အကျိုးဆောင်မှု
Vol. 205 Ch. 3071
“တာအိုရောင်းရင်းဆူက ကောင်းကင်လိုဏ်ဂူဘုရင်တချို့ကို ကူညီပြီးသတ်ဖြတ်ပေးခဲ့တယ်လို့ ပြောတာလား”
နဂါးဘုရင်မ ဦးချိုမဲ့က လုံလီကို လှည့်ကြည့်ပြီး ထပ်မေးလိုက်၏။
“မဟုတ်ဘူး”
လုံလီက တည်တံ့စွာ ပြောလိုက်၏။
“အပြင်ဘက်မှာ သေနေတဲ့ ကောင်းကင်လိုဏ်ဂူဘုရင် တစ်ထောင်ကျော်ကျော်ကို အစ်ကိုဆူက အသက်တစ်ရာရှိုက်စာမပြည့်ခင် တစ်ယောက်တည်း သတ်ဖြတ်ခဲ့တာပဲ… ကျန်တဲ့ ကောင်းကင်လိုဏ်ဂူဘုရင် သုံးထောင်ကျော်နဲ့ ဘီလီယံနဲ့ချီတဲ့ စစ်သည်တွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးကုန်ကြပြီ”
ထိုအခိုက်အတန့်မှာ နဂါးဘုရင်မ ဦးချိုမဲ့က မှင်တက်နေ၏။ သူမ၏ နဂါးမျက်လုံးများကို တွေဝေရှုပ်ထွေးစွာဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။
သူတို့က အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် ကောင်းကင်လိုဏ်ဂူဘုရင် တစ်ထောင်ကျော်က လူသားမျိုးနွယ်မှ သာမန်ဘုရင်တစ်ဦး၏ လက်ထဲမှာ သေသွားခဲ့သည်ကို စဉ်းစားကြည့်နိုင်မည် မဟုတ်ပေ။
နဂါးဘုရင်မ ဦးချိုမဲ့၏ အကြည့်က နဂါးဘုရင် စိတ်ဝိညာဉ်၊ နဂါးဘုရင် လင်းရောင်ခြည်နှင့် အခြားသူများထံ ရွှေ့ပြောင်းရောက်ရှိသွားပြီး မေးခွန်းထုတ်လိုသော အမူအရာဖြင့် သူမက ကြည့်လိုက်၏။
နဂါးဘုရင် စိတ်ဝိညာဉ်က ညင်သာစွာ ချောင်းဟန့်လိုက်၏။
“လီအာပြောတာ မှန်တယ်… ကံကောင်းထောက်မစွာနဲ့ တာအိုရောင်းရင်းဆူက ဝင်ရောက်တိုက်ခိုက်ပေးပြီး စောစောက တိုက်ပွဲမြေမှာ လူတိုင်းကို သတ်ဖြတ်ပေးခဲ့တယ်…
အဲ့ဒါကြောင့် မီးပဒေသာနဂါးကြယ်က ဘေးမသီရန်မခ ရှိနေတာပဲ”
အခြားသော နဂါးဘုရင်များကလည်း ပြောဆိုခြင်းမရှိဘဲ တိတ်တဆိတ် သဘောတူလိုက်ကြ၏။
နဂါးဘုရင်မ ဦးချိုမဲ့က အဲ့ဒါကို မယုံကြည်နိုင်သော်လည်း သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဤကိစ္စကို လက်ခံဖို့ ကြိုးစားလိုက်လေသည်။
ခဏနေပြီးနောက် နဂါးဘုရင်မ ဦးချိုမဲ့က သူမ၏ စိတ်ကို တဖြည်းဖြည်း ငြိမ်သက်စေလိုက်၏။ သူမက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား နဂါးဘုရင် စိတ်ဝိညာဉ်နှင့် အခြားသူများကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“ဒါဆို စောစောတုန်းက နင်တို့တွေက ဒီကနေ စောင့်ကြည့်နေခဲ့ကြတာပေါ့… ဘယ်သူကမှ ကူညီဖို့ ရှေ့ကိုမထွက်ခဲ့ဘူးပေါ့”
နဂါးဘုရင် စိတ်ဝိညာဉ်၊ နဂါးဘုရင် လင်းရောင်ခြည်နှင့် အခြားသော နဂါးဘုရင်များက ထိုစကားကို ကြားသွားသောအခါ သူတို့၏ မျက်နှာများက ရှက်ရွံ့မှုဖြင့် နီမြန်းသွားကြ၏။
“ကျုပ်တကယ်ပဲ ရှက်မိပါတယ်”
နဂါးဘုရင် စိတ်ဝိညာဉ်က သက်ပြင်းချကာ ပြောလိုက်၏။
“အဲ့ဒါ ကျုပ်တို့အမှားတော့ မဟုတ်ဘူး”
နဂါးဘုရင်တစ်ဦးက မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်၏။
“တိုက်ပွဲက အရမ်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်သွားခဲ့တာ… အဲ့ဒါက အသက်တစ်ရာရှိုက်စာလောက်ပဲ ကြာခဲ့တယ်… ကျုပ်တို့တွေက ကူညီပေးချင်ပေမယ့် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘူး”
“ခွီး…”
မျောက်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဘေးကနေ လှောင်ရယ်လိုက်၏။
“မင်းတို့ နဂါးတွေက သေရမှာကိုကြောက်တဲ့ ငကြောက်တွေပဲ…. အချိန်အတော်ကြာအောင် ဆွေးနွေးပြီးတဲ့နောက် ဘယ်သူကမှ ကူညီဖို့ ရှေ့မထွက်ရဲဘူး… မင်းတို့တွေက ဘေးကနေပဲ စောင့်ကြည့်နေကြတာ… အခုမှ ဘာတွေလာပြီး ဟန်ဆောင်နေတာလဲ”
“မျောက်… မင်း ဘယ်သူ့ကို အော်ငေါက်နေတာလဲ”
“အပြင်လူ… မင်း ဘယ်သူ့ကို ငကြောက်တွေလို့ ခေါ်နေတာလဲ”
“ဒါက မင်းလိုမျိုး ပြင်ပမျိုးနွယ်တွေ ငါတို့နဂါးမျိုးနွယ်ကို အတင်းအဖျင်းပြောနိုင်တဲ့နေရာ မဟုတ်ဘူး”
အုတ်ဂူကမ္ဘာစစ်တပ်နှင့် ရင်ဆိုင်ရချိန်မှာ စိုးရွံ့ထိတ်လန့်နေခဲ့သော နဂါးဘုရင်များက ယခုအချိန်မှာ ဒေါသချောင်းချောင်းထွက်ပြကာ ရှေ့သို့ထွက်လာကြ၏။
နဂါးဘုရင် စိတ်ဝိညာဉ်နှင့် နဂါးဘုရင် လင်းရောင်ခြည်က နဂါးဘုရင်များကိုကြည့်ကာ ရှက်ရွံ့စွာ ခံစားနေရ၏။
“မင်းတို့အားလုံး တော်ကြတော့”
နဂါးဘုရင် စိတ်ဝိညာဉ်က အော်ငေါက်လိုက်၏။
“နဂါးဘုရင် စိတ်ဝိညာဉ်… ဒါက ဘာအဓိပ္ပာယ်လဲ”
နဂါးဘုရင်တချို့က အလျှော့မပေးလိုဘဲ ဆက်လက်၍ ငြင်းဆန်ပြောဆိုလိုက်၏။
ထိုစဉ်မှာပင် ဆူဇီမိုသည် တိုက်ပွဲမြေကို ရှင်းလင်းပြီးသွားပြီး မီးပဒေသာနဂါးကြယ်ပေါ်သို့ နောက်တစ်ဖန်ဆင်းသက်ကာ လျှောက်လှမ်းလာ၏။
နဂါးများက ချက်ချင်းပင် နှုတ်ဆိတ်သွားကြလေသည်။
“စောစောက မင်းတို့တွေ ဘာကိုငြင်းခုံနေကြတာလဲ”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။
သူ၏ အကြည့်က နဂါးဘုရင်များထံ ရောက်ရှိသွားလေသည်။
နဂါးဘုရင်များက နှုတ်ဆိတ်နေပြီး သူတို့၏ ခေါင်းများကို အလိုလိုငုံ့ကာ အကြည့်ချင်းမဆုံရဲကြပေ။
“မင်းတို့တွေက အားနည်းတဲ့သူရှေ့မှာတော့ မင်းတို့ရဲ့သွားစွယ်တွေ လက်သည်းတွေကို ထုတ်ပြရဲတယ်ပေါ့… သန်မာတဲ့ရန်သူနဲ့ ရင်ဆိုင်ရတုန်းကတော့ မင်းတို့တွေက သတ္တိကြောင်ပြီး အမြီးကုပ်နေခဲ့ကြတာပဲ”
ထိုသည်ကို တွေ့မြင်သောအခါ မျောက်က အထင်မြင်သေးသော အမူအရာဖြင့် ခပ်ဆတ်ဆတ်ပြောလိုက်၏။
နဂါးများက ထိုစကားကို ကြားသောအခါ အလွန်တရာ သက်တောင့်သက်သာမရှိ ခံစားရသော်လည်း ခဏကြာသည်အထိ မည်သည့်စကားမှ မဆိုနိုင်ပေ။
နဂါးမျိုးနွယ်သည် ယခင်က ဤကဲ့သို့သောပုံစံ မဟုတ်ပေ။
နဂါးဘုရင်မ ဦးချိုမဲ့က ဆူဇီမိုကို လေးနက်စွာ ဦးညွှတ်လိုက်၏။
“တာအိုရောင်းရင်းဆူ… နဂါးမျိုးနွယ်က ဒီတစ်ခေါက် ရှင့်ရဲ့ကြင်နာမှုကို သေချာပေါက်မှတ်ထားပါ့မယ်”
“အဲ့လိုလုပ်စရာ မလိုပါဘူး”
ဆူဇီမိုက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး နဂါးဘုရင်မ ဦးချိုမဲ့ကို ညင်သာစွာ ဖေးမပေးလိုက်၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ အပြင်ဘက်မှာတုန်းက နဂါးဘုရင်မ ဦးချိုမဲ့သည်လည်း သူ့ကို ကူညီပေးခဲ့ဖူးလေသည်။ သူက ထိုကျေးဇူးကိုလည်း မှတ်ထား၏။
ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။
“ကျုပ်တို့တွေက ရွေးချယ်စရာမရှိခဲ့လို့ ဒီနေ့တိုက်ပွဲမှာ ပါဝင်ပတ်သက်ခဲ့ရတယ်… အခု ခင်ဗျားတို့တွေ အဆင်ပြေပြီဆိုမှတော့… တာအိုရောင်းရင်း… ကျုပ်တို့ အခုပဲထွက်သွားပါတော့မယ်”
သူသည် မီးပဒေသာနဂါးပိုင်နက်နယ်မြေကို အန္တရာယ်ကနေ လွတ်မြောက်အောင် ကူညီပေးခဲ့သော်လည်း ဆူဇီမိုသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုစိတ် မရှိသေးပေ။
စောစောက အပြင်ဘက်မှာ သူတိုက်ခိုက်ခဲ့စဉ် မီးပဒေသာနဂါးကြယ်ကနေ နဂါးများက တိုက်ပွဲကို စောင့်ကြည့်နေခဲ့ခြင်းကြောင့် ဆူဇီမိုက အရမ်းကို စိတ်ပျက်နေခဲ့ပြီဖြစ်သည်။
ယခု လုံလီနှင့် နဂါးဘုရင်မ ဦးချိုမဲ့က အဆင်ပြေသည်ကို တွေ့ရသောအခါ သူက ဤနေရာမှာ ဆက်လက်၍ မနေလိုတော့ပေ။
အနာဂတ်မှာ နဂါးမျိုးနွယ်၏ ရှင်သန်နိုင်မှုက သူနှင့်သက်ဆိုင်မှုမရှိတော့ပေ။
ထိုစဉ်မှာပင် ဧရာမစွမ်းပကားနှစ်ခုက ဆင်းသက်ရောက်ရှိလာပြီး မီးပဒေသာနဂါးကြယ်၏ အထက်ကောင်းကင်ကို အုပ်မိုးလာခဲ့၏။
ထို့နောက် ချက်ချင်းပင် လေဟာနယ်က ပွင့်ထွက်သွားပြီး ကြောက်စရာကောင်းသော အော်ရာများ ဖြာထွက်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပေါ်ထွက်လာလေသည်။
သူတို့က အောက်ဘက်မှာရှိသော တိုက်ပွဲနယ်မြေကို ငုံ့ကြည့်လိုက်၏။
ဧကရာဇ်နယ်ပယ်ပညာရှင်များ…
ဒါ့အပြင် ဤနှစ်ယောက်သည် နဂါးဧကရာဇ်နှစ်ဦး ဖြစ်လေသည်။
“မင်္ဂလာပါ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းနဲ့ နဂါးဧကရီဆီးနှင်း”
နဂါးဧကရာဇ်နှစ်ဦးကို တွေ့မြင်သောအခါ နဂါးများစွာက ရင်တစ်ချက်ထိတ်သွားကြ၏။ သူတို့က အလောတကြီးလှည့်ကြည့်ပြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။
နဂါးဧကရာဇ် လောင်ကျွမ်းနေမင်း၏ ဆံပင်များက နီရဲနေပြီး သူက မီးပဒေသာနဂါးမျိုးရိုးမှ ဖြစ်သည်မှာ သိသာလေသည်။ သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လောင်ကျွမ်းနေသည်ဟု ထင်ရကာ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။
နဂါးဧကရီဆီးနှင်းသည် ဆံပင်များဖြူဖွေးနေသည့် အမျိုးသမီးအိုကြီးတစ်ဦးဖြစ်၏။ သူမ၏ အမူအရာက အေးစက်နေပြီး သူမ၏ လက်ထဲမှာ သလင်းဆီးနှင်း တောင်ဝှေးတစ်ချောင်းကို ကိုင်စွဲကာ မီးပဒေသာနဂါးကြယ်ပေါ်သို့ ဆင်းသက်လာ၏။
“ဆရာ…”
နဂါးဘုရင်မ ဦးချိုမဲ့က သူတို့ကို ကြိုဆိုပြီး ဦးညွှတ်ကာ မေးလိုက်၏။
“နဂါးကျွန်းပေါ်က ဧကရာဇ်တိုက်ပွဲက အခြေအနေဘယ်လိုရှိလဲ”
နဂါးဧကရီဆီးနှင်းက တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။
“လောလောဆယ်တော့ ငါတို့တွေ အနိုင်ရခဲ့တယ်”
နဂါးဧကရီဆီးနှင်း၏ လေသံက လေးလံနေဆဲဖြစ်ပြီး နဂါးကျွန်းပေါ်မှ အခြေအနေက သိပ်မကောင်းလှသည်ကို နဂါးဘုရင်မ ဦးချိုမဲ့က ခန့်မှန်းမိလေသည်။ နဂါးကမ္ဘာမှ ဧကရာဇ်ပညာရှင်များသည် နေကာသစ်ပင်ကမ္ဘာ၊ သွေးကမ္ဘာနှင့် အခြားသော ကမ္ဘာများမှ ဧကရာဇ်များကို ယာယီအားဖြင့် တွန်းလှန်ထုတ်နိုင်ခဲ့သည်မှာ နဂါးကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားသော နဂါးဝိညာဉ်စွမ်းအားကြောင့်သာ ဖြစ်လေသည်။
သမိုင်းတစ်လျှောက်မှာ သေဆုံးသွားသော နဂါးဧကရာဇ်များအားလုံးကို နဂါးကျွန်းပေါ်မှာ မြှုပ်နှံထားကြလေသည်။
သူတို့ သေဆုံးသွားသော်လည်း သူတို့၏ နဂါးဝိညာဉ်များ၏ အကြွင်းအကျန်များက ကျန်ရှိနေခဲ့ပေလိမ့်မည်။
အသိဉာဏ်မရှိလျှင်တောင် သူတို့က ထာဝရတည်တံ့နေပြီး နဂါးမျိုးနွယ်၏ နောက်ဆုံးအနားယူရာနေရာကို စောင့်ကြပ်ပေးနေကြပေလိမ့်မည်။
နေကာသစ်ပင်ကမ္ဘာဘက်ခြမ်းသည် ဧကရာဇ်တိုက်ပွဲကနေ လောလောဆယ် ဆုတ်ခွာသွားသော်လည်း သူတို့သည် နဂါးဝိညာဉ်များစွာကို ကုန်ဆုံးစေခဲ့ပေလိမ့်မည်။
နေကာသစ်ပင်ကမ္ဘာက ပြန်လည်အားဖြည့်ပြီး ပြင်ဆင်လာသည့်အခါ နဂါးကျွန်းသည် နောက်ထပ် ဧကရာဇ်တိုက်ပွဲတစ်ခုကို ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
“တခြားနဂါးပိုင်နက်နယ်မြေတွေကရော ဘယ်လိုနေလဲ”
နဂါးဘုရင်မ ဦးချိုမဲ့က ထပ်မေးလိုက်၏။
နဂါးဧကရီဆီးနှင်း၏ အမူအရာက သုန်မှုန်နေလေသည်။
“တခြားနဂါးပိုင်နက်နယ်မြေလေးခုက ကျရှုံးသွားခဲ့ပြီ”
ဤတစ်ခေါက်မှာ နေကာသစ်ပင်ကမ္ဘာနှင့် ကမ္ဘာပေါင်းရာချီက ကြီးမားကျယ်ပြန့်သော အတိုင်းအတာဖြင့် တိုက်ခိုက်ခဲ့ကြ၏။ သူတို့သည် အချိန်အတန်ကြာအောင် ကြိုတင်အစီအစဉ်ချထားခဲ့သည်မှာ သိသာထင်ရှားလေသည်။
နဂါးဧကရီဆီးနှင်းက အံ့အားသင့်စွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်၏။
“မီးပဒေသာနဂါးကြယ်က ခုခံနိုင်ခဲ့တာ တကယ့်ကို မထင်မှတ်ထားစရာပဲ”
နဂါးဘုရင်မ ဦးချိုမဲ့က အလောတကြီး ပြောလိုက်၏။
“အဲ့ဒါတွေအားလုံးက တာအိုရောင်းရင်းဆူကြောင့်ပဲ… မီးပဒေသာနဂါးကြယ်နဲ့ ဒီမှာရှိတဲ့ မျိုးနွယ်ဝင်ပေါင်းသောင်းချီကို သူကယ်တင်ပေးခဲ့တာ”
“အို… ဟုတ်လား”
ထိုအခိုက်အတန့်မှသာ နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းနှင့် နဂါးဧကရီဆီးနှင်း၏ အကြည့်က ဆူဇီမိုပေါ်သို့ ဆင်းသက်ရောက်ရှိလာ၏။
အစကနေ ယခုအချိန်ထိ ဧကရာဇ်နှစ်ဦးသည် သူတို့အဖွဲ့ကို လှည့်ပင်မကြည့်ခဲ့ပေ။
“နဂါးဘုရင်မ ဦးချိုမဲ့… အဲ့ဒီအပြင်လူနဲ့ပတ်သက်ပြီး ချဲ့ကားပြောဆိုမနေနဲ့”
စောစောက နှုတ်ဆိတ်နေခဲ့သော နဂါးဘုရင်က နဂါးဧကရာဇ်များ ဆင်းသက်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူက သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာပြီး ဝင်ပြောလိုက်၏။
“မီးပဒေသာနဂါးကြယ်နဲ့ နဂါးပေါင်းသောင်းချီ ရှင်သန်နိုင်ခဲ့တယ်ဆိုတာ နဂါးကျွန်းပေါ်မှာ နေကာသစ်ပင်ကမ္ဘာရဲ့ ဧကရာဇ်တွေကို နဂါးဧကရာဇ်တွေက ဆန့်ကျင်တိုက်ခိုက်ပေးခဲ့လို့ပဲ”
“နဂါးဧကရာဇ်တွေက သွေးသံရဲရဲတိုက်ပွဲတစ်ခုမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပေးခဲ့တာကြောင့်မဟုတ်ရင် အဲ့ဒီအပြင်လူဘုရင်က ဘာများလုပ်နိုင်မှာလဲ”
မျောက်၏ မျက်လုံးက ပြူးကျယ်လာပြီး သူ၏ အဆုတ်က ပေါက်ကွဲထွက်တော့မည့်မတတ်ဖြစ်၏။
လုံလီက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်၏။
“ဘာတွေ အဓိပ္ပာယ်မရှိတာ ပြောနေတာလဲ… ရှင်က စကားလုံးတချို့နဲ့ အစ်ကိုဆူရဲ့ အကျိုးဆောင်မှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာလား”
“ငါက အမှန်ကိုပဲ ပြောနေတာ”
နဂါးဘုရင်က လှောင်ရယ်လိုက်၏။
နဂါးဘုရင် စိတ်ဝိညာဉ်၊ နဂါးဘုရင် လင်းရောင်ခြည်နှင့် အခြားသူများက နှုတ်ဆိတ်နေကြ၏။
တကယ်တော့ ဖြစ်ပျက်ခဲ့သည့်အရာကို သူတို့က သိရှိထားလေသည်။
သို့သော်လည်း ထိုနဂါးဘုရင်က နဂါးဧကရာဇ်များကို ချီးကျူးပြောဆိုနေသည့်အချိန်မှာ သူတို့အနေဖြင့် ရှေ့ကိုထွက်ပြီး ခုခံငြင်းဆန်ဖို့က မသင့်လျော်ပေ။