← Chapters

ကြောက်လန့်တကြား ထွက်ပြေးကြခြင်း

Vol. 205 Ch. 3070

ကြောက်လန့်တကြား ထွက်ပြေးကြခြင်း

Vol. 205 Ch. 3070

ဤနေရာမှာ အထွတ်အထိပ်ဘုရင် ၁၀၀ကျော် ကျန်ရှိနေဆဲဖြစ်၏။ သူတို့ထဲမှာ တချို့က အလျှော့မပေးဘဲ နောက်ဆုံးအလောင်းအစားကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေ သူတို့မှာ ကောင်းကင်လိုဏ်ဂူအရေအတွက် ၃၀၀၀ကျော် ကျန်ရှိနေဆဲဖြစ်သည်။ ထိုအရေအတွက်က ကောင်းကောင်းလုံလောက်နေ၏။

သူတို့က မျက်နှာပျက်စွာဖြင့် ပြန်သွားရမည်က အချက်တစ်ချက်သာဖြစ်ပြီး အဲ့ဒါထက် သူတို့က မချင့်မရဲဖြစ်နေကြ၏။

အုတ်ဂူကမ္ဘာ၏ ဦးဆောင်မှုနှင့် အတွင်းပိုင်းမှာ နဂါးဘုရင် မီးပဒေသာ၏ ပူးပေါင်းမှုနှင့်အတူ ဤတစ်ခေါက် မီးပဒေသာနဂါးပိုင်နက်နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ခြင်းက မည့်သည့်ပြဿနာနှင့်မှ မကြုံတွေ့ရသင့်ပေ။

သို့သော်လည်း လူသားဘုရင်တစ်ဦးက ရုတ်တရက်ပေါ်ထွက်လာပြီး ဤကဲ့သို့ တုန်လှုပ်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်လာလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါမလဲ။

တိုက်ပွဲ၏ ဤအခြေအနေအရောက်ထိ အသက်တစ်ရာရှိုက်စာမပြည့်ခင် ဘုရင် ၁၀၀၀ ကျော် သေဆုံးသွားပြီဖြစ်၏။

တစ်ဖက်မှာ တိုက်ခိုက်နေသည့်သူက လူတစ်ယောက်တည်းသာ ဖြစ်သည်။

ကျန်ရှိနေသော အထွတ်အထိပ်ဘုရင်များ၏ စိတ်ထဲမှာ ထိုအတွေးက လှည့်ပတ်နေ၏။

အထွတ်အထိပ်ဘုရင်များသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များနှင့်အတူ တစ်ယောက်ကိုတစ်ယောက် အသံများ ပို့လွှတ်ဆက်သွယ်ကာ အတူပူးပေါင်းတိုက်ခိုက်ဖို့ အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်ကြ၏။

သူတို့ ကျရှုံးသွားမည်ဆိုလျှင် လူတိုင်းက ချက်ချင်း ထွက်ပြေးလွတ်မြောက်နိုင်သေးလေသည်။

ရုတ်တရက် အလွန်တရာ ပြင်းထန်ကြမ်းတမ်းသော စိတ်ဝိညာဉ်အသိစိတ်အတက်အကျတစ်ခုက ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်ထွက်လာ၏။ အထွတ်အထိပ်ဘုရင် လေးငါးခြောက်ဆယ်က နောက်တစ်ဖန် ပူးပေါင်းပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို တစ်ချိန်တည်းမှာ လှည့်ပတ်ကာ ဆူဇီမိုထံ စိတ်ဝိညာဉ်အသိစိတ်တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။

ဆူဇီမိုသည် ချင်းဖျင်ဓားကို ထိန်းချုပ်၍ ဘုရင်ရှစ်ရှန်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည့် မြင်ကွင်းကို သူတို့က ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။

သို့သော်လည်း ချင်းဖျင်ဓားက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ ၎င်းသည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။

ဒါ့အပြင် တိုက်ပွဲ၏ ဤအခြေအနေအရောက်မှာ ဆူဇီမိုသည် သူ၏ ကြောက်စရာကောင်း၍ စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို တစ်ချိန်လုံး ထိန်းသိမ်းထားရ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်ကုန်ဆုံးမှုကလည်း သေချာပေါက် အလွန်တရာကြီးမားပေလိမ့်မည်။

ဤလူက ခေါင်းလေးလုံး လက်ရှစ်ဖက် အခြေအနေမှာ အနီးကပ်တိုက်ခိုက်ရည်တွင် ယှဉ်ပြိုင်ကင်းနေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားခြင်းသည် အလှည့်အပြောင်းကို ဖြစ်စေနိုင်သည့် သူတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သူတို့က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်မည်ဆိုလျှင် အချိန်မရွေး ဆုတ်ခွာသွားနိုင်၏။

အထွတ်အထိပ်ဘုရင်များ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များစွာက လေထုကို တိတ်တဆိတ် ဆုတ်ဖြဲလာခဲ့၏။ သူတို့ဖြတ်သွားရာ နေရာတိုင်းမှာ ကြယ်တာရာကောင်းကင်က တုန်ခါ၍ ဝဲဂယက်များ ဖြာထွက်လာ၏။

ဆူဇီမိုသည် သူ၏ နှာရောင်ကို သူ၏ လက်ညှိုးဖြင့် ညင်သာစွာထိပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ လျှို့ဝှက်အတတ်တစ်ခုကို စုဖွဲ့လိုက်သည်။ နဂါးကြေးခွံတစ်ခုက သူ၏ ရှေ့မှာ ပေါ်ထွက်လာလေသည်။

ဘက်ပြန်ကြေးခွံ…

သူတို့က ထိုလျှို့ဝှက်အတတ်ကို တွေ့မြင်သောအခါ နဂါးများက အဲဒါကို ချက်ချင်းမှတ်မိသိရှိသွားပြီး ထူးဆန်းသော အမူအရာများနှင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များစွာက ဘက်ပြန်ကြေးခွံနှင့် တိတ်တဆိတ် ထိခတ်သွား၏။ ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ အထွတ်အထိပ်ဘုရင်များစွာက တဆတ်ဆတ်တုန်ယင်သွားပြီး နာကျင်နေသော အမူအရာများနှင့်အတူ ညည်းတွားအော်ဟစ်လိုက်ကြ၏။

သူတို့ထင်မှတ်ထားသည့်အတိုင်းပင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက တကယ်ပင် ကြီးမားစွာ ကုန်ခန်းနေသည်။

မဟုတ်ပါက ဤဘက်ပြန်ကြေးခွံကပင် သူတို့ကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

အထွတ်အထိပ်ဘုရင်များစွာ၏ အမြုတေစိတ်ဝိညာဉ်များက ရိုက်ခတ်ခံလိုက်ရပြီး သူတို့၏ အသိစိတ်များက ခဏကြာသည်အထိ ဗလာကျင်းသွား၏။ ထိုအခွင့်အလမ်းကို ချိန်ဆပြီး ဆူဇီမိုက ကောင်းကင်ဘုံနတ်ဘုရား ၁၂ပါးနှင့်အတူ လေထဲကနေ ဆင်းသက်ကာ တောအုပ်ထဲသို့ ရောက်ရှိသွားသော ကျားတစ်ကောင်ကဲ့သို့ အဘက်ဘက်မှာ ဝင်ရောက်သတ်ဖြတ်နေ၏။

ဤမြင်ကွင်းသည် လူတိုင်း၏ နှလုံးသားထဲမှ နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ဖြစ်၏။

ကျန်ရှိနေသော ကောင်းကင်လိုဏ်ဂူဘုရင် ၃၀၀၀ကျော်က ကြောက်ရွံ့စွာဖြင့် တုန်ယင်နေပြီး သူတို့၏ စိတ်များက လုံးလုံးလျားလျား လဲပြိုကျသွား၏။ ခုခံဆန့်ကျင်တိုက်ခိုက်မည့် အတွေးများအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူတို့က အသည်းအသန်ဖြင့် ခြေဦးတည့်ရာ လှည့်ထွက်ပြေးလိုက်ကြ၏။

ဆူဇီမိုသည် ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်ပြီး သူတို့နောက်သို့ ဆက်လိုက်သွားခြင်းမရှိပေ။ သူက တိုက်ပွဲဝိညာဉ်ကို ပယ်ဖျက်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဤကောင်းကင်လိုဏ်ဂူဘုရင်များက သေရမည်ကို လုံးဝမကြောက်ရွံ့ဘူးဆိုလျှင် သူ့အနေဖြင့် ကိုင်တွယ်ရ ခက်ခဲသွားပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် မည်သူကမှ အလကားသက်သက် မသေချင်ကြပေ။

ဤနေရာမှာ ကမ္ဘာ ၁၀၀ကျော်မှ ကျင့်ကြံသူများက စုဝေးရောက်ရှိလာခဲ့ကြ၏။ ဤဘုရင်များအားလုံးသည် နဂါးကမ္ဘာထံမှ အကျိုးအမြတ်ထုတ်လိုသောကြောင့် ရောက်ရှိလာကြခြင်းဖြစ်၏။ မည်သူကမှ မသေလိုကြပေ။

မီးပဒေသာနဂါးကြယ်နှင့် မလှမ်းမကမ်းမှာ ကြယ်တာရာကောင်းကင်က ပွင့်ထွက်သွားပြီး နဂါးဘုရင်မ ဦးချိုမဲ့က ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းထွက်လာ၏။

သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော သွေးနံ့က ဖြာထွက်နေ၏။ သူမက ဒဏ်ရာအပြင်းအထန် ရရှိထားသည်မှာ သိသာလေသည်။ သို့သော်လည်း သူမ၏ အကြည့်က အေးစက်နေ၏။ သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို လျစ်လျူရှုလိုက်၏။ သူမက မီးပဒေသာနဂါးကြယ်ရှိရာသို့ သူမ၏ အစွမ်းကုန်နှင့်အတူ ပြေးသွားလိုက်လေသည်။

ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေက ကျရှုံးသွားခဲ့ပြီဖြစ်သည်။

သူမသည် အန္တရာယ်ကို ကြိုတင်အာရုံခံမိပြီး မျိုးနွယ်ဝင်များစွာနှင့်အတူ နဂါးကျွန်းရှိရာသို့ ဆုတ်ခွာသွားခဲ့သော်လည်း သူမသည် သွေးကမ္ဘာနှင့် ကမ္ဘာ ၁၀၀ကျော်မှ စစ်တပ်များဖြင့် အမဲလိုက်ခြင်း ခံခဲ့ရဆဲဖြစ်သည်။ နဂါးမျိုးနွယ်က ကြီးမားသော သေကြေပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။ မျိုးနွယ်ဝင်တစ်ဝက်သာလျှင် နဂါးကျွန်းသို့ အသက်ရှင်လျက် ရောက်ရှိလာနိုင်ခဲ့လေသည်။

ထို့နောက် သူမသည် လုံလီထံမှ သတင်းပေးပို့မှုကို လက်ခံရရှိခဲ့သည်။

နဂါးဘုရင်မ ဦးချိုမဲ့က ထိုသည်ကို တွေ့မြင်သည့်ခဏမှာပင် ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွားခဲ့၏။ သူမက စိုးရိမ်ပူပန်စွာဖြင့် လေဟာနယ်ကို ဆုတ်ဖြဲပြီး မီးပဒေသာနဂါးကြယ်ပေါ်သို့ ဆင်းသက်လိုခဲ့လေသည်။

သို့သော်လည်း မီးပဒေသာနဂါးကြယ်၏ ဘေးပတ်လည်မှာရှိသော လေဟာနယ်က ချိတ်ပိတ်ခံထားရပြီဖြစ်သည်။

သူမသည် အနီးအနားကြယ်တာရာကောင်းကင်သို့သာ ရောက်ရှိလာနိုင်ပြီး မီးပဒေသာနဂါးကြယ်ရှိရာသို့ အပြေးအလွှား သုတ်ခြေတင်လာခဲ့လေသည်။

ထိုကြန့်ကြာမှုနှင့်အတူ နဂါးဘုရင်မ ဦးချိုမဲ့က မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေပြီဖြစ်သည်။

ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေမှ နဂါးတချို့ သစ္စာဖောက်ရုံမျှနှင့် ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေက ကျရှုံးသွားပြီး ကြီးမားသော သေကြေပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။

နဂါးဘုရင်မီးပဒေသာက နဂါးမျိုးနွယ်ကို သစ္စာဖောက်မည်ဆိုလျှင် မီးပဒေသာနဂါးကြယ်ရှိ မျိုးနွယ်ဝင်များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရလိမ့်မည်ဖြစ်ပြီး လုံလီနှင့် အခြားသူများအနေဖြင့် အသက်ရှင်လျက် ထွက်ခွာဖို့ လွယ်ကူတော့မည် မဟုတ်ပေ။

“နဂါးမျိုးနွယ်ကတော့ သွားပါပြီ”

ယနေ့ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို ပြန်လည်စဉ်းစားရင်း နဂါးဘုရင်မ ဦးချိုမဲ့က ရုတ်တရက် ပူဆွေးဝမ်းနည်းလာခဲ့၏။

နဂါးမျိုးနွယ်က ဒီအခြေအနေထိ ဘယ်လိုလုပ်ကျဆင်းသွားရတာလဲ။

သူမက မီးပဒေသာနဂါးကြယ်သို့ ရောက်ရှိမလာခင် နဂါးဘုရင်မ ဦးချိုမဲ့သည် သန်မာသော သွေးနံ့ကို ရရှိနေပြီဖြစ်၏။

ထိုသို့ဖြစ်လာမည်ကို ကြိုတွေးသော်လည်း သူမက ရင်ထဲမှာ နင့်ခနဲဖြစ်သွားဆဲပင်။

လီအာက ကံကြမ္မာဆိုးနှင့် ကြုံတွေ့သွားမယ်ဆိုရင်…

နဂါးဘုရင်မ ဦးချိုမဲ့က သူမ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး သူမ၏ ရင်ထဲရှိ ပူဆွေးသောကနှင့် မကျေမချမ်းဖြစ်မှုကို မဖိနှိမ်နိုင်ပေ။

သူမသည် ခေါင်းမော့ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

ခြောက်သွေ့အက်ကွဲနေသော နဂါးဟိန်းသံက ထွက်ပေါ်လာခဲ့လေသည်။

“ဂါး…”

သိပ်မကြာခင် နဂါးဟိန်းသံတစ်သံကလည်း မီးပဒေသာနဂါးကြယ်ရှိရာဘက်ကနေ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

ထိုအသံက လုံလီ၏အသံ ဖြစ်သည်။

နဂါးဘုရင်မ ဦးချိုမဲ့က ခဏမျှ မှင်တက်သွားပြီးနောက် သူမ၏ မျက်နှာပေါ်မှာ ဝမ်းသာပီတိအကြည့်က ပေါ်ထွက်လာ၏။ သူမက ခပ်မြန်မြန်သုတ်ခြေတင်ပြီး မီးပဒေသာနဂါးကြယ်ရှိရာသို့ အသည်းအသန်ပြေးလာလေသည်။

လီအာက အသက်ရှင်နေဆဲဖြစ်၏။

သိပ်မကြာခင် နဂါးဘုရင်မ ဦးချိုမဲ့က မီးပဒေသာနဂါးကြယ်အနီးအနားသို့ ရောက်ရှိလာခဲ့၏။

“အမေ..”

မီးပဒေသာနဂါးကြယ်ပေါ်မှာ လုံလီက လက်ပြပြီး လှမ်းအော်ခေါ်လိုက်၏။

နဂါးဘုရင်မ ဦးချိုမဲ့က လုံလီ အဆင်ပြေသည်ကို တွေ့မြင်သောအခါ သူမက နောက်ဆုံးမှာ စိတ်သက်သာရာရသွား၏။

ထိုအခိုက်အတန့်မှာ သူမ၏ ဘေးပတ်လည်ရှိ ချောက်ချားစရာကောင်းသော သွေးသံရဲရဲတိုက်ပွဲနယ်မြေကို နောက်ဆုံးမှာ သူမက သတိထားမိသွား၏။

ကြယ်တာရာကောင်းကင်ထဲမှာ ကောင်းကင်လိုဏ်ဂူဘုရင်များစွာ၏ အလောင်းများက လွင့်မျောနေ၏။ သူတို့၏ သွေးများက ပူနွေးနေဆဲဖြစ်ပြီး မရေမတွက်နိုင်သော သိုလှောင်အိတ်များနှင့် ကောင်းကင်လိုဏ်ဂူအပိုင်းအစများက ကြေမွပြန့်ကျဲနေ၏။

တစ်ချက်ကြည့်ရုံမျှနှင့် ဘုရင်များ၏ သွေးများက ကြယ်တာရာကောင်းကင်ထဲမှာ ပြည့်နှက်နေပြီး အလွန်တရာ တုန်လှုပ်စရာကောင်းနေသည်။

ချောက်ချားစရာကောင်းသော ဤတိုက်ပွဲနယ်မြေမှာ လမ်းလျှောက်နေသည့် သက်ရှိတစ်ဦးတည်းသာလျှင် ရှိလေသည်။

ထိုလူက အနည်းငယ်အားနည်းသည့်ပုံပေါ်ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော တိုက်ပွဲနယ်မြေနှင့် လိုက်ဖက်ညီမှုပင်မရှိပေ။

သူ့မှာ အနက်ရောင်ဆံပင်နှင့် ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ အမူအရာက တည်ငြိမ်နေပြီး စာပေသမားဆန်ဆန်အော်ရာတစ်ခုကိုပင် ပိုင်ဆိုင်ထား၏။

အစိမ်းရောင်ဝတ်အမျိုးသားက တိုက်ပွဲမြေကို ရှင်းလင်းပြီး ကျန်ရစ်ခဲ့သော သိုလှောင်အိတ်များနှင့် ကောင်းကင်လိုဏ်ဂူအပိုင်းအစများကို သိမ်းဆည်းနေ၏။

တကယ်တော့ နဂါးဘုရင်မ ဦးချိုမဲ့က ဆူဇီမိုကို သိလေသည်။ သို့သော်လည်း စောစောက ဤနေရာမှာ ဖြစ်ပျက်ခဲ့သည့်အရာကို သူမက မသိရှိပေ။

မီးပဒေသာနဂါးကြယ်၏ မျိုးနွယ်ဝင်များက ဘေးကင်းလုံခြုံနေ၏။

ကြယ်တာရာကောင်းကင်ထဲမှာ သေဆုံးသွားသောသူများကတော့ နဂါးများ မဟုတ်ကြပေ။ သူတို့အားလုံးသည် အုတ်ဂူကမ္ဘာကဲ့သို့ အခြားသောမျိုးနွယ်များမှ ဘုရင်များဖြစ်ကြ၏။

အင်း….

နဂါးဧကရာဇ်တစ်ဦး အချိန်မီရောက်ရှိလာပြီး မီးပဒေသာနဂါးကြယ်ကို ကာကွယ်ဖို့အတွက် ဘုရင်ပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ပေးခဲ့တာဖြစ်ရမယ်။

သို့သော်လည်း ပြန်လည်စဉ်းစားရင်း နဂါးဘုရင်မ ဦးချိုမဲ့က စဉ်းစားရခက်နေ၏။

နဂါးဧကရာဇ်က ပြင်ပမျိုးနွယ်ဘုရင်များကို သတ်ဖြတ်ပြီးနောက် တိုက်ပွဲမြေကို ရှင်းလင်းနေသည့်သူက ဘာကြောင့် ဆူဇီမိုဖြစ်နေရတာလဲ။ ဘာကြောင့် အခြားသော နဂါးဘုရင်များက ဘေးကနေ စောင့်ကြည့်နေပြီး ရှေ့သို့တက်လှမ်းမလာကြတာလဲ။

ဒါ့အပြင် နဂါးဘုရင်များသည် ဆူဇီမိုကို ထူးဆန်းသော အကြည့်နှင့်အတူ ကြည့်နေကြ၏။

သူတို့မှာ အကြောက်တရား အငွေ့အသက်တစ်ခု တကယ်ပဲရှိနေတာလား။

“အမေ… ရှင် ဒဏ်ရာရထားတာလား”

လုံလီက ရှေ့သို့တက်လှမ်းပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။

“ငါအဆင်ပြေပါတယ်”

နဂါးဘုရင်မ ဦးချိုမဲ့က ခေါင်းခါပြီး မေးလိုက်၏။

“နင်တို့တွေကို ကယ်တင်ခဲ့တာ ဘယ်နဂါးဧကရာဇ်လဲ… ငါ သူ့ကို ကိုယ်တိုင်ကျေးဇူးတင်ရမယ်”

“နဂါးဧကရာဇ်လား”

လုံလီက ခဏမျှမှင်တက်သွားပြီးနောက် ပြုံး၍ပြောလိုက်၏။

“ဘယ်နဂါးဧကရာဇ်မှ မဟုတ်ဘူး… မီးပဒေသာနဂါးကြယ်နဲ့ ဒီမှာရှိတဲ့ မျိုးနွယ်ဝင်ပေါင်းသောင်းချီကို ကယ်တင်ပေးခဲ့တာက အစ်ကိုဆူပဲ”

“အစ်ကိုဆူလား”

နဂါးဘုရင်မ ဦးချိုမဲ့က မျက်မှောင်အနည်းငယ်ကြုတ်ပြီး အချိန်မီ မတုံ့ပြန်နိုင်ပေ။ သူမက မေးလိုက်၏။

“ဘယ်အစ်ကိုဆူလဲ”

“ဆူဇီမိုလေ… အစ်ကိုဆူကျူး”

လုံလီက ကြယ်တာရာကောင်းကင် တိုက်ပွဲမြေမှာရှိသော ဆူဇီမိုကို ကြည့်လိုက်၏။

နဂါးဘုရင်မ ဦးချိုမဲ့က လုံလီ၏ အကြည့်အတိုင်း လိုက်ပါကြည့်ရှုလိုက်ပြီး ဆူဇီမိုကလည်း ပြန်လှည့်ကြည့်လာခဲ့၏။

စာပေသမားဆန်ဆန် လူသားကျင့်ကြံသူက သူမဘက်ကို ခေါင်းညိတ်ပြီး ညင်သာစွာ ပြုံးပြလိုက်၏။

နဂါးဘုရင်မ ဦးချိုမဲ့မှာ ပြောစရာစကားများ ပျောက်ဆုံးသွားရလေသည်။

All Chapters