှာရှိတာပဲ.. သူက အခုချိန်မှာ လှုပ်ရှားမယ်ဆိုရင်တောင် ဒီကိုရောက်လာဖို့ အနည်းဆုံး တစ်ရက်လောက် အချိန်ယူရလိမ့်မယ်”
တျဲယွဲ့ကလွဲလျှင် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို မည်သူကမှ သိရှိမထားဘဲ ဆူဇီမိုကလည်း ရှင်းပြမနေပေ။
ဆူဇီမိုသည် မီးပဒေသာနဂါးကြယ်၏ အပြင်ဘက်သို့ ထွက်ခွာဖို့ မျောက်၊ လုံရန်နှင့် ကူကယ်ရာမဲ့စွာ စိုးရိမ်ပူပန်နေသော လုံလီကိုသာ လှမ်းခေါ်လိုက်၏။
“ကျွန်မ..ကျွန်မတို့ ဘယ်ကိုသွားမှာလဲ”
လုံလီ၏ အမူအယာက ငေးငိုင်ပျောက်ဆုံးနေ၏။
“အဲဒါနဲ့ပတ်သက်ပြီး ပူမနေနဲ့ သွားစရာရှိတာသွားကြတာပေါ့”
မျောက်က လှမ်းခေါ်လိုက်၏။
သူသည် ဤကဲ့သို့ ရှုပ်ထွေးသောအရာများနှင့်ပတ်သက်၍ အရေးလုပ်ပြီး စဉ်းစားမနေနိုင်ပေ။ မည်သို့ပင်ဆိုစေ ဆူဇီမိုနောက်သို့ လိုက်ပါခြင်းက ဘယ်တုန်းကမှ မမှားခဲ့ဖူးပေ။
မျောက်နှင့်အခြားနှစ်ယောက်သည် ဆူဇီမိုနောက်သို့ လိုက်ပါလာပြီး မီးပဒေသနဂါးကြယ်၏ အပြင်ဘက်သို့ ဦးတည်လိုက်၏။
နဂါးများစွာက သူတို့လေးယောက်၏ လှုပ်ရှားမှုများကို သတိထားမိသွား၏။
နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်ကလည်း အလိုလိုလှည့်ကြည့်လိုက်ကြ၏။
နဂါးတစ်ကောင်က မလှမ်းမကမ်းသို့ ယခုတင်ဖြတ်သန်းသွားသော ဆူဇီမိုကိုကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်၏။
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ”
“ထွက်သွားမလို့”
ဆူဇီမိုက ရဲတင်းစွာပြန်ဖြေလိုက်၏။
“ဟွန့်”
နဂါးဘုရင်က မှင်တက်သွား၏။
အခြားသောနဂါးများက ထိုအဖြေစကားကိုကြားသောအခါ သူတို့ကလည်း ကြက်သေသေသွားပြီး အဲဒါက အလွန်တရာအဓိပ္ပါယ်မရှိဟု ခံစားနေရ၏။
သူတို့သည် သေရေးရှင်ရေးအခြေအနေမှာ ကျရောက်နေခြင်းကြောင့်မဟုတ်လျှင် သူတို့က ကျယ်လောင်စွာလှောင်ရယ်မိကြပေလိမ့်မည်။
“ဒီလူသားဘုရင်က အကြောက်လွန်ပြီး ရူးသွားတာလား… အခုချိန်မှာ ထွက်သွားမလို့လား.. သူက အပြင်ဘက်မှာရှိတဲ့ အခြေအနေနဲ့ ဘယ်ကိုသွားချင်သေးလို့လဲ”
“အခုချိန်မှာ မီးပဒေသာနဂါးကြယ်ကနေ လူတစ်ယောက်မပြောနဲ့ ခြင်တစ်ကောင်တောင်မှ ထွက်မသွားနိုင်ဘူး”
“ဟဲဟဲ… သူက အတော်လေးဇွဲကောင်းတာပဲ… သူက ခန်းမထဲမှာကတည်းက ထွက်သွားချင်နေတာ.. အခုလိုအချိန်မျိုးမှာလည်း သူက ထွက်သွားဖို့ စဉ်းစားနေတုန်းပဲ”
နဂါးဘုရင်တစ်ဦးက ခန်းမထဲမှာ လူသားဘုရင်က အလွန်တရာမောက်မာဝင့်ကြွားခဲ့သည်ကို ရှင်းရှင်းလင်းလင်းအမှတ်ရနေ၏။ သူသည် နဂါးဘုရင်များစွာနှင့် အတိုက်အခံပြုလုပ်ပြီး ဤနေရာမှာ မည်သူကမှ သူ့ကိုမတားဆီးနိုင်ဟုပင် ထုတ်ဖော်ကြေညာခဲ့လေသည်။
“အခုချိန်မှာ မင်းထွက်သွားနိုင်တယ်… ငါတို့တွေ မင်းကိုတားမှာမဟုတ်ဘူး”
နဂါးဘုရင်က လှောင်ရယ်လိုက်၏။