← Chapters

ငါထွက်မသွားတော့ဘူး

Vol. 205 Ch. 3072

ငါထွက်မသွားတော့ဘူး

Vol. 205 Ch. 3072

“နဂါးဘုရင်တောက်ပ… နဂါးဧကရာဇ်တွေက နဂါးကျွန်းပေါ်က သူတို့ရဲ့ သွေးသံရဲရဲတိုက်ပွဲမှာ တကယ်ပဲ ကျိုးဆောင်ခဲ့ကြတယ်”

နဂါးဘုရင်မ ဦးချိုမဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ မီးပဒေသာနဂါးကြယ်ပေါ်မှာ တာအိုရောင်းရင်းဆူ မရှိဘဲ ငါတို့တွေက နဂါးဧကရာဇ်တွေ ရောက်လာတဲ့အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး… အဲဒီကိစ္စနှစ်ခုမှာ အစကတည်းက ဘာပဋိပက္ခမှ မရှိဘူး”

လုံလီနှင့်ယှဉ်လျှင် နဂါးဘုရင်မ ဦးချိုမဲ့၏ တုံ့ပြန်မှုက အတော်လေး ပညာသားပါပြီး နဂါးဘုရင်တောက်ပအတွက် ပြောစရာ မကျန်ရစ်ခဲ့စေပေ။

တကယ်တော့ ဤနှစ်များအတွင်း နဂါးမျိုးနွယ်ကြားမှာ အတွင်းရေးပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေတတ်၏။

တစ်ယောက်ယောက်က စကားကို မဆင်မခြင်ပြောမိမည်ဆိုလျှင် အခြားသူများက အထအနကောက်ပြီး သူတို့ကို ကြီးလေးသော ပြစ်မှုများအဖြစ်ပင် စွပ်ချက်တင်တတ်ကြလေသည်။ ထို့သို့ဖြင့် ဝမ်းနည်းဖွယ်ရာကောင်းသော ရလဒ်များ ထွက်ပေါ်လာတတ်၏။

လုံလီသည် စောစောက အဲဒါကို အကိုင်အတွယ်မတတ်ဘဲ နဂါးဘုရင်တောက်ပ၏ ထောင်ချောက်ထဲ ကျဆင်းသွားမည်ဆိုလျှင် သူမသည် နဂါးဧကရာဇ်များအပေါ် ရိုသေလေးစားမှုမရှိဘဲ ရန်သူနှင့် ပူးပေါင်းကာ မျိုးနွယ်ကို သစ္စာဖောက်နေသည်ဟုပင် စွပ်စွဲခံရနိုင်လေသည်။

အရင်တုန်းက ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် နဂါးမျိုးနွယ်များကြားမှာ အတော်လေး ရယ်စရာကောင်းနေပေလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့သော ဖြစ်ရပ်များသည် ဤနှစ်များမှာ ထပ်တလဲလဲဖြစ်ပွားလာပြီး နဂါးမျိုးနွယ်မှ လူတိုင်းက အန္တရာယ်ရှိလာခဲ့၏။

နဂါးဘုရင်မ ဦးချိုမဲ့သည် ဤကဲ့သို့သော မြင်ကွင်းများစွာကို တွေ့မြင်ထားပြီး သူတို့က ဘယ်လောက်စွမ်းအားကြီးမားသလဲ သိရှိထား၏။

ဆူဇီမိုက အကျိုးဆောင်ခြင်းတွေ၊ ချီးကျူးခံရခြင်းတွေကို ဂရုစိုက်ခြင်းမရှိဘဲ တစ်ဖက်သူနှင့် ငြင်းဆန်ဖို့ကိုပင် အရေးလုပ်မနေပေ။

“အားလုံးပဲ ကျုပ်သွားတော့မယ်”

ဆူဇီမိုက ဤနေရာမှာ ဆက်လက်၍ မနေလိုတော့ဘဲ အလ္လာပသလ္လာပ ပြောဆိုဖို့ကိုပင် အရေးလုပ်မနေပေ။ သူက လက်နှစ်ဖက်ကိုသာ အနည်းငယ်ယှက်ပြပြီး လုံရန်နှင့် မျောက်နှင့်အတူ လှည့်ထွက်လိုက်၏။

သူက လုံရန်ကို ခေါ်ထုတ်သွားနိုင်သည်နှင့် သူ၏ ရည်ရွယ်ချက်က အထမြောက်သွားပေလိမ့်မည်။

“ကျေးဇူးကန်းတဲ့သူတွေပဲ”

မျောက်၏ အမျက်ဒေါသက မပြေပျောက်သေးဘဲ သူက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“မင်း ဘာစကားပြောတာလဲ”

ချက်ချင်းပင် နဂါးဘုရင်တချို့က ရှေ့သို့ထွက်ပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။

“ထားလိုက်ပါ… သူတို့ သွားပါစေ”

နဂါးဘုရင် စိတ်ဝိညာဉ်က တစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ရှေ့သို့ အလောတကြီးထွက်ကာ ကိစ္စများကို အဆင်ပြေချောမွေ့စေရန် ဖျန်ဖြေပေးလိုက်၏။

နဂါးဘုရင်မ ဦးချိုမဲ့က အကျိုးဆောင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခြင်း မရှိတော့ပေ။

နဂါးမျိုးနွယ်၏ လက်ရှိပတ်ဝန်းကျင်အနေအထားအရ ဆူဇီမိုနှင့် အခြားသူများက မြန်မြန်ထွက်ခွာသွားလေ ပိုကောင်းလေ ဖြစ်ပေလိမ့်မည်။

နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက ဆူဇီမို၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး သူ၏ မျက်လုံးများက အေးစက်စက် အလင်းတစ်ချက်နှင့်အတူ လက်သွား၏။

“မင်းတို့တွေ သွားလို့မရဘူး”

ဆူဇီမိုက လေဟာနယ်ကို ဆုတ်ဖြဲပြီး မီးပဒေသာနဂါးကြယ်ကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် နဂါးဘုရင်တောက်ပက ရုတ်တရက် ရှေ့သို့ထွက်ပြီး စိမ်းသက်သော အမူအရာနှင့်အတူ သူတို့သုံးယောက်၏ ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။

“နဂါးဘုရင်တောက်ပ… နင် ဘာလုပ်နေတာလဲ”

နဂါးဘုရင်မ ဦးချိုမဲ့က ဆက်လက်၍ မကြည့်နိုင်တော့ဘဲ အော်ငေါက်လိုက်၏။

“ငါ ဘာလုပ်နေတာလဲ ဟုတ်လား”

နဂါးဘုရင်တောက်ပက အလွန်တရာ တည်ငြိမ်နေပြီး လှောင်ရယ်လိုက်၏။

“ဒီအပြင်လူနဲ့ ပူးပေါင်းပြီးတော့ မီးပဒေသာနဂါးကြယ်ပေါ်မှာ ဘာလုပ်ခဲ့သလဲဆိုတာ မင်းရဲ့ ချစ်လှစွာသော သမီးလေးကို ဘာကြောင့် မေးမကြည့်ရတာလဲ”

“ပြောစရာတစ်ခုခုရှိရင် တည့်တည့်ပြောစမ်းပါ”

နဂါးဘုရင်မ ဦးချိုမဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

နဂါးဘုရင်တောက်ပက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“လုံလီက နဂါးဘုရင်မီးပဒေသာဆီ ဒီအပြင်လူကို အလည်အပတ်ခေါ်လာခဲ့တယ်… သိပ်မကြာလိုက်ဘူး… နဂါးဘုရင်မီးပဒေသာက ဒီအပြင်လူဘုရင်ရဲ့ လက်ထဲမှာ သေသွားခဲ့ရတယ်”

နဂါးဘုရင်မ ဦးချိုမဲ့က ရင်တစ်ချက်ထိတ်သွားပြီး လုံလီကို အလိုလိုကြည့်လိုက်၏။

“ရှင်က ပေါက်တတ်ကရ လျှောက်ပြောနေတာပဲ”

လုံလီက အလောတကြီး ရှင်းပြလိုက်၏။

“ဘာလို့လဲဆိုတော့ နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ထားတယ်ဆိုတာကို ကျွန်မတို့က ရှာဖွေတွေ့ရှိခဲ့လို့ပဲ… အစ်ကိုဆူက သူ့ကိုဖိနှိမ်ပြီးတဲ့နောက် ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်ချင်ခဲ့တာ… ဒါပေမဲ့ နဂါးဘုရင်မီးပဒေသာရဲ့ အမြုတေစိတ်ဝိညာဉ်ထဲမှာရှိတဲ့ ကျိန်စာက ရုတ်တရက် ပေါက်ကွဲထွက်ပြီး သူ့ကို သေဆုံးသွားစေခဲ့တယ်”

“ဟဲဟဲ”

နဂါးဘုရင်တောက်ပက လှောင်ရယ်လိုက်၏။

“ပိုင်နက်နယ်မြေတစ်ခုရဲ့ အရှင်တစ်ပါးအနေနဲ့ နဂါးဘုရင်မီးပဒေသာက အလုပ်ကို ကြိုးစားပြီး ကြီးကြီးမားမား အကျိုးဆောင်ခဲ့တယ်… နဂါးကမ္ဘာမှာ သူရှိနေတုန်း ဒီနှစ်တွေထဲ ဘာမှမဖြစ်ပျက်ခဲ့ဘူး… ဒါပေမဲ့ မင်းတို့ သူ့ဆီကို အလည်သွားတဲ့အချိန်မှာပဲ သူက ကျိန်စာမိနေတယ်လို့ မင်းတို့က ရှာတွေ့ခဲ့ကြတယ်ပေါ့”

“နဂါးဘုရင်မီးပဒေသာကို သတ်ဖြတ်ပြီးတဲ့နောက် အုတ်ဂူကမ္ဘာစစ်တပ်က ချက်ချင်းပဲ ရောက်လာခဲ့တယ်…. ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ”

တကယ်တော့ ထိုဖြစ်ရပ်နှစ်ခုသည် အစကတည်းက တစ်ခုနှင့်တစ်ခု သက်ဆိုင်မှုမရှိပေ။

သို့သော်လည်း နဂါးဘုရင်တောက်ပသည် ထိုဖြစ်ရပ်နှစ်ခုကို တမင်ချိတ်ဆက်လိုက်လေသည်။ ထို့သို့ဖြင့် အခြားသူများအနေဖြင့် သူ့စကားကို ယုံကြည်လက်ခံလာဖို့ လွယ်ကူပေလိမ့်မည်။

လုံလီက အော်ပြောလိုက်၏။

“ကျမပြောနေတာတွေက အမှန်ပဲ”

နဂါးဘုရင်မ ဦးချိုမဲ့က ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

“ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေမှာလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတဲ့ နဂါးတချို့ တကယ်ပဲ ရှိနေတယ်… သူတို့တွေက ရစ်ခွေနဂါးဝင်္ကပါကို ဖျက်ဆီးပြီး သွေးကမ္ဘာက လူတွေကို ငါတို့ရဲ့ ပိုင်နက်နယ်မြေထဲ ဆွဲခေါ်သွင်းခဲ့တယ်”

နဂါးဘုရင် စိတ်ဝိညာဉ်ကလည်း ရှေ့သို့ထွက်ကာ ပြောလိုက်၏။

“နဂါးဘုရင်မီးပဒေသာ သေသွားတုန်းက ကျုပ်တို့တွေ ရှိမနေခဲ့ဘူး… ဒါပေမဲ့ နဂါးဘုရင် မီးတောက်က ကျိန်စာမိထားတာကို ကျုပ်တို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်”

တကယ်တော့ နဂါးဘုရင်မ ဦးချိုမဲ့နှင့် နဂါးဘုရင် စိတ်ဝိညာဉ်က ဆူဇီမိုအတွက် ပြောပေးနေကြခြင်းဖြစ်၏။

အစကနေ ယခုအချိန်ထိ ဆူဇီမိုသည် မည်သည့်စကားမှမဆိုဘဲ သို့မဟုတ် သူ့ကိုယ်သူပင် ခုခံကာကွယ်ခြင်းမရှိဘဲ အေးစက်စွာ စောင့်ကြည့်နေ၏။

ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်ပြီး ရှင်းပြနေစရာ မလိုအပ်ပေ။

သူဝင်ပါပေးခဲ့ခြင်းကြောင့် မဟုတ်လျှင် မီးပဒေသာနဂါးကြယ်က ဖျက်ဆီးခံခဲ့ရပေလိမ့်မည်။

သူ့အနေဖြင့် အုတ်ဂူကမ္ဘာစစ်တပ်နှင့် ပတ်သက်ဆက်စပ်နေဖို့က မဖြစ်နိုင်ပေ။

ပုံမှန်လူ မည်သူမဆို ထိုသဘောတရားကို နားလည်သဘောပေါက်နိုင်သည်။

သူက ဤကဲ့သို့သော ကိစ္စအတွက် သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြပေးနေရမည်ဆိုလျှင် နဂါးမျိုးနွယ်က သေချာပေါက် အတွင်းထိအောင် လှိုက်စားနေလေပြီ။

ကံဆိုးစွာနှင့်ပင် ဤနေရာမှာ နဂါးဧကရာဇ်နှစ်ဦးက ရောက်ရှိနေ၏။

မဟုတ်ပါက သူသည် နဂါးဘုရင်တောက်ပကို ဖိနှိမ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အကျဉ်းချကာ တစ်ချက်ကြည့်ဖို့ ကြိုးစားကြည့်မိပေလိမ့်မည်။

“နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားသလားဆိုတာ ငါတို့နဂါးမျိုးနွယ်က စုံစမ်းစစ်ဆေးလိမ့်မယ်”

နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက ခံ့ညားသောအသံဖြင့် ဖြည်းဖြည်းချင်းပြောပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့ သူက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့မယ်ဆိုရင်တောင် သူ့အတွက် စီရင်ချက်ချပြီး အပြစ်ပေးမယ့်သူက နဂါးမျိုးနွယ်ပဲ ဖြစ်ရလိမ့်မယ်… အပြင်လူတစ်ယောက် မဟုတ်ရဘူး”

“မင်းက ဒီကိစ္စကို ရှင်းမပြနိုင်ဘဲ မင်းတို့တွေထဲ ဘယ်သူကမှ ထွက်သွားလို့မရဘူး”

နဂါးဘုရင်မ ဦးချိုမဲ့က ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီးပြောလိုက်၏။

“အရှင်လောင်ကျွမ်းနေမင်း... နဂါးဘုရင်မီးပဒေသာက သူ့ကြောင့် သေခဲ့ရတယ်ဆိုပေမဲ့ တာအိုရောင်းရင်းဆူက ဘာပဲပြောပြော မီးပဒေသာနဂါးကြယ်ကို ကာကွယ်ပေးပြီး ကြီးကြီးမားမား အကျိုးဆောင်ခဲ့တယ်… သူက...”

“ငါသိပါတယ်”

နဂါးဘုရင်မ ဦးချိုမဲ့က စကားဆုံးအောင် မပြောရသေးခင် နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက သူမကိုဖြတ်ပြီး အေးစက်စွာ ပြောလိုက်၏။

“အဲဒါကြောင့်သာ မဟုတ်ရင် သူက အခုချိန်ထိ အသက်ရှင်နေဦးမယ်လို့ နင်ထင်လို့လား”

ထိုနေရာအရောက်မှာ နဂါးဘုရင်မ ဦးချိုမဲ့သည် တခြားတစ်စုံတစ်ရာကို ဆက်လက်၍ ပြောဆိုရဲခြင်းမရှိတော့ဘဲ နဂါးဧကရီဆီးနှင်းကိုသာ အကူအညီတောင်းသည့်အနေဖြင့် ကြည့်နေ၏။

နဂါးဧကရီဆီးနှင်းက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒီကိစ္စက တကယ်ပဲ ကိုင်တွယ်ရမလွယ်ဘူး… ဘာပဲပြောပြော သေဆုံးသွားတဲ့သူက မဟာနဂါးဘုရင်ငါးဦးထဲက တစ်ဦးဖြစ်နေတယ်”

နဂါးဘုရင်မ ဦးချိုမဲ့က အနည်းငယ် ပူပန်သောကများနေ၏။

“နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်… သူက သေသင့်တာပဲ… သူ့ကို သတ်လိုက်တဲ့သူက ကျွန်မတို့မျိုးနွယ်ကပဲဖြစ်ဖြစ်… အပြင်လူတစ်ယောက်ပဲဖြစ်ဖြစ်… အဲဒါက အရေးကြီးလို့လား”

နဂါးဧကရီဆီးနှင်းက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဒီကိစ္စက အရင်တုန်းကဆိုရင် တကယ်ပဲ ဘာမှမဟုတ်ဘူး… တကယ်ဆို နဂါးမျိုးနွယ်က သူ့ကိုတောင်မှ ကျေးဇူးတင်လိမ့်မယ်…. ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ထောင်ဂဏန်းတချို့မှာတော့...”

နဂါးဧကရီဆီးနှင်းက ဆက်လက်၍ မပြောဆိုတော့ပေ။

နှစ်ထောင်ဂဏန်းတချို့အတွင်း နဂါးမျိုးနွယ်၏ ရှင်သန်ရာ ပတ်ဝန်းကျင်က အလျင်အမြန် ယိုယွင်းပျက်စီးလာပြီး အမှန်တရားက ပျက်ပြားလာခဲ့၏။ သူတို့အနေဖြင့် အမှားအမှန်ကို မခွဲခြားနိုင်ခြင်းက ပုံမှန်လိုဖြစ်လာပြီး သူမသည်ပင် အနည်းငယ် ထုံထိုင်းလာခဲ့ပြီဖြစ်၏။

အပြင်လူများကို မပြောနှင့်.. သူမ၏ မျိုးနွယ်အတွင်းမှာပင် တစ်ယောက်ကိုတစ်ယောက် အချင်းချင်း တိုက်ခိုက်နေတတ်ကြ၏။

နဂါးဘုရင်တောက်ပက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“နဂါးဘုရင်မီးပဒေသာက ကျိန်စာမိထားသလားဆိုတာ မသိရဘူး… ဒါပေမဲ့ ဒီအပြင်လူက နဂါးဘုရင်မီးပဒေသာကို သတ်ဖြတ်ပြီး မီးပဒေသာနဂါးကြယ်ကို ခေါင်းဆောင်မဲ့သွားစေတယ်… အဲဒါကြောင့်ပဲ ကျုပ်တို့တွေက အုတ်ဂူကမ္ဘာလို စွမ်းအားကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျရှုံးလုနီးပါးဖြစ်ခဲ့ရတာပဲ…. သူက သေသင့်သေထိုက်တယ်”

နဂါးဘုရင်မ ဦးချိုမဲ့နှင့် အခြားသူများက ထိုစကားကို ကြားသောအခါ သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွား၏။

နဂါးဘုရင်တောက်ပက ဆူဇီမို၏ အသက်ကို လိုချင်နေ၏။

မျောက်က သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး ဒေါသဖြင့် အော်ပြောလိုက်၏။

“လောကမှာ ဒီလောက် ရယ်စရာကောင်းတဲ့အရာ ရှိသေးလို့လား… ငါ့အစ်ကိုက မင်းတို့တွေကို အခုပဲ ကယ်တင်ပေးခဲ့တယ်… အခုတော့ မင်းတို့တွေက သူ့ကို သေစေချင်နေပြီလား”

“သူ့ကိုသတ်ဖို့ ဘယ်သူကမှ ကြိုးစားနေတာ မဟုတ်ဘူး”

နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက အေးစက်စွာ ပြောလိုက်၏။

“အသက်တစ်သက်အတွက် အသက်တစ်သက်ပဲ… အဲဒါက ရိုးရှင်းတဲ့ သဘောတရားပဲ”

“လူသား... မင်းမှာ ပြောစရာ ဘာရှိသေးလဲ”

နဂါးဧကရာဇ် လောင်ကျွမ်းနေမင်းက နောက်ခဏ၌ တိုက်ခိုက်တော့မည့်အလား အပေါ်ကနေ ဆူဇီမိုကို ငုံ့ကြည့်နေ၏။

လုံလီက စိုးရိမ်ပူပန်နေပြီး အော်ငိုတော့မည်ဆဲဆဲ ဖြစ်လေသည်။

ဆူဇီမိုသည် နဂါးကမ္ဘာသို့ ရောက်ရှိလာပြီးနောက် အုတ်ဂူကမ္ဘာမှ ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီ၏ တိုက်ခိုက်မှုမှာ သေဆုံးခြင်းမရှိဘဲ နဂါးဧကရာဇ်တစ်ဦး၏ သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု သူမက တကယ်ပင် ထင်မှတ်မထားခဲ့ပေ။

“ငါ့မှာ ပြောစရာ ဘာမှမရှိဘူး”

ရုတ်တရက် ဆူဇီမိုက ပြုံးပြလိုက်၏။

“ငါ ထပ်ပြီးတော့လည်း ထွက်သွားမှာ မဟုတ်တော့ဘူး”

အစကနေ ယခုအချိန်ထိ သူသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ ပါဝင်ပတ်သက်လိုခြင်း မရှိခဲ့ပေ။

လုံရန်ကို ရှာတွေ့ပြီးနောက် သူသည် တတ်နိုင်သမျှမြန်မြန် ထွက်ခွာချင်ရုံသာဖြစ်၏။ သို့သော်လည်း သူမှာ ရွေးချယ်စရာမရှိဘဲ ဖုန့်မြို့တော်နှင့် မီးပဒေသာနဂါးကြယ်ပေါ်မှာ အဆက်မပြတ် တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲနှစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ရလေသည်။

ထိုသို့ဆိုလျှင်တောင် သူသည် မည်သည့်ချီးကျူးစကားကိုမှ မလိုချင်ပေ။ သူက ထွက်ခွာသွားချင်ရုံသာ ဖြစ်၏။

ဤအခိုက်အတန့်မှာသာ နဂါးမျိုးနွယ်က အရမ်းကို တင်စီးလွန်းနေပြီး သူက အမှန်တကယ် ဆုံးဖြတ်ချက်ချလိုက်၏။

နဂါးမျိုးနွယ်သည် ဘယ်လောက်ထိတောင် လှိုက်စားနေသလဲနှင့် ဤမြင်ကွင်းများ၏ နောက်ကွယ်မှာ အရာရာတိုင်းကို သွေးထိုးလှုံ့ဆောင်နေသည့်သူက ဘယ်သူဖြစ်မလဲ သူက သိချင်လာခဲ့၏။

သူတို့က သူနဲ့ တိုက်ခိုက်ချင်တာလား…

ရတယ်လေ… အဲဒါဆိုလည်း စမ်းကြည့်လိုက်ပေါ့…။

All Chapters